514 Design

514 Design

Share

Graphic Design Services

Photos from 𝗔𝗞𝗔𝗡 𝗔𝗥𝗧 𝗖𝗘𝗡𝗧𝗘𝗥's post 25/06/2022
04/02/2022

အလုပ်ကြောင့် စိတ်ထောင်းကိုယ်ကြေမဖြစ်ဘဲ
တက်ကြွနေစေမယ့် နည်းလမ်းများ
-------------------------------
သင်ဟာ သင့်အလုပ်ကို ဘယ်လောက်ပဲမြတ်နိုးပါစေ၊ တစ်ခါတလေအားအင်ကုန်ခန်းသွားတတ်တာဟာ ဖြစ်ရိုးဖြစ်စဉ်ပါ။ သင်ဟာစီမံကိန်းအကြီးစားတစ်ခုလုပ်နေပြီး နောက်စီမံကိန်းအတွက် လှုံဆော်မှုရရှိဖို့ အခက်တွေ့ချင်တွေ့နေလိမ့်မယ်။ သင့်မိသားစုဘဝက သင့်စွမ်းအားတွေကို လိုတာထက်ပိုပြီးကုန်ခန်းစေတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်သင်ငြီးငွေ့နေတာလည်း ဖြစ်နိုင်တယ်။ သင်ဘယ်လိုအားပြန်ဖြည့်မလဲ။ အားဖြည့်နည်းတချို့က တခြားနည်းတွေထက် ပိုကောင်းပါသလား။ သင်ခံစားနေရတာဟာ ရိုးရိုးစိတ်ထောင်းကိုယ်ကြေဖြစ်မှုလား၊ ဒါမှမဟုတ် နာတာရှည်ဘဝင်မကျမှုလားဆိုတာ သင်ဘယ်လိုခွဲခြားသိမှာလဲ။

ကျွမ်းကျင်သူတွေက ဒီလိုပြောထားကြပါတယ် . . .

သင်အလုပ်လုပ်ရာမှာ သင့်မှာရှိတဲ့ စွမ်းအင်ပမာဏထက်ပိုပြီးအသုံးပြုရလို့ စိတ်ရော၊ ကိုယ်ပါ နွမ်းနယ်ခြင်းဟာ ခေတ်ပေါ်လုပ်ငန်းခွင်ကူးစက်ရောဂါလို့ ခေါ်ပါတယ်။

''လွန်ခဲ့တဲ့ ၁ဝ နှစ်ကထက်ပိုပြီး အခုအဲဒါပိုဖြစ်တာသေချာတယ်။ အဓိကကတော့ ကျွန်တော်ရဲ့အာရုံကို ဆွဲဆောင်ပြီးအရာရာကို အရေးကြီးတယ်လို့ထင်မှတ်စေတဲ့ ကိရိယာတန်ဆာပလာ Device တွေကြားမှာကျွန်တော်တို့ ရှိနေလို့ပါ'' လို့ ofignite.co ဆိုတဲ့ အတိုင်ပင်ခံလုပ်ငန်းတည်ထောင်သူ Ron Friedman က ပြောပါတယ်။

လူမှုရေးစိတ်ပညာရှင်နဲ့ No One Understands You စာအုပ်ရေးသူ Heidi Grant Halvorson ကလည်း ''တစ်ပတ် ၇ ရက်၊ တစ်ရက် ၂၄ နာရီ စက်ဝန်းထဲမှာ ဖိအားတွေများလွန်းတယ်။ အဲဒါကြောင့် ဖိစီးမှုခံစားရပြီး လုံးဝဥဿုံခြေကုန်လက်ပန်းကျသလို ခံစားရတယ်'' တဲ့။ ဒါကြောင့် သင်ဟာ ဓာတ်ဆီတိုင်ကီထဲဆီပြန်ဖြည့်သလို တက်ကြွနေစေဖို့ နည်းလမ်းတွေရှာဖို့လိုပါတယ်။

အလုပ်လုပ်တဲ့ရက်မှာ ခဏတစ်ဖြုတ်နားပါ . . .

''ပိုကြိုးစားခြင်း၊ ဒါမှမဟုတ် သူများထက်သာအောင် ပိုလုပ်ခြင်းတို့ကြောင့် သင်ဟာရေတိုရလာဒ်တွေရပေမယ့် ရုပ်ပိုင်းအရဆက်ထိန်းထားဖို့ မဖြစ်နိုင်ဘူး။ ရေရှည်မှာအကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ သင့်ရဲ့စိတ်စွမ်းအင်ကို ပြန်ဖြည့်တင်းဖို့ ပုံမှန်အခွင့်အလမ်းတွေလိုအပ်လိမ့်မယ်။ လမ်းလျောက်ပါ။ ပြေးပါ။ သင့်အလုပ်စားပွဲနဲ့ ဝေးရာမှာ နေ့လယ်စာသွားစားပါ။ သင့်ကွန်ပျူတာနဲ့ ဝေးရာကိုထွက်သွားခြင်းက စိတ်ကြည်လင်စေပြီး အခြေအနေတစ်ခုလုံးကို ပြန်လည်စစ်ဆေးသုံးသပ်မှုဖြစ်စေပါလိမ့်မယ်။ ပြဿနာတစ်ခုအကြောင်း အလေးအနက်အပြင်းအထန် စဉ်းစားခြင်းနဲ့ရှောင်ခွာခြင်းတို့ကြား အားလပ်ချိန်မှာအဖြေတွေမကြာခဏပေါ် ပေါ်လာပါတယ်'' လို့ Friedman ကပြောပါတယ်။

ဒါပေမဲ့ အနားယူချိန် သင့်လျော်မှန်ကန်ဖို့လိုပါတယ်။ ''သင့်စွမ်းအားအပြည့်ဝဆုံးရှိမယ့် နံနက်ပိုင်းမှာ အလုပ်ကိုအာရုံစူးစိုက်ပြီး ထုတ်လုပ်စွမ်းအားကို အမြင့်ဆုံး မြှင့်တင်ပါ။ အဲဒီအချိန်မှာ အခက်အခဲဆုံးစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းပြီး အနားသွားယူလိုက်ပါ'' လို့ Halvorson က ပြောပါတယ်။

သင့်ရဲ့ ဒီဂျစ်တယ်ကိရိယာတွေကိုဘေးဖယ်ထားပါ . . .

ဖုန်းမပေါ်ခင်က သင့်အလုပ်ကိုရုံးမှာထားရစ်ခဲ့ခြင်းဟာ ပျက်ကွက်မှုဖြစ်တယ်။ ''အဲဒီခေတ်က သင့်အလုပ်ကိုအိမ်ယူသွားဖို့အတွက် အားထုတ်ပြီးစီစဉ်ဖို့လိုတယ်။ အခုခေတ်မှာတော့ ကျွန်တော်တို့အားလုံးဟာ 'စမတ်ဖုန်း' အသွင်နဲ့ ရုံးတစ်ရုံးလုံးကို အိတ်ကပ်ထဲသယ်ဆောင်နေကြပြီ။ ဒါကြောင့် ကျွန်တော်တို့ဟာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းအရပါရုံးအလုပ်နဲ့ချိတ်ထားကြတယ်။ ကုစားနည်းကဒီဂျစ်တယ်ကိရိယာတွေ သုံးစွဲမှုကို ရုံးဆင်းတဲ့အခါ သင့်ဘာသာကန့်သတ်ပါ။

စမတ်ဖုန်းကို ခြင်းတောင်းထဲ၊ ဒါမှမဟုတ် အံဆွဲထဲထည့်ထားပြီး အီးမေး(လ်)စစ်ချင်တဲ့ စိတ်၊ ဖုန်းကိုင်လိုစိတ်တွေ ဖျောက်ပါ။ ဒါမှမဟုတ် ည ၈ ကျော်ရင် ဖုန်းကိုစက်ပိတ်တဲ့စည်းကမ်းကို သင့်ဘာသာချမှတ်ပါ'' လို့ Friedman က ပြောသလို Halvorson ကလည်း ''သင့်ဖုန်းကိုသွားသိမ်းထားလိုက်ပါ။ ဘယ်အလုပ်မဆို မနက်ဖြန်ကျမှလုပ်ပါ'' လို့ ပြောပါတယ်။

စိတ်ဝင်စားတာ တစ်ခုခုကိုလုပ်ပါ . . .

''သင်အနားယူချိန်မှာ အလုပ်ကိုရှောင်ဖို့၊ ဒါမှမဟုတ် ကန့်သတ်ဖို့ အာရုံစိုက်နေမယ့်အစား သင်မျော်မှန်းထားတဲ့ ပြုပြင်ထိန်းသိမ်းမှု အတွေ့အကြုံတွေကို အစီအစဉ်ရေးဆွဲပါလို့'' Friedman က အကြံပေးပါတယ်။

''သင့်မိတ်ဆွေနဲ့ တင်းနစ်ရိုက်ခြင်း၊ ဒါမှမဟုတ် သင့်အိမ်ထောင်ဖက်နှင့်အတူတူ ချက်ပြုတ်စားသောက်ပြီး အီးမေး(လ်)စစ်ဆေးခြင်းမပြုဘဲ ရည်မှန်းချက်အပေါ် အာရုံစိုက်ဖို့လှုံ့ဆော်ပါ'' လို့ သူက ပြောပါတယ်။

''သင့်အားလပ်ချိန်မှာ သင်လုပ်တဲ့ကိစ္စက အရေးပါပါတယ်။ ဆိုဖာပေါ် ပြောင်းဖူးပေါက်ပေါက်စားရင်း သင်တီဗီကြည့်တာကောင်းတယ်။ ဒါပေမဲ့ စစ်တုရင်ထိုးခြင်း၊ ဉာဏ်စမ်းဝေါဟာရတွေ ဖြည့်ခြင်းတို့လို စိန်ခေါ်မှုပိုရှိတဲ့ ကိစ္စတစ်ခုခုကိုလုပ်သင့်ပါတယ်'' လို့ Halvorson က ပြောပါတယ်။

သီတင်းပတ်ကုန်ရက်မှာ ပိုကြာကြာနားပါ . . .

''သင်စိတ်ထောင်းကိုယ်ကြေဖြစ်ခြင်းဟာ သင်အနားယူဖို့ လိုအပ်ကြောင်းသင်္ကေတပြတာပါ။ သင်နားဖို့ရက်သတင်းနှစ်ပတ်ကြာ အပန်းဖြေစရာမလိုဘူး။ စိတ်ဖိစီးမှုလျော့ချဖို့ဆိုရင် သင်ဟာ စနေ၊ တနင်္ဂနွေမှာ ပုံမှန်နားခြင်းဖြင့်ပိုပြီး အကျိုးရှိလိမ့်မယ်။ အဝေးရောက်နေတဲ့အခါ သင့်ရုံးကိုဖုန်းမဆက်ပါနဲ့။ အီးမေး(လ်) မစစ်ဆေးပါနဲ့။ စိတ်ကိုလုံးဝလျော့ချထားပါ။ ကျွန်မတို့အားလုံး ကိုယ်ဖြစ်စေချင်သလောက် အရေးပါသူတွေမဟုတ်ကြပါဘူး'' လို့ Halvorson ကပြောပါတယ်။

အဓိပ္ပာယ် ဖွင့်ဆိုချက်အပေါ် အာရုံစိုက်ပါ . . .

တကယ်လို့ သင့်ရဲ့တာဝန်ဝတ္တရားတွေဟာ ချက်ချင်းအနားယူလို့ မရလောက်အောင် များပြားနေတယ်ဆိုရင် ဒီအလုပ်ကဘာကြောင့်အရေးပါမှန်း သင်စဉ်းစားပါ။ လက်ရှိသင့်တာဝန်ကို သင့်ရဲ့ပိုကြီးမားတဲ့ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ ဆက်လုပ်ခြင်းအားဖြင့် သင်အပျင်းထူချင်စိတ်ကိုအောင့်အီးဖို့ အထောက်အကူပြုပြီး တစ်နေ့တာ သို့မဟုတ် နောက်နှစ်ရက်၊ သုံးရက်အတွင်းသင်ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်တဲ့စွမ်းအင်တွေ ရရှိလာလိမ့်မယ်။ ဒါကသင်ကို စိတ်ပေါ့ပါးစေမယ်ဆိုတာကိုတော့ သတိပြုပါ။

အလုပ်လုပ်လွန်းလို့ အားအင်တွေကုန်ခမ်းသွားရင် သင့်အလုပ်ကိုရပ်ဆိုင်းပြီး ကောင်းကောင်းနားဖို့ လိုအပ်ပါတယ်။

စိတ်ထောင်းကိုယ်ကြေဖြစ်မှု တကယ်ဟုတ်မဟုတ် စစ်ဆေးပါ . . .

ယခုဖော်ပြတဲ့ နည်းဗျူဟာတွေတစ်ခုမှ အသုံးမတည့်ရင် ပိုပြီးပြင်းထန်တဲ့အရာတစ်ခုကို သင်ရင်ဆိုင်နေရပြီလို့မှတ်ပါ။ တကယ်လို့ သင်ဟာနွမ်းနယ်ပေမယ့် အလုပ်လုပ်နိုင်သေးတယ်ဆိုရင် အဲဒါဟာ စိတ်ထောင်းကိုယ်ကြေမှုဖြစ်နိုင်ပါတယ်။

''ဒါပေမယ့် သင်လုပ်သလောက် တိုးတက်မှုမရှိဘူး၊ သင့်အလုပ်ကလည်း အရေးပါပုံမရဘူးလို့ အောက်မေ့ရင် တခြားပြဿနာတစ်ခုခုဖြစ်လိမ့်မယ်'' လို့ Halvorson ကပြောပါတယ်။ သင်အကောင်းဆုံးလုပ်ကိုင်ဖို့ လိုအပ်တာကို သင့်မန်နေဂျာကပေးရဲ့လား။ မပေးဘူးဆိုရင် သင်တခြားရာထူးပြောင်းဖို့လိုအပ်တယ်။ သင့်အလုပ်သဘောသဘာဝက သင့်စွမ်းအင်တွေကို လျော့ပါးစေသလား။ အဲဒါဆိုရင် သင့်အလုပ်အကိုင်ကို ပြန်သုံးသပ်ဖို့လိုပြီ။

မှတ်သားစရာစည်းကမ်း . . .

ဆောင်ရန်

– သင်နားတဲ့အချိန်မှာ ဒီဂျစ်တယ်ကိရိယာတွေ သုံးစွဲမှုစည်းကမ်းချမှတ်ပါ။

– အလုပ်လုပ်တဲ့ရက်မှာ ပုံမှန်ခေတ္တနားပါ။

– အလုပ်ကို အပန်းဖြေခရီးထက် ဦးစားပေးရရင် သင့်အတွက် အလုပ်ကဘာကြောင့်အရေးပါသလဲဆိုတာ စဉ်းစားပါ။

ရှောင်ရန်

– အပန်းဖြေခရီးထွက်တဲ့အခါ ဒါမှမဟုတ် သီတင်းပတ်ကုန်ရက်မှာ ကြာကြာနားတဲ့အခါ အီးမေး(လ်)မစစ်ပါနဲ့။

– အားလပ်ချိန်မှာ သင့်ကိုယ်သင်စိန်ခေါ်ပြီး သင်စိတ်ဝင်စားတဲ့လှုပ်ရှားမှုတွေလုပ်ပါ။

– နိစ္စဓူဝ သင်လုပ်သမျှမဖြစ်ခဲ့ရင် အလုပ်သစ်ရှာဖွေပါ။ ဆက်တိုက် နုံးချည့်စိတ်မပါမှုကို ယာယီစိတ်ထောင်းကိုယ်ကြေမှုနှင့် မမှားပါနဲ့။

ပုဂ္ဂိုလ်တစ်ဦး၏ ကာလအပိုင်းအခြားတစ်ခုအတွင်းလေ့လာချက် -၁

သင့်အလုပ်က ဘာကြောင့်အရေးပါသလဲ ပြန်သုံးသပ်ပါ . . .

Miko Branch ဟာ နယူးယောက်မြို့အခြေစိုက်ဆံကေသာအလှထိန်းသိမ်းရေးပစ္စည်းကုမ္ပဏီ Miss Jessie's ရဲ့စီးအီးအို၊ တွဲဖက်တည်ထောင်သူနဲ့ တီထွင်ဖန်တီးမှုညွှန်မှူးဖြစ်လို့ အတော်အလုပ်ရှုပ်ပြီးပင်ပန်းပါတယ်။ ရုံးမှာအစည်းဝေးတွေလုပ်ရတယ်။ ဖုန်းတွေပြောရတယ်။ ဖောက်သည်တွေနဲ့ ချိန်းတွေ့ရပြီး ထုတ်လုပ်မှုအစီအစဉ်ရေးဆွဲမှုတွေလုပ်ရတယ်။

''ကျွန်မနယူးယောက်မှာရှိတဲ့အခါ တစ်နေ့လုံး ရုံးထဲဝင်လိုက်၊ ထွက်လိုက်ပဲ။ ခရီးထွက်နေတဲ့အခါ နှစ်နာရီတစ်ခါလောက် အီးမေး(လ်)စစ်တယ်။ စိတ်ထောင်းကိုယ်ကြေမဖြစ်အောင် ရှောင်နည်းက နေ့တိုင်း ခေတ္တမှေးစက်အနားယူတာပါ။ တစ်ခါတလေ ၁ဝ မိ နစ်၊ တစ်ခါတလေနာရီဝက်အိပ်တယ်။ တစ်ခါတလေ ရုံးခန်းထဲက ဆိုဖာပေါ်မှာ၊ တစ်ခါတစ်လေကြမ်းပေါ်မှာ စောင်၊ ဒါမှမဟုတ် ကုတ်အင်္ကျီခြုံပြီးအိပ်တယ်''

ဒါပေမဲ့ သူ့လုပ်ငန်းတည်ထောင်ပုံအကြောင်းစာအုပ်ကို လက်စသတ်ရေးဖို့၊ ကုန်ပစ္စည်းသစ်မျိုးစုံ မိတ်ဆက်ဖြန့်ချိဖို့ရှိလို့ စိတ်ဖိစီးမှုဖြစ်တာကြောင့် မိုင်ယာမီမြို့မှာသုံးရက်သွားနေပြီး စာရေးတည်းဖြတ်မှုပဲလုပ်တယ်။

သူ့အလုပ်နဲ့ ဒီစာအုပ်ဟာသူ့အတွက် အလုပ်အကိုင်အရရော၊ ပုဂ္ဂိုလ်ရေးအရပါဘယ်လောက်အရေးပါသလဲဆိုတာ သူ့ဘာသာအမြဲသတိပေးပြီး အားမွေးတယ်။

''ကျွန်မနဲ့ကျွန်မရဲ့ညီမက တစ်ပြားမှမရှိဘဲ ဒီလုပ်ငန်းကိုဖန်တီးခဲ့တယ်။ ကျွန်မတို့ဟာ မိန်းမသားတွေဖြစ်ပြီး လူမည်းမတွေလည်း ဖြစ်တယ်။ ကျွန်မတို့အကြောင်းကို ပြောပြပြီး သူများတွေ အားကျအတုယူစေချင်တယ်'' လို့ ပြောတယ်။ Miko ဟာ သောကြာ၊ စနေ၊ တနင်္ဂနွေနားပြီး စာမူလက်စသတ်ကာ တနင်္လာနေ့ကျတော့ လန်းဆန်းစွာနဲ့ ရုံးပြန်တက်ပါတယ်။

ပုဂ္ဂိုလ်တစ်ဦး၏ ကာလအပိုင်းအခြားတစ်ခုအတွင်း လေ့လာချက် -၂

သင့်ရဲ့ စိတ်ထောင်းကိုယ်ကြေဖြစ်မှု လက္ခဏာတွေဆက်ရှိနေရင် အလုပ်ပြောင်းဖို့ အဆင့်သင့်ပြင်ထားပါ . . .

L.A မြို့အနီးရှိ လျှပ်စစ်မီးထုတ်လုပ်ရေးလုပ်ငန်းမှအင်ဂျင်နီယာ Nicole Scott ဟာ အလုပ်ကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်သွားပါတယ်။

''ကျွန်မတာဝန်တွေက ငြီးငွေ့စရာကောင်းတယ်။ တစ်မျိုးတည်းကို ထပ်တလဲလဲလုပ်ပြီး စိန်ခေါ်မှုလည်းမရှိဘူး'' လို့ သူကပြောတယ်။ သူအဆိုပြုတဲ့ စီမံကိန်းတစ်ခုကိုလည်း အထက်ကပယ်ချတော့ ပိုဆိုးသွားတယ်။ အဲဒါကြောင့် သူ့မှာလှုံ့ဆော်မှုလျော့သွားတယ်။ Nicole ဟာထက်မြက်တဲ့ မိန်းမဖြစ်ပေမဲ့ နောက်တော့အပျင်းထူသွားတယ်။ သူလုပ်နေတဲ့ လုပ်ငန်းအသစ်အတွက် နည်းဗျူဟာကျကျ မတွေးခဲ့ဘူးလို့ရိပ်မိတယ်။

''ကျွန်မ အလုပ်ပြန်လုပ်တယ်။ တက်ကြွလှုပ်ရှားမှုလည်းရှိတယ်'' လို့ သူက ပြောတယ်။ ဒါပေမဲ့ Nicole ဟာ နှစ်လလောက်ကြာတော့ အလုပ်ထွက်ပြီး ဒင်ဗာမြို့မှာ SpyderLynk ဆိုတဲ့ မိုဘိုင်းဈေးကွက်ဖော်ဆောင်ရေးနဲ့ နည်းပညာကုမ္ပဏီကိုတည်ထောင်ပြီး စီးအီးအိုလုပ်တယ်။ စိတ်ထောင်းကိုယ်ကြေဖြစ်မှုဟာ သူ့ရဲ့ဘဝတဆစ်ချိုးဖြစ်တယ်။ ''ကျွန်မလုပ်နေတာကို ရင်ခုန်တယ်။ နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီး ဟိုမန်နေဂျာကြီးကငြင်းလိုက်တာကို ကျန်မကျေးဇူးတင်တယ်'' လို့ Nicole က ပြောပါတယ်။

စိုးသိဏ်း

----------------------------------

Web - www.ceo-myanmar.com

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Building 4, 3th Flr. , Room No. 305, Gandamar Str. , Yuzana Garden City (Block-2), 92 Quarter, Dagon Seikkan Tsp
Yangon
11141

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00