Hey Sis
21/06/2025
မိုးနံနက်
မိုးနံနက်ခင်းဆိုတာ သာသာယာယာရှိရမှာ။ မထခင် အိပ်ရာထဲ ခဏလှဲ။ ထပြန်တော့လည်း ကော်ဖီတစ်ခွက်ဖြင့် နှပ်နေရမည့် နံနက်ခင်းမျိုးဖြစ်ရပါမည်။ သို့မှသာ မိုးနံနက်ခင်းမည်ပေမည်။
ယနေ့ မိုးနံနက်ခင်းကား ယင်းသို့မဟုတ်။ တစ်ညလုံး ရွာလိုက်သော ဝါဆိုလဆန်းမိုးသည် သွန်ပြီးတော့ကို သည်းလေသည်။ မနေ့ညက မိုး/ဇလမှ ပေးပို့သော မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးနိုင်သည်ဟူသည့် စာတိုမက်ဆေ့ချ်ကို ရချိန်တွင် မိုးသည် အတော်ပင်သည်းစပြုနေပြီ။
တစ်ညလုံး မီးပျက်လိုက်၊ မိုးရွာလိုက်ဖြင့် အရုဏ်တက်လောက်ချိန်တွင်မူ သံမန်တလင်းကြမ်းတွင် ဖျာခင်းအိပ်နေသော ငမှန့်ကျောသို့ ရေလာစိုလေတော့သည်။
“ဟဲ့ ငမှန် ထ၊ ထ၊ ရေတွေဝင်လာပြီ ထစမ်း။”
အမေ့အသံကြောင့်ရော၊ ကျောရေစိုတာကြောင့်ရော ငမှန်အမြန်ထကာ ထုံးစံအတိုင်း ရေခပ်ထုတ်ရချေပြီ။ သို့သော် မိုးမှာမျက်နှာသာမပေး၊ ဆက်၍သာ သည်းလေသည်။ ငမှန်တို့ တစ်ခွက်ခပ်လျှင် ရေမှာ သုံးခွက်စာဝင်လာလေသောကြောင့် စိုနိုင်သည့်အရာမှန်သမျှကို အမြင့်ပေါ်တင်ကာ အဆောင်ရှေ့ငုပ်တုပ်ထိုင်နေရတော့သည်။
ကျန်အခန်းများလည်း ထိုနည်းတူပင် အခန်းအားလုံးရေမြုပ်ကာ အားလုံးအဆောင်ရှေ့မှာ ပျားပန်းခပ်လျက်။ ရုံးသမားတွေအမီ ထမင်းအိုးကို နည်းမျိုးစုံဖြင့်တည်သူကတည်၊ ဒူးခေါင်းလောက်ရှိသော ရေထဲတွင် ရေကူးသောကလေးက ကူးဖြင့် ဆူညံနေလေသည်။ နံနက်မိုးပင်မလင်းတတ်သေး။
ဘေးက တိုက်ကြီးမှာတော့ အသံတိတ်လို့။
ငမှန်တို့အဆောင်ပိုင်ရှင်တွေနေသော နှစ်ထပ်တိုက်သစ်ကြီး။ အဆောင်ရှင်အမျိုးသမီးတို့ လင်မယားက အသက်သုံးဆယ်ကျော်ခန့်မျှသာ ရှိသေးသည်။ အဖေသေလို့ အမွေရလိုက်သော အဆောင်ကို မစီမံတတ်။
ပေခြောက်ဆယ် မြေကွက်ပေါ် ဆောက်ထားသော ငမှန်တို့နေသည့် မော်လမြိုင်ခေါင် မြေစိုက်အဆောင် ၁၁ ခန်းတွဲကြီးကို အလယ်မှ ဖြတ်ကာ တစ်ခြမ်းတွင် သူတို့တိုက်ကိုဆောက်သည်။
ငမှန်တို့မြေစိုက်အဆောင်က အရပ်လက်သမားဆရာများဖြင့် ဆောက်ထားသော အုပ်ညှပ်ပျဥ်ကာ၊ သွပ်မိုးအဆောင်ဖြစ်ရကား၊ တစ်ခြမ်းဖြိုလိုက်သောအခါ အလယ်တိုင်တို့က သေချာမထမ်းနိုင်ဖြစ်ရသည်သာမက၊ ယခင် အလယ်တွင်ရှိခဲ့သော အုတ်နံရံမှာလည်း ရေမကာနိုင်ဖြစ်ရသည်။
ဟိုဘက်တိုက်ဆောက်ရန် မြေတူးသောအခါ သည်ဘက်က အဆောင်အခန်းအချို့၏ အခင်းတို့မှာလည်း အလယ်မှ ဟပ်တပ်ကွဲကာ ချိုင့်ဝင်သွားတော့သည်။
နှစ်ထပ်တိုက်အား တစ်နှစ်ကြာအောင်ဆောက်သော အင်ဂျင်နီယာတို့အားလည်း ငမှန် နားမလည်။ ဘယ်နှယ့်သည်လောက်တောင် ကြာရပါသနည်း။ မြို့ထဲမယ် ဟောတစ်တိုက်၊ ဟောတစ်တိုက်နှင့် ကန်ထရိုက်တိုက်များ အစီအရီ လစဥ်ပေါ်လာအောင် ဆောက်လို့ရနိုင်သည် မဟုတ်ပါလော။
ငမှန်ကြားသည်ကတော့ အိမ်ရှင်လင်မယား ပိုက်ဆံမနိုင်၍ နားနားဆောက်နေရသည် ဟူသတတ်။
သူတို့တွေကတော့ အိပ်လို့ကောင်းနေပေလိမ့်ဦးမည်။ နိုးလျှင်တော့ သည်ဘက်ခေါ်ကာ ငမှန်တို့အဖြစ်ကို ပြလိုက်ဦးမည်။ သူတို့ဘာများလုပ်ပေးနိုင်မည်နည်း။ မိုးဦးကျစ မိုးတစ်ခါသည်းတော့ အဆောင်ခန်းတွေထဲ ရေဝင်သောအခါ ကိုယ်ထူကိုယ်ထပင် အဆောင်ကြမ်းတွေကို မြှင့်ခဲ့ရသေးသည်။ ပြောလွန်းမကပြော၍သာ ပစ္စည်းဖိုးပေးသည့်သူများက ငမှန်တို့ကို ဘာများလုပ်ပေးနိုင်မည်နည်း။
မိုးသည်သာ အမြန်လင်းပါစေတော့။ ရေမြုပ်နေသဖြင့် ဝင်မရသည့် ခြင်ကိုက်လှသော တစ်လ ခြောက်သောင်းတန် ဆယ်ပေပတ်လည်အခန်းကျဥ်းထဲ မနေရလည်း ကိစ္စမရှိပါ။ မိုးလင်းဖို့သာ လိုသည်။ တစ်မိုးသောက်လျှင် တစ်နေ့တာကို ဖြတ်သန်းဖို့ တာဝန်ရှိသေးသည် မဟုတ်ပါလား။
06/05/2025
ရန်ကုန်အနောက်ခြမ်းရဲ့ နွေ
သနပ်ခါးနဲ့ နှုတ်ခမ်းနီ ရဲရဲ တွဲလျက်မြင်ရတဲ့ လှိုင်သာယာရဲ့ မနက်ခင်းက အခြားမြို့နယ်တွေထက် ပိုပြီးလှုပ်ရှားသက်ဝင်ပါတယ်။
နွေမှာ လှိုင်သာယာရဲ့အရောင်က အလင်းများပြီး ကျွမ်းသွားတဲ့ အဖြူဖွေးဖွေးဓာတ်ပုံတစ်ပုံလိုပဲ။ တိုက်အမြင့်ကြီးတွေမရှိတော့ မနက်ခင်း ၆ နာရီနေက လူတွေ၊ လမ်းတွေနဲ့ ပြတင်းပေါက်တွေထဲကို ခပ်တင်းတင်းထိုးကျနေတယ်။
မိုးခဏရွာတာနဲ့ လမ်းကနေ မြောင်းအဖြစ်ပြောင်းသွားတဲ့ ရေညစ်တွေက နေရောင်အောက်မှာ ငွေရောင်တောက်နေတယ်။ လှိုင်သာယာမှာတော့ လေထဲမှာ လွင့်နေတဲ့ ပလတ်စတစ်အိတ်ကလေးကအစ ဖွေးခနဲ လက်နေတာပါပဲ။ အမျိုးသမီးထုကြီးက အနည်းဆုံးလုပ်ခလစာအတွက် စက်ရုံဆီကို မနက်ခင်းနေရဲ့ Energy ကိုယူပြီး ချီတက်နေကြတယ်။ သူတို့ပါးပေါ်က သနပ်ခါး ဝါဝါပေါ်မှာလဲ နေရောင်က တစ်လက်လက်ပါပဲ။
တစ်ယောက်က ပြောဖူးတယ်၊ လှိုင်သာယာဟာ Mount Doom ရှိတဲ့နေရာလိုပဲ အာရုံထဲဘယ်တော့မြင်မြင် မှောင်မိုက်နေတယ်တဲ့။ မိုးရာသီမှာတော့ လှိုင်သာယာအရောင်က တိမ်မှောင်မှောင် မီးခိုးပုပ်ရောင်ဆိုတာ အမှန်ပါပဲ။ မုတ်သုန်မိုးက လှိုင်သာယာကနေ ရန်ကုန်တစ်မြို့လုံးဆီ ပြန့်နှံ့သွားတတ်သလိုမျိုး။ လင်းချင်လဲ သူ့ပြင်မရှိ၊ မှောင်ချင်လဲ သူ့ပြင်မရှိ။
လှိုင်သာယာက မျက်နှာတော့များတယ်။ ပဒေသာပင်တွေ ပေါက်တဲ့နေရာရှိသလို၊ ပေါက်ဖော်တွေ ဆုံတဲ့နေရာလဲရှိတယ်။
ဒါပေမဲ့ နေရောင်ကတော့ ပါးကွက်ကြားနဲ့နှုတ်ခမ်းနီမလေးတွေရဲ့ ခွန်အားဘက်ခြမ်းကိုပဲ သာသာထိုးထိုးမီးမောင်းထိုးပြနေပါတယ်။
သနပ်ခါးတို့အားကို ပိုပေါ်စေဖို့လား သနပ်ခါးတို့ပါးကို ပိုပူစေဖို့လားတော့ ကိုယ်တိုင်လဲ ဝေဝေဝါးဝါးပါပဲ။
12/05/2024
ဈေးသည်က ဟင်းနုနွယ်တစ်စည်း ၅၀၀ ဆိုတော့ ခရမ်းသီးပဲ နှပ်တော့မယ်ကြံပြီး လှမ်း … သူလဲ ၅၀၀ ပဲတဲ့။ ထောပတ် ခရမ်းသီး အသေးလေးတစ်လုံး ၅၀၀ … ကန်စွန်းရွက်ကတော့ တစ်စည်း ၇၀၀ မို့ အရိုးပွပွ အရွက်ဖားဖားနဲ့ ခပ်ချေချေ အပုံလိုက်ကြီးရယ် .. ဘယ်သူမှမဝယ်။
ကလေး ၃ ယောက်၊ ရောဂါသည် အဖေနဲ့ သွားမကောင်းတဲ့ အမေ၊ ပြီးတော့ ကိုယ်တွေလင်မယား။ တစ်ရက်ကို ၇ ယောက်စာ တိုင်းထွာပြီး ဈေးဝယ်ရတယ်။
ဘယ်ဟင်းရွက် ၅၀၀ ဖိုးက ၇ ယောက်စာ ည မနက် ကို တွက်ချေကိုက်စေမလဲ။ ဘယ် အသား ၅ ထောင်ဖိုးက ဝမ်းမီးကောင်းတဲ့ ကြီးကောင်ဝင်စအရွယ် ကလေး ၃ ယောက်ကို ဗိုက်ဝစေမလဲ။ စားနေကျ ရက် ၉၀ ဆန်ကလဲ တစ်ပြည် ၅၂၀၀ ဖြစ်နေပြီ။ တစ်ရက်ကို ချက်ရတာက ည-မနက် ၁ ပြည်။ ဆွမ်းတန်းတောင် မလောင်းနိုင်တာကြာပြီ။
ယောကျ်ား လစာ ၁၀ သိန်းနဲ့ ကလေးတွေ ကျောင်းစရိတ်နဲ့၊ ဈေးဖိုးနဲ့ ဆေးဖိုးနဲ့… ဒါတောင် အမေ့အိမ်မှာနေလို့ အိမ်လခ မပေးရလို့သာ တော်တော့တယ်။
အိမ်ရှင်မတွေပေါတဲ့ “စား-ချက် ဂရု” မှာ သွားညည်းမိတာ ကွန်းမန့်တွေမှာ “ပိုရှာ” ဆိုတာချည်းပဲ။ စိတ်ဓာတ်ကျတာနဲ့ ပို့စ်ကို ပြန်ဖျက်လိုက်ရတယ်။ အရင်က ကျမ အွန်လိုင်းကနေ အစားအသောက်ရောင်းတယ်။ ဒါပေမဲ့ ဒီကုန်ဈေးနှုန်းနဲ့ ဆက်မရင်းနိုင်တော့ဘူး။ လူတွေလဲ ဝယ်မစားကြတော့ဘူး။
အခုတော့ ဈေးဝယ် ဟင်းချက် အဝတ်လျှော် ကလေးကြိုပို့ ရင်းနဲ့ပဲ အားတဲ့ချိန်ပြေးပြီး စံပယ်ပန်းလေး သီတယ်။ တစ်ကုံးဘယ်လောက်မှ မရပေမဲ့ ကလေးတွေ ချိုချိုချဉ်ချဉ်စားဖို့ မုန့်ဖိုးလေး ကာမိပါစေတော့ဆိုပြီး ဖိသီရတာပဲ။
ကလေးတွေ ပညာရေးကလဲ လမ်းခရီးတစ်ခု ကျန်သေးတယ်။ ဒီကုန်ဈေးနှုန်း၊ ဒီလစာငွေနဲ့ ဘယ် ခရီးထိ ဆက်လှမ်းနိုင်မယ်ကတော့ စောင့်ကြည့်ရတာပေါ့။
ဒီနေ့ကတော့ ငရုပ်သီး ငါးပိချက်နဲ့ ငါးပုတ်သင် ၃၅ ကျပ်သား ၃၅၀၀ ဖိုး။ တစ်ကောင် ၅ ကျပ်သားအရွယ် ငါးပုတ်သင်လေးတွေကို ၃ ပိုင်းပိုင်းပြီး ရေချိုလေး ချက်လိုက်ဦးမယ်ရှင်။
နွေးခိုက်
ဈေးအတွေး
မေဆယ့်နှစ် နှစ်လေး
ဆုတောင်း
၂၀၂၄ ကို အတွေးရှင်းရှင်း၊ စိတ်ရှင်းရှင်းနဲ့ ဖြတ်သန်းချင်တယ်။
ကိုယ့်အပေါ် မတည်နိုင်ခဲ့တဲ့ ကတိတွေအတွက် ကိစ္စမရှိဘူး။ ကိုယ့်အပေါ် မှားခဲ့ရင်လည်း၊ ရတယ်။ စိတ်ဆိုးနေတယ်ဆိုလည်း မင်းဘက်က စိတ်ပြေနိုင်ပါစေ။
တို့တွေစကားမပြောကြဘူးမလား.. ဒါ ဘာမှမဖြစ်ဘူး။ မင်း အဆင်ပြေပြေရှိနေဖို့ပဲ လိုတယ်။ မင်းအပေါ် မှားခဲ့တယ်ဆိုလည်း တောင်းပန်တယ်... မရည်ရွယ်ခဲ့တာတော့ အမှန်ပဲ။
ဒီနှစ်အတွင်း ရခဲ့တဲ့ အတွေ့အကြုံနဲ့ ခံစားချက်အားလုံးကို အသိအမှတ်ပြုတယ်။ အမှတ်တရရှိတယ်။ ကျေးဇူးတင်တယ်။ ခံစားချက်တွေကို မြိုသိပ်ထားဖို့၊ သဘောထား သေးသိမ်နေဖို့၊ စိတ်ဖိစီးမှုနဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ နာကြင်စရာတွေကို ဖက်တွယ်ထားဖို့ ဘဝက သိပ်တိုတောင်းလွန်းပါတယ်။
ခွင့်လွှတ်လိုက်တာဟာ ကိုယ့်အတွက်ပါပဲ။ ခံစားလိုက်ပါ၊ ခွင့်လွှတ်လိုက်ပါ၊ ဒါတွေဟာ စိတ်ကျန်းမာပျော်ရွှင်ဖို့အတွက် သော့ချက်တွေပါပဲ။ ၂၀၂၄ ကို အကောင်းမြင်ခြင်းတွေနဲ့ပဲ စတင်ကြမယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon