Connect Burma

Connect Burma

Share

A news media organization working for social and structural equality in Burma by uncovering unheard voices, resisting epistemic violence, and representing the daily struggles of the people from the perspective of political economy and political ecology . Connect Burma, an independent, non-profit media outlet founded in July 2019, is dedicated to delivering fresh local, regional, and global news ar

11/06/2026

ဆီဒိုးနားဟိုတယ်ပေါ်က ခုန်ချသေဆုံးခဲ့သူဟာ ချစ်သူမိန်းကလေးကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တာဟုဆို

Connect Burma | ဇွန် ၁၁

ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ် ၊ ဆီဒိုးနား ဟိုတယ်ပေါ်က ခုန်ချသေဆုံးခဲ့တဲ့ တရုတ်နွယ်ဖွား အမျိုုးသားဖြစ်သူဟာ ချစ်သူမိန်းကလေးကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တာလို့ ရဲသတင်းရင်းမြစ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့က (ဇွန်လ ၁၀ရက်)၊ မနက် ၁၁နာရီ အချိန်ခန့်က ရန်ကင်းမြို့နယ်မှာရှိတဲ့ ဆီဒိုးနားဟိုတယ်ပေါ်ကနေ တရုတ်နွယ်ဖွား အမျိုးသားတဦး ခုန်ချသတ်သေခဲ့ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲဆေးစာနဲဲ့ မိုးစေတနာပရဟိတအသင်းက စံပြဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ခုန်ချသေဆုံးသွားသူ အမျိုးသားဟာ ဆီဒိုးနားဟိုတယ်ရဲ့ ၂၉လွှာကနေ ခုန်ချခဲ့တာဖြစ်ပြီး ရဲတွေ သွားရောက်စစ်ဆေးချိန်မှာတော့ ၂၉ လွှာအရေးပေါ်ထွက်ပေါက်ရဲ့ တံခါးဘောင်မှာ ဖုန်းန ၂လုံး၊ ယာဉ်မောင်းလိုင်စင်တခုနဲ့ သေတမ်းစာတစောင် တွေ့ခဲ့တယ်လို့ သိရပါတယ်။

စာထဲမှာတော့ သူ့ရဲ့ ချစ်သူက လမ်းခွဲခဲ့တာကြောင့် သတ်ဖြတ်ခဲ့ပြီနောက် အခုလို သေကြောင်းကြံခဲ့တဲ့ အကြောင်းရေးသားထားတယ်လို့ ဆိုပါတယ်။

စာထဲမှာ ပါရှိတဲ့ ရေးသားချက်တွေအရ သေဆုံးသူမှာ ကိုတင်စိုး ဆိုသူဖြစ်ပြီး လှိုင်သာယာက နဝဒေးအိမ်ယာမှာ သူ့ရဲ့ ချစ်သူဖြစ်သူ မရှုလင်ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

"လေးစားရပါသောရဲအရာရှိများခင်ဗျား ကျွန်တော် ကိုတင်စိုးသည် ချစ်သူ မရှုလင်ကိုသတ်မိတဲ့အတွက် ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ဆုံးဖြတ်တာပါ ၊****** ချစ်သူရဲ့အလောင်းရှိပါတယ်၊ သွားသယ်ပေးပါ၊ သူနဲ့ချစ်တာ ၇ လကျော်ပါပြီ၊ ကမ္ဘာသိပတ်ဝန်း ကျင်သိပြီးမှ သူကလမ်းခွဲဖိုပြောလို့ စိတ်မထိန်းနိုင်ပဲ သတ်မိတာပါ ၊ သူမနဲ့အတူ အပေါ်ထပ်မှာသေဖို့ အိမ်သာထဲမှာ ကြိုးဆွဲချသတ်သေဖို့ ကြိုးစားတာမအောင်မြင်ခဲ့ပါဘူး၊ အရာရာအားလုံးကိုတောင်းပန်ပါတယ် နောင်တများစွာနဲ့ ။" လို့ စာထဲမှာရေးသားထားပါတယ်။

စာထဲကရေးသားထားတဲ့ လိပ်စာအတိုင်း ရဲတပ်ဖွဲ့ သွားရောက်ရှာဖွေရာမှာတော့ သတ်ခံထားရတဲ့ အမျိုးသမီးတဦးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။

ဓါတ်ပုံ - မိုးစေတနာ ပရဟိတအသင်း

10/06/2026

ထိုင်းဘတ် ၁,၀၀၀ တန် ငွေစက္ကူအတုတွေပျံ့နှံ့လာပြီးနောက် ထိုင်းနယ်စပ်က စက်သုံးဆီဆိုင်နဲ့ ဈေးဆိုင်တွေမှာ စစ်ဆေးမှုတင်းကျပ်လာ

Connect Burma | ဇွန် ၁၀

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နဲ့ မယ်ရမတ် (Mae Ramat) မြို့နယ်တွေမှာ ထိုင်းဘတ် ၁,၀၀၀ တန် ငွေစက္ကူအတုတွေ ဆက်တိုက်တွေ့ရှိလာပြီးနောက် စက်သုံးဆီဆိုင်နဲ့ လက်လီအရောင်းဆိုင်အချို့က မြန်မာလိုင်စင်နံပါတ်တပ်ဆင်ထားတဲ့ ယာဉ်တွေထံမှ ဘတ် ၁,၀၀၀ တန် ငွေစက္ကူတွေကို လက်မခံတော့တဲ့ကန့်သတ်ချက်တွေ ပြုလုပ်လာကြတယ်လို့ နယ်စပ်မှာနေထိုင်သူတွေ ကဆီကသိရပါတယ်။

နယ်စပ်မြို့ရှိ PTT စက်သုံးဆီဆိုင်တွေမှာ ထုတ်ပြန်ထားတဲ့ အသိပေးချက်အရ မဲဆောက်နဲ့ မယ်ရမတ်မြို့ရှိ PTT ဆီဆိုင်ဝင်းများအတွင်း ဖွင့်လှစ်ထားတဲ့ ဓာတ်ဆီဆိုင်၊ Café Amazon ကော်ဖီဆိုင်နဲ့ 7-Eleven စတိုးဆိုင်တွေမှာဘတ် ၁,၀၀၀ တန် ငွေစက္ကူအတု စုစုပေါင်း (၅) ရွက်၊ တန်ဖိုးအားဖြင့် ဘတ် ၅,၀၀၀ ဖိုး တွေ့ရှိထားတယ်လို့ဆိုပါတယ်။

စက်သုံးဆီဆိုင်ရဲ့ထုတ်ပြန်ချက်မှာ ငွေစက္ကူအတု အသုံးပြုသူအများစုမှာ မြန်မာလိုင်စင်နံပါတ်ပြားတပ်ဆင်ထားတဲ့ Probox Van ယာဉ်တွေနဲ့ လာရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဖော်ပြထားပြီး အချို့ကို ငွေပေးချေစဉ် လက်ငင်းဖမ်းဆီးနိုင်ခဲ့သော်လည်း တချို့ကိုမူ နောက်ပိုင်း စစ်ဆေးရာမှ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

"အခုရက်ပိုင်းအတွင်း ၁,၀၀၀ တန်အတုတွေ ဆက်တိုက်တွေ့လာတယ်။ ကျွန်တော်တို့ ငွေလွဲဆိုင်မှာတောင် တစ်ရွက်လက်ခံမိသွားတယ်။ အရင်လို မျက်စိနဲ့ကြည့်ရုံမဟုတ်တော့ဘဲ သေချာစစ်ဆေးနေရတဲ့ အခြေအနေ။ တချို့အတုတွေက UV စက်နဲ့ စစ်ရင်တောင် အစစ်လိုပဲ ပေါ်နေတယ်။ ဒါပေမဲ့ စက္ကူသားကို ကိုင်ကြည့်ရင်တော့ ကွာခြားချက်ရှိတယ်။ ဆိုင်ရှင်တွေက အခုဆို ၁,၀၀၀ တန်တွေ လက်ခံဖို့တောင် စိုးရိမ်နေကြတယ်" လို့ မဲဆောက်မြို့ရှိ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက Connect Burma ကိုပြောပါတယ်။

ဘဏ်သွားအပ်မှ သိရတာရှိပြီး သူကတော်ယုံစက်နဲ့တောင်ခွဲမရအောင်တူတာ၊ အများဆုံးအတွေ့များနေတာ ထိုင်းငွေကြေးမှာ အမြင့်ဆုံးဖြစ်တဲ့ ဘတ်တစ်ထောင်တန်တွေကိုသာ အဓိက အတုအပလုပ် ဖြန့်ဝေအသုံးပြုေနသလို ဘတ်ငွေ ၅၀၀ လည်းပါရှိကာ မျှင်စာတွေကအစအစစ်နဲ့တူအောင်ပြုလုပ်ထားတာကြောင့် ခွဲခြားမရဘူးလို့သူကဆိုပါတယ်။

ထိုင်းဘတ်ငွေက နယ်စပ်ဒေသတွေမှာ အဓိကအသုံးပြုနေတဲ့ ငွေကြေးတစ်ခုဖြစ်တဲ့အတွက် ဘတ် ၁,၀၀၀ တန် ငွေစက္ကူ လက်ခံရာမှာ ပိုမိုတင်းကျပ်စွာ စစ်ဆေးလာကြပြီး တချို့လုပ်ငန်းတွေက ဘတ် ၁,၀၀၀ တန် ငွေစက္ကူတွေကို ယာယီလက်မခံတဲ့ ကန့်သတ်မှုတွေပြုလုပ်လာကြတာဖြစ်ပါတယ်။

အဆိုပါ ငွေစက္ကူအတုတွေက ရွှေကုက္ကိုလ်ဒေသဘက်မှ စတင်ပျံ့နှံ့လာတယ်လို့ သံသယရှိနေကြပြီး လက်ရှိအချိန်မှာ မဲဆောက်စျေးအတွင်း၊ ငွေလွဲဆိုင်များ၊ အထည်ဆိုင်နဲ့ လက်လီအရောင်းဆိုင်တွေမှာ ဆက်တိုက်တွေ့ရှိနေရတယ်လို့လည်းသိရပါတယ်။

ငွေစက္ကူအတုတွေမှာသာမန်အတုတွေထက် အရည်အသွေးမြင့်မားပြီး Money Detector Pen ဖြင့် စစ်ဆေးရာမှာအရောင်မပြောင်းခြင်း၊ Watermark များ ပါရှိခြင်းနဲ့ UV Light စစ်ဆေးမှုအချို့ကိုပင် ကျော်ဖြတ်နိုင်တာကြောင့် ပိုမိုသတိထားဖို့ လိုအပ်တယ်လို့ သတိပေးထားကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကလည်း နယ်စပ်ဒေသတွေမှာ ထိုင်းဘတ်ငွေစက္ကူအတု၊ အမေရိကန်ဒေါ်လာအတု တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့သော်လည်း အခုတွေ့ရှိနေတဲ့ ဘတ် ၁,၀၀၀ တန် အတုတွေမှာ လုံခြုံရေးစနစ်တွေကို ကျော်ဖြတ်နိုင်တဲ့အထိ အရည်အသွေးမြင့်မားနေသဖြင့် စိုးရိမ်မှုများ မြင့်တက်နေလျက်ရှိနေကြတယ်လို့သိရပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Kamayut Township
Yangon