Sein Moe
ငပိထောင်းရဿ၊ငပိထောင်းအနုပညာ။
————————————-
စိန်မိုးTeam မှရေးသည်။
————————————
ငယ်တုံးက အိမ်မှာ အမေ့ကိုကူဖို့ရာ ကိုယ်ခွဲကမရှိ။ အမေ အလုပ်ကပြန်လာမှ ထမင်းချက်တော့ ကိုယ်တွေမှာ ဆာလှပြီ။ အမေပထမဆုံးချက်တာက ထမင်း။ ထမင်းချက်ရင်း ထုံးစံအတိုင်း ဟင်းအိုးပြင်ပေါ့။ တခါတလေ အမေငပိထောင်းတဲ့အခါ ဆုံမှာကပ်နေတဲ့ ငပိထောင်းလက်ကျန်ထဲ ထမင်းပူပူသုံးဇွန်းလောက်ကို ထည့်ပြီး ဆုံကျန်ထမင်းထောင်းကို အက်ပီတိုင်ဇာ အနေနဲ့စားခဲ့ရတာကိုမှတ်မိတယ်။ ငရုတ်ဆုံနဲ့ ကျည်ပွေ့မှာကပ်နေတဲ့ ငပိထောင်းအနှစ်နဲံ ထမင်းရောထောင်းတာက ကိုယ့်စိတ်ထဲ တကယ့် အနှစ်သာရအရှိဆုံး “ခံတွင်းဖွင့်ဟင်းလျာ” လို့ထင်မိတယ်။ အဲသည်ကနေ ပါးစပ်ကျင့်စလိုက်တာ ထမင်းပူပူနဲ့ ငပိထောင်းချဉ်စပ်လေးများဆိုရင် တကယ့်ကို ဘာဟင်းမှထပ်မလိုတော့သလို။
ငပိထောင်းတဲ့အခါ စိမ်းစားငပိက လတ်နေ၊ ဝင်းနေတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဝင်းလက်လတ်နေတဲ့ စိမ်းစားငပိကို ယောင်းမမှာကပ်၊ လက်ညိုးနဲ့ ဟိုတပေါက် ဒီတပေါက်ဖိပြီး ကင်လိုက်တယ်ဆိုရင်….အလိုလေး…တရွာလုံးမွှေးနေသလိုပဲထင်။ တခါတလေကျတော့ အဲလို ခပ်မွှေးမွှေး ငပိမီးကင်ကို ကြက်သွန်နီပါးပါးလှီး။ ကြက်သွန်နီအမွန်ပျောက်အောင်ရေဆေးပြီး ငရုတ်သီးစိမ်းညှပ်ထည့်၊ ဆီစိမ်းလေးနည်းနည်းလောင်းပြီး “ငပိသုတ်” သုတ်စားရင်တောင် ခံတွင်းလိုက်လိုက်သည့်အမျိုး။
ဆုံထောင်းဆိုလို့ ဦးလေးတယောက်ကျတော့ ငရုတ်သီးစိမ်း အပုလေးတွေ (ကိုယ်တို့ဖက်တော့ ကလယ်အော်သီးခေါ်တယ်) နဲ့ ကြက်သွန်ဖြူနဲ့ ဆားနဲ့ရောထောင်းပြီး အချဉ်ညစ်စားတာနေ့တိုင်းပဲ။ ငရုတ်သီးစိမ်းဆားထောင်းက သူ့အတွက်နေ့စဉ်မပါမဖြစ်။
ပြောမယ့်သာပြောတယ် “ အထောင်း” ဆိုတာ သိတ်အနုပညာဆန်တာနော်။ အချို့များကြတော့ ငပိထောင်းတဲ့အခါ ငရုတ်သီးစိမ်း၊ကြက်သွန်ကိုမီးကင်ပြီးမှထောင်းကြတာ။ ကိုယ့်ကျတော့ အဲတာမျိုးကင်လိုက်ရင် ပေါ့သွားသလိုဖြစ်လို့မို့ အစိမ်းပဲထောင်းတာပဲ။ ကလယ်အော်သီးလေး ဆယ့်လေးငါးတောင့်လောက် ညက်နေအောင်ထောင်းပြီးရင် ကြက်သွန်ဖြူလေးနှစ်မွာလောက်ထည့်။ ညက်နေအောင်ထောင်း။ ပြီးမှငါးပိမီးကင်၊ အချိုမှုန် လေးနည်းနည်း၊ သံပုရာရည်လေးညှစ်ချပြီး ( သံပုယိုသီးဆိုပိုကောင်းပေါ့)ရောသမထောင်း။ ငပိထောင်းချဉ်ချဉ်စပ်စပ်လေးပေါ့။ အဲဒီ ငပိထောင်းမျိုးကျတော့ ပဲကြာဇံလို သောက်ဆမ်းပဲဟင်းနဲ့ဆိုလိုက်နေရော။ အချဉ်မညစ်ပဲထောင်းတဲ့ ငပိထောင်း အစပ်ကျတော့ ချဉ်ပေါင်အရွက်များများကို ခရမ်းကသော့သီး၊ ရုန်းပဒေသီးနဲ့ ချွဲချွဲပြစ်ပြစ်ချက်ထားတဲ့ အချဉ်ဟင်းနဲ့ဆို လိုက်နေပြန်ရော။ သူတို့နဲ့ဆို ငါးခူကြော်လေးနဲ့….ဗိုက်တောာင်ဆာလာပြီ။
ပုဇွန်ခြောက်လား….ငပိကောင်းရင် ပုဇွန်ခြောက်မထည့်ခြင်ဘူး။ ရသပျက်လို့။ ငပိထောင်းကို တို့စရာတွေနဲ့လည်း မကြိုက်ဘူး။ ငပိရည်စားရင်တော့ အတို့အမြုတ်စုံမှပေါ့လေ။ တကယ်တော့ ထမင်းပွဲတွေမှာ ငပိထောင်းနဲ့ အရည်သောက်က ဇတ်ပို့၊ဇတ်ရံ။ ဘယ်မင်းသားဘယ်လောက်တော်တော်၊ ဟာမိုနီဖြစ်တဲ့ ဇတ်ရံကောင်းတွေမပါလို့ကိုမရတာ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11421