SFJ Strategy First Journal

SFJ Strategy First Journal

Share

22/10/2024

Turnitin AI Detection ကို
အောင်မြင်စွာဖြတ်သန်းဖို့ အကြံပြုချက်များ
-----------------------------------------

အကြံပြုချက်များမှာ Turnitin ကို ဘယ်လိုလှည့်စားရမလဲဆိုတာကို ပြောပြပေးမှာတော့ မဟုတ်ပါဘူး။ ရိုးသား ဖြောင့်မတ်ခြင်းကို ချိုးဖောက်တဲ့ဖြတ်လမ်းနည်းများကို ရှာမယ့်အစား မိမိရဲ့စစ်မှန်မှုကို အားကောင်းစေမယ့် နည်းဗျူဟာ များကို ပြသပါမယ်။ ဒါကတော့ Turnitin AI စစ်ခြင်းကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာရယ်၊ တရားမျှတမှုမရှိတဲ့ ခိုးကူးမှုဆိုင်ရာစွပ်စွဲချက်တွေကို ရှောင်ရှားနည်းများပဲ ဖြစ်ပါတယ်။

၁။ Assignment ဆိုင်ရာ
ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။

Turnitin စစ်ဆေးမှုကို ကျော်ဖြတ်ဖို့မကြိုးစားမီ မိမိတာဝန်မှာ assignment ရဲ့ လိုအပ်ချက်ကိုသိဖို့ အရေးကြီး ပါတယ်။ ညွှန်ကြားချက်တွေကို သေချာဖတ်ပါ။ တကယ်လို့ ကျောင်းသားက ဒီအချက်များကို လွဲချော်နေပါက Turnitin ကို ကျော်ဖြတ်နိုင်သွားတယ်ဆိုရင်တောင် ဆိုးရွားတဲ့အဆင့်ကို ရနိုင်ပါသေးတယ်။ Task တစ်ခုစီကိုကြည့်ပြီး မိမိကိုယ်ပိုင်တွေးခေါ်ပုံကို ဘယ်လိုပြသနိုင်မလဲဆိုတာ မိမိကိုယ်ကိုယ်ပြန်မေးပါ။
ဒီနည်းနဲ့ ကိုယ်ပိုင်စကားလုံးများ၊ စိတ်ကူးများကို အသုံးပြုခြင်းဖြင့် turnitin စစ်ဆေးမှုကို ရှောင်နိုင်ရုံသာမက အကြောင်းအရာတွေကို သဘာဝကျကျ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

၂။ အကြောင်းအရာကို အကျဉ်းချုံ့ပါ။

ထင်ရှားတဲ့အကြောင်းအရာကို ရှာဖွေဖို့ကအဓိကပါ။ အကြောင်းအရာတစ်ခုကို အများကြီးမရေးထားပါနဲ့။
ဒီလိုလုပ်ဆောင်တာဟာ မိမိရေးထားတဲ့ စာများအတွင်း AI ထောက်လှမ်းခြင်းဆော့ဖ်ဝဲအတွက် ရှာဖွေတွေ့ရှိဖို့ ပိုမိုခက်ခဲစေပါတယ်။ အကြောင်းအရာကို နက်နက်နဲနဲ လေ့လာကြည့်ပါ ဒါမှမဟုတ် မတူညီတဲ့ စိတ်ကူးစိတ်သန်းများကို နည်းလမ်းသစ်များနဲ့ ပေါင်းစပ်ကြည့်ပါ။
မိမိလေ့လာခဲ့ပြီးတဲ့အရာကိုအသုံးပြုကာ ဘောင်အပြင်ဘက်ထွက်ပြီးတွေးပါ။ အရေးအသားမှာ မတူညီတဲ့ ရှုထောင့်များ၊ ကိုယ်ရေးကိုယ်တာထိုးထွင်းသိမြင်မှုများနဲ့ ဆန်းသစ်တဲ့အရာတစ်ခုကို ပြသပါ။ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်း ဒါမှမဟုတ် တခြားဘယ်သူကမှ မဖြေရှင်းရသေးတဲ့ပြဿနာကိုရွေးချယ်ခြင်းက ခိုးကူးမှုပြဿနာများကို ရှောင်ရှားနိုင်ပါမယ်။ မိမိရဲ့မူရင်းအရေးအသားက Turnitin AI နဲ့ plagiarism မှ စာသားများကို ယှဉ်တိုက်ကြည့်တဲ့အခါမှာ တခြားစာတွေနဲ့ ရောထွေးနေမှာမဟုတ်ပါဘူး။

၃။ သုတေသနနဲ့ ထိရောက်တဲ့ စကားစုများ

စာရေးခြင်းလုပ်ငန်းစဉ်ကိုမစတင်မီ စေ့စေ့စပ်စပ်စူးစမ်းလေ့လာခြင်း ဒါမှမဟုတ် သက်ဆိုင်ရာ အကြောင်းအရာ တွေကို ပြန်လည်သုံးသပ်ဖို့ အကြံပြုပါတယ်။ အဲ့ဒီလိုလုံ့လဝီရိယရှိရှိ လုပ်ခြင်းက ဆန်းသစ်မှုရှိတဲ့ မူရင်းများကိုရနိုင်ပြီး AI ထောက်လှမ်းမှုကို ကျော်လွှားနိုင်စေဖို့အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စာများများဖတ်လေ၊ စိတ်ကူး စိတ်သန်းတွေ နိုးကြားလာလေလေပါပဲ။ ဒါက Turnitin မှ မမြင်ဖူးတဲ့ ထူးခြားအကြံဉာဏန်များ ရရှိစေဖို့ ကူညီပေးပါတယ်။
"Turnitin ရဲ့ AI ထောက်လှမ်းမှုကို ကျော်လွှားဖို့ မိမိကိုယ်ပိုင်စကားလုံးများနဲ့ အကြောင်းအရာကို ပြန်လည် ရေးသားခြင်းမှလွဲပြီး တခြားကျင့်ဝတ်နည်းလမ်းမရှိပါဘူး။ အချက်တွေပေါ်မှာ ဖော်ပြခြင်း၊ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများ ဒါမှမဟုတ် ပုံတိုပတ်စများကို ပေါင်းထည့်ခြင်းနဲ့ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်များမှ ကိုးကားချက်များကို ပေါင်းစည်းခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။

၄။ အဆင့်မြင့် စာကြောင်းပြန်ရေး Tools
(paraphrasing tools) များကို အသုံးပြုပါ။

Deadlines များဟာ ကျွန်ုပ်တို့ကို ဖိအားပေးတာကြောင့် သူငယ်ချင်းတစ်ဦးထံမှ အကူအညီရယူတာ ဒါမှမဟုတ် AI Tool တစ်ခုအသုံးပြုတာမျိုးက ပုံမှန်လိုပဲဖြစ်ပါတယ်။ ဒီအဆင့်မြင့်နည်းပညာခေတ်မှာ AI-based paraphrasing tools အများအပြားက ခိုးကူးဝါဒကို ဖယ်ရှားနိုင်တဲ့အပြင် မိမိရဲ့ AI ဒါမှမဟုတ် စာသားတွေကို လူသားရေးသားထားတာဆန်အောင် ပြုလုပ်နိုင်ပါတယ်။ “ခိုးကူးမှု ထောက်လှမ်းမှုကို ကျော်လွှားနိုင်ဖို့နဲ့ မူရင်းအကြောင်းအရာကို ဖန်တီးဖို့ အထိရောက်ဆုံး နည်းလမ်းမှာ အဓိပ္ပာယ်ဖော်ရေးသားခြင်း၊ အကျဉ်းချုပ်ခြင်းနဲ့ ချောမွေ့စွာပေါင်းစပ်ခြင်းတို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

၅။ အကူအညီမပါဘဲ ရေးပါ။

မိမိစိတ်ကူးတွေကို လက်ရေးနဲ့ချရေးပါ။ ဆိုလိုတာက ChatGPT လို AI စာရေးကိရိယာများထံမှ အကူအညီမပါဘဲ စကားလုံးများကို စာရွက်ပေါ်မှာ ကိုယ်တိုင်ချရေးထားပါ။ ဒီနည်းလမ်းနဲ့ ရေးထားတဲ့စာများက မိမိတစ်ဦးတည်း လုပ်ထားတာဖြစ်ကြောင်း ပြသပါတယ်။ လက်နဲ့ရေးခြင်းက အသုံးပြုတဲ့စကားလုံးတိုင်းကို ပိုမိုတွေးတောရစေပါတယ်။ ဦးနှောက်က ပိုမိုအလုပ်လုပ်ရပြီး ဒါက AI ထောက်လှမ်းမှုကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ဖို့နဲ့ မူရင်းအကြောင်းအရာကို ဖန်တီးရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်လက်ရေးနဲ့ စာမျက်နှာများကို မြင်တွေ့ရသည်မှာ ကြည်နူးစရာဖြစ်ပြီး မိမိကြိုးစားအားထုတ်မှုရဲ့ ထင်ရှားတဲ့ သက်သေဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ "Turnitin ကို ဘယ်လိုအနိုင်ယူမလဲ" လို့မေးရင် အဖြေက ရိုးရှင်းပါတယ်၊ ဖန်တီးမှုရယူပါ။ စကားလုံးတိုင်းကို ကိုယ်တိုင်ရေးဖို့နဲ့ ဘာသာရပ်ကို နက်နက်နဲနဲ စေ့စေ့တွေးပြီး မိမိရဲ့ အရေးအသားစွမ်းရည်ကို အသုံးချပါ။ Turnitin လို Tools တွေက
စမတ်ကျပေမယ့်လည်း မူရင်းအတွေးအခေါ်တွေ မတွေးနိုင်တာကို သတိထားရပါမယ်။ တမူးထူးခြားစွာနဲ့ စာပိုဒ်တိုင်းမှာ မိမိရဲ့စစ်မှန်မှုကို ပေါ်လွင်မှုဖြစ်အောင် ရေးရပါမယ်။

Reference: https://inboundblogging.com/how-to-get-past-turnitin-ai.../

Dr. Thel Seint Aye
B.C.Sc, CU (MDY), B.C.Sc (Hons), CU (MDY)
M.C.Sc, CU (MDY) , Ph.D (IT), (U.C.S.M)

10/10/2024

ငွေကြေးတစ်ခုတည်းနဲ့ သစ္စာစောင့်သိမှုကို
တည်ဆောက်ဖို့ မလုံလောက်နိုင်ပါ။
----------------------------------

ယနေ့ခေတ် စီးပွားရေးပတ်ဝန်းကျင်မှာ ဝန်ထမ်းများအတွက် ငွေထက်ပိုပြီး အရေးကြီးလာတဲ့အချက်များ ရှိလာကြပါတယ်။ အလုပ်သမားအစီရင်ခံစာများအရ “ငွေကသစ္စာစောင့်သိမှုကို ဝယ်ယူလို့မရ” ဟူသော အချက်မှာ ဝန်ထမ်းများက သင့်လျော်တဲ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု၊ အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှု၊ ပရော်ဖက်ရှင်နယ်လမ်းကြောင်း တိုးတက်မှုတို့ကို
အာရုံစိုက်လာကြောင်း ဖော်ပြထားပါတယ်။ လုပ်ငန်းအတွက် ပညာရေးနဲ့ တိုးတက်မှုအခွင့်အလမ်းများက လစာနဲ့အကျိုးခံစားခွင့်များထက် အရေးပါလာတာကို တွေ့ရပါတယ်။

လုပ်ခလစာက အရေးကြီးပေမယ့်လည်း လူတစ်ဦးရဲ့ ဝန်ထမ်းအတွေ့အကြုံကို တိုးတက်စေဖို့နဲ့ ပျော်ရွှင်စေဖို့ လစာပိုပေးခြင်းတစ်ခုတည်းနဲ့ လုံလောက်မည်မဟုတ်ပါ။ ဝန်ထမ်းများက သူတို့ရဲ့အလုပ်ကို တန်ဖိုးထား ခံစားရခြင်းနဲ့ တိုးတက်မှုအတွက် အခွင့်အလမ်းများ ရရှိခြင်းကို ပိုပြီးတန်ဖိုးထားကြပါတယ်။ ခေါင်းဆောင်များက ဝန်ထမ်းများရဲ့ ရှေ့ဆက်ဖြစ်နိုင်ခြေအလားအလာများ၊ အခွင့်အလမ်းများကို ကူညီရှာဖွေကာ ကြိုးစားမှုကို အမှန်တကယ် တန်ဖိုးထားပေးခြင်းဖြင့် သစ္စာစောင့်သိမှုနဲ့ စိတ်အားထက်သန်မှုကို ဖော်ဆောင်နိုင်ပါတယ်။

🔵One-Size-Fits-All Career Path ကို လက်လွှတ်လိုက်ပါ။

ယနေ့ခေတ် အောင်မြင်နေတဲ့ ပရောဖယ်ရှင်နယ်ဆန်တဲ့ အဖွဲ့အစည်းများမှာ သမားရိုးကျလမ်းကြောင်းများ၊ တန်းတူသတ်မှတ်ချက်များကို ဆက်လက်အသုံးမပြုကြတော့ပါ။ လက်ရှိခေတ်သစ် အလုပ်အကိုင်ပတ်ဝန်းကျင် များမှာ လူတစ်ဦးချင်းစီရဲ့ ဆန္ဒများ၊ အရည်အချင်းနဲ့ အတွေ့အကြုံများကို အခြေခံထားပြီး ရည်မှန်းချက်နဲ့ ချိတ်ဆက်မှုရှိတဲ့လမ်းကြောင်းအသစ်များ ရှာဖွေဖို့အတွက် စိတ်အားထက်သန်လာကြပြီဖြစ်ပါတယ်။

လမ်းညွှန်ပေးတဲ့ အခွင့်အလမ်းများ၊ အကူအညီပံ့ပိုးမှုများဖြင့် ဝန်ထမ်းများက လုပ်ငန်းခွင်မှာ ပိုမိုတက်ကြွ လှုပ်ရှားကာ တိုးတက်လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လစ်လပ်လာတဲ့ရာထူးများနဲ့ ရာထူးတိုးမှုများအတွက် လိုက်လျောညီထွေတဲ့ သင်ယူမှုများဖြင့် အချိန်မီအဆင့်မြှင့်တင်ကာ တိုးတက်စေမယ့် အခွင့်အလမ်းများ ရှိနေပါတယ်။

🔵Personal Motivation ကို ပုံဖော်ပါ။

ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲများမှာ ဝန်ထမ်းများကို "သင်ဘာလိုချင်သလဲ" ဟူသောမေးခွန်းကို စဉ်းစားခိုင်းပြီး သူတို့ရဲ့ စိတ်ထဲက အလိုဆန္ဒများကို သိရှိစေနိုင်တဲ့ လေ့ကျင့်ခန်းများကို လုပ်ဆောင်လေ့ရှိပါတယ်။ လူတစ်ဦးရဲ့ စိတ်အားထက်သန်မှုကို စူးစမ်းနိုင်ဖို့ ငွေကြေးဖြစ်စေ၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း ဒါမှမဟုတ် မိသားစုလိုအပ်ချက်များဖြစ်စေ အမျိုးမျိုးသောနည်းလမ်းများဖြင့် သူတို့ရဲ့ အာရုံစိုက်မှုကို တိုင်းတာကြပါတယ်။ ဒီလိုလုပ်ဆောင်မှုက လူတစ်ဦးရဲ့ဘဝအဆင့်အတန်းပေါ်မူတည်ပြီး မတူညီတဲ့ လှုံ့ဆော်မှုများ ဖြစ်တတ်ပါတယ်။ ဝန်ထမ်းတွေဆီက ဆွေးနွေးပြောဆိုလာတဲ့အရာတွေကို အဖြေမှန်၊ အဖြေမှား မရှိဘဲ သူတို့ရဲ့တန်ဖိုးထားတဲ့အရာများကို ရိုးရိုးစင်းစင်းတွေ့ရခြင်း ဖြစ်ပါတယ်။

လုပ်သက်များတဲ့ ဝန်ထမ်းများက တစ်ခါတလေ သူတို့ရဲ့ ကိုယ်ပိုင်ဦးစားပေးချက်များထက် တခြားသူများရဲ့ အကျိုးစီးပွားအတွက် ဦးစားပေးဆုံးဖြတ်တတ်ကြပါတယ်။ ခေါင်းဆောင်များက ဝန်ထမ်းများရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်အားထက်သန်မှုများကိုနားလည်ကာ သူတို့ရဲ့အရည်အချင်းများကို ကောင်းစွာအသုံးချနိုင်စေဖို့အတွက် ပံ့ပိုးပေးသင့်ပါတယ်။ ဝန်ထမ်းများကို တန်ဖိုးထားမှုခံစားရစေဖို့နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို လုပ်ဆောင်နိုင် တယ်လို့ ယုံကြည်စေဖို့အတွက် ခွန်အားပေးခြင်းက ခေါင်းဆောင်များအတွက် အဓိကကျပါတယ်။

အကျဉ်းချုပ်အားဖြင့် ယနေ့ခေတ်စီးပွားရေးကဏ္ဍမှာ ငွေကြေးကအရေးကြီးပေမယ့်လည်း ဝန်ထမ်းများကို ငွေကြေးမက်လုံးတစ်ခုတည်းနဲ့ ချုပ်ကိုင်ထားလို့ မရနိုင်တော့ပါ။ အဲ့ဒီအစား ယဉ်ကျေးမှု၊ အသက်မွေး ဝမ်းကြောင်း တိုးတက်မှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုများကို ခေါင်းဆောင်များက ရည်မှန်းပြီးဒ တိုးတက်မှုအတွက် အခွင့်အလမ်းများ ပေးသင့်ပါတယ်။
forbes.com မှ Leaders, Money Doesn’t Build Loyalty (Career Growth Does) ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ?

Daw Zin Lin Htet
BE (Civil-MGTU)
M.Sc (Construction Project Mgt), Heriot-Watt University

07/10/2024

ရည်မှန်းချက်တွေ အောင်မြင်ဖို့
SOSTAC Model သုံးကြစို့

-------------------------

SOSTAC Model ဆိုတာက စီးပွားရေးလုပ်ငန်းတွေရဲ့ ရည်မှန်းချက်တွေကို ရှင်းလင်းတိကျစွာ သတ်မှတ်နိုင်ပြီး သတ်မှတ်ထားတဲ့ လုပ်ငန်းအစီအစဥ်တွေကို တည်ဆောက်ကာ လုပ်ငန်းအတွက် အရေးပါတဲ့ Marketing Plan ဆွဲဖို့ လမ်းကြောင်းတွေကို ထိထိရောက်ရောက် စွမ်းဆောင်နိုင်စေတဲ့ Tool တစ်ခုဖြစ်ပါတယ်။

ဒီ SOSTAC Model ကို Marketing နဲ့ ပတ်သက်တဲ့ International Speaker အဖြစ် နာမည်ကျော်ကြားတဲ့ PR Smith က ၁၉၉၀ လောက်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ Chartered Institute of Marketing ကနေပြီးတော့လည်း ကမ္ဘာ့အကောင်းဆုံး စီမံကိန်းနည်းလမ်းတွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကျော်ကြားတဲ့ လုပ်ငန်းတွေဖြစ်တဲ့ LinkedIn, KPMG, RBS တို့ကလည်း SOSTAC model ကို Marketing plan စီမံကိန်းတွေမှာ အသုံးပြုပြီး လက်တွေ့မှာလည်း အောင်မြင်မှုတွေ ရရှိနေကြတာကို တွေ့ရပါတယ်။

အဓိကတော့ SOSTAC model ဟာ စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိတဲ့ Marketing Planဆွဲဖို့ နဲ့ ရောင်းချတဲ့နေရာတွေမှာ အသုံးပြုနိုင်တဲ့ marketing strategy တွေထဲက တစ်ခုလည်း ဖြစ်သလို စီးပွားရေးလုပ်ငန်းများအတွက် ထိရောက်တဲ့ စျေးကွက်တိုးချဲ့ရေးတွေအထိပါ ဆောင်ရွက် လုပ်ကိုင်နိုင်စေပါတယ်။

SOSTAC Model ကို Situation Analysis (အခြေအနေကိုသုံးသပ်ခြင်း)၊ Objectives (ရည်မှန်းချက်များ)၊ Strategy (မဟာဗျူဟာ)၊ Tactics (နည်းဗျူဟာများ)၊ Action (အကောင်အထည် ဖော်လုပ်ဆော်ခြင်း)နှင့် Control (ထိန်းချုပ်မှု) တို့နဲ့ ဖွဲ့စည်းထားပါတယ်။
SOSTAC ရဲ့ အဆင့် (၆) ဆင့်ကို ရှင်းပြသွားပါမယ်။

🔵Situation Analysis

Situation Analysis ဆိုတာ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို သုံးသပ်ခြင်းဖြစ်ပါတယ်။ အရင်ဆုံး Marketing Plan စဆွဲမယ်ဆိုရင် မိမိလုပ်ငန်းအပေါ် သက်ရောက်နိုင်တဲ့ External factor နဲ့ Internal Factor ကို စတင်သုံးသပ်စစ်ဆေးရမှာ ဖြစ်ပါတယ်။ အခြေအနေကို သုံးသပ်တဲ့နေရာမှာ လုပ်ငန်းရဲ့ အားနည်းချက်များ၊ အားသာချက်များကို လေ့လာဖို့ SWOT Analysis ကိုလည်း အသုံးပြုနိုင် ပါသေးတယ်။ ဥပမာအနေနဲ့ မြန်မာရိုးရာ ကတ္တီပါနဲ့ သားရေဖိနပ်ဆိုင် (၁) ဆိုင်ဖွင့်မယ်လို့ ကျွန်မတို့ စတင် စီစဥ်နေပြီဆိုရင် လက်ရှိမြန်မာဖိနပ်စျေးကွက်ကို ကောင်းကောင်းသိဖို့ လိုအပ်ပြီး စျေးကွက်မှာလက်ရှိ Trend ဖြစ်နေတဲ့ ဖိနပ်ဒီဇိုင်းများ၊ မိမိလုပ်ငန်းရဲ့ အားသာချက်များ၊ အားနည်းချက်များနဲ့ စျေးကွက် တောင်းဆိုမှုများက ဘယ်လိုရှိတယ်ဆိုတာကို သေချာသုံးသပ်လေ့လာသင့်ပါတယ်။ လုပ်ငန်းကို သုံးသပ်တဲ့နေရာမှာလည်း အရှိကိုအရှိအတိုင်း သုံးသပ်ဖို့လည်းလိုပါတယ်။

🔵Objectives

မိမိလုပ်ငန်းအတွက် “ဘယ်လိုရည်မှန်းချက်ကို ရောက်ချင်သလဲ” ဆိုတဲ့ လုပ်ငန်းအတွက် အနာဂတ်ရည်မှန်းချက်များကို သတ်မှတ်ခြင်းဖြစ်ပါတယ်။ ရည်မှန်းချက်များကို ချမှတ်တဲ့နေရာ မှာလည်း SMART (Specific, Measurable, Achievable, Relevant, Time-bound) ဖြစ်အောင် သတ်မှတ်နိုင်ရပါမယ်။ ၁နှစ်အတွင်း Mandalay မြို့မှာ ဖိနပ်ဆိုင် ၂ ဆိုင်ဖွင့်နိုင်ဖို့ရန် အရောင်းဝင်ငွေ သိန်း ၅၀၀ အနည်းဆုံးရရှိဖို့ ရည်မှန်းချက်ချမှတ်ခြင်းကလည်း အမှန်တကယ်လက်တွေ့မှာဖြစ်နိုင်တဲ့ ရည်မှန်းချက်များဖြစ်ဖို့လည်း လိုပါသေးတယ်။

🔵Strategy

ကိုယ်ချမှတ်ထားတဲ့ Objectives တွေအတွက် "ဘယ်လိုနည်းလမ်းနဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်မလဲ" ရယ် မိမိရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ဖို့ မှန်ကန်တဲ့ ဦးတည်ချက်တွေကို သတ်မှတ်ဖို့ နည်းဗျူဟာလည်း လိုပါတယ်။ Customer Segmentation ခွဲတာတွေ၊ Positioning ယူတာတွေ စတာတွေကို ဆောင်ရွက်ရပါမယ်။ အဓိကအားဖြင့် STPD strategy ကို သေချာစွာသတ်မှတ်သင့်ပါတယ်။ ဥပမာ မန္တလေးမြို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းသူတွေကို အဓိက ထားပြီး ထုတ်မယ့်ဖိနပ်ဒီဇိုင်းတွေကို စျေးသင့်တင့်ပြီး လူငယ်ဆန်ကာ အရည်အသွေးကောင်းတဲ့ ဖိနပ်တွေ ရောင်းချမယ်ဆိုတဲ့ တိကျစွာ သတ်မှတ်ချက်များလည်း ပါရပါမယ်။

🔵Tactics

Tactics ကတော့ လုပ်ငန်းကချမှတ်ထားတဲ့ Strategy ကို အကောင်အထည်ဖော်မယ့် နည်းလမ်းတွေကို အသေးစိတ်ချမှတ်တဲ့ အကြောင်းအရာတွေလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အရင် Marketing tools တွေထဲက တစ်ခုဖြစ်တဲ့ 4P's (Product, Price, Place, Promotion) ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

🔵Action

Action ကတော့ လက်တွေ့မှာ အမှန်တကယ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များပဲ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှာ "ဘယ်သူတွေက ဒီလုပ်ငန်းတွေကို လုပ်မှာလဲ?" “ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ” တစ်ခုချင်းစီကို ဘယ်လိုလုပ်မလဲဆိုတာကအစ အကုန်စီစဉ်ရပါမယ်။ ဖိနပ်ဆိုင် ဖွင့်ဖို့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေကို သီးသန့်တစ်စုချင်းစီပေါ်မူတည်ပြီး လုပ်ဆောင်ရပါမယ်။ ဥပမာ Facebook နဲ့ Instagram အတွက် post တင်မယ့်သူတွေ၊ website maintenance လုပ်သူများနဲ့ customer service တွေကိုလည်း သေချာစွာစီစဉ်ပြီး အစီအစဉ်နဲ့အညီ အကောင်အထည်ဖော်ရမယ့် အဆင့်ဖြစ်ပါတယ်။

🔵Control

Control ကတော့ အဲ့ဒီရည်မှန်းချက်တွေကို ပြည့်မီရေးအတွက် အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေကို ထိန်းကွပ်ကြီးကြပ်တာပဲဖြစ်ပါတယ်။ Facebook Ads တွေ, Sales Data တွေကို မကြာခဏ စစ်ဆေးပြီး လုပ်ငန်းရဲ့တိုးတက်မှုကို လိုအပ်သလို ပြင်ဆင်ခြင်းတွေ လုပ်ဆောင်ခြင်းတွေ ဖြစ်ပါတယ်။

SOSTAC Model ကို ဘယ်လုပ်ငန်းအတွက်မဆို အသုံးပြုနိုင်ပြီး လုပ်ငန်းရဲ့ အခြေအနေ သုံးသပ်ခြင်းမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ လုပ်ငန်းရဲ့ အခြေအနေ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ဖို့ စီမံကိန်းတွေချမှတ်တဲ့ နေရာတွေမှာလည်း အသုံးပြုနေကြပြီး အသုံးပြုတဲ့ လုပ်ငန်းတွေလည်း အောင်မြင်မှုတွေ ရနေကြတာကို လက်တွေ့မှာလည်း မြင်ရမှာဖြစ်ပါတယ်။

Daw Ei Mon Soe
ME-IT (TU Mdy)
MBA Shinawatra University Thailand (International Program)

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bagaya Street
Yangon