Phoe Pyae Shun

Phoe Pyae Shun

Share

14/06/2020

ကွမ်းယာသည်က Business Management သင်တန်း တက်စရာလိုသလား။
ဒီတစ်ခါမှာလဲ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ လာတဲ့ ဟာသ လေးတစ်ခုကို ပြန်လည်ဖြေရှင်းလိုတာ ဖြစ်ပါတယ်။ စိတ်ကူးကောင်းကောင်းနဲ့ဟာသ လေးက အတော်လေးရယ် ရပါတယ်။ နိုင်ငံကသာ အဆင်းရဲ ဆုံးဖြစ်နေတာ လမ်းလျှောက်လို့ ပုခုံးချင်းတိုက်မိရင် Management သင်တန်း ဆင်းတွေ ချည်းပဲ ဆိုတာလေးဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကွမ်းယာသည် ကို Management အကြောင်း တွေ သွားပြောရင် ဘာမှ သုံးလို့မရလို့တုတ်နဲ့ လိုက်ရိုက်လိမ့်မယ် ဆိုတာလေးလဲ တွေ့ရပါတယ်။ ဒီတော့ ဒီ ဟာသ လေးတွေ ဟာ မှားလို့လားလို့မေးရင် တော့ လုံးလုံးမှား တယ်လို့လဲ ဆိုလို့မရနိုင်ပြန်ပါဘူး။ ခေတ်ကာ လ အခြေအနေတွေက ဒီလို ဖြစ်ဖို့တွန်းအားပေးနေတာလဲပါပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှုအကြောင်းတွေကို သိ တာ နဲ့မသိတာ ဘယ်ဟာပိုကောင်းလဲ ဆိုရင်တော့ သိထားတတ်ထားတာက ပိုကောင်းပါတယ်။ အဓိက က အသုံးချတတ်တာနဲ့အသုံးမချတတ်တာပဲ ကွာခြားပါတယ်။
တစ်ချို့မိရိုးဖလာလုပ်ငန်းရှင်တွေ ကတာ့ စီမံခန့်ခွဲမှု သင်တန်းတွေ မတက်ဖူးပဲ အဆင်ပြေအောင် ဘယ်လို လုပ်ရမယ်ဆိုတာ သိနေကြတာလဲရှိပါတယ်။ ဒါကကျတော့ အလုပ်က သင်ပေးသွားတဲ့သဘောဖြစ်ပါတယ်။ တကယ်တော့ စီးပွားရေး နဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သီအိုရီတွေ ဆိုတာဟာ လဲ လက်တွေ့တွေကို လေ့လာပြီး မှ ထွက်ပေါ်လာရတာဖြစ်တဲ့ အတွက် သိလဲ သိထားမယ် လက်တွေ့နဲ့အသုံးချတတ်မယ်ဆိုရင် ထိရောက်မှာပါပဲ။ အထက်က ပြောတဲ့ သီအိုရီ တွေကို သိပြီး လက်တွေ့မှာ သုံးလို့မရပါဘူးကွာ လို့ဆိုသူ ဟာ သူသိထားတာကို လက်တွေ့နဲ့ကိုက်အောင် ဘယ်လို ပြုပြင်အသုံးချရမလဲဆိုတာကို မတွေး တတ်တဲ့ သူပဲ ဖြစ်ပါလိမ့်မယ်။
ရန်ကုန် မြို့ထဲက နာမည်ကြီး ဘုရား တစ်ဆူ ရဲ့ဝန်းထဲမှာ ကွမ်းယာ ဆိုင် လေး တစ်ဆိုင် ဖွင့်လာ ပါတယ်။ တစ်ဆိုင်ထဲလဲရှိတာရယ် ဆက်ဆံရေး လဲကောင်းတာရယ်ကြောင့် အတော်လေး ရောင်းရပါတယ်။ ဒီလို နဲ့ ထုံးစံအတိုင်း မလှမ်းမကမ်းမှာ ပြိုင်ဖက်အဖြစ် နောက်ထပ် ကွမ်းယာဆိုင် လေး တစ်ဆိုင် လာဖွင့်ပါတော့တယ်။ တစ်နည်းအားဖြင့် ဆိုရရင် BCG matrix အရ market growth ဖြစ်လာနိုင်တဲ့ အတွက် Competitor ပေါ်လာတဲ့ အခြေအနေဖြစ်ပါတယ်။
ဒါပေမယ့် ကာလ အတော် ကြာလာတဲ့ အထိ ဒုတိယ ဆိုင်ဟာ ပထမဆိုင်လောက် ရောင်းအား မကောင်း ပဲ ဖြစ် နေပါတယ်။ ပထမ ဆိုင်လို ဆက်ဆံရေး ကောင်း တာ အပြင် သူက အကြွေး ပါ ပေးတာ သာပေမယ့် ပထမ ဆိုင်က ပန်း ပန် နေဆဲ ဆိုတာကို အားမလိုအားမရဖြစ် လာပါသတဲ့။ ဒီအခြေအနေကတော့ ပြိုင်ဖက်ထက်သာအောင် အကြွေး ပေးခြင်း ဆိုတဲ့ Competitive Advantages ယှဉ်ပြိုင်မှုဆိုင်ရာ အားသာချက် တစ်ခုကို လုပ်ငန်းမှာ တပ်ဆင်လိုက်တာ ပဲ ဖြစ်ပါတယ်။ ဒီလို နဲ့ ဘာကြောင့် ဆိုတာကို သူက စုံစမ်းပါတော့တယ်။
တကယ် တမ်းကျတော့ ပထမ ကွမ်းယာ သည် ဟာ ကွမ်းစားသူတွေ နဲ့အဓိက ရပ်တည်နေတာ မဟုတ်ဘူးဆိုတာကို သွားတွေ့ရပါတယ်။ ထူးဆန်းပါသည်ကော..ကွမ်းယာသည်ဟာ ကွမ်း စားတဲ့ သူတွေ ကြောင့်မရပ် တည်ရင် ဘယ်သူ့ကြောင့်များဖြစ်မှာပါလိမ့်။ တကယ်ပါပဲ. သူ့ဆီမှာ ကွမ်းယာ လာဝယ်သူတွေ ဟာ ကွမ်းစားသူတွေ ထက် ဘုရားပွဲ နတ်ပွဲ ဘိုးဘိုး ပွဲတွေ ကပ်တဲ့ အခါမှာ သုံးရတဲ့ ပွဲတော်ဆက် ကွမ်းတွေ ကပို ရောင်း နေရတာဖြစ် ပါတယ်။ ဒီအခြေအနေကတော့ ပြိုင်ဖက်ထက် မိမိ ကCustomer segment တစ်ခု ပို မို သိမ်းပိုက် ထား နိုင် ခြင်း ဖြစ်ပြီး ဒါဟာ ပထမ ကွမ်း ယာ သည်ရဲ့competitive advantages ယှဉ်ပြိုင်မှုဆိုင်ရာ အားသာချက်ဖြစ်နေပါတော့တယ်။
ဒီတော့ မှ ဒုတိယ ကွမ်းယာ သည်ကလဲ ပွဲတော်ဆက် ကွမ်း ကတော့ ပုံစံ ရှည်ရှည်လေးတွေ ဖြစ်အောင် ဘယ်လို ယာ ရတယ် ဘာတွေ ထည့်ရတယ် ဆိုတာကို လိုက်လံလေ့လာပြီး ယတြာချေ သူတွေ ပွဲဆက်သူတွေ ကို market ချဲ့ဖို့ကြိုးစားပါတော့တယ်။ ဒီအခြေအနေကတော့ ပြိုင်ဖက်နဲ့ ဈေးကွက်ကို ချဲ့ထွင်ဖို့Resource အသစ်တွေ ထပ်မံ ဖြည့်တင်း တဲ့ သဘောဖြစ်ပါတယ်။
ဒါပေမယ့် ရန်သူရဲ့ခြေလှမ်းကို အမြဲ စောင့်ကြည့်နေတဲ့ ပထမ ကွမ်းယာသည်က လဲ ဒီအတိုင်း တော့ ငြိမ်ခံမနေပါဘူး။ သူက ဘုရားဝန်းအတွင်းမှာ ရှိတဲ့ ကန်တော့ပွဲ တွေ အများဆုံး ထိုး ရတဲ့ ဗေဒင်ဆရာ ဆီကို သွားပြီး ချိတ်ဆက်လိုက်ပါတယ်။ လိုအပ်သမျှ ကန်တော့ပွဲ တွေ အတွက် ထည့်စရာ အစုံ နဲ့ကွမ်းယာတွေကို ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ကြိုက်တဲ့ အချိန် ကြိုက်တဲ့ အရေအတွက်ရအောင် လုပ်ပေးဖို့ပဲဖြစ်ပါတယ်။ ဒီအခြေအနေကတော့ ပြိုင်ဖက် ရဲ့ထိုးနှက်မှုကြောင့် ဈေးကွက်ရှယ်ယာ မဆုံးရှုံးအောင် Strategic Partner တွေ ရှာဖွေ ပြီး ပူးပေါင်း လိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ Value added လုပ်တဲ့ သဘောလဲ ဖြစ်ပါတယ်။
အထက်က အကြောင်းတွေ ကတော့ ကျွန်တော့် ပတ်ဝန်းကျင်မှာ တကယ်မြင်ရတဲ့ ကွမ်းယာ သည် တွေရဲ့စီးပွားရေးစစ်ပွဲအကြောင်းကို သီအိုရီနဲ့ချိတ်ဆက်ပြတာပဲဖြစ်ပါတယ်။ တကယ်လို့ဒီကွမ်းယာသည်တွေ သာ စီမံခန့်ခွဲမှု နဲ စီးပွားရေးအကြောင်းတွေကို တတ်မြောက် နားလည် ထားမယ်ဆိုရင် ဒီထက်ပိုပြင်းထန် တဲ့ ပိုပြီး ပြောင်မြောက်တဲ့ စစ်ပွဲတွေကို တောင် ကြည့်ရှုရပါလိမ့်မယ်။
ပြင်ပက တခြား ကွမ်းယာသည်တွေ တောင်မှ customer segment and target customer ယူပုံတွေ မတူကြပါဘူး။ တစ်ချို့က ဘတ်စ်ကား ဒရိုင်ဘာ စပယ်ယာ တွေကို အဓိက ဦးတည်တယ်…တချို့က အကြွေး စနစ်နဲ့…တစ်ချို့ကလဲ အပြောချိုချို အပျိုချောနဲ့…တစ်ချို့က အကောင်း ဆုံးထုံးနဲ့…တစ်ချို့က ကွမ်းရွက် ဆေး အကောင်းစားနဲ့စတဲ့ မဟာဗျူဟာတွေ ကို သုံးကြတာ မြင်နိုင်ပါတယ်။ တစ်ခါ ပွဲဈေးတန်းတွေက ကွမ်းယာသည်တွေ ကတော့ လူငယ် နဲ့မိန်းကလေး တွေ စမ်းစား ဖို့အတွက် အသီးယိုမျိုးစုံပါတဲ့ ကွမ်းယာချိုတွေ နဲ့အဓိက စီးပွား ရှာကြပါတယ်။
ဒီထက်ပိုပြီး စီးပွားရေး နဲ့စီမံခန့်ခွဲမှုတွေ အကြောင်းကို သူတို့သိလာရင်တော့ ကွမ်းယာကို ကမ္ဘာကျော်အောင် ရောင်းချ နိုင်ပါလိမ့်မယ်။
India နိုင်ငံမှာတော့ ကွမ်းယာ ကို ချက်ချင်းယာ ပြီး အရွက်ထဲမီး ရှို့ကာ စားမည့်သူပါးစပ်ထဲ တစ်ခါ ထဲထည့်ပေးပြီး ရောင်းတဲ့ ကွမ်းယာ သည်ဟာ လူတိုးမပေါက်အောင် တန်းစီ စောင့် ရပြီး ကမ္ဘာကျော် တီ ဗီ ရုပ်သံတွေ ထဲတောင် ပါဝင်လာပါတယ်။
ထိုင်ဝမ် မှာတော့ Betel Nut Beauties ဆိုပြီး ခမ်းခမ်းနားနား ဆိုင် ကြီး မှာ 2 pieces သာ ဝတ်ထားပြီး ကွမ်းယာရောင်း တဲ့ လုပ်ငန်းဟာလည်း အထက်ကလို ကမ္ဘာကျော် ကွမ်းယာ ဆိုင် တွေ ထဲကို ပါဝင်လာပါတယ်။
အခြား နိုင်ငံတွေ မှာတော့ ကွမ်း ယာထဲကို ချိစ် ထည့်လိပ်ပြီး ဟိုတယ်ကြီးတွေကို အချို ပွဲ Dessert အနေနဲ့တောင် သွင်းကာ အလုပ်ဖြစ်နေကြတာတွေ လဲ အများကြီး ရှိလာပါတယ်။
အချုပ်အားဖြင့် ဆိုရရင်တော့ စီးပွားရေး နဲ့စီမံခန့်ခွဲမှု ပညာတွေကို မတတ် မသိတာ ထက်စာ ရင်တော့ သိထားတတ်ထားတာက အများကြီး အားသာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာ အသိ တင်မဟုတ်ပဲသီအိုရီတွေကို မိမိ ပတ်ဝန်းကျင် ကအဖြစ်အပျက်လေးတွေ နဲ့ယှဉ်ထိုး သုံးသပ်ကာ လက်တွေ့ပြန် အသုံးချ ဖို့လိုအပ်ပါတယ်။
ကဲ…ဒီလောက်ဆိုရင်တော့ ဆိုလိုရင်းအဓိပ္ဗာယ် ကို သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ ဒါဆိုရင် ကွမ်းယာ သည် တွေ စီးပွားရေး နဲ့စီမံခန့်ခွဲမှု ပညာ တွေ တတ် ဖို့ လို. မလို ကို အငြင်းပွား မယ့်သူတော့ မရှိလောက်တော့ဘူး ထင်ပါရဲ့ဗျား။

26/02/2020

ကျွန်တော် Content Plan ဘယ်လို စဉ်းစားလဲ? (ဖတ်ချိန် ၄ မိနစ်)

ဒါ ကျွန်တော့်ကို ဖုန်းနဲ့ကော၊ message နဲ့ကော ဒီရက်ပိုင်း အတော်လေး အမေးများတဲ့ မေးခွန်းပါ။ တော်တော်များများ ပြောကြတာကတော့ အချိန်အတိုင်းအတာတစ်ခုရောက်ပြီဆိုရင် ဘာဆက်ရေးရမှန်းမသိကြတော့တာ ဖြစ်တတ်ပါတယ်။ ကျွန်တော့်ကိုကော ဘယ်လိုစဉ်းစားလည်းဆိုတာ လာမေးကြပါတယ်။

Monthly Content အတွက်ကို ကျွန်တော် အမြဲ အပိုင်း ၃ ပိုင်း ခွဲပြီး စဉ်းစားလေ့ရှိပါတယ်ဗျ။
1. ကိုယ်ပြောချင်တာတွေရယ်။
2. Fans တွေအတွက် တန်ဖိုးရှိတာတွေရယ်။
3. Fans တွေ သိချင်တာတွေရယ်။
ဆိုပြီးတော့ပါ။ နည်းနည်းပြန်ရှင်းပြပါ့မယ်။

အဲ မရှင်းခင် တစ်ခု ပြောချင်တာက Product သုံးစားမရရင် Marketing မှာ ဘယ်လောက်ပဲ လန်ပျံထွက်နေအောင် တော် နေတဲ့သူပဲဖြစ်ဖြစ် ကူလို့ ကယ်လို့ ရမှာမဟုတ်ပါဘူး။ အဲဒီတော့ Product ကို အရင် ဂရုစိုက်ကြပါ။ 4P မှာတောင် Product အရင်လာတာကိုးဗျ။

ကဲ ကဲ စရအောင်။

၁။ ကိုယ်ပြောချင်ရာပြောတဲ့ Content

ဒါကတော့ တော်တော်များများ ရှင်းမယ်လို့ထင်တယ်ဗျ။ Digital Marketing လုပ်နေတဲ့သူတွေတော်တော်များများက ကိုယ်ပြောချင်တဲ့ content ကိုပဲ ဦးစားပေးပြီး Create လုပ်ကြတာပါ။ ကိုယ့် Brand ရဲ့ ဒီပစ္စည်းလေးကောင်းတယ်။ ဒီ feature ကတော့ မိုက်တယ်။ ဒါလေးက ဒီလိုလေးနဲ့ သင့်တော်တယ် စသဖြင့်ပေါ့။ အရမ်းကြီးကို Business Owner အကြိုက် content တွေပေါ့။ ကျွန်တော်တို့လည်း လုပ်ရပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီဟာကို အတတ်နိုင်ဆုံးပြောင်းလဲနိုင်အောင် ကြိုးစားနေပါတယ်။ အကြောင်းရင်းက Fan က စိတ်မဝင်စားလို့ပါ။ ဘာလို့လည်းဆိုတော့ ဒီလို ဘာရှာလည်း အကို၊ ဝင်ကြည့်လေ ဆိုတဲ့ ပလာဇာ content တွေ တင်တာ ကောင်းတဲ့အချိန် တစ်ခုပဲရှိပါတယ်။ (ပရိသတ်ကလည်း စိတ်ဝင်စားတဲ့အချိန်) ဘာလည်းဆိုတော့ Product Launch နဲ့ Promotion အချိန်တွေပါ။ အဲဒီ့ အချိန် နှစ်ချိန်မှာ ကိုယ့် Product/Service အကြောင်းကို အသားကုန် စိတ်ဝင်စားကြပါတယ်။

ဒါဆို Product Posts တွေ မတင်ရတော့ဘူးလား? အဲလိုလည်း မဟုတ်သေးပါဘူး။ တင်လို့ရပါတယ်။ တင်ပါ။ ဘယ်လိုတင်ရမလဲဆိုတော့ Dark Post အနေနဲ့ တစ်ပတ် တစ်ခုတင်ပြီး တစ်ပတ်စာ Boost လုပ်ထားလိုက်ပါ။ အဲဒီ့မှာတော့ Product အကြောင်း ထဲထဲဝင်ဝင် အသေးစိတ်ကိုရေးထားပါ။ Dark Post ဆိုတာ ကိုယ့် Page Timeline မှာ မပေါ်ဘဲ Fan ရဲ့ newsfeed မှာ ပေါ်နေမယ့် content မျိုးပါ။ Ads Manager မှာ create လုပ်လို့ရပါတယ်။ သိချင်ရင် how to create Dark Post on Facebook ဆိုပြီး Google ကြည့်ပါဗျ။ ဘာကြောင့် Dark Post လုပ်စေချင်တာလည်းဆိုတော့ အကြောင်းရင်းက Fans တွေကို ကိုယ့် Page ကို လာကြည့်ဖို့ Reason ပေးချင်တာပါ။ ကိုယ့် Page မှာ သူတို့ စိတ်ဝင်စားတဲ့ အကြောင်းတွေနဲ့ပဲ ပြည့်နေတယ်ဆိုရင် အမြဲဝင်ကြည့်ဖြစ်နေမယ့်အပြင် see first ပါ လုပ်ထားဦးမှာပါဗျ။

၂။ Fan တွေအတွက် တန်ဖိုးရှိမယ့် Content

ဒါကတော့ ကျွန်တော် အမြဲပြောပြောနေတဲ့ valueable content မျိုးပါ။ Fan တွေကို ကိုယ့် Page ကို Follow လုပ်ထားဖို့၊ ကိုယ့် Page ကို See First လုပ်အောင် လုပ်ထားဖို့ အတွက်က အကြောင်းရင်း ကောင်းကောင်းရှိဖို့လိုပါလိမ့်မယ်ဗျ။ Sales Posts တွေပဲတင်ပြီး အမြဲ ကျွန်တော်တို့ Product က အကောင်းဆုံးပါ လို့ကြေငြာနေရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူးဗျ။ ဘာလို့လည်းဆိုတော့ Brand တိုင်းက လုပ်နေကြတာကိုး။ အဲဒီ့တော့ ကိုယ် ဘယ်လို Ground ကို Own လုပ်မလဲဆိုတာကို စဉ်းစားပါဗျ။ ဥပမာ Fashion လား? Racing လား? Lifestyle လား? Luxury လား? Photography လား? အဲဒါနဲ့ဆိုင်တဲ့ Fans တွေ သိရင် အကျိုးရှိမယ့် content တွေ ဆက်တိုက်ကို ရေးပါ။ တစ်နေ့ကို ၁၀ ပုဒ်ရေးနိုင်လည်း ရပါတယ်။ အပုဒ် ၁၀၀ ရေးနိုင်လည်း ရပါတယ်။ ဒါပေမယ့် အရေအတွက်ထက် အရည်အသွေးကိုတော့ ဂရုစိုက်ပါ။ ဒါဆိုရင် ခင်ဗျားတောင် ပြောနေစရာမလိုဘူး။ ခင်ဗျား Page ကို See First လုပ်ထားမှာ အသေအချာပဲဗျ။

၃။ Fan တွေ သိချင်တဲ့ Content

ဒါကတော့ နည်းနည်းရှင်းပြရမယ်။ တော်တော်များများ သိပ်လုပ်လေ့မရှိကြဘူး။ Fans တွေ ကိုယ့် Brand အကြောင်း ကိုယ့် Product အကြောင်း ဘာတွေသိချင်နေလဲဆိုတာ အမြဲ ပြောပြကြလေ့ရှိပါတယ်။ (အနည်းအများတော့ ကွာတာပေါ့) ဘယ်မှာ ပြောပြလည်းဆိုတော့ comment နဲ့ message တွေမှာပါ။ ကျွန်တော်လုပ်နေကျက အဲဒီ့ comment နဲ့ message တွေကို excel sheet တစ်ခုနဲ့ တစ်လတစ်ခါ ထုတ်တယ်ဗျ။ excel ထဲ ဘာပါသလဲဆိုတော့
- Comment Or Message မူရင်း
- မေးခွန်းလား? Complaint လား? ချီးကျူးစာလား?
- ဘာ product လည်း?
- ဘာ topic လည်း?
- ဘာ feature လည်း?
စတာတွေကို စစ်တမ်းကောက်ပါတယ်။ excel ကိုတော့ ကိုယ့် Brand နဲ့ ဆိုင်တာကို ညှိကြပါ။ ဘာကို track မလဲဆိုတာမျိုးပေါ့။ ဥပမာ ဘယ်လောက်လည်း? ဆိုင် ဘယ်မှာလည်း ဆိုတာပဲ အဆက်မပြတ်မေးနေရင်တောင်မှ တစ်ပတ် တစ်ခါလောက် ပြန်ပြန်ပြီး တင်ပေးလို့ရပါတယ်။ ကိုယ့် Brand ဘယ်လောက်ကောင်းကြောင်း ချီးကျူးစာတွေ ပို့နေရင်တောင် ( ရှားတော့ ရှားပါတယ်လေ။ :P ) background လှလှလေးနဲ့ ပြန်တင်ပေးပါ။ ဒါက customer တွေ ဘာပြောနေလဲဆိုတာကို နားထောင်တာပါ။ ဂြိုလ်သားစကား (မဟာဆြာ စကား) နဲ့ဆိုရင်တော့ social listening လို့ ခေါ်ပါတယ်ဗျ။ Complaint တက်တဲ့ customer တော်တော်များများက သူ့တို့ အခက်အခဲကို Brand ဘက်က ပြန်မရှင်းပေးမှာကို ကြောက်တဲ့စိတ်နဲ့ ဒေါသထွက်ပြီး comment နဲ့ message မှာ လာပြီး ဆဲကြ ဆိုကြတာပါ။ customer service နဲ့ ကျွန်တော် အမြဲတမ်း လက်တွဲပြီး content ကို စဉ်းစားလေ့ရှိပါတယ်ဗျ။

ဒီလောက်ဆိုရင်တော့ အိုကေမယ်ထင်ပါတယ်။ မရှင်းတာရှိရင် ထုံးစံအတိုင်း comment below ပါဦး။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 28, Ground Floor, Shwe Dagon Pagoda Road
Yangon
11142

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00