Article - SMT
မြန်မာနိုင်ငံရေးအခင်းအကျင်း၊ ကမ္ဘာအခင်းအကျင်းနဲ့ အင်တာဗျူးဆွေးနွေးမေးမြန်းချက်များကို တင်ဆက် ပါတယ်။ https://www.youtube.com/@Article-Channel https://t.me/articlesofsawmratthwee
30/03/2026
နမ့်ခမ်းမှာ အမျိုးသမီး ၃ ဦးအပါအဝင် မူးယစ်ဆေးသုံးစွဲသူ ၁၁ ဦးကို ဖမ်းဆီးရမိ
မတ်လ ၃၀ ရက်နေ့၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည် နမ့်ခမ်းခရိုင် နမ့်ခမ်းမြို့နယ်ထဲမှာ မတ်လအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၈ ဦး၊ စုစုပေါင်း ၁၁ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
အခုလို ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးသုံးစွဲသူတွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ကနေ အကျင့်စာရိတ္တ ပြုပြင်ပေးတာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေနဲ့အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမှာပါ။
ဖြစ်စဉ်ကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်နေတုန်း အသက် ၂၇ နှစ်အရွယ် မောင်အိုက်ထွန်း၊ အသက် ၅၉ နှစ်အရွယ် ဦးအိုက်ယွန်း၊ အသက် ၆၀ အရွယ် ဦးစိုင်းနဲ့ အသက် ၃၄ နှစ်အရွယ် ဒေါ်အောင်မိုင်း တို့ကို အရင်ဆုံး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် မတ်လ ၁၁ ရက်နေ့မှာတော့ နမ့်ခမ်းမြို့နယ် မန်နောင်ကျေးရွာက မူးယစ်ဆေး သုံးစွဲသူတွေဖြစ်တဲ့ အသက် ၆၅ နှစ်အရွယ် ဦးအောင်မြတ်၊ အသက် ၅၀ အရွယ် ဒေါ်ယီခမ်းနဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်မန်ယီ တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။
မတ်လ ၁၅ ရက်နေ့မှာလည်း မြို့နယ်ရဲတပ်ဖွဲ့က ကင်းလှည့်နေတုန်း အသက် ၄၁ နှစ်အရွယ် ဦးညီအေးကို ထပ်မံ ဖမ်းဆီးရမိခဲ့သလို၊ မတ်လ ၂၃ ရက်နေ့မှာတော့ အသက် ၃၄ နှစ်အရွယ် ဦးထွန်းလွင်၊ အသက် ၃၂ နှစ်အရွယ် ဦးလေစန်းနဲ့ အသက် ၃၉ နှစ်အရွယ် ဦးကျောက်အန်တာ တို့ကို ကင်းလှည့်နေရင်း ထပ်မံ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလို နမ့်ခမ်းမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို အစဉ်တစိုက် လုပ်ဆောင်နေရတာဟာ လူမှုအသိုင်းအဝိုင်းထဲမှာ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ ရောင်းဝယ်တာတွေ အမြစ်ပြတ် ပပျောက်သွားစေဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် လူငယ်တွေရဲ့ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းပေးနိုင်ဖို့နဲ့ ဒေသခံတွေရဲ့ လူမှုဘဝ လုံခြုံ တည်ငြိမ်လာစေဖို့အတွက် အဓိက ရည်ရွယ်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အခုလို TNLA က ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် အထူးနှိမ်နင်းလေ့ရှိပြီး သုံးစွဲသူတွေကိုလည်း ပြန်လည်ထူထောင်ရေး စခန်းတွေမှာ အကျင့်စာရိတ္တ ပြုပြင်ပေးတာတွေကို ယခင်ကတည်းက စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
#နမ့်ခမ်း #မူးယစ်ဆေးဝါးတိုက်ဖျက်ရေး #တအာင်းပြည် #မြန်မာပြည်သတင်း #မူးယစ်ဆေးဝါး
30/03/2026
မူဆယ်အနီးရှိ TNLA တပ်စခန်းများကို ကိုးကန့်တပ် (MNDAA) ထံ လွှဲပြောင်းပေးလိုက်ရ
မတ်လ ၃၀ ရက်နေ့၊ ၂၀၂၆ခုနှစ်
တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အနီးမှာရှိတဲ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ တပ်စခန်းတွေကို အခုရက်ပိုင်းအတွင်းမှာပဲ ကိုးကန့်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ဆီ လွှဲပြောင်းပေးလိုက်ရပါတယ်။
အဓိက လွှဲပြောင်းပေးလိုက်ရတဲ့နေရာကတော့ မူဆယ်မြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်လောက်မှာရှိတဲ့ ဆယ်လန့်ကျေးရွာ၊ လွယ်သယ်မိန်းတောင်ပေါ်က အခိုင်အမာအခြေစိုက်ထားတဲ့ တပ်စခန်းပဲ ဖြစ်ပါတယ်။
ဒီလို လွှဲပြောင်းပေးလိုက်ရတာကြောင့် TNLA တပ်ဖွဲ့ဝင်တွေဟာ နမ့်ခမ်းမြို့နယ်ဘက်ကို တပ်ဆုတ်ခွာပေးလိုက်ရတယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။
"ကိုးကန့်တပ်တွေက စခန်းနားရောက်လာပြီး အင်အားအများကြီး အရင်လာချတယ်။ ပြီးမှ မြေပြင်မှာ ညှိကြပြီး TNLA က ဖယ်ပေးလိုက်ရတယ်။ လူကြီးတွေ ဆွေးနွေးထားပြီး ဆုတ်ပေးလိုက်ရတယ် ထင်ပါတယ်" လို့ ဒေသခံအမျိုးသားတစ်ဦးက ဖြစ်စဉ်ကို ရှင်းပြပါတယ်။
လွယ်သယ်မိန်းတောင် တပ်စခန်းဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်စပ်မြို့ မူဆယ်ကို စစ်ရေးအရ အနီးကပ် ခြိမ်းခြောက်နိုင်တဲ့ အရေးပါတဲ့နေရာမှာ ရှိတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက TNLA အဖွဲ့က စစ်တပ်ဆီကနေ အပြင်းအထန် တိုက်ခိုက်သိမ်းပိုက်ထားခဲ့တဲ့ အရေးကြီးစခန်းတစ်ခုလည်း ဖြစ်ပါတယ်။
အခုလွှဲပြောင်းမှုမှာ လွယ်သယ်မိန်းတောင်အပြင် စစ်တပ်နဲ့ TNLA တို့ အပြန်အလှန် စစ်ဆိုင်ထားတဲ့ မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်က ဆယ်လန့်ရွာနဲ့ ဆိုင်ခေါင်ရွာတွေမှာရှိတဲ့ TNLA ရဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ စခန်းတွေကိုလည်း MNDAA ဘက်က ဝင်ရောက်နေရာယူလိုက်ပြီ ဖြစ်ပါတယ်။
အရင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတုန်းက နမ့်ခမ်းမြို့ကို သိမ်းပိုက်ထားတဲ့ TNLA ဟာ မူဆယ်မြို့အနီး ၅ မိုင်အကွာအထိ နယ်မြေစိုးမိုးထားနိုင်ခဲ့တာပါ။ အရင်က ဒီဒေသမှာ တပ်လှုပ်ရှားမှု မရှိခဲ့ဖူးတဲ့ MNDAA ဟာ အခုမှ စစ်တပ်နဲ့ အနီးဆုံးနေရာအထိ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
MNDAA အနေနဲ့ အခုလို နယ်မြေလွှဲပြောင်းယူတာတွေ မတိုင်ခင်က မဟာမိတ်ဖြစ်တဲ့ TNLA ထံကနေ ကွတ်ခိုင်မြို့ကိုလည်း သိမ်းယူခဲ့သလို၊ တရုတ်နယ်စပ်မြို့ဖြစ်တဲ့ နမ့်ခမ်းကိုလည်း ထိုးစစ်ဆင်ဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးပြီးနောက်ပိုင်းမှာတော့ အခုလို ဒေသတွေကို လွှဲပြောင်းရယူခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ နှစ်ဖက်အဖွဲ့အစည်းတွေကြား အပစ်ရပ်ထားတဲ့ကာလအတွင်း တပ်နေရာချထားရေး သဘောတူညီချက်အရ TNLA အနေနဲ့ မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်နဲ့ လားရှိုးမြို့နယ် နယ်နိမိတ်အားလုံးကနေ တပ်ဆုတ်ခွာပေးဖို့ သဘောတူလိုက်ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
#မူဆယ် #ရှမ်းမြောက်သတင်း #စစ်ရေးသတင်း #မြန်မာ့အရေး
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Phra Nakhon