Good Shepherd Myanmar
28/06/2026
ရှင်ပေတရုနှင့် ရှင်ပေါလု တို့၏ပွဲနေ့ကြီး
ဇွန်လ (၂၉) ရက်၊ ၂၀၂၆။
ယနေ့တွင် ကက်သလစ်အသင်းတော်သည် ဧဝံဂေလိတရားအတွက် မိမိတို့၏အသက်ကိုပင် စွန့်လွှတ်သက်သေခံခဲ့ကြသော ရှင်ပေတရုနှင့် ရှင်ပေါလု တို့၏ပွဲနေ့ကို ဝမ်းမြောက်စွာ ကျင်းပပါသည်။
ရှင်ပေတရုသည် သခင်ယေဇူးကို သိကျွမ်းသည်ဟု သုံးကြိမ်တိုင် ငြင်းဆိုခဲ့ဖူးသူ ဖြစ်ပြီး၊ ရှင်ပေါလုသည် တစ်ချိန်က ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်ခဲ့သူ ဖြစ်ပါသည်။ သို့သော် ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်နှင့် တွေ့ဆုံခြင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံခြင်းတို့က သူတို့၏အသက်တာကို လုံးဝပြောင်းလဲစေခဲ့ပါသည်။
တစ်ဦးသည် ယုံကြည်ခြင်းအားနည်းခြင်းမှ သစ္စာရှိခြင်းသို့ ပြောင်းလဲခဲ့သလို၊ တစ်ဦးသည် ညှဉ်းပန်းသူမှ ဧဝံဂေလိတရား တော်၏ အကြီးမြတ်ဆုံး သာသနာပြုတစ်ဦးအဖြစ် ပြောင်းလဲခဲ့သည်။ နောက်ဆုံးတွင် သူတို့နှစ်ဦးစလုံးသည် သခင်ယေဇူး၏ အသေခံခြင်းနှင့် ရှင်ပြန်ထ မြောက်ခြင်းကို သက်သေခံရန်အတွက် မိမိတို့၏ အသက်ကိုပင် ပေးဆပ်ခဲ့ကြသည်။
ခရစ်တော်ကို အမှန်တကယ် ဆုံတွေ့သောသူ၏ အသက်တာသည် ကောင်းမွန်ခြင်းသို့ အမြဲပြောင်းလဲနိုင်ပြီး၊ ထိုသို့ပြောင်းလဲခြင်းသည် အခြားသူများအတွက် မျှော်လင့်ခြင်း၏ သက်သေဖြစ်လာနိုင်ပါသည်။
ဤပွဲနေ့တွင် ကျွန်ုပ်တို့လည်း ရှင်ပေတရုနှင့် ရှင်ပေါလုကဲ့သို့ ယုံကြည်ခြင်း၌ ကြည်ညိုခိုင်မာလျက်၊ အသက်ရှင်တော်မူသော ခရစ်တော်၏ သက်သေခံများအဖြစ် နေ့စဉ်အသက်ရှင်နိုင်ရန် ဆုတောင်းကြပါစို့။
ရှင်ပေတရုနှင့် ရှင်ပေါလု၊ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
"Peace begins with each one of us: in the way we look at others, listen to others, and speak about others."
— Pope Leo XIV
ငြိမ်းချမ်းရေးသည် ကြီးမားသော ဆွေးနွေးပွဲများ၊ သဘောတူညီချက်များ သို့မဟုတ် အခြားသူများ ပြောင်းလဲလာခြင်းမှသာ စတင်နိုင်သည် မဟုတ်ပါ။ ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့၏ စိတ်နေသဘောထား၊ တုံ့ပြန်ပုံနှင့် နေ့စဉ်ဆက်ဆံရေးများထဲမှာပင် စတင်ပေါက်ဖွားလာနိုင်ပါသည်။
ကျွန်ုပ်တို့ ဆင်ခြင်သတိပြုကြရမည်မှာ
🔹 မိမိနှင့် သဘောထားကွဲလွဲသူကို မည်သို့ ကြည့်မြင်မည်နည်း။
🔹 မိမိကို နားလည်မှုလွဲသူအား မည်သို့ တုံ့ပြန်မည်နည်း။
🔹 စိတ်ဖိစီးမှုများကြားတွင် မည်သို့သော စကားလုံးများကို ရွေးချယ်ပြောဆိုမည်နည်း။
တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ စိတ်ရှည်ခွင့်လွတ်ပေးလိုက်မှုလေးတစ်ခု၊ လေးစားစွာနားထောင်ပေးလိုက်မှုတစ်ခု သို့မဟုတ် နူးညံ့သောစကားလေးတစ်ခွန်းသည် မိမိအနီးအနားပတ်ဝန်းကျင်ရှိ လူတစ်ဦး၏ တနေ့တာကို အဓိပ္ပာယ်ရှိသွားအောင် ပြောင်းလဲပေးနိုင်ပါသည်။
ယခုစတင်မည့် သီတင်းပတ်သစ်တွင် ကျွန်ုပ်တို့ကိုယ်တိုင်သည် ငြိမ်းချမ်းရေးကို သယ်ဆောင်ပေးနိုင်သူများ ဖြစ်ကြသည်ကိုသတိရကြပါစို့။
ကျွန်ုပ်တို့၏ နှလုံးသားမှ စတင်သော ငြိမ်းချမ်းရေးသည် မိသားစုများ၊ လုပ်ငန်းခွင်များနှင့် အသိုင်းအဝိုင်းများဆီသို့ တဖြည်းဖြည်း ကူးစက်ပျံ့နှံ့သွားနိင်ကြပါစေ။
"အိုဘုရားသခင်၊ ကိုယ်တော်ရှင်၏ ငြိမ်းချမ်းခြင်းကို ကျွန်ုပ်တို့၏ အတွေးအခေါ်များ၊ စကားလုံးများနှင့် လုပ်ရပ်များမှတစ်ဆင့် ထင်ဟပ်နိုင်စေရန် ကောင်းချီးပေးတော်မူပါ။"
အာမင်။
19/06/2026
ကမ္ဘာ့ဒုက္ခသည်များနေ့ | ဇွန်လ (၂၀) ရက်
“Until everyone is safe.”
လူတိုင်းသည် မိမိအိမ်ဟုခေါ်နိုင်သောနေရာတစ်ခု၊ လုံခြုံစွာနေနိုင်သောဘဝတစ်ခုကို လိုလားကြပါသည်။
သိုသော် ကမ္ဘာအနှံအပြားတွင် မိသားစုများစွာသည် မိမိတို၏နေရပ်အိမ်ကိုစွန့်ခွာရခြင်း၊ မသေချာသောလမ်းကြောင်းများကို ဖြတ်သန်းရခြင်း၊ မျှော်လင့်ချက်များကို ရင်ထဲတွင်သာ ဆုပ်ကိုင်ထားရခြင်းတိုကို တွေ့ကြုံနေရဆဲဖြစ်ပါသည်။
ယနေ့တွင် ကျွန်ုပ်တိုသည် ထိုဒုက္ခသည် မောင်နှမများအတွက် အထူးဆုတောင်းပေးကြပါစို။
သူတို၏ ခရီးလမ်းများတွင် လုံခြုံမှုရှိပါစေ။
သူတို၏ နှလုံးသားများတွင် ငြိမ်းချမ်းမှု ပြန်လည်တည်ရှိပါစေ။
သူတို၏ ဘဝများတွင် မျှော်လင့်ချက်အလင်း ပြန်လည်လင်းလက်ပါစေ။
"အိုဘုရားသခင်၊ ဒုက္ခအပေါင်းနှင့် အိမ်ယာမဲ့ခြင်းကို ခံစားနေရသော ဘုရားသခင်၏ သားသမီးများအားလုံးသည်
- လုံခြုံသောနေရာတစ်ခု၊
- ချစ်ခြင်းမေတ္တာရှိသော လူ့အဖွဲအစည်းတစ်ခုနှင့်
- ငြိမ်းချမ်းသော အနာဂတ်တစ်ခုကို ပြန်လည်တွေ့ရှိနိုင်ကြပါစေ။"
အာမင်။
18/06/2026
ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှုများ ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ | ဇွန်လ (၁၉) ရက်
လူတစ်ယောက်၏ ဒဏ်ရာတိုင်းသည် အမြဲတမ်း မျက်စိဖြင့်မြင်နိုင်ကြသည်မဟုတ်ပါ။
တချို့သောဒဏ်ရာများသည် စိတ်နှလုံးထဲ၌ နှစ်ပေါင်းများစွာ တိတ်တဆိတ် နေထိုင်နေတတ်ကြသည်။
- သူတို့သည် စာရွက်ပေါ်ရှိမှတ်တမ်းတင်ထားသော ကိန်းဂဏန်း၊ ဒေတာများသာမဟုတ်ကြပါ။
- သတင်းခေါင်းစဉ်ကြီးတစ်ခုသာ မဟုတ်ကြပါ။
- သူတို့သည် မိသားစုဝင်တစ်ဦး၊ သူငယ်ချင်းတစ်ဦး၊ သားသမီးတစ်ဦး၊ မိခင်တစ်ဦး၊ လူသားတစ်ဦး တို့ဖြစ်ကြပါသည်။
နာကျင်မှုကို ဖျောက်ဖျက်ပစ်လို့ မရနိုင်သော်လည်း သူတို့အားစာနာနားလည်ပေးမှုဖြင့် နာကျင်မှုသည်လျော့ပါးစေနိုင်ပါသည်။ သိမ်ငယ်တိတ်ဆိတ်နေခြင်းများကို ချိုးဖျက်ပေးနိုင်ပါသည်။ သူတို့၌မျှော်လင့်ချက်များကို ပြန်လည်ရှင်သန်စေနိုင်ပါသည်။
ဤနေ့တွင် နာကျင်မှုကို သယ်ဆောင်နေကြသူအားလုံးအတွက် ဆုတောင်းရင်း လူသားတစ်ဦး၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားသော ကမ္ဘာတစ်ခု တည်ဆောက်နိုင်ရန် မျှော်လင့်ကြပါစို့။
Click here to claim your Sponsored Listing.
Category
Contact the place of worship
Telephone
Address
Bogyoke Aung San Street
Yangon