Healing Hands

Healing Hands

Share

08/03/2026

💜 ၂၀၂၆ နိုင်ငံတကာအမျိုးသမီးများနေ့

မိတ်ဆွေတို့အားလုံးပဲ မင်္ဂလာပါရှင်🙋‍♀️🙋‍♀️
ဒီနေ့ မတ်လ (၈) ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုကြလေ့ရှိပေမယ့် ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ "အတွင်းစိတ်ကျန်းမာရေးနဲ့ ကိုယ်ပိုင်တန်ဖိုး" အကြောင်းကို ခဏလောက် အချိန်ပေးပြီး ဆွေးနွေးကြည့်ချင်ပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ ရှင်သန်ရတဲ့အခါ 🧚🏻‍♀️

ပြီးပြည့်စုံတဲ့ သမီး၊ ဇနီး၊ အမေ" ဖြစ်ရမယ်ဆိုတဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြားမှာ ကိုယ့်ရဲ့တကယ့်ဆန္ဒနဲ့ စိတ်ခံစားချက်တွေကို မေ့လျော့နေမိတတ်ကြလား.....?

❓ ကိုယ့်ကိုယ်ကိုယ် ပထမဦးစားပေးဖို့ ဘာကြောင့် ခက်ခဲနေရတာလဲ?

အမျိုးသမီးအတော်များများဟာ
တခြားသူတွေကို ဂရုစိုက်ဖို့၊ ပြုစုပျိုးထောင်ဖို့ပဲ သင်ကြားခံခဲ့ရတာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဂရုစိုက်တဲ့အခါ အပြစ်ရှိသလို ခံစားရတတ်ပါတယ်။ ဒါဟာ အတ္တကြီးတာမဟုတ်ဘဲ "ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အား ပြည့်ဝနေမှသာ ဘေးပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်မှာ" ဖြစ်ပါတယ်။

🌱 ၂၀၂၆ ခုနှစ်မှာ စိတ်ပိုင်းဆိုင်ရာ ပိုမိုကြံ့ခိုင်လာစေဖို့ ဒီအချက်လေးတွေတူတူလုပ်ကြည့်ရအောင်….(Empowerment Tips)

၁။ "No" လို့ ပြောတတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ (Setting Boundaries)

ကိုယ့်ရဲ့ စိတ်စွမ်းအင် (Energy) ကို ကုန်ခမ်း
စေမယ့် အလုပ်တွေ၊ လူပတ်ဝန်းကျင်တွေကို ငြင်းဆိုဖို့ မကြောက်ပါနဲ့။ ကိုယ့်ရဲ့ စိတ်အေးချမ်းမှုကို ကာကွယ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် လေးစားရာရောက်ပါတယ်။

၂။ အောင်မြင်မှုတိုင်းကို အသိအမှတ်ပြုပါ

(Celebrate Small Wins)
ရာထူးတက်တာ၊ ဆုရတာမျိုးတင်မကဘဲ ဒီနေ့မှာ စိတ်ညစ်စရာတွေကို ကျော်ဖြတ်နိုင်ခဲ့တာ၊ အစားကောင်းကောင်းစားဖြစ်တာ၊ ကိုယ့်အတွက် အချိန်ပေးဖြစ်တာလေးတွေကိုပါ ဂုဏ်ပြုပေးပါ။

၃။ “ပြီးပြည့်စုံခြင်း" ထက် "အဆင်ပြေနေခြင်း" က ပိုအရေးကြီးပါတယ် (Well-being over Perfection)

လူမှုကွန်ရက်ပေါ်က ပြီးပြည့်စုံတဲ့ အမျိုးသမီးပုံရိပ်တွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ အိမ်မှုကိစ္စတွေ မပြီးသေးတာ၊ အလုပ်မှာ အမှားအယွင်းရှိတာဟာ ရှုံးနိမ့်တာမဟုတ်ပါဘူး။ "ငါ ဒီနေ့အတွက် အကောင်းဆုံး ကြိုးစားခဲ့တယ်" ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးလိုက်ပါ။

၄။ စိတ်ဒဏ်ရာများကို ကုစားပါ (Heal the
Inner Child)
ငယ်စဉ်က ရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတွေ၊ အနှိမ်ခံခဲ့ရတာတွေကြောင့် "ငါမတော်ဘူး" လို့ ထင်နေတဲ့ စိတ်ကို ကုစားဖို့ ကျွမ်းကျင်သူနဲ့ တိုင်ပင်တာ ဒါမှမဟုတ် ယုံကြည်ရသူကို ဖွင့်ပြောတာမျိုး လုပ်ကြည့်ပါ။

၅။ မိတ်ဆွေရဲ့ စိတ်ခံစားချက်ဟာ "တန်ဖိုးရှိပါတယ်" (Your feelings are valid)
"မိန်းကလေးပဲ... သည်းခံရမှာပေါ့" ဆိုတဲ့ စကားလုံးတွေနောက်မှာ ကိုယ့်ရဲ့ ဝမ်းနည်းမှုနဲ့ ပင်ပန်းမှုတွေကို ဖုံးကွယ်မထားပါနဲ့။ ငိုချင်ရင် ငိုလိုက်ပါ၊ နားချင်ရင် နားလိုက်ပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ထုတ်ဖော်ပြောဆိုခြင်းဟာ အားနည်းတာမဟုတ်ဘဲ ကိုယ့်ကိုကိုယ် ရိုးသားခြင်း ဖြစ်ပါတယ်။

💌 အမျိုးသမီးတိုင်းအတွက် အမှတ်တရစကား………….

🌸အမျိုးသမီးတိုင်းဟာ လှပတဲ့ ပန်းလေးတွေလိုပါပဲ။ ပန်းတစ်ပွင့်စီမှာ ပွင့်ရမယ့် အချိန်နဲ့ ပွင့်ရမယ့် အလှတရားကိုယ်စီ ရှိကြပါတယ်။ တခြားသူနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် ညှိုးနွမ်းမသွားပါစေနဲ့။

ဒီနေ့မှာတော့ ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ပြီး "ကျေးဇူးတင်ပါတယ်... အားလုံးကို ကြံ့ကြံ့ခံ ကျော်ဖြတ်ပေးခဲ့လို့" ဆိုတဲ့ စကားလေးတစ်ခွန်း ပြောပေးဖို့ မမေ့ပါနဲ့ဦးရှင်။🌺

ဒီနေ့မှာ ကျရောက်တဲ့ အမျိုးသမီးများနေ့မှာ အမျိုးသမီးထုတစ်ရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်ကြပါစေလို့ Healing Hands မှ ဆုမွန်ကောင်းတောင်းလိုက်ရတယ်။ 💜

Happy International Women's Day 2026! 💜

05/03/2026

မိတ်ဆွေတို့အားလုံးပဲ မင်္ဂလာပါရှင်... ✨ ✨ ✨

ဒီနေ့မှာတော့ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်း ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ပေါ်အထိ ခြေတုတစ်ဖက်နဲ့ တက်လှမ်းနိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ "သံမဏိစိတ်ဓာတ်ပိုင်ရှင်" အာရူနီမာ ဆင်ဟာ (Arunima Sinha) ရဲ့ အားတက်စရာ ဘဝဇာတ်ကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
"လူတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းတာထက်၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းတာက ပိုကြောက်ဖို့ကောင်းပါတယ်" လို့ လက်တွေ့သက်သေပြခဲ့သူပါ။

🚂 သူ့ဘဝကို ပြောင်းလဲစေခဲ့တဲ့ ကြောက်မက်ဖွယ် အဖြစ်ပျက်တစ်ခု

၂၀၁၁ ခုနှစ်၊ အသက် ၂၃ နှစ်အရွယ်မှာ အမျိုးသားအဆင့် ဘော်လီဘောအားကစားသမားတစ်ဦးဖြစ်တဲ့ အာရူနီမာဟာ ရထားစီးလာရင်း လုယက်သူတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့က သူမရဲ့ ရွှေဆွဲကြိုးကို လုယူပြီး သူမကို ရထားပေါ်ကနေ အရှိန်နဲ့ တွန်းချလိုက်ပါတယ်။

ကံဆိုးစွာနဲ့ပဲ တခြားလမ်းကြောင်းက လာနေတဲ့ ရထားတစ်စီးက လဲကျနေတဲ့ သူမရဲ့ ဘယ်ဘက်ခြေထောက်ကို ကြိတ်သွားခဲ့ပါတယ်။ တစ်ညလုံး ရထားသံလမ်းပေါ်မှာ သွေးအိုင်ထဲ လဲနေခဲ့ရပြီး ကြွက်တွေရဲ့ ကိုက်ခဲမှုကိုတောင် ခံခဲ့ရပါတယ်။ နောက်တစ်နေ့မနက်မှာတော့ ဆရာဝန်တွေက သူမရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ရပါတော့တယ်။အားကစားသမားတစ်ယောက်အတွက် "ခြေထောက်" ဆိုတာ အသက်တမျှ အရေးကြီးပါတယ်။ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပြီဆိုတာနဲ့ သူမရဲ့ အားကစားသမား အိပ်မက်တွေအားလုံးဟာ တစ်စစီ ပျက်စီးသွားခဲ့ရတာပါ။

🏔 ဆေးရုံခုတင်ပေါ်က မဖြစ်နိုင်သောအိပ်မက်

🌀ငါ့ကို လူတွေက သနားစရာသတ္တဝါလို ကြည့်နေကြတယ်။ ဒါပေမဲ့ ငါဟာ သနားခံရမယ့်သူမဟုတ်ဘဲ အားကျအတုယူရမယ့်သူဖြစ်ကြောင်း သက်သေပြဖို့ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ငါ တက်ပြရမယ်' ဆိုတဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ အမှောင်ထုထဲကနေ သူမ ရုန်းထွက်ခဲ့ပါတယ်။

🌀လူတိုင်းက သူမကို စိတ်ဖောက်ပြန်နေပြီလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူမဟာ ဆေးရုံကဆင်းတာနဲ့ အိမ်ပြန်မနားဘဲ ဧဝရတ်တောင်တက်သမား Bachendri Pal ဆီကို သွားပြီး ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို စတင်ခဲ့ပါတယ်။ ခြေတု (Artificial leg) တပ်ထားတဲ့အတွက် နှင်းတွေကြားမှာ ခြေတုက ချော်ထွက်တာ၊ သွေးတွေထွက်တာတွေကို ခံစားခဲ့ရပေမဲ့ သူမ နောက်မဆုတ်ခဲ့ပါဘူး။ နောက်ဆုံး ၂၀၁၃ ခုနှစ်မှာတော့ သူမဟာ "ဧဝရတ်တောင်ကို အောင်မြင်စွာ တက်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ခြေတုတပ် အမျိုးသမီး" အဖြစ် သမိုင်းမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

💡 Arunima Sinha ပေးသော ဘ၀သင်ခန်းစာများ

၁။ စိတ်ဓာတ်သည်သာ အဓိက (Mindset over Body):
အာရူနီမာက ပြောပါတယ်။ "ကျွန်မ ဧဝရတ်တောင်ကို မတက်ခင်ကတည်းက စိတ်ထဲမှာ အောင်နိုင်ပြီးသားပါ။ ခန္ဓာကိုယ်ကတော့ အဲ့ဒီနောက်ကနေ လိုက်လာရုံပါပဲ။" ခန္ဓာကိုယ်ထက် စိတ်ဓာတ်က ပိုအရေးကြီးကြောင်း သူမက သွန်သင်ခဲ့ပါတယ်။

၂။ စိန်ခေါ်မှုကို အခွင့်အရေးပြောင်းပါ (Turn Challenge into Opportunity):
သူမဟာ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားတာကို ဘဝပျက်ပြီလို့ မသတ်မှတ်ဘဲ၊ သူမရဲ့ စွမ်းဆောင်ရည်ကို ကမ္ဘာက သိလာအောင် လုပ်ဖို့ တွန်းအားတစ်ခုအဖြစ် ပြောင်းလဲလိုက်တာပါ။ အခက်အခဲဆိုတာ ကျော်ဖြတ်ဖို့အတွက်သာ ဖြစ်ပါတယ်။

၃။ ကိုယ့်ကိုကိုယ် ယုံကြည်မှု (Self-Belief):
"သင့်ကို သင်ကလွဲလို့ ဘယ်သူမှ ရှုံးအောင် မလုပ်နိုင်ဘူး" ဆိုတာ သူမရဲ့ဆောင်ပုဒ်ပါ။ လူတွေ ဘာပြောပြော ကိုယ့်ရဲ့ ရည်မှန်းချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားရင် မဖြစ်နိုင်တာ မရှိဘူးဆိုတာ သူမက သက်သေပြခဲ့ပါတယ်။

🌿 အာရူနီမာ ဆင်ဟာရဲ့ ဘဝဇာတ်ကြောင်းက ကျွန်မတို့ကို တစ်ခု သတိပေးနေပါတယ်။ "မင်းမှာ ခြေထောက်မရှိတာက ပြဿနာမဟုတ်ဘူး၊ မင်းမှာ တက်ချင်တဲ့ စိတ်မရှိတာကမှ တကယ့်ပြဿနာပဲ" ဆိုတာပါပဲ။

ဒီနေ့အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။✨✨✨✨

06/02/2026

မိတ်ဆွေတို့အားလုံးပဲ မင်္ဂလာပါရှင်... ✨ ✨ ✨
ဒီနေ့မှာတော့ အခက်အခဲတွေကြားကနေ ဘဝကို အကောင်းဆုံး ပြန်လည်တည်ဆောက်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံရဲ့ "သံမဏိအမျိုးသမီး" (Iron Lady of Pakistan) လို့ တင်စားခံရသူ မူနီဘာ မာဇာရီ (Muniba Mazari) အကြောင်းကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
သူမကတော့ "ကျွန်မရဲ့ ခန္ဓာကိုယ်က လှောင်အိမ်တစ်ခု ဖြစ်နေနိုင်ပေမဲ့၊ ကျွန်မရဲ့ စိတ်ဝိညာဉ်ကတော့ အမြဲတမ်း လွတ်လပ်နေပါတယ်" လို့ ကြွေးကြော်ခဲ့သူပါ။

ပြောင်းလဲသွားသော သူမရဲ့ဘ၀ဇာတ်ကြောင်း

၂၀၀၇ ခုနှစ်၊ အသက် ၂၁ နှစ်အရွယ်မှာ မူနီဘာဟာ ကားမတော်တဆမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကြောင့် သူမရဲ့ ခါးရိုးဆစ် ကျိုးသွားခဲ့ပြီး ခါးအောက်ပိုင်း လှုပ်ရှားလို့မရတော့သလို၊ လက်မောင်းနဲ့ နံရိုးတွေလည်း အများကြီး ကျိုးကြေခဲ့ပါတယ်။
ဆေးရုံမှာ လပေါင်းများစွာ ကုသနေရချိန်မှာ ဆရာဝန်တွေက သူမကို အခုလို ပြောခဲ့ပါတယ်-
"မင်း ဘယ်တော့မှ လမ်းပြန်လျှောက်နိုင်မှာ မဟုတ်ဘူး။"
"ပန်းချီလည်း ပြန်ဆွဲနိုင်မှာ မဟုတ်ဘူး။"
"မိခင်တစ်ယောက်လည်း ဖြစ်ခွင့်ရမှာ မဟုတ်ဘူး။”

ဒီကြားထဲမှာပဲ သူမရဲ့ ခင်ပွန်းဖြစ်သူကပါ သူမကို စွန့်ပစ်သွားခဲ့တာကြောင့် သူမရဲ့ ဘဝဟာ အခက်ခဲဆုံး အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

🎨 ဘဝသစ်ကို ပြန်လည်စတင်ခြင်း
ဆေးရုံခုတင်ပေါ်မှာ ၂ နှစ်ကြာ အိပ်ရာထဲလဲနေပြီးနောက် တစ်နေ့မှာတော့ မူနီဘာဟာ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါတယ်။ "ငါ့ဘဝအတွက် သူများတွေ ဆုံးဖြတ်ပေးတာကို လက်မခံနိုင်ဘူး။ ငါ့ကြောက်စိတ်တွေကို ငါရင်ဆိုင်ရမယ်" ဆိုပြီးတော့ပါ။
သူမဟာ နာကျင်နေတဲ့ လက်တွေနဲ့ စုတ်တံကို ပြန်ကိုင်ပြီး ဆေးရုံခုတင်ပေါ်မှာပဲ ပန်းချီပြန်ဆွဲခဲ့ပါတယ်။ သူမရဲ့ နာကျင်မှု၊ ဒေါသနဲ့ ဝမ်းနည်းမှုတွေကို အရောင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ဘီးတပ်ကုလားထိုင်ပေါ်က ဘဝကို လက်ခံလိုက်ပြီးတဲ့နောက်မှာတော့ သူမဟာ ပါကစ္စတန်ရဲ့ ပထမဆုံး ဘီးတပ်ကုလားထိုင်သုံး မော်ဒယ်၊ အနုပညာရှင်၊ တက်ကြွလှုပ်ရှားသူ နဲ့ ကုလသမဂ္ဂ အမျိုးသမီးရေးရာ သံတမန် (UN Women Ambassador) တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူမ မွေးမရတော့ဘူးဆိုတဲ့ ကလေးအစား သားလေးတစ်ယောက်ကိုလည်း မွေးစားခဲ့ပါတယ်။

💡 Muniba Mazari ပေးသော ဘ၀သင်ခန်းစာများ
၁။ ကိုယ့်ကိုယ်ကိုယ် လက်ခံခြင်းသည် ကုစားမှု၏ အစပါ (Self-Acceptance): မူနီဘာက ပြောပါတယ်။ "လူတွေက ကျွန်မကို မသန်စွမ်းဘူးလို့ မြင်ကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် 'ကွဲပြားခြားနားစွာ စွမ်းဆောင်နိုင်သူ' (Differently Abled) လို့ မြင်တယ်။ ကိုယ့်ရဲ့ အခြေအနေကို လက်ခံလိုက်တဲ့နေ့ဟာ ကိုယ် လွတ်မြောက်တဲ့နေ့ပါပဲ။”

၂။ အက်ကွဲကြောင်းတွေဟာ အလင်းဝင်ပေါက်တွေပါ (Beauty in Brokenness): ဂျပန်လူမျိုးတွေက ကွဲသွားတဲ့ အိုးတွေကို ရွှေရည်နဲ့ ပြန်ဆက်သလိုမျိုး (Kintsugi)၊ မူနီဘာဟာ သူမရဲ့ ကျိုးပဲ့သွားတဲ့ ဘဝအစိတ်အပိုင်းတွေကို စုစည်းပြီး ပိုလှပတဲ့ ဘဝသစ်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ “မိတ်ဆွေတို့ဟာ ကျိုးပဲ့သွားလို့ တန်ဖိုးမရှိတော့တာ မဟုတ်ပါဘူး။ အဲ့ဒီ အက်ကွဲကြောင်းတွေကနေ မိတ်ဆွေတို့ဆီကို အလင်းရောင် ဝင်လာနိုင်တာပါ" လို့ သူမက ဆိုပါတယ်။

၃။ ကျေးဇူးတင်တတ်တဲ့စိတ် (Gratitude): "ကျွန်မ မနက်တိုင်း အိပ်ရာနိုးလာတဲ့အခါ အသက်ရှင်ခွင့်ရသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။ လမ်းမလျှောက်နိုင်ပေမဲ့ ကျွန်မမှာ အသက်ရှူနိုင်တဲ့ အဆုတ်ရှိသေးတယ်၊ စဉ်းစားနိုင်တဲ့ ဦးနှောက်ရှိသေးတယ်" ဆိုတဲ့ သူမရဲ့ စိတ်ထားဟာ အကြီးမားဆုံး ခွန်အားပါပဲ။

🌿 မူနီဘာ မာဇာရီရဲ့ ဘဝဇာတ်ကြောင်းက ကျွန်မတို့ ဘယ်လောက်ပဲ နက်ရှိုင်းတဲ့ တွင်းနက်ထဲ ရောက်နေပါစေ၊ မျှော်လင့်ချက် ရောင်ခြည်ဆိုတာ အမြဲရှိတယ်ဆိုတာကို သတိပေးနေပါတယ်။
ဘ၀မှာ အက်ကွဲကြောင်းတွေ ရှိနေရင် ဝမ်းမနည်းပါနဲ့။ အဲ့ဒီအက်ကွဲကြောင်းတွေကနေတစ်ဆင့် ပိုပြီးတောက်ပတဲ့ လူသားတစ်ယောက် ဖြစ်လာနိုင်လို့ပါပဲ။

ဒီနေ့အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ မူနီဘာ့ဆီကနေ ရတဲ့ သင်ခန်းစာတွေထဲက ဘယ်အချက်ကို အကြိုက်ဆုံးလဲဆိုတာ Comment မှာ ပြောခဲ့ပေးပါဦး။✨✨✨✨





゚viralシfypシ゚viralシalシ

#

28/01/2026

မိတ်ဆွေတို့အားလုံးပဲ မင်္ဂလာပါရှင်... ✨ ✨ ✨
🌊 ဒီနေ့မှာတော့ မွေးရာပါ ခြေလက်အင်္ဂါ လုံးဝမပါရှိပေမဲ့ စိတ်ဓာတ်ခွန်အားတစ်ခုတည်းနဲ့ တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာကို အလင်းပြပေးနေတဲ့ "နစ်ဗူချီဆစ်" (Nick Vujicic) အကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

သူကတော့ "ဘဝမှာ အဆိုးဝါးဆုံး မသန်စွမ်းမှုဟာ လက်ခြေမရှိခြင်းမဟုတ်ဘဲ၊ မျှော်လင့်ချက်မရှိခြင်းသာဖြစ်တယ်" ဆိုတာကို သက်သေပြခဲ့သူပဲဖြစ်ပါတယ်။

🌑 ရှင်သန်ခြင်းနှင့် ငယ်ဘဝအတွေ့အကြုံများ

၁၉၈၂ ခုနှစ်မှာ နစ်ကို မွေးဖွားလာတဲ့အခါ သူနာပြုတစ်ဦးဖြစ်တဲ့ သူ့ရဲ့အမေတောင်မှ သူ့ကို ပွေ့ဖက်ဖို့ ငြင်းဆန်ခဲ့ရလောက်အောင် ထိတ်လန့်ခဲ့ရပါတယ်။ သူဟာ ရှားပါးလှတဲ့ Tetra-amelia syndrome ကြောင့် ခြေလက်မပါဘဲ မွေးဖွားလာခဲ့ဖြစ်တယ်။

ငယ်စဉ်က ကျောင်းမှာ အနိုင်ကျင့်ခံရတာ၊ ဝိုင်းကျဉ်ခံရတာတွေကြောင့် စိတ်ဒဏ်ရာတွေ အကြိမ်ကြိမ် ရခဲ့ပါတယ်။ အသက် ၁၀ နှစ်အရွယ်မှာတော့ နစ်ဟာ ဒီလိုဘဝမျိုးနဲ့ ရှေ့ဆက်ဖို့ အဓိပ္ပာယ်မရှိဘူးလို့ ယူဆပြီး ရေချိုးကန်ထဲမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ သူ့ကို ချစ်တဲ့မိဘတွေရဲ့ မျက်နှာကို မြင်ယောင်လာပြီး "ငါ့ရဲ့ နာကျင်မှုတွေကို ငါ့မိဘတွေဆီမှာ မချန်ခဲ့ချင်ဘူး" ဆိုတဲ့ အတွေးနဲ့ သူ ပြန်ရှင်သန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

🏄‍♂️ "ကြက်တောင်ပံလေး" (Chicken Drumstick) မှ ကမ္ဘာကျော်ပုဂ္ဂိုလ်ဆီသို့
နစ်မှာ ခြေလက်တွေမပါပေမဲ့ သူ့ရဲ့ ဘယ်ဘက်တင်ပါးဆုံနားမှာ ခြေချောင်းလေးနှစ်ချောင်းပါတဲ့ အသားစလေးတစ်ခု ရှိပါတယ်။ သူက အဲ့ဒါကို ဟာသနှောပြီး "ငါ့ရဲ့ ကြက်တောင်ပံလေး" လို့ ချစ်စနိုး ခေါ်လေ့ရှိပါတယ်။
သူဟာ အဲ့ဒီခြေချောင်းလေးနှစ်ချောင်းတည်းနဲ့တင် -

📍တစ်မိနစ်ကို စာလုံးရေ ၄၅ လုံး ရိုက်နိုင်အောင် လေ့ကျင့်ခဲ့ပါတယ်။

📍ရေကူးတာ၊ ဆာဖင်း (Surfing) စီးတာ၊ ဂေါက်ရိုက်တာတွေကို တခြားသူတွေထက် ပိုတော်အောင် လုပ်ပြခဲ့ပါတယ်။

အသက် ၁၇ နှစ်မှာ ကျောင်းက သန့်ရှင်းရေးဦးလေးကြီးတစ်ယောက်ရဲ့ တိုက်တွန်းမှုကြောင့် သူဟာ ပထမဆုံးအကြိမ် လူတွေရှေ့မှာ စကားပြောခဲ့ပါတယ်။ အခုဆိုရင် Life Without Limbs အဖွဲ့အစည်းကို တည်ထောင်ပြီး နိုင်ငံပေါင်း ၇၀ ကျော်မှာ လူသန်းပေါင်းများစွာကို စိတ်ခွန်အားပေး ဟောပြောနေသူ ဖြစ်ပါတယ်။

💍 နစ်ဗူချီဆစ် (Nick Vujicic) ရဲ့ချစ်ခြင်းမေတ္တာတွေပြည့်၀နေတဲ့မိသားစုဘ၀...

သူ့လိုလူကို ဘယ်သူက လက်ထပ်မှာလဲ ဆိုတဲ့ လောကရဲ့ အကြည့်တွေကို နစ်ဟာ လှပတဲ့ အောင်မြင်မှုတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ အခုဆိုရင် သူဟာ ချစ်စရာကောင်းတဲ့ ဇနီးသည်၊ သားသမီး ၄ ယောက်နဲ့အတူ ပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါပြီ။ နစ်ရဲ့ အခန်းထဲမှာတော့ "ဘုရားသခင်က ငါ့ကို ခြေထောက်တွေ ပေးလာခဲ့ရင် အဆင်သင့်ဖြစ်နေအောင်" ဆိုတဲ့ ယုံကြည်ချက်နဲ့ ဖိနပ်တစ်စုံကို အမြဲတမ်း အဆင်သင့် ဝယ်ထားဆဲပဲဖြစ်ပါတယ်။

🛡 ဒီနေ့ခေါင်းစဉ်ကနေ မိတ်ဆွေတို့ကိုပေးချင်တဲ့သတင်းစကားကတော့....

🩸ကျေးဇူးတင်ခြင်းရဲ့ စွမ်းအား (Gratitude): ကျွန်မတို့မှာ မရှိတာတွေကို လိုက်ကြည့်နေမယ့်အစား၊ ရှိနေသေးတဲ့အရာတွေအတွက် ကျေးဇူးတင်တတ်လာတဲ့အခါ ဘဝက စပြီးပြောင်းလဲသွားတာပါ။

🩸အကြောက်တရားသည် အကြီးမားဆုံး အကျဉ်းထောင်: ခြေလက်မရှိတာထက် ကြောက်ရွံ့နေတာက ပိုဆိုးပါတယ်။ အကြောက်တရားကို စွန့်လွှတ်လိုက်တဲ့နေ့ဟာ လွတ်လပ်စွာ ရှင်သန်ရတဲ့နေ့မှာပဲ။

🩸အကြိမ် ၁၀၀ လဲရင် ၁၀၁ ကြိမ် ပြန်ထပါ (Resilience): နစ်ဟာ စင်ပေါ်မှာ တမင်လဲပြလေ့ရှိပြီး နဖူးနဲ့အားပြုကာ ပြန်ထပြတတ်ပါတယ်။ "မင်းလဲကျသွားတာဟာ အရှုံးမဟုတ်ဘူး၊ ပြန်မထဘဲ နေတာကမှ တကယ့်အရှုံးပါ" ဆိုတဲ့ သင်ခန်းစာကို သူက လက်တွေ့ပြခဲ့တာပါ။

🩸လူတစ်ယောက်ရဲ့ တန်ဖိုး (Worthiness): လူတစ်ယောက်ရဲ့ တန်ဖိုးဟာ "ဘာလုပ်နိုင်သလဲ" ဆိုတဲ့အပေါ်မှာ မူတည်တာမဟုတ်ပါဘူး။ မင်းဟာ မင်းဖြစ်နေလို့တင် မင်းမှာ တန်ဖိုးရှိပြီးသားပါ။

🌿 နစ်ဗူချီဆစ်ရဲ့ ဘဝဟာ မိတ်ဆွေတို့အားလုံးအတွက် အကြီးမားဆုံးသော အားဆေးတစ်ခွက်ပါပဲ။

"If you can’t get a miracle, become one." (မင်းဆီမှာ အံ့ဖွယ်အမှုတွေ မဖြစ်လာဘူးဆိုရင်၊ မင်းကိုယ်တိုင်က တခြားသူတွေအတွက် အံ့ဖွယ်တစ်ခု ဖြစ်အောင်လုပ်လိုက်ပါ) 🤍

ဒီနေ့အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

15/01/2026

မိတ်ဆွေတို့အားလုံးပဲ မင်္ဂလာပါရှင်... ✨ ✨ ✨

🦅 ဒီနေ့မှာတော့ ဆိုမာလီယာနိုင်ငံရဲ့ ကန္တာရထဲက ဆိတ်ကျောင်းသူဘဝကနေ ကမ္ဘာကျော် Supermodel တစ်ယောက်ဖြစ်လာခဲ့ပြီး၊ နောက်ဆုံးမှာတော့ တစ်ကမ္ဘာလုံးက အမျိုးသမီးငယ်လေးတွေကို ကူညီပေးနေတဲ့ အာဂအမျိုးသမီး (Waris Dirie) အကြောင်းကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

သူမကတော့ "ရိုးရာအစဉ်အလာ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီးငယ်လေးတွေရဲ့ ဘဝကို ဖျက်ဆီးနေတဲ့ ရက်စက်မှုတွေကို ကမ္ဘာကြီးသိအောင် ဖွင့်ဟခဲ့တဲ့ "ကန္တာရနှင်းဆီ" တစ်ပွင့်ပဲဖြစ်ပါတယ်။

🌑 အမှောင်ဖုံးခဲ့သော ကန္တာရထဲက ငယ်ဘဝအကြောင်း

ဝါရစ်ရဲ့ ငယ်ဘဝဟာ အလွန်ခါးသီးခဲ့ပါတယ်။ အသက် ၃ နှစ်အရွယ်မှာတင် "အမျိုးသမီးအင်္ဂါဖြတ်တောက်ခြင်း" (FGM) ဆိုတဲ့ ရက်စက်တဲ့ ရိုးရာဓလေ့ကို ဆေးကုသမှုမရှိဘဲ ခံခဲ့ရပါတယ်။ အဲ့ဒီဒဏ်ရာကြောင့်ပဲ သူမရဲ့ အစ်မဖြစ်သူဟာ သွေးထွက်လွန်ပြီး သေဆုံးခဲ့ရပါတယ်။

အသက် ၁၃ နှစ်အရွယ်မှာတော့ ဖခင်ဖြစ်သူက ကုလားအုတ် ၅ ကောင်နဲ့လဲပြီး အသက် ၆၀ အရွယ်တစ်ယောက်နဲ့ အတင်းအဓမ္မ လက်ထပ်ခိုင်းခဲ့ပါတယ်။ အဲ့ဒီညမှာပဲ ဝါရစ်ဟာ သူမရဲ့ဘဝကို အဆုံးအဖြတ်ပေးမယ့် ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။ အဲ့ဒါကတော့ "ထွက်ပြေးဖို့" ပါပဲ။ သူမဟာ ကန္တာရကို ခြေလျင်ဖြတ်ပြီး၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ ငတ်မွတ်မှုကို အံတုကာ မြို့တော်ဆီကို တစ်ယောက်တည်း ထွက်ပြေးခဲ့ပါတယ်။

👠 အိမ်ကူဘဝမှ ကမ္ဘာကျော် Supermodel ဆီသို့

လန်ဒန်မြို့က ဆိုမာလီယာသံအမတ်အိမ်မှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေစဉ်မှာပဲ သူမရဲ့ ထူးခြားတဲ့ အလှအပကို ဓာတ်ပုံဆရာတစ်ဦးက သတိထားမိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ Vogue မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင် နှင့် Chanel ကဲ့သို့ ကမ္ဘာကျော် Brand တွေရဲ့ မော်ဒယ်ဖြစ်လာခဲ့ပါတယ်။
သူမဟာ အောင်မြင်မှုရဲ့ ထိပ်ဆုံးကို ရောက်နေပေမဲ့ သူမရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ထဲမှာတော့ ငယ်စဉ်ကရခဲ့တဲ့ ဒဏ်ရာတွေက အမြဲတစေ နာကျင်နေခဲ့ပါတယ်။

⚖️ နှုတ်ဆိတ်ခြင်းကို တွန်းလှန်ခဲ့သော အသံ (၁၉၉၇ ခုနှစ်)

၁၉၉၇ ခုနှစ်မှာ ဝါရစ်ဟာ သူမရဲ့ အောင်မြင်မှုတွေကို အသုံးချပြီး ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် အမှန်တရားတစ်ခုကို ဖွင့်ဟခဲ့ပါတယ်။ သူမဟာ ငယ်စဉ်က ခံခဲ့ရတဲ့ ရက်စက်တဲ့ ဓလေ့ဆိုး (FGM) အကြောင်းကို မဂ္ဂဇင်းအင်တာဗျူးမှာ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့တာပါ။
ဒါဟာ မော်ဒယ်တစ်ယောက်အနေနဲ့တင်မကဘဲ အမျိုးသမီးတစ်ယောက်အနေနဲ့ပါ အသက်နဲ့ရင်းပြီး ပြောခဲ့ရတဲ့ အမှန်တရားပါ။ သူမရဲ့ ရဲရင့်မှုကြောင့် ကုလသမဂ္ဂ (UN) က သူမကို FGM တိုက်ဖျက်ရေးဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

🏫 နာကျင်မှုကို "ကယ်တင်ခြင်း" အဖြစ် ပြောင်းလဲခြင်း

ဝါရစ်ဟာ Desert Flower Foundation ကို တည်ထောင်ပြီး သူမလို နာကျင်မှုမျိုး နောက်ထပ် မိန်းကလေးငယ်တွေ မခံစားရအောင် ဘဝကို မြှုပ်နှံခဲ့ပါတယ်။ "ကျွန်မ ခံစားခဲ့ရတဲ့ နာကျင်မှုတွေဟာ ကျွန်မတစ်ယောက်တည်းနဲ့ပဲ အဆုံးသတ်သွားပါစေ" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အာဖရိကက မိန်းကလေးငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ယနေ့ ၂၀၂၆ အထိ တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။

ဒီနေ့ခေါင်းစဉ်ကနေ ပေးချင်တဲ့ သတင်းစကားကတော့.......

🛡 Trauma ကို ခွန်အားပြောင်းခြင်း (Post-Traumatic Growth): ဆိုးဝါးတဲ့ စိတ်ဒဏ်ရာတွေဟာ တစ်သက်လုံး ချုပ်နှောင်ထားလို့မရပါဘူး။ ဝါရစ်ဟာ သူမရဲ့ နာကျင်မှုကို "အရှုံး" အဖြစ် အဆုံးမသတ်ဘဲ ပိုမိုသန်မာတဲ့ "ခံနိုင်ရည်စွမ်းအား" (Resilience) အဖြစ် ပြောင်းလဲကာ ဘဝသစ်ကို တည်ဆောက်ခဲ့ပါတယ်။

🛡 အမှန်တရားကို ဖွင့်ဟခြင်းဖြင့် ကုစားခြင်း (Healing through Truth): မိမိရဲ့ နာကျင်မှုကို မျိုသိပ်မထားဘဲ ထုတ်ဖော်ပြောဆိုခြင်း (Speaking Out) ဟာ စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှုအတွက် အရေးကြီးဆုံးခြေလှမ်းပါ။ အတိတ်ကို ရင်ဆိုင်ရဲတဲ့ သတ္တိကသာ စိတ်တွင်းက အနာဟောင်းတွေကို ကျန်းမာစွာ ကုစားပေးနိုင်တာ ဖြစ်ပါတယ်။

🛡 နာကျင်မှုကို အဓိပ္ပာယ်ရှိသော ရည်မှန်းချက်အဖြစ် ပြောင်းလဲခြင်း (Meaning-Making): မိမိခံစားခဲ့ရတဲ့ ဒုက္ခမျိုး တခြားသူတွေ မခံစားရအောင် ကူညီပေးခြင်းဟာ အကောင်းဆုံး စိတ်ပိုင်းဆိုင်ရာ ဆေးတစ်ခွက်ပါပဲ။ အခြားသူတွေကို အလင်းပြပေးခြင်းအားဖြင့် မိမိရဲ့ အတွင်းစိတ်က အမှောင်ထုကိုပါ တစ်ပြိုင်နက် ဖယ်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။

🌿 မိတ်ဆွေတို့ရဲ့ အတွင်းစိတ်မှာ အရာအားလုံးကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး ခုခံရဲတဲ့ သတ္တိနဲ့ စိတ်ခွန်အားတွေ အများကြီးရှိပါတယ်။ ဘ၀ကို လွယ်လွယ်ကူကူ လက်မလျှော့ဖို့ ဒီနေ့အကြောင်းအရာလေးကနေ စိတ်ဓာတ်ခွန်အားတွေထပ်မံရရှိမယ်လို့ မျှော်လင့်ပါတယ်။

Believe in your Strength. You are a Warrior, not a Victim. 🤍

08/01/2026

မိတ်ဆွေတို့အားလုံးပဲ မင်္ဂလာပါရှင်... ✨

ဒီနေ့မှာတော့ အာဂအမျိုးသမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံက Mukhtar Mai (မက်မိုနာ) အကြောင်းကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

သူမကတော့ “မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာဆိုတာ မှန်တစ်ချပ်လိုပဲ၊ တစ်ခါကွဲသွားရင် ပြန်ဆက်လို့မရတော့ဘူး" ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေကြားမှာ၊ ကွဲအက်သွားတဲ့ သူမရဲ့ဘဝအပိုင်းအစတွေကို ပြန်ကောက်ပြီး တခြားသူတွေအတွက် "အလင်းတိုင်" လုပ်ပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။

🌑 အမှောင်ဆုံးည၏ နိဂုံး (၂၀၀၂ ခုနှစ်၊ ဇွန်လ)

ပါကစ္စတန်၊ မီယာဝါလီရွာလေးမှာ မက်မိုနာရဲ့ ၁၂ နှစ်သား မောင်လေး ကျူးလွန်တယ်ဆိုတဲ့ (မှားယွင်းသော) စွပ်စွဲချက်တစ်ခုအတွက် ရွာကောင်စီ (Jirga) က ရိုင်းစိုင်းရက်စက်တဲ့ စီရင်ချက်ကို ချခဲ့ပါတယ်။ အဲ့ဒါကတော့ မျိုးနွယ်စုကြီးတွေရဲ့ ဂုဏ်သိက္ခာအတွက် မက်မိုနာကို လူအများရှေ့မှာ အုပ်စုလိုက် စော်ကားဖို့ပါပဲ။

အဲ့ဒီညက သူမအတွက်တော့ ကမ္ဘာပျက်တဲ့ညပါ။ ရိုးရာအစဉ်အလာအရဆိုရင် ဒီလိုအဖြစ်ဆိုးမျိုး ကြုံရတဲ့ အမျိုးသမီးတွေဟာ "ဂုဏ်သိက္ခာအတွက် သတ်သေခြင်း" (Honor Su***de) ကိုပဲ ရွေးချယ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မက်မိုနာရဲ့ ရင်ထဲမှာတော့ "ငါ ဘာမှ မမှားဘူး၊ ငါ ဘာလို့ သေရမှာလဲ" ဆိုတဲ့ တော်လှန်လိုစိတ်က မီးလျှံတစ်ခုလို တောက်လောင်ခဲ့ပါတယ်။

⚖️ နှုတ်ဆိတ်ခြင်းကို ငြင်းဆန်ခဲ့သော တော်လှန်ရေး (၂၀၀၂ - ၂၀၀၅)

သူမဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်အစား သူမကို စော်ကားခဲ့သူတွေကို တရားဥပဒေနဲ့ ပြန်လည်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ
ပါကစ္စတန်ကျေးလက်တောရွာက စာမတတ်တဲ့ အမျိုးသမီးတစ်ယောက်အတွက် အသက်နဲ့ရင်းခဲ့ရတဲ့ စွန့်စားမှုပါ။

သူမရဲ့ ရဲရင့်မှုကြောင့် ကျူးလွန်သူ ၆ ဦးကို တရားရုံးက ၂၀၀၂ ခုနှစ်၊ ဩဂုတ်လ မှာ သေဒဏ်ချမှတ်နိုင်ခဲ့ပါတယ်။ (ဒါဟာ မျိုးနွယ်စုစနစ်ကို သာမန်အမျိုးသမီးတစ်ယောက်က အနိုင်ယူပြခဲ့တဲ့ သမိုင်းမှတ်တိုင်ပါပဲ)။

၂၀၀၅ ခုနှစ် မှာတော့ သူမဟာ ကမ္ဘာကျော် Time မဂ္ဂဇင်းရဲ့ "ဩဇာအရှိဆုံး အယောက် ၁၀၀" စာရင်းမှာ ပါဝင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ဖိနှိပ်ခံအမျိုးသမီးတွေအတွက် ပြယုဂ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

🏫 နာကျင်မှုကို "အနာဂတ်" အဖြစ် ပြောင်းလဲခြင်း

မက်မိုနာဟာ တရားနိုင်လို့ရတဲ့ လျော်ကြေးငွေတွေကို ကိုယ့်အတွက် တစ်ပြားတစ်ချပ်မှ မသုံးခဲ့ပါဘူး။ သူမဟာ နာကျင်မှုကြောင့် ရလာတဲ့ "ဒေါသ" ကို ဖျက်ဆီးရေးမှာ မသုံးဘဲ "တည်ဆောက်ရေး" မှာ အသုံးပြုခဲ့ပါတယ်။

"ငါ စာမတတ်ခဲ့လို့ သူတို့လုပ်သမျှ ငြိမ်ခံခဲ့ရတာ။ ငါ့နောက်က ညီမငယ်လေးတွေကတော့ ပညာဆိုတဲ့ အလင်းရောင်နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရမယ်” ဆိုပြီး

၂၀၀၃ ခုနှစ်မှာ သူမရဲ့ ရွာလေးမှာ ကလေးငယ်တွေအတွက် ပထမဆုံးကျောင်းကို တည်ထောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူမဟာ ကျောင်းပေါင်းများစွာနဲ့ အမျိုးသမီးအကြမ်းဖက်မှု တိုက်ဖျက်ရေး စင်တာတွေကို ဦးစီးနေပြီး၊ တစ်ချိန်က သူမကို စော်ကားခဲ့တဲ့ မျိုးနွယ်စုက ကလေးတွေကိုပါ ပညာသင်ပေးနေပါတယ်။

💡ဒီနေ့အကြောင်းရာထဲက ပေးချင်တဲ့သတင်းစကားလေးကတော့....

၁။ From Victim to Survivor : မက်မိုနာဟာ သူမကို လူတွေက "အစော်ကားခံရသူ" လို့ သတ်မှတ်တာကို ငြင်းဆန်ခဲ့ပါတယ်။ သူမဟာ သူမရဲ့ နာကျင်မှုကို အရင်းအနှီးပြုပြီး ဘဝသစ်ကို ပြန်လည်ထုဆစ်ခဲ့ပါတယ်။ မိတ်ဆွေတို့ဘ၀မှာ ဘယ်လောက်ပဲ ဆိုးဝါးတာတွေ ကြုံခဲ့ပါစေ၊ အဲ့ဒီအရာတွေက မိတ်ဆွေတို့ရဲ့ တန်ဖိုး ကို ပြောင်းလဲပြီးမသတ်မှတ်နိုင်ပါဘူး။

၂။ The Power of Speaking Out (အသံထွက်ခြင်း၏ စွမ်းအား): မက်မိုနာသာ ငြိမ်ခံနေခဲ့ရင် သူမဟာ သမိုင်းထဲမှာ ပျောက်ကွယ်သွားမယ့် နောက်ထပ် နာမည်မဲ့ သားကောင်တစ်ယောက်ပဲ ဖြစ်မှာပါ။ သူမရဲ့ "အသံ" ကသာ သူမကိုရော၊ နောက်မျိုးဆက်တွေကိုပါ လွတ်မြောက်စေခဲ့တာဖြစ်ပါတယ်။

၃။ Healing through Service (တခြားသူကို ကူညီခြင်းဖြင့် ကုစားခြင်း): အဆိုးဝါးဆုံး စိတ်ဒဏ်ရာတွေကို ကျော်ဖြတ်နိုင်တဲ့ ဆေးတစ်ခွက်ကတော့ "ကိုယ့်လို နာကျင်မှုမျိုး တခြားသူတွေ မခံစားရအောင် ကူညီပေးခြင်း" ပါပဲ။ မက်မိုနာဟာ ကျောင်းဆောက်ပေးခြင်းအားဖြင့် သူမရဲ့ အတွင်းစိတ်က ဒဏ်ရာတွေကို ကုစားခဲ့ပါတယ်။

"စာမတတ်ခြင်းက ကျွန်မကို အမှောင်ထဲမှာ ထားခဲ့တယ်။ အသိပညာကသာ ကျွန်မကို လွတ်မြောက်စေခဲ့တာ။" — Mukhtar Mai

💡ဒီနေ့အကြောင်းအရာမှတဆင့်စိတ်ဓာတ်ခွန်အားတွေရမယ်လို့မျှော်လင့်ပါတယ်။ 🤍

Believe in your Strength. You are a Warrior, not a Victim.

01/01/2026

မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါရှင့်💁‍♀️
မိဘတွေ၊ ဘိုးဘွားတွေဆီကနေ ရွှေငွေတွေ၊ အိုးအိမ်တွေ အမွေရတာမျိုး မဟုတ်ဘဲ "စိတ်ဒဏ်ရာ" တွေကို အမွေဆက်ခံမိနေတာမျိုး ကြုံဖူးကြလား.....?

🙋‍♀️တစ်ခါတလေ ကိုယ့်ရဲ့ ဒေါသ၊ ကြောက်စိတ် ဒါမှမဟုတ် အမြဲတမ်း စိုးရိမ်ပူပန်နေတတ်တဲ့ အကျင့်တွေက ဘယ်ကနေ လာမှန်းမသိဘဲ ဖြစ်နေတတ်ပါတယ်။ ဒီနေ့မှာတော့ ကိုယ့်ကြောင့်မဟုတ်ဘဲ ရှေ့က မျိုးဆက်တွေဆီက စီးဆင်းလာတက်တဲ့ Intergenerational Trauma (မျိုးဆက်ကျော် စိတ်ဒဏ်ရာ) အကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

❓မျိုးဆက်ကျော် စိတ်ဒဏ်ရာဆိုတာ ဘာလဲ?
ရိုးရိုးရှင်းရှင်း ပြောရရင် အဖိုးအဖွား ဒါမှမဟုတ် မိဘတွေ ကြုံတွေ့ခဲ့ရတဲ့ ကြီးမားတဲ့ စိတ်ဒဏ်ရာတွေ (ဥပမာ - စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှု၊ အကြမ်းဖက်ခံရမှု၊ ဆင်းရဲမွဲတေမှု) ရဲ့ နောက်ဆက်တွဲ စိတ်ဝေဒနာတွေဟာ သူတို့ဆီမှာတင် မရပ်တန့်ဘဲ နောက်မျိုးဆက်တွေရဲ့ စိတ်နေစိတ်ထားနဲ့ ပြုမူနေထိုင်ပုံတွေအပေါ် သက်ရောက်လာတာကို ဆိုလိုတာပါ။

🔬သိပ္ပံနည်းကျ သုတေသနတွေရဲ့ လေ့လာချက်အရ....

🍁ဒါဟာ စိတ်ကူးယဉ်တာ မဟုတ်ပါဘူး။ နာမည်ကျော် သုတေသနတစ်ခုဖြစ်တဲ့ Rachel Yehuda ရဲ့ လေ့လာချက်အရ Holocaust (ဂျူးလူမျိုးတုံးသတ်ဖြတ်မှု) ကို ကြုံတွေ့ခဲ့ရသူတွေရဲ့ သားသမီးတွေမှာ Stress Hormone (Cortisol) ပမာဏ ပုံမှန်မဟုတ်တာကို တွေ့ရပါတယ်။

🍁ဆိုလိုတာက Epigenetics (မျိုးဗီဇအပေါ် ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု) အရ စိတ်ဒဏ်ရာဟာ DNA ထဲမှာတင် မဟုတ်ဘဲ မိဘတွေရဲ့ သားသမီးကို ပြုစုပျိုးထောင်ပုံ (Parenting Style) ကတစ်ဆင့် ကူးစက်သွားတတ်ပါတယ်။ ဥပမာ - "လောကကြီးက ကြောက်စရာကောင်းတယ်" လို့ အမြဲအပြောခံရတဲ့ ကလေးဟာ ကြီးလာတဲ့အခါ ဘာအကြောင်းရင်းမှမရှိဘဲ လူမှုပတ်ဝန်းကျင်ကို ကြောက်နေတတ်တာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။

🔍 ဒါတွေကို ဘယ်လို သတိပြုမိနိုင်မလဲ?

🩸မိသားစုထဲမှာ ပြောမထွက်တဲ့ လျှို့ဝှက်ချက်တွေ၊ နာကျင်မှုတွေ ရှိနေခြင်း။

🩸အကြောင်းမဲ့ အမြဲတမ်း လုံခြုံမှုမရှိသလို ခံစားနေရခြင်း။

🩸ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု (Self-esteem) အမြဲနှိမ့်ချနေခြင်း။

🩸မိဘတွေရဲ့ အပြုအမူ (ဥပမာ - ဒေါသတကြီး အော်ဟစ်တာ) ကို ကိုယ်တိုင်လည်း မကြိုက်ဘဲ ပြန်လုပ်မိနေခြင်း။ စတဲ့အပြုအမှုတွေကနေ သိရှိနိုင်ပါတယ်။

🌱ခုလိုမျိုး လက်ဆင့်ကမ်းစိတ်ဒဏ်ရာတွေ ဆက်လက်မဖြစ်ပွားဖို့ ဘယ်လိုဖြတ်တောက်ကြမလဲ? (Healing Steps)

၁။ နာကျင်မှုကို အမည်တပ်ပြီး အသိအမှတ်ပြုပါ (Awareness & Naming)
"ငါ့ရဲ့ ဒီဒေါသက ငါ့အဖေဆီကလာတာ"၊ "ငါ့ရဲ့ ဒီစိုးရိမ်စိတ်က ငါ့အမေ အမြဲကြောက်နေတတ်တဲ့ အကျင့်ကြောင့်" ဆိုပြီး အရင်းအမြစ်ကို ရှာဖွေပါ။ (ဒါဟာ မိဘကို အပြစ်တင်ဖို့မဟုတ်ဘဲ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး ကုစားဖို့အတွက်သာ ဖြစ်ပါတယ်။)

၂။ သင့်ဆီမှာ စတင်ခဲ့တာမဟုတ်ကြောင်း လက်ခံပါ (It’s not your fault)
ဒီစိတ်ဒဏ်ရာတွေဟာ ကိုယ့်ရဲ့ ညံ့ဖျင်းမှုကြောင့် ဖြစ်လာတာမဟုတ်ဘဲ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်အရ အမွေရခဲ့တာ ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် နားလည်ပေးပါ။

၄။ နယ်နိမိတ်အသစ်များ သတ်မှတ်ပါ (Setting Healthy Boundaries)
သံသရာကို ဖြတ်ချင်ရင် အကျင့်ဟောင်းတွေကို "မလုပ်ဘူး" လို့ ငြင်းဆန်ရပါမယ်။ ဥပမာ - ကိုယ့်သားသမီးကို ဆူပူကြိမ်းမောင်းတော့မယ့်အချိန်မှာ ခဏရပ်ပြီး "ငါ့မိဘတွေ ငါ့ကိုလုပ်သလို ငါပြန်မလုပ်ဘူး" လို့ ဆုံးဖြတ်ပြီး ကလေးအတွက် ပိုကောင်းမယ့်နည်းလမ်းကို ရွေးချယ်ပါ။

၅။ ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ (Seek Professional Help)
တစ်ခါတလေမှာ ဒီသံသရာက အရမ်းနက်ရှိုင်းလွန်းလို့ တစ်ယောက်တည်း ရုန်းထွက်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့်Therapy (နှစ်သိမ့်ဆွေးနွေးမှု) ခံယူခြင်းက နာကျင်မှုတွေကို သိပ္ပံနည်းကျ စနစ်တကျ ကုစားနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။

💡”မိတ်ဆွေဟာ ကိုယ့်မိသားစုရဲ့ သမိုင်းကြောင်းကို မပြောင်းလဲနိုင်ပေမယ့်၊ ကိုယ့်မျိုးဆက်ရဲ့ အနာဂတ်ကိုတော့ ဒီနေ့ကစပြီး ပြောင်းလဲနိုင်ကြပါစေ။ ဒီနေ့ခေါင်းစဉ်လေးက မိတ်ဆွေတို့အတွက် အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။

30/12/2025

တစ်ခုခုကို လေ့လာရင်း "ငါ ဘာမှမတတ်ပါလား" ဆိုပြီး အားငယ်တက်တဲ့သူတွေရှိကြလား..........

မိတ်ဆွေတို့အားလုံးပဲ မင်္ဂလာပါရှင့်။

တစ်ခါတလေမှာ ကျွန်မတို့ဟာ တစ်ခုခုကို အခုမှစလေ့လာတာ ဖြစ်ပေမဲ့ "ငါ အကုန်သိပြီ၊ ဒါက လွယ်လွယ်လေးပဲ" လို့ ယုံကြည်မှုတွေ အပြည့်ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း နက်နက်ရှိုင်းရှိုင်း လေ့လာကြည့်တဲ့အခါမှာတော့ "ငါ မသိတာတွေ အများကြီးပါလား" ဆိုပြီး ယုံကြည်မှုတွေ လျော့နည်းသွားတာမျိုးတွေ ကြုံဖူးကြပါသလား?
ဒါကို စိတ်ပညာမှာ "ဒန်နင်-ခရူဂါ အကျိုးသက်ရောက်မှု" (Dunning-Kruger Effect) လို့ ခေါ်ပါတယ်။ ဒီနေ့မှာတော့ ဒီစိတ်ဝင်စားစရာ အယူအဆအကြောင်းလေးကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

"ဒန်နင်-ခရူဂါ" (Dunning-Kruger Effect) ဆိုတာ ဘာလဲ?
အစပိုင်းမှာ: နယ်ပယ်တစ်ခုကို စတင်လေ့လာခါစ၊ အပေါ်ယံ ဗဟုသုတလေးပဲ ရှိသေးတဲ့အချိန်မှာ "ငါ အကုန်သိသွားပြီ" လို့ ယုံကြည်မှုတွေ အလွန်အမင်း မြင့်မားနေတတ်ပါတယ်။ အမှန်တော့ အဲဒီပညာရပ်ရဲ့ ခက်ခဲနက်နဲမှုကို တိုင်းတာနိုင်စွမ်း မရှိသေးလို့ ဖြစ်ပေါ်လာတဲ့ ယုံကြည်မှုအမှား တစ်ခုသာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ: ပညာရပ်ကို ပိုမိုနက်နက်ရှိုင်းရှိုင်း လေ့လာလာတဲ့အခါမှာတော့ "ငါ မသိတာတွေ အများကြီး ရှိပါလား" ဆိုတာကို သဘောပေါက်လာပြီး ယုံကြည်မှုတွေ ရုတ်တရက် ထိုးကျသွားတတ်ပါတယ်။ ဒါကို "ပညာရှိတို့ရဲ့ စိုးရိမ်စိတ်" လို့လည်း ခေါ်ဆိုနိုင်ပြီး မိတ်ဆွေဟာ အမှန်တရားကို မြင်စပြုလာပြီဆိုတဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။

(Dunning-Kruger Effect) ကိုမိတ်ဆွေတို့ ဘဝအတွက် ဘယ်လိုအသုံးချမလဲ?

✅ ကိုယ့်ကိုယ်ကိုယ် အားပေးပါ: တစ်ခုခုကို လေ့လာရင်း "ငါ ညံ့လိုက်တာ" လို့ စိတ်ဓာတ်မကျပါနဲ့။ အဲဒီအချိန်ဟာ အပေါ်ယံကနေ တကယ့်အနှစ်သာရရှိတဲ့ အဆင့်ကို တက်လှမ်းနေတာဖြစ်ပါတယ်။
✅ နှိမ့်ချစွာ သင်ယူပါ: "ငါ အကုန်သိတယ်" လို့ ထင်မိတဲ့အခါ ဒါဟာ ငါ့ရဲ့ အသိနည်းမှုကြောင့်လားလို့ ပြန်ဆန်းစစ်ပါ။ အမြဲတမ်း သင်ယူနေသူကသာ အမြဲတမ်း တိုးတက်နေမှာပဲဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့သူဖြစ်လာဖို့ နည်းလမ်းတွေကတော့

၁။ "အမြဲတမ်း သင်ယူသူ" အဖြစ် နေထိုင်ပါ (Be a Lifelong Learner): ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ တော်နေပါစေ၊ သင်ယူစရာတွေ ကျန်နေသေးတယ်လို့ သတ်မှတ်ပါ။ အဲဒီလို တွေးခေါ်ခြင်းက မိတ်ဆွေတို့ကို"Mount Stupid" ဆိုတဲ့ ယုံကြည်မှုအမှား တောင်ကုန်းပေါ်ကနေ ဆင်းသက်စေပြီး အနှစ်သာရရှိတဲ့ ပညာရပ်တွေကို ရှာဖွေဖို့တွန်းအားဖြစ်စေပါတယ်။

၂။ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပါ (Self-Reflection): တစ်နေ့တာ ကုန်ဆုံးတိုင်း "ငါ ဒီနေ့ ဘာတွေ သင်ယူခဲ့သလဲ?" "ငါ မသိသေးတာ ဘာတွေရှိမလဲ?" လို့ မေးခွန်းထုတ်ပါ။ မိမိရဲ့ အားနည်းချက်ကို သိမြင်ခြင်းဟာ တကယ့်ခွန်အားတစ်ခု ဖြစ်ပါတယ်။

၃။ အမှားကို လက်ခံပြီး တိုးတက်အောင် လုပ်ပါ: အမှားလုပ်မိတာ ဒါမှမဟုတ် မသိတာဟာ ရှက်စရာမဟုတ်ပါဘူး။ မသိတာကို မသိဘူးလို့ ဝန်ခံနိုင်ခြင်းကသာ လူတော်တွေရဲ့ စစ်မှန်တဲ့ အရည်အချင်းဖြစ်ပါတယ်။

ဒါကြောင့် တစ်ခုခုကို လေ့လာရင်း "ငါ ဘာမှမတတ်ပါလား" လို့ အားငယ်လာတဲ့အခါ စိတ်မပျက်ပါနဲ့။ အဲဒါက အပေါ်ယံအဆင့်ကနေ တကယ့်ကျွမ်းကျင်အဆင့်လမ်းကြောင်းပေါ်ကို တက်လှမ်းနေပြီဆိုတဲ့ သက်သေပဲ ဖြစ်ပါတယ်ရှင်။

တကယ့် အသိပညာဆိုတာ မိမိ ဘာကို မသိဘူးဆိုတာကို သိခြင်း ပဲဖြစ်ပါတယ်"။ မိတ်ဆွေတို့လည်း ဒီနေ့ကစပြီး အပေါ်ယံ ယုံကြည်မှုတွေထက် ခိုင်မာတဲ့ အသိပညာတွေကို ဆက်လက်ရှာဖွေနိုင်ကြပါစေရှင်။

မိတ်ဆွေတို့ရော... တစ်ခုခုကို လေ့လာခါစမှာ "ငါ အကုန်သိပြီ" လို့ ထင်ခဲ့မိတဲ့ အဖြစ်အပျက်လေးတွေ ရှိဖူးပါသလား? ရှိရင်တော့ "မျှဝေမယ်" လို့ မန့်ခဲ့ပေးပါဦးနော်။

27/11/2025

မိတ်ဆွေတို့အားလုံးပဲ မင်္ဂလာပါရှင့် 🙏

ဒီနေ့မှာတော့ မိတ်ဆွေတို့ရဲ့ ဘဝကိုပြောင်းလဲစေနိုင်တဲ့ အယူအဆတစ်ခုဖြစ်တဲ့ "သင်တွေးတဲ့အတိုင်း သင်ဖြစ်လာမယ်" (You Become What You Think) ဆိုတဲ့ အကြောင်းရာကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

🧠 "သင်တွေးတဲ့အတိုင်း သင်ဖြစ်လာမယ်" ဆိုတာ ဘာလဲ?
မိတ်ဆွေတို့ရဲ့ အတွေးတွေ၊ ယုံကြည်ချက်တွေဟာ စိတ်ခံစားမှု၊ အပြုအမူတွေအပြင် ဘဝရလဒ်တွေကိုအထိပါ ပုံဖော်ပေးနေပါတယ်။ စိတ်ပညာမှာ ဒါကို 'Self-Fulfilling Prophecy' (ကိုယ့်ကိုယ်ကိုယ် ပြန်လည် အကောင်အထည်ဖော်တဲ့ ကြိုတင်ဟောကိန်း) လို့လည်း ခေါ်ဆိုကြပါတယ်။

၁။ အတွေးရဲ့ စွမ်းအား (The Power of Thought)

✅ အပေါင်းလက္ခဏာဆောင်သော အတွေးများ (Positive Thinking)
ဥပမာ: "ငါ အောင်မြင်မှာ၊ ငါ လုပ်နိုင်တယ်၊ ငါ့လုပ်နိုင်စွမ်းတွေကို ငါ ယုံကြည်တယ်။အကောင်းဆုံးဖြစ်လာမယ်လို့ တွေးတဲ့အခါ၊ ထိုစိတ်က ပန်းတိုင်ဆီ ဦးတည်ပြီး လုပ်နိုင်စွမ်းတွေ၊ ဖြေရှင်းနည်းတွေကို ရှာဖွေပေးပါတယ်။
ရလဒ်အနေနဲ့ကတော့ ပိုပြီး အကောင်းမြင်တတ်လာပြီး စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်နိုင်တဲ့ စွမ်းရည်ကို ရရှိစေပါတယ်။

❌ အနုတ်လက္ခဏာဆောင်သော အတွေးများ (Negative Thinking)
ဥပမာ: "ငါ မလုပ်နိုင်ဘူး၊ ငါအမြဲတမ်း ရှုံးနိမ့်တယ်" လို့ တွေးနေတဲ့အခါ။
ထိုစိတ်က အနုတ်သဘောဆောင်တဲ့ ယုံကြည်ချက်ကို သက်သေပြဖို့ ကြိုးစားပါတယ်။ ကြိုးစားရမှာကို ကြောက်ရွံ့ပြီး လက်လျှော့လိုက်ဖို့ ဦးတည်စေပါတယ်။
ရလဒ်အနေနဲ့ကတော့ ရှုံးနိမ့်မှုတွေ ကြုံတွေ့ရနိုင်ခြေ ပိုများစေပါတယ်။

၂။ ယုံကြည်ချက်နဲ့ စိတ်ကျန်းမာရေး ချိတ်ဆက်မှု

စိတ်ကျန်းမာရေး ရှုထောင့်ကနေကြည့်မယ်ဆိုရင်၊ ကျွန်မတို့ရဲ့ အတွင်းစိတ်ပြောစကား (Self-Talk) ဟာ ခံစားချက်ကို တိုက်ရိုက်ဩဇာသက်ရောက်ပါတယ်။

😟စိုးရိမ်ပူပန်မှု (Anxiety): အမြဲတမ်း အဆိုးမြင်တဲ့အတွေးတွေ၊ "တစ်ခုခုတော့ ဖြစ်တော့မယ်" ဆိုတဲ့ ယုံကြည်ချက်တွေက စိုးရိမ်ပူပန်မှုကို ပိုမိုအားကောင်းစေပြီး စိတ်ဖိစီးမှုတွေကို တိုးလာစေပါတယ်။

🌟ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု (Self-Esteem): "ငါက ဘာမှမဟုတ်ဘူး" လို့ တွေးနေရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့ စိတ်က အမှန်တကယ်ကို အားနည်းတဲ့သူတစ်ယောက်လို ဖြစ်လာစေပါတယ်။ "ငါ့မှာ တန်ဖိုးရှိတယ်၊ အမှားလုပ်ရင်တောင် ငါ သင်ယူနိုင်တယ်" လို့ တွေးမှသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

💡 အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားကို ဘယ်လို တည်ဆောက်ကြမလဲ?

၁။ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့ စကားကို ပြန်လည် စစ်ဆေးပါ

💡"Cognitive Restructuring" (သိမြင်မှုဆိုင်ရာ ပြန်လည်ဖွဲ့စည်းခြင်း) ကို လေ့ကျင့်ပါ- အနုတ်သဘောဆောင်တဲ့ အတွေးတစ်ခု ဝင်လာတဲ့အခါ အဲဒီအတွေးမှန်ရဲ့လားလို့ ပြန်မေးပါ။ ဥပမာ- "ငါ ဒီအလုပ်ကို ဘယ်တော့မှ မလုပ်နိုင်ဘူး" ဆိုတဲ့ အတွေးအစား "ဒီအလုပ်က ခက်တယ်၊ ဒါပေမဲ့ ငါအများကြီး သင်ယူပြီး ကြိုးစားမယ်" လို့ ပြောင်းလဲ တွေးခေါ်ပါ။

🛑"Stop!" (ရပ်!) ဒီနည်းလမ်းကို သုံးပါ: အနုတ်လက္ခဏာဆောင်တဲ့ အတွေးတွေ ဆက်တိုက်ဝင်လာရင် စိတ်ထဲကနေ "ရပ်!" လို့ အော်ဟစ်ပြီး အဲဒီအတွေးစီးကြောင်းကို ဖြတ်တောက်လိုက်ပြီးအသက်ပြင်းပြင်းရှူပြီး အာရုံကို တခြားအရာဆီ ပြောင်းလိုက်ပါ။

၂။ ကျေးဇူးတင်ခြင်း အလေ့အကျင့်ကို ပြုလုပ်ပါ

📝နေ့တိုင်း ကိုယ့်ဘဝမှာ ကောင်းမွန်တဲ့ အရာသုံးခုကို စာရင်းလုပ်ပါ။ ဒါဟာ မိတ်ဆွေတို့ရဲ့ စိတ်ကို မကောင်းတဲ့အရာတွေထက် ကောင်းမွန်တဲ့အရာတွေအပေါ် ပိုမို အာရုံစိုက်စေဖို့ လေ့ကျင့်ပေးပါတယ်။ အသေးအမွှားလေးတွေ ဖြစ်ရင်တောင်မှ ကျေးဇူးတင်တတ်တဲ့ စိတ်က အကောင်းမြင်စိတ်ကို တိုးပွားစေပါတယ်။

၃။ စိတ်ကို ရှင်းလင်းစေသော အလေ့အကျင့်များပြုလုပ်ပါ

🧘(Mindfulness) လေ့ကျင့်ပါ: ပစ္စုပ္ပန်အချိန်မှာ အာရုံစိုက်နေတဲ့အခါ အတိတ်က နောင်တရစရာတွေနဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေကနေ ခဏတာ လွတ်မြောက်နိုင်ပါတယ်။ ဒါဟာ စိတ်ကျန်းမာရေးကို တည်ငြိမ်စေတဲ့ အဓိကသော့ချက်တစ်ခုပါ။

🏃‍♀️ပုံမှန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ: လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှု ဟော်မုန်းတွေကို လျော့ကျစေပြီး စိတ်ခံစားချက် ကောင်းမွန်စေတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။

📌"သင်တွေးတဲ့အတိုင်း သင်ဖြစ်လာမယ်" ဆိုတာဟာ မှော်အတတ်မဟုတ်ဘဲ၊ မိတ်ဆွေတို့ရဲ့ စိတ်ကျန်းမာရေးကို ဦးစားပေးပြီး အပြုသဘောဆောင်တဲ့ တွေးခေါ်မှု ပုံစံတွေကို လေ့ကျင့်ခြင်းပဲ ဖြစ်ပါတယ် အတွေးတွေကို စီမံခန့်ခွဲခြင်းအားဖြင့် ပိုပြီး ကျန်းမာပျော်ရွှင်တဲ့ စိတ်နေစိတ်ထားနဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

မိတ်ဆွေတို့ကော အနုတ်သဘောဆောင်တဲ့ အတွေးတွေကို အပေါင်းသဘောဆောင်တဲ့ အတွေးတွေအဖြစ် ဘယ်လိုပြောင်းလဲလေ့ရှိပါသလဲ? ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကို "မျှဝေမယ်" လို့ မန့်ခဲ့ပေးပါနော်။

#စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Mayangone
Yangon
11062

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00