Myanmar Now

Myanmar Now

Share

08/06/2026

အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးမြောက်ပိုင်းသို့ ဇွန်လ ၇ ရက်အစောပိုင်းတွင် ဒုံးကျည်များဖြင့် ပစ်ခတ်အပြီး နာရီပိုင်းအကြာတွင် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးရှိ ဟစ်ဇဘိုလာတို့ အဓိကစိုးမိုးရာ ဒဟီယာရပ်ကွက်ကို အစ္စရေးက ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် လူနေတိုက်ခန်း အဆောက်အအုံ နှစ်လုံးထက်မနည်း ထိမှန်ခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးကာ အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်အစိုးရ မီဒီယာများက ဖော်ပြသည်။

အီရန်ဘက်ကလည်း ၎င်းတို့၏ မဟာမိတ် လက်ဘနွန်အဖွဲ့ ဗုံးကြဲခံရသည်ကို ချက်ချင်း တုံ့ပြန်ခဲ့ရာ အီရန်၏ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အစ္စရေးမြောက်ပိုင်းသို့ ပဲ့ထိန်းဒုံးကျည် ၁၀ စီးခန့် ဇွန်လ ၇ ရက်ညပိုင်းတွင် ဆက်တိုက်ပစ်ခတ်ခဲ့သည်။

အစ္စရေးသို့ ဝင်ရောက်လာသော အီရန်ဒုံးကျည်အားလုံးကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ယခုတိုက်ခိုက်မှုကြောင့် အစ္စရေးတစ်နိုင်ငံလုံးတွင် ကျောင်းများပိတ်ထားခဲ့ရပြီး အီရတ်၊ ဆီးရီးယားနှင့် အီရန်နိုင်ငံတို့တွင်လည်း လေပိုင်နက်များကို ယာယီပိတ်ထားလိုက်ရသည်။

သမ္မတ ထရမ့်က ယခုတိုက်ခိုက်မှုသည် အမေရိကန်နှင့် ကြိုတင်ညှိနှိုင်းလုပ်ဆောင်ခြင်း မရှိသောကြောင့် ယခုကိစ္စအတွက် မကျေနပ်ကြောင်းပြောသည်။

ပြန်လည်မတိုက်ခိုက်ရန် ထရမ့်က အစ္စရေးကို တိုက်ရိုက်တားမြစ်ခဲ့သော်လည်း အစ္စရေးလေတပ်က အီရန်အနောက်ပိုင်းနှင့် အလယ်ပိုင်းရှိစစ်ရေးပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဒုံးကျည်များဖြင့် အပြန်အလှန် ပစ်ခတ်ပြီးနောက် အီရန်အား ဆွေးနွေးပွဲ ပြန်လာရန် ထရမ့်က တိုက်တွန်းချက်ထုတ်ပြန်ခဲ့သလို၊ ဝန်ကြီးချုပ်နေတန်ယာဟုထံ ဖုန်းဆက်၍ အခြေအနေကို မဆိုးရွားစေရန် တောင်းဆိုခဲ့သည်။
သို့သော် အစ္စရေးအစိုးရက ထရမ့်၏ တောင်းဆိုချက်များကို ချက်ချင်းပယ်ချခဲ့သည်။

ယနေ့ (ဇွန်လ ၈ ရက်) နံနက်ပိုင်းတွင် အစ္စရေးစစ်တပ် (IDF) က အီရန်အနောက်ပိုင်းနှင့် အလယ်ပိုင်းရှိ "အီရန်အကြမ်းဖက်အစိုးရ" ၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ထို့နောက် အီရန်အစိုးရ ရုပ်သံလိုင်းကလည်း မြို့တော်တီဟီရန်၊ တာဘရစ်ဇ်နှင့်အစ္စဖာဟန်မြို့တို့တွင် ပေါက်ကွဲသံများ ကြားရကြောင်း ထုတ်ပြန်ခဲ့သည်။

(လက်ဘနွန်တောင်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သော တိုင်ယာ (Tyre) ရှိ ရပ်ကွက်တစ်ခုကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်အပြီး ဇွန်လ ၇ ရက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- AFP)

08/06/2026

ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းကမ်းလွန်တွင် ယနေ့ (ဇွန်လ ၈ ရက်) နံနက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားပြီး ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားသည်။

အဆိုပါငလျင်သည် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်သွားသည်ဟု ဂျာမနီ ဘူမိ သိပ္ပံ သုတေသနဗဟိုဌာန (GFZ) က ထုတ်ပြန်ထားသည်။
ဖိလစ်ပိုင်နှင့် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံတွင်လည်း အဆိုပါ ငလျင်ကြောင့် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

ငလျင်ကြောင့် ဖိလစ်ပိုင်တွင် လူတစ်ဦးထက် မနည်းသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။

"အဆောက်အအုံ တော်တော်များများ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာကြောင့်အသေးစိတ်ကို အခုလောလောဆယ် အတိအကျ မပြောနိုင်သေးပါဘူး။ အဆောက်အအုံ တော်တော်များများ ပြိုကျပျက်စီးခဲ့သလို လူနေအိမ်အချို့လည်း ပြိုကျသွားခဲ့ပါတယ်" ဟု General Santos မြို့ပြရဲတပ်ဖွဲ့မှ အရာရှိဖြစ်သူ ရောဘတ် ဒါဂွန်က AFP သို့ ပြောသည်။

GFZ သည် အစောပိုင်းက ငလျင်ပြင်းအားကို ၈ ဒသမ ၂ အဆင့်ဟု သတ်မှတ်ခဲ့သည်။ အမေရိကန် ဆူနာမီ သတိပေးစနစ်ကလည်း ငလျင်ကြောင့် ဆူနာမီအန္တရာယ်ရှိနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

Bloomberg သတင်းဌာနကလည်း နောက်ထပ် သုံးနာရီအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ပလောင်း၊ ထိုင်ဝမ်နှင့် ပါပူအာနယူးဂီနီ နိုင်ငံတို့၏ကမ်းရိုးတန်းအချို့တွင် ကျယ်ပြန့်ပြီး အန္တရာယ်ရှိသော ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ခြေရှိသည်ဟု ပစိဖိတ် ဆူနာမီ သတိပေးစင်တာကို ကိုးကား၍ ဖော်ပြထားသည်။

ဖိလစ်ပိုင် အေဂျင်စီဖြစ်သော Phivolcs ၏ ထုတ်ပြန်ချက်တွင် ငလျင်ပြင်းအားမှာ ၇ ဒသမ ၀ အဆင့်ရှိသည်ဟု ဆိုသည်။ ပျက်စီးဆုံးရှုံးမှုများနှင့် ၁ မီတာအထက်ရှိသော ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပထမဆုံး ဆူနာမီလှိုင်းများသည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၇ မိနစ်နှင့် ၉ နာရီ ၃၇ မိနစ်ကြားတွင် ရောက်ရှိလာမည်ဟု ဖိလစ်ပိုင်သတင်းဌာန Rappler က ဖော်ပြခဲ့သည်။

Phivolcs ၏ ထုတ်ပြန်ချက်အရ ပြည်နယ်ကိုးခုရှိ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသော ဒေသခံများကို မြင့်မားသော ကုန်းမြေများသို့မဟုတ် ကုန်းတွင်းပိုင်းသို့ အမြန်ဆုံး အရေးပေါ်ရွှေ့ပြောင်းကြရန် တိုက်တွန်းထားကြောင်း Rappler က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၏ BMKG အေဂျင်စီကမူ ငလျင်ပြင်းအားကို ၇ ဒသမ ၇ အဆင့်ရှိကြောင်း သတ်မှတ်ခဲ့သည်။

ဂျပန်အာဏာပိုင်များကလည်း ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒေသအများအပြားတွင် ဆူနာမီ သတိပေးချက် (Tsunami Advisory) ထုတ်ပြန်ခဲ့ကြောင်း AFP က ဖော်ပြသည်။ ဂျပန် မိုးလေဝသအေဂျင်စီက ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ်မှစတင်၍ ဒေသအသီးသီးတွင် အမြင့် ၁ မီတာအထိရှိသော ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ၊ Sarangani ပြည်နယ်၊ Alabel မြို့ရှိ ရဲတပ်ဖွဲ့အကြီးအကဲ ဘန်ဂျီ အန်ချီတာက "ဒါဟာ ကျွန်တော်တို့ ကြုံဖူးသမျှထဲမှာ အပြင်းထန်ဆုံး ငလျင်ပါပဲ" ဟု အန်ချီတာက Reuters သတင်းဌာနသို့ ဖုန်းဖြင့် ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း မာနာဒို မြို့ရှိ မျက်မြင်သက်သေများကလည်း ငလျင်လှုပ်ခတ်မှုကို အလွန်ပြင်းထန်စွာ ခံစားခဲ့ရကြောင်းပြောဆိုကြသည်။

ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် တောင်အမေရိကမှ ရုရှားအရှေ့ဖျားအထိ သွယ်တန်းနေပြီး ငလျင်လှုပ်ခတ်မှု အလွန်များပြားသည့်"ပစိဖိတ် မီးကွင်းဂဟေ" (Pacific Ring of Fire) နယ်မြေအတွင်း တည်ရှိကာ ဘူမိဗေဒအရ မြေငလျင်ပြတ်ရွေ့ကြောများ ရှုပ်ထွေးလှသောဒေသများဖြစ်သည်။

(ငလျင်လှုပ်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ ဂျန်နရယ်ဆန်းတို့စ်မြို့ စားသောက်ဆိုင်တစ်ဆိုင် ပြိုကျပျက်စီးသွားသည်ကို ဇွန်လ ၈ ရက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- AFP)

Photos from Myanmar Now's post 07/06/2026

အင်တာနက် အသုံးပြုတဲ့အခါ ဒစ်ဂျစ်တယ် ဘေးကင်းလုံခြုံရေးအလေ့အကျင့်များရှိရန် အရေးကြီးပါတယ်။

07/06/2026

အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက် သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။

Myanmar Now အမာခံအဖွဲ့ဝင်အဖြစ် အောက်ပါကွန်မန့်ရှိလင့်ခ်ကိုနှိပ်၍ ကူညီနိုင်ပါသည်။ >>>

05/06/2026

ရွှေကူမြို့နယ် စီသာရွာ တိုက်နယ်ဆေးရုံနှင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း စစ်ဘေးရှောင်များ ခိုလှုံနေသည့် နေရာ သုံးခုထက်မနည်းကို စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသုံးဦးသေဆုံး၊ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

-------------------------------
သတင်းအပြည့်အစုံကို အောက်ရှိကွန်မန့်ပါ လင့်တွင် ဖတ်ရှုနိုင်ပါသည်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Anawratha Road
Yangon
11141