Playmaker Journal
24/04/2026
ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက် ၂ မှတ်လျှော့ချခံလာရမှုကြောင့် လိဂ် ၁ သို့ တန်းမဆင်းရရေး တိုက်ပွဲဝင်ရတော့မယ့် ဝက်စ်ဘရွန်း
==================
ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်းဟာ အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းကို ချိုးဖောက်မှုအတွက် ရမှတ် ၂ မှတ်လျှော့ချခြင်းခံလာရပါတယ်။
ဝက်စ်ဘရွန်းဟာ ကြားရက်တုန်းက ဝက်ဖို့ဒ်ကို အနိုင်ရခဲ့မှုကြောင့် ချန်ပီယံရှစ်တွင် ဆက်ရှိနေရေး သေချာသွားခဲ့ပေမယ့်လည်း ရမှတ် ၂ မှတ်လျှော့ချခြင်းခံလာရမှုနှင့်အတူ တန်းမဆင်းရရေး စိတ်မချရတဲ့အနေအထားသို့ ပြန်ရောက်သွားပါတယ်။
ဝက်စ်ဘရွန်းဟာ ၂၀၂၄-၂၅ ရာသီတုန်းက သတ်မှတ်ပမာဏထက် ကျော်လွန်ကာ ပေါင် ၃၉ သန်းအထိ အရှုံးပေါ်ခဲ့မှုအတွက် အရေးယူခံလာရတာလည်း ဖြစ်ပါတယ်။
ဝက်စ်ဘရွန်းကတော့ ယင်းကို ငြင်းဆိုထားပါတယ်။
ဒါပေမယ့် လွတ်လပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာပြန်လည်သုံးသပ်ရေးသမာဓိအဖွဲ့က ၂ ရက်တိုင်တိုင် ကြားနာစစ်ဆေးပြီးချိန်မှာတော့ ဝက်စ်ဘရွန်းမှာ အပြစ်ရှိကြောင်း တွေ့ရှိကာ ၂ မှတ်လျှော့ချလာပါတယ်။
ဝက်စ်ဘရွန်းဟာ ၂ မှတ်လျှော့ခံရမှုကြောင့် ချန်ပီယံရှစ်အဆင့် ၂၀ တွင် ရပ်တည်လာပြီး ရာသီသိမ်းရန် ၂ ပွဲလိုတော့တဲ့အချိန်တွင် တန်းဆင်းဇုန်နှင့် ရမှတ် ၆ မှတ်အကွာမှာ ရပ်တည်လာပါတယ်။ ဝက်စ်ဘရွန်းအနေဖြင့် လက်ကျန် ၂ ပွဲမှာ တန်းမဆင်းရရေးအတွက် ရမှတ် ၁ မှတ်ရရှိရန် လိုအပ်နေပါတယ်။
ဝက်စ်ဘရွန်းဟာ ယနေ့ စနေနေ့မှာ တန်းတက်ရေး တိုက်ပွဲဝင်နေတဲ့ အစ္စဝှစ်ချ်ကို ဧည့်ခံကစားရမှာ ဖြစ်ပြီး ရာသီသိမ်းပွဲတွင် တန်းဆင်းထားရပြီးဖြစ်တဲ့ ရှက်ဖီးလ်ယူနိုက်တက်နှင့် ရင်ဆိုင်ကစားရပါမယ်။
ဝက်စ်ဘရွန်းဟာ ရမှတ်လျှော့ချမှုအား ၂ ပတ်အတွင်း အယူခံဝင်ခွင့်ရှိပြီး အယူခံကို ၂၈ ရက်အတွင်း ဆုံးဖြတ်လာဦးမှာ မဟုတ်ပါဘူး။
24/04/2026
အဝေးကွင်းအင်္ကျီဒီဇိုင်းအတွက် ဆန်းဒါးလန်းကို အနုပညာရှင် တရားစွဲဆိုမည်
=================
အနုပညာရှင်တစ်ဦးဟာ သူဖန်တီးထားတဲ့ အနုပညာကို ခွင့်ပြုချက်မရှိဘဲ ခိုးယူ အသုံးပြုမှုအတွက် ပရီးမီးယားလိဂ်ကလပ် ဆန်းဒါးလန်းကို တရားစွဲဆိုရန် စီစဉ်နေပါတယ်။
လီဗာပူးမှ အနုပညာရှင် အင်ဒရူးစမောဟာ ၂၀၀၈ ခုနှစ်တုန်းက ဆန်ဒါးလန်းစီးတီးကောင်စီရဲ့ ပံ့ပိုးမှုဖြင့် Sea to Sea စက်ဝိုင်းပတ်လမ်းတွင် C လို့ အမည်ပေးထားတဲ့ ကျောက်ဆစ်လက်ရာတစ်ခုကို ဖန်တီးခဲ့ပါတယ်။
ယင်းကျောက်ဆစ်လက်ရာမှာ ပြောင်လက်နေတဲ့ စတုရန်းကွက်အလယ်တွင် စက်ဝိုင်းပုံ ပါဝင်ပြီး အဝေးမှ ကြည့်ပါက မီးပြတိုက်ကို မြင်တွေ့နိုင်ပါတယ်။
ဆန်းဒါးလန်းရဲ့ ၂၀၂၅-၂၆ ရာသီအဝေးကွင်းဝတ်စုံဒီဇိုင်းတွင် မီးပြတိုက်ကို မြင်တွေ့နိုင်တဲ့ ပုံစံဒီဇိုင်းမျိုး သုံးထားပြီး အင်ဒရူးစမောဖန်တီးထားတဲ့ အနုပညာနှင့် တူညီတယ်လို့ ယုံကြည်ရပါတယ်။
တချိန်တည်းတွင် ဆန်းဒါးလန်းကမူ Hummel က ထုတ်လုပ်ထားတဲ့ ယင်းအဝေးကွင်းဝတ်စုံမှာ မီးပြတိုက်နှင့် လမ်းတစ်လျှောက်စာ အကွာအဝေးတွင်သာ ရှိတဲ့ ၁၉၈၉ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ အသုံးပြုခဲ့တဲ့ ကွင်းဟောင်း Roker Park ကို အမှတ်ရစေတဲ့ သဘောဖြင့် ဖန်တီးထားခြင်းမျှသာ ဖြစ်ကြောင်း ဆိုထားပါတယ်။
စမောဟာ ဆန်းဒါးလန်းမြို့တော်ကောင်စီရဲ့ ပံ့ပိုးမှုဖြင့် ယင်းကျောက်ဆစ်လက်ရာကို ဖန်တီးခဲ့တယ်ဆိုပေမယ့်လည်း ကော်မာရှယ်အကြောင်းပြချက်ဖြင့် မူပိုင်ခွင့်အား ရယူထားပါတယ်။
စမောဟာ သားဖြစ်သူရဲ့ ဆရာဟောင်းဖြစ်သူ ဆန်းဒါးလန်းပရိသတ်ရဲ့ အသိပေးမှုကြောင့် ဆန်းဒါးလန်းအဝေးကွင်းဝတ်စုံတွင် သူ့ဒီဇိုင်းကို ပုံစံတူ အသုံးပြုထားကြောင်း တွေ့ရှိခဲ့ရပါတယ်။
လက်ရှိအချိန်တွင် စမောရဲ့ ရှေ့နေ ဖရန်ဆစ်မက်အန်တီဂတ်က နစ်နာကြေး ရရှိရေးအတွက် ဆန်းဒါးလန်းထံသို့ စာရေးသား အကြောင်းကြားမှု ပြုလုပ်ထားပါတယ်။
ဆန်းဒါးလန်းကမူ နစ်နာကြေးနှင့်ပတ်သက်ပြီး ပြောကြားရန် ငြင်းဆိုသွားပေမယ့် အဝေးကွင်းဝတ်စုံဒီဇိုင်းတွင် မူပိုင်ခွင့် ချိုးဖောက်မှု တစုံတရာ မရှိကြောင်း ဆိုထားပါတယ်။
24/04/2026
ပရီးမီးယားလိဂ်သမိုင်းတွင် အဆိုးရွားအင်္ကျီဒီဇိုင်းလို့ ဝေဖန်ခံနေရတဲ့ ချဲလ်ဆီးရဲ့ အိမ်ကွင်းအင်္ကျီသစ်ဒီဇိုင်း ထွက်ပေါ်လာ
======================
ချဲလ်ဆီးရဲ့ ၂၀၂၆-၂၇ ရာသီတွင် အသုံးပြုလာမယ့် အိမ်ကွင်းဝတ်စုံဒီဇိုင်း အွန်လိုင်းတွင် ပေါက်ကြားလာပါတယ်။
ပရီးမီးယားလိဂ်ထိပ်သီးကလပ်ဟာ ပြီးခဲ့တဲ့နှစ်များအတွင်းတွင် ဆိုးရွားတဲ့ ဖက်ရှင်ဒီဇိုင်းဝတ်စုံများကို အသုံးပြုမှုအတွက် လူသိများတဲ့ ကလပ်လည်း ဖြစ်ပါတယ်။
ယခုရာသီ အဆိုးရွားဆုံး အင်္ကျီဒီဇိုင်းအဖြစ် မန်စီးတီးရဲ့ မိုးရေစက်ပါ တတိယဝတ်စုံက သတ်မှတ်ခံထားရပါတယ်။
တဖက်တွင် ပရီးမီးယားလိဂ်သမိုင်းတွင် အဆိုးရွားဆုံး အင်္ကျီဒီဇိုင်းအဖြစ် လီဗာပူးရဲ့ ၂၀၂၁-၂၂ ရာသီ ဝတ်စုံဒီဇိုင်းနှင့် ယူနိုက်တက်ရဲ့ ၁၉၉၅-၉၆ အဝေးကွင်းဝတ်စုံတို့က ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာ ၂၀၂၆-၂၇ ရာသီအတွက် ဝတ်စုံကို မကြေညာသေးပါဘူး။
ဒါပေမယ့် ယနေ့မှာတော့ ချဲလ်ဆီးရဲ့ ရာသီသစ်တွင် ဝတ်ဆင်လာမယ့် အိမ်ကွင်းအင်္ကျီဒီဇိုင်း ပေါက်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။
FootyHeadlines က ချဲလ်ဆီးရဲ့ ရာသီသစ် အိမ်ကွင်းအင်္ကျီဒီဇိုင်းကို ဖွင့်ချလာတာပါ။ ချဲလ်ဆီးရဲ့ အိမ်ကွင်းအင်္ကျီသစ်တွင် အပြာရောင်ကိုပင် ဆက်လက် အသုံးပြုထားပြီး Nike လိုဂို၊ ကလပ်လိုဂိုနှင့် ပုခုံးနှစ်ဖက် အစင်းတစ်ခုစီ ပါဝင်ကာ ယင်းတို့ကို ရွှေရောင် အသုံးပြုထားပါတယ်။
ဒါ့အပြင် ချဲလ်ဆီးအိမ်ကွင်းအင်္ကျီတွင် ကလပ်လိုဂိုတွင် ပါဝင်တဲ့ ခြင်္သေ့ပုံကိုလည်း ရှေ့ဘက်ခြမ်းတွင် ထည့်သွင်းထားပါသေးတယ်။
ချဲလ်ဆီးရဲ့ အဝေးကွင်းဝတ်စုံက အနက်ရောင်ဖြစ်ပြီး ရွှေရောင်တို့အား ရောနှောအသုံးပြုထားကာ ပရိသတ်များရဲ့ သဘောကျခြင်းခံနေရပါတယ်။
ချဲလ်ဆီးရဲ့ တတိယဝတ်စုံက အဖြူရောင်ဖြစ်ပြီး အနီရောင်နှင့် အပြာရောင်တို့ကိုလည်း ရောနှောအသုံးပြုထားကာ ပရိသတ်များ လက်ခံတာ တွေ့ရပါတယ်။
တစ်ခု သတိထားရမှာကတော့ ယခုထွက်ပေါ်လာတဲ့ ဝတ်စုံတွေက ချဲလ်ဆီးရဲ့ လာမယ့် ရာသီ ဝတ်စုံအစစ် ဟုတ်/မဟုတ်ကိုတော့ အတည်မပြုနိုင်တာ ဖြစ်ပါတယ်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
10250