SIAN SMART

SIAN SMART

Share

Photos from SIAN SMART's post 02/26/2025

🎓Friedensau Adventist University မိတ်ဆက်🎓

📌ဘလော့အကောင့်ပြစရာမလိုတဲ့ ဂျာမနီကကျောင်း📌

🍀🍀ဂျာမနီမှာကျောင်းတက်ဖို့ဆိုရင် များသောအားဖြင့် ဘလော့အကောင့်ထဲ ယူရို၁၂၀၀၀ ရှိဖို့လိုအပ်ပါတယ်။ ဘလော့အကောင့်ဆိုတာ ဗီဇာလျှောက်တဲ့အချိန်မှာ ကိုယ့်အနေနှင့် တနှစ်စာပညာသင်စရိတ်အပြည့်အဝရှိကျောင်း သက်သေပြဖို့ ဂျာမနီမှာရှိတဲ့ ဘဏ်တစ်ခုခုမှာ ငွေကြိုသွင်းထားတဲ့ အကောင့်ကိုဆိုလိုပါတယ်။ ဂျာမနီကပြည်သူ့ပညာရေးတက္ကသိုလ်တွေဟာ ကမ္ဘာ့နိုင်ငံသားတိုင်းအတွက် အခမဲ့ဖြစ်ပါတယ်။ ဒါပေမယ့် စကောလားရှစ်ကျောင်းသားမဟုတ်ရင် စီမစ်တာကျေး၊ နေထိုင်စရိတ်၊ စားစရိတ်တွေကို အိပ်စိုက်သုံးရပါတယ်။ ဒီအတွက် ဂျာမနီအစိုးရအနေနှင့် နိုင်ငံတကာကျောင်းသားတွေ ပထမပညာသင်နှစ်တနှစ်စာဖူလုံနိုင်ဖို့ ဘဏ်အကောင့်ထဲ ယူရို၁၂၀၀၀ ကြိုသွင်းခိုင်းပြီး ဂျာမနီနိုင်ငံရောက်တာနှင့် တလ ၉၀၀ ကျော်ပြန်ထုတ်ခွင့်ပေးထားပါတယ်။

⛔️⛔️မြန်မာနိုင်ငံကကျောင်းသားတွေနှင့် ကျောင်းသားမိဘတွေအတွက်တော့ ယူရို၁၂၀၀၀ ဆိုတဲ့ပမာဏဟာ သိပ်ကိုများတဲ့ပမာဏပါ။ လက်ရှိပေါက်စျေး ၄၅၀၀နှင့်ပဲတွက်မယ်ဆိုရင်တောင် မြန်မာငွေသိန်း ၅၄၀ လောက်ကျပါတယ်။ ဒါဟာဒီဘက်ဘဏ်ကိုသွင်းရမယ် စရိတ်သတ်သတ်သာဖြစ်ပြီးတော့၊ ဗီဇာစရိတ်၊ လေယာဥ်စရိတ်၊ နေထိုင်စရာအခန်းစရိတ်၊ စားစာရိတ် တစ်ခုမှမပါသေးပါဘူး။ ဒါတွေပါတွက်မယ်ဆိုရင် အနည်းဆုံး ယူရို၁၅၀၀၀ လောက်ရှိမှအဆင်ပြေမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံရေးအခြေနေစောင့်ကြည့်ချင်တာရယ်၊ ဒီလောက်များတဲ့စားရိတ်ကို ချက်ချင်းမပေးနိုင်တာကြောင့် ဂျာမနီမှာပညာသင်ဖို့ အိပ်မက်မမက်နိုင်ခဲ့ပါဘူး။

👍👍ဒါပေမယ့်လက်ရှိကျွန်တော်တက်နေတဲ့ကျောင်း Friedensau Adventist University (FAU) မှာတော့ဝင်ခွင့်ရပြီးတာနှင့် ယူရို၆၆၀၀ ဝန်းကျင်သွင်းလိုက်ရုံနှင့် တက္ကသိုလ်ရက်တာရုံးကနေတာဝန်ယူစာထုတ်ပေးပါတယ်။ ဒီတာဝန်ယူစာနှင့် ရန်ကုန်မှာရှိတဲ့ဂျာမနီသံရုံးမှာဗီဇာလျှောက်ရင် ဘလော့အကောင့်ပြစရာမလိုပါဘူး။
(သတိချပ်ရန် - ယူရို ၆၆၀၀ သည် စီမစ်တာတခုစာ ကျောင်းစာရိတ်၊ နေစားရိတ်၊ စားစရိတ် သာဖြစ်ပါသည်။ ပြည်သူ့ပညာရေးတက္ကသိုလ်မဟုတ်သောကြောင့် မာစတာတန်း စီမစ်တာလေးခုအတွင်း စီမစ်တာတခုကို ယူရို ၃၀၈၀ ကျူရှင်ခသွင်းရပါသည်။)

🧑‍🏫👩‍🏫FAUမှာ နိုင်ငံတကာကျောင်းသားတွေကို အဂ်လိပ်လိုသင်တဲ့ အဓိကမေဂျာနှစ်ခုရှိပါတယ်။ သီအိုလိုဂျီခေါ်တဲ့ဘာသာရေးဆိုင်ရာမဟာတန်းရယ်၊ ဒီဗိလုတ်မင့်လို့ခေါ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးပညာ ဘာသာရပ်နှစ်ခုပါ။ လက်ရှိကျွန်တော်တက်နေတာ ဒီဗိလုတ်မင့်ဘာသာဖြစ်ပါတယ် (ဒီဘာသာနှင့်ပတ်သက်ပြီးနောက်ပိုစ့်ထပ်ရေးပါမည်)။

🤞🤞ဒါထက်ပိုကောင်းတဲ့ အချက်တခုရှိပါသေးတယ်။ အဲတာကတော့ ADRA Scholarship နှင့် Development Study Scholarship စကောလားရှစ်နှစ်မျိုးလျှောက်လို့ရတာပါ။ ကျွန်တော်ကတော့ Development Study နှင့် ရောက်လာတာပါ။

😇😇ဒီစကောလားရှစ်နှင့်ကျောင်းဝင်ခွင့်လျှောက်တာငွေတပြားမှမကုန်ပါဘူး။ ရိုးရှင်းပါတယ်။
www.thh-friedensau.de
အပေါ်က ဝက်ဆိုဒ်ထဲကိုဝင်ပြီး မိမိဂျီမေးလ်နှင့် အကောင့်တခုဖွင့်ရပါမယ်။ ပြီးရင်သူတို့လမ်းညွှန်ရာကိုလိုက်ပြီးလိုအပ်တာတွေကိုဖြည့်ပေးလိုက်ရုံပါပဲ။

***လိုအပ်တဲ့စာရွက်စာတန်းတွေကတော့
1. BA Certificate
2. School Leaving Certificate (ကျွန်တော်ကတော့ ဆယ့်နှစ်တန်းအောင်လက်မှတ်ပြပါတယ်)
3. English Proficiency
(IELTS မရှိရင် FAUနှင့်ချိတ်ဆက်ထားတဲ့ မြန်မာပြည်ကတက္ကသိုလ်တစ်ခုမှာ အဂ်လိပ်စာအရည်အချင်းစစ်စာမေးပွဲဖြေလို့ရပါတယ်၊ အရင်နှစ်ကစာစစ်ခ ငါးသောင်းသာပေးရပါတယ်။ ဒီနှစ်အခြေနေတော့မသိပါ။ ကျွန်တော်ကတော့ IELTS ရှိထားတဲ့အတွက် ထပ်စစ်ဖို့မလိုခဲ့ပါဘူး။ အသေးစိတ်သိချင်ရင် CB မှာလာမေးနိုင်ပါတယ်။)
4. Bank Statement
5. CV Form (ကျောင်းရဲ့ Format အတိုင်းရေးရပါမယ်။)
6. Motivation Letter for School Admission and Scholarship Application (A4 တမျက်နှာမှာ စုံအောင်ရေးရပါမယ်၊ စကောလားရှစ်နှင့်ပတ်သက်တဲ့ အကြောင်းကို ကျောင်းအင်တာနက်စာမျက်နှာမှာဖတ်ပြီးရင် သူတို့လိုချင်တာကိုရိပ်မိပါလိမ့်မယ်၊ အဲတာနှင့်အံ့ဝင်ဂွင်ကျဖြစ်အောင်ရေးရင်ပိုကောင်းပါတယ်။)

အပေါ်ကစာတွေအားလုံးစုံပြီဆိုရင် application submit လုပ်ပြီး ကျောင်းကဆက်သွယ်တာကိုပြန်စောင့်ရပါတယ်။ ဒီတနှစ်တော့ မတ်လကုန်မှာ ကျောင်းဝင်ခွင့်မီတင်ထိုင်မှာဖြစ်တဲ့အတွက် အချိန်နဲနဲကြပ်နေပါပြီ၊ ချက်ချင်းစလုပ်မယ်ဆိုရင်တော့မီနိုင်ပါသေးတယ်။ ယာယီဝင်ခွင့်ရပြီးရင် BA Certificateကို DHL နှင့်ပို့ပေးရပါတယ်။

***ဒါတွေအားလုံးစုံပြီ ကျောင်းဝင်ခွင့်လည်းရပြီဆိုရင် ပိုက်ဆံသွင်းဖို့ကျောင်းဘက်ကနေဆက်သွယ်ပါမယ်။ ကိုယ့်အနေနှင့် စကောလားရှစ်ရနိုင်ခြေရှိတယ်ထင်ရင် စကောလားရှစ်ဆုံးဖြတ်ချက်စောင့်မယ်လို့ ပြောလို့ရနိုင်ပါတယ်။ ကျွန်တော့်တုန်းကတော့ ခွင့်ပြုခဲ့ပါတယ်။

ကျောင်းကိုငွေသွင်းပြီး (သို့) စကောလားရှစ်ရပြီးရင်ခုနကပြောတဲ့ တာဝန်ယူစာ၊ ကျောင်းဝင်ခွင့်ပြုစာ၊ စကောလားရှစ်ပေးအပ်စာ (ရခဲ့ရင်)၊ ဒီစာတွေအားလုံးကိုကျောင်းကနေ softcopy နှင့် hard copy ပို့ပေးပါတယ်။

ဒါတွေရစုံပြီဆိုရင်တော့ သံရုံးမှာ သဘောမနောအရမ်းကောင်းတဲ့ အသက်ငယ်ငယ်မမဆီမှာ (ကိုယ့်တုန်းကကြုံခဲ့တာပါ) မြန်မာစကားနှင့် သူငယ်ချင်းကိုစကားပြောနေသလို ပေါ့ပေါ့ပါးပါး ဗီဇာအင်တာဗျူးသွားဖြေလို့ရပါပြီ။ ဗီဇာအဖြေစောင့်ရင်း Duolingo မှာ Guten Morgen, Mein Vater, Meine Mutter နှင့် လျှာခလုတ်တိုက်အောင် ဂျာမန်စာစသင်လို့ရပါပြီ။ ပြီးခဲ့တဲ့နှစ်မှာတော့ FAUနှင့် ဗီဇာလျှောက်သူအားလုံး ဗီဇာရခဲ့ပါတယ်။ သံရုံးအတွက်ပြင်ဆင်စရာတွေနှင့် အင်တာဗျူးအတွေ့အကြုံကို ပိုဒ့်သတ်သတ်ပြန်ရေးပါမည်။

🌟🌟🌟FAU ကိုရွေးသင့်တဲ့အချက်🌟🌟🌟
၁။ ဘလော့အကောင့်မလိုအပ်ခြင်း
၂။ ကျောင်းလျှောက်ရလွယ်ကူခြင်း၊ စကောလားရှစ်ရရှိနိုင်ခြင်း
၃။ နိုင်ငံတကာကျောင်းသားကိုဂရုစိုက်ပေးခြင်း
(Health Insurance, Residence Permit, Anmeldung စတဲ့အရှုပ်ထုပ်တွေကို အခမဲ့ကူညီဆောင်ရွက်ပေးခြင်း)
၄။ သင်ကြားမှုကောင်းမွန်ခြင်း
၅။ ကျောင်းသားဦးရေနည်းသောကြောင့် ပါမောက္ခများ၏ အသေးစိတ်ဂရုစိုက်မှုကိုခံရခြင်း။ (ဒါပေမယ့်စာမလုပ်ရင်တော့ ပါမောက္ခတွေပေးတဲ့ ဂရုစိုက်မှုကလည်းကိုယ့်အတွက် သိပ်တော့ပျော်စရာမကောင်း)
၆။ မြို့ပြနှင့်ဝေးသောကြောင့် (ဘာလင်နှင့်ရထားခရီးနှစ်နာရီဝေး) စာတကယ်လုပ်ချင်သူတွေအတွက် အနှောက်အယှက်နည်းခြင်း
၇။ ဒီစာကိုရေးနေတဲ့ကိုကြီးရှိနေခြင်း 😀 😀

⛔️⛔️⛔️FAU အားနည်းချက်⛔️⛔️⛔️
၁။ ပြည်သူ့ပညာရေးတက္ကသိုလ်မဟုတ်သောကြောင့် ကျူရှင်ကျေးပေးရခြင်း
၂။ သဘာဝသစ်တောထဲတွင်တည်ရှိသောကြောင့် ကမ့်ပတ်အလုပ်မရပါက အပြင်အလုပ်လုပ်ရန်ဝေးလှန်ခြင်း
၃။ မြို့နှင့်ဝေးသောကြောင့် အပျော်ရှာစရာနေရာဝေးလံခြင်း (ဒါပေမယ့် ခရစ်ယာန်စံတန်ဖိုးနှင့် ကိုက်ညီတဲ့အပျော်တွေကတော့ ကမ့်ပတ်ထဲမှာတင်အမြဲတမ်းရှိပါတယ်။)

***နောက်ဆုံးခရစ်ယာန်ကျောင်းဖြစ်လို့ ခရစ်ယာန်ပုံစံနှင့်နေထိုင်မှရမယ်ထင်ပြီး မကြောက်ပါနှင့်။ ပါမောက္ခတွေမှာလည်း ဘုရားမဲ့ဝါဒီတွေရှိသလို၊ လူတယောက်ချင်းစီရဲ့ လွတ်လပ်မှုနှင့်ယုံကြည်ခံယူချက်ကိုလေးစားတဲ့ရပ်ဝန်းမို့ လူတိုင်းအတွက်အဆင်ပြေပါတယ်။

ဒါတွေကတော့ FAUကျောင်းလျှောက်ပုံနှင့် FAUကိုမလာခင်ကြိုသိထားသင့်တဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။

ဂျာမနီပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာအကြောင်းအရာတွေကို စိတ်ဝင်စားရင် ဒီ Page ကို Follow လုပ်ထားပါ။ အရှုံးမရှိနိုင်ပါ။

ဆက်ရေးပါအုံးမည်။
SIAN SMART

Photos from SIAN SMART's post 10/02/2024

ကိုယ်တိုင်ရွေးချယ်ခွင့်မရခဲ့တဲ့
အခြေနေဆိုးတွေကြားထဲမှာ ရုန်းကန်ရင်း
ရွေးချယ်မှုတစ်ခုကို
မဖြစ်မနေလုပ်ဖို့လိုအပ်လာတာကြောင့်
ဂျာမဏီနိုင်ငံကို ကျွန်တော်ရောက်နေပါတယ်။

လွတ်လပ်တဲ့နေရာကိုရောက်နေပြီမို့
လွတ်လပ်မြေမှာသာ ရှင်သန်နိုင်တဲ့
Content creator ဘဝကို
ကျွန်တော်ပြန်လာပါတော့မယ်။

စာ၊ ဓါတ်ပုံ၊ ဗီဒီယိုတွေနှင့်
အလျင်းသင့်သလို အရင်ပုံစံ content တွေအပြင်
ဂျာမဏီနိုင်ငံနှင့်ပါတ်သက်တဲ့အကြောင်းအရာတွေလည်း တင်ဆက်နိုင်ဖို့ကြိုးစားနေပါတယ်။

အားလုံးပဲ အောက်တိုဘာလသစ်မှာ
ဘေးရန်ကင်းလို့ ကြံသမျှအောင်ကြပါစေ။

အားလုံးကိုသတိရလျှက်
SIAN SMART

Want your public figure to be the top-listed Public Figure in Clarkston?
Click here to claim your Sponsored Listing.

Category

Address


Clarkston, GA