TBELC Library
24/01/2021
တစ်ခါက တက္ကသိုလ်ပြည်တွင် ပညာ သင်လာခဲ့ကြသော
ကျောင်းသားနှစ်ဦးသည် ပညာစုံသောကြောင့် မိမိတို့ နေရပ်သို့ပြန်လာခဲ့ကြသည်။
တစ်နေ့တာခရီး လမ်းလျှောက်ခဲ့ပြီးသောအခါ ညနေ
စောင်းတွင် ကျေးရွာတစ်ခုသို့ ရောက်လာသောကြောင့် ထိုရွာတွင် တည်းခိုအနားယူကြလေသည်။
ကျေးရွာငယ်လေး ဖြစ်သောကြောင့် တက္ကသိုလ်ပြန် ကျောင်းသားနှစ်ဦး ရောက်နေကြောင်း သတင်းမှာလည်း ချက်ချင်းပင် ပျံ့နှံ့သွားလေသည်။
မိန်းမတစ်ယောက်က တက္ကသိုလ်ပြန် ကျောင်းသားများ ဖြစ်ကြ သည့်အတိုင်း ဗေဒင်ပညာကို တတ်ကျွမ်းကြမည်ဟု ယုံကြည်သည့်အလျောက် မိမိခင်ပွန်း အိမ်ပြန်ချိန်ရောက်ပါလျက် ပြန်မရောက်သည့် အကြောင်းကို ဗေဒင်လာမေးသည်။ပထမကျောင်းသားက အချိန်ကာလ စသည်အားဖြင့် တွက်ချက်ပြီးနောက် ခင်ပွန်းသည်မှာ ပြန်လမ်းမရှိ ကွယ်လွန်ပြီဖြစ်ကြောင်းဟောလိုက်သည်။ သို့နှင့် အမျိုးသမီး ဇနီးခမျာမှာ မကျေနပ်သောကြောင့် ဒုတိယကျောင်းသားအား တွက်ချက်စစ်ဆေးပေးပါရန် ထပ်မေးမြန်းပါသည်။
ဒုတိယကျောင်းသားလည်း ထပ်မံစစ်ဆေးပြန်သည်။
ပြန်လမ်းမရှိ ကွယ်လွန်နေပြီဖြစ်ကြောင်းကိုပင် တွေ့ရှိနေလေသည်။ ထိုအခိုက်တွင် ပြင်ပသို့ လှမ်းကြည့်လိုက်ရာ အိမ်ပြင်ရှိ မီးဖိုကုန်းမြင့်ကလေးအနီးမှ ကြွက်ငယ်တစ်ကောင် ဖြတ်ပြေးသည်ကို ကြောင်တစ်ကောင်က အုပ်လိုက်သည်တွင် ဖမ်းမိသွားသည်ကို မြင်တွေ့ လိုက်ရသည်။ သို့နှင့် “ခင်ဗျား ခင်ပွန်းကျားကိုက်လို့ သေရှာပြီ။ဒီအနီးတဝိုက်မှာ ကျားရဲတဲ့ တောင်ကုန်းရှိလျှင် သွားပြီး ရှာကြပါ၊ အလောင်းကို တွေ့ပါလိမ့်မယ်"ဟု ဟောလိုက်၏။
မိန်းမဖြစ်သူနှင့် အခြားသူများလည်း ထိတ်လန့်တကြား
ဖြစ်ကုန်ကြ၏။ သို့နှင့် ရွာသူကြီးက မောင်းထု လူစုပြီး မီးတုတ်၊မီးစည်းများ ကိုင်ဆောင်ကာ ကျားရဲတတ်သော တောင်ကုန်းဆီသို့ စုဝေးသွားရောက် ရှာဖွေကြရာ အလောင်းကို တွေ့၍ ဆောင်ယူပြန်လာခဲ့ကြရသည်။ ဗေဒင်မှန်လှသော ကျောင်းသားကိုလည်းတအံ့တသြ ချီးကျူးကြလေသည်။ နောက်တစ်နေ့ နံနက်လင်း၍
ခရီးဆက်ကြမည် ရှိသောအခါ ပထမကျောင်းသားက ဒုတိယကျောင်းသားအား....
“သူငယ်ချင်း မင်းပြန်နှင့်ပါတော့၊ငါတော့ ဆရာ့ဆီ ပြန်
သွားဦးမယ်”
“ဘာကြောင့်လဲ သူငယ်ချင်း”
“တပည့်ချင်းတူပါလျက် ပညာတူ သင်မပေးတာကို ငါ
မကျေနပ်ဘူး သူငယ်ချင်း”
ဒုတိယကျောင်းသားက သူ့ကို သီးခြားပညာ သင်မပေးပါ
ကြောင်း၊ ဆရာ့ကို အထင်မလွဲသင့်ကြောင်း၊ အတန်တန်ပြောသော်လည်း မရသဖြင့်
“ကဲ- ဒါဖြင့် မင်းပြန်သွားမှာဆိုလဲ တစ်ယောက်တည်း၊
ငါက ရှေ့ခရီး ဆက်ရမည်ဆိုလဲ တစ်ယောက်တည်း ဖြစ်နေပြီ။ဒီတော့ သွားအတူ ပြန်အတူ ငါလဲ ပြန်လိုက်ခဲ့ပါ့မယ်"
ဤသို့နှင့် နှစ်ယောက်သား ပြန်လာခဲ့ကြရာ ညနေရီ
တရောတွင် ကျောင်းပြန်ရောက်ကြလေသည်။
ဆရာက အံ့အားသင့်စွာ ကျိုးကြောင်း မေးကြည့်၍ သိ
တော့...
“ကောင်းပြီ တပည့်တို့။ ဒီအကြောင်းကို နက်ဖန်ကျမှ
ပြောကြစို့၊ အခုတော့ဖြင့် အချိန် မဟုတ်တော့ဘူး။ မင်းတို့လဲခရီးပန်းလာကြတယ်၊ စားသောက်ပြီး နားကြပေတော့"
နောက်တစ်နေ့ နံနက်လင်း၍ ဆရာရှေ့မှောက် ရောက်
သွားကြတော့ ဆရာက...
“ကဲ- တပည့်တို့ပြောစရာရှိတာ နောက်မှ ပြောကြစို့။အခု လောလောဆယ် ဆရာ့မှာဆေးဖော်ဖို့ ဟို မြက်ပင်တွေမှာ
ဖလားပြည့် နှင်းရည်ကလေးတွေကို နေမရင့်မီ ဖလားတစ်လုံးစီစုခဲ့ကြစမ်းပါ”
ဤသို့ ပြောပြီး ရွယ်တူဖလားငယ်ကလေး တစ်လုံးစီ
ပေးလိုက်သည်။ အတန်ကြာသောအခါ ဒုတိယကျောင်းသားကဖလားပြည့် နှင်းရည်ကလေးများကို စုလာခဲ့သည်။ ထို့နောက်အတော်လေးကြာမှ ပထမကျောင်းသားက ဖလားပြည့်လာသည်။
ဆရာက ပထမကျောင်းသားအား နှင်းရည်ကို မည်သို့ စုသနည်းဟု မေးသည်။
"ဖလားကို အောက်က ခံပြီး မြက်ကို ခါချပြီး စုပါတယ်
ဆရာ”
တစ်ခါ ဒုတိယကျောင်းသားကို မေးလိုက်တော့
“သန့်စင်တဲ့ ပုဝါ တစ်ခုကို မြက်ပင်ပေါ်မှာပွတ်ပြီး နှင်းရည်
ကို စုပါတယ်။ စိုရွှဲလာတဲ့အခါမှာ ဖလားထဲကို ညှစ်ယူပါတယ်ဆရာ"
“ကဲ- တပည့်တို့ ဆရာ မကွာပါဘူး၊ မင်းတို့ တပည့်ချင်း
သာ ကွာကြတာပါ။ ပြန်ကြတော့"
ဤပုံပြင်ကလေးကို မကြာခဏ ကျွန်တော် သတိရမိသည်။
ဤကဲ့သို့ လိုရင်းအချက်ကို မြင်တတ်အောင် ပုံသေမဟုတ်ဘဲဘေးပေါက်နည်းတွေကို ရှာဖွေ သုံးစွဲတတ်အောင် ကျောင်းသားများကို လေ့ကျင့်ပေးဖို့ ရနိုင်ကောင်းသလားဟုလည်း စဉ်းစားကြည့်မိဖူးသည်။ ကျောင်းသားတွေကို သင်ပေးဖို့ ထားလိုက်ဦး။မိမိကိုယ်တိုင်က ထိုကဲ့သို့ စဉ်းစားတတ်အောင် မြင်တတ်အောင်လုပ်နိုင်ပါသလားဟူသော အချက်ကို အထပ်ထပ် စဉ်းစားကြည့်မိဖူးပါသည်။ မလွယ်လှဘူးဟူသောအဖြေ ထွက်လာပါသည်။ မဖြစ်နိုင်တာလား မလွယ်တာလားဟု ဆက်ပြီး စဉ်းစားကြည့်လိုက်
တော့ မဖြစ်နိုင်တာမဟုတ်ဟုလည်း ထင်မိပါသည်။
စာဖတ်သူများ ဆက်လက် စဉ်းစားရန် တင်ပြလိုက်ပါသည်
**********************
အောင်သင်း
ပညာသာလျှင် နှင့် သစ်လွင်အတွေးဆောင်းပါးများစာအုပ်
20/01/2021
The One and Only Ivan သည်၂၀၂၀ ခုဟာသဒရာမာဇာတ်ကားဖြစ်ပါတယ်။
(K. A. Applegate) ၏ကလေးများဝတ္ထုကို အခြေခံ၍ Mike White ၏ဇာတ်ညွှန်းမှ Director Thea Sharrock ကရိုက်ကူးခဲ့ပါသည်။
ဂေါ်ရီလာအိုင်ဗန်၏ဖြစ်ရပ်မှန်လှုံ့ဆော်မှုနှင့်အတူ ပေါ်ပေါက်လာသောဒီရုပ်ရှင်ဟာ ရိုက်ကူးရေးကို ၂၀၁၄ ခုနှစ်တွင်ပထမဆုံးကြေငြာခဲ့ပြီးနှစ်နှစ်အကြာတွင်ထုတ်လုပ်မှုသို့စတင်ခဲ့ပြီး 2018 ခုနှစ်၊ နွေရာသီတွင်ဖလော်ရီဒါတွင်ရိုက်ကူးခြင်းဖြင့်စတင်ခဲ့ပါတယ်။
The One and Only Ivan ကို 2020
သြဂုတ် 21 တွင်ထုတ်လွှင့်ခဲ့ပါတယ်ခင်ဗျာ။
ဒီဇာတ်ကားလေးဟာဆိုရင် သင့်English Skill အတွက် အကျိုးပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ရသအတွက်သာမကEnglish Learning အတွက်လည်းသုံးနိုင်ကြပါစေ။
Movie Link
*********************************************
https://drive.google.com/drive/folders/1-0Gt1vW2p7BLAFCQRXxn3fX38rPLoK5R?usp=sharing
**********************************************
10/01/2021
အပိုင်း(၂)၊အဆက်
(ငါး)
အမေနဲ့ပတ်သက်ပြီးတော့ ဘ၀မှာ ရှိုက်ကြီးတငင်ငိုခဲ့ဖူးတဲ့အချိန်တွေရှိခဲ့တယ်။ကျွန်တော်ဟာ နွေရာသီကျောင်းပိတ်ရက်ကို ပင်လယ်ကမ်းစပ်က ရွာလေးတစ်ရွာမှာပုစွန်ကန်အလုပ်ကြမ်းသမားအဖြစ် အလုပ်လုပ်ဖြစ်ခဲ့တယ်။ ဘာအလုပ်တစ်ခုမှမည်မည်ရရမလုပ်ဖူးတဲ့အရွယ်
၊ စိတ်ဓာတ်တွေထွေပြားနေတဲ့ ကြီးကောင်ဝင်စအရွယ်၊
အိမ်ကိုမခွဲဖူးဘဲ ခွဲရချိန်လည်းဖြစ်နေတော့ ညတိုင်းညတိုင်း ပင်လယ်ကမ်းစပ်မှာတစ်ယောက်တည်းထိုင်ရင်း ပင်လယ်ကြီးကိုတိုင်တည်ပြီး ငိုမိခဲ့တယ်။ တစ်ခါတလေ
လူတွေနဲ့အဝေးဆုံး ကမ်းစပ်တစ်နေရာကိုသွားပြီး အသံတစ်ဆုံးအော်ဟစ်ပစ်ခဲ့ဖူးတယ်။ပင်လယ်ပြင်ဆီကတန်ပြန်လာတဲ့ပဲ့တင်သံတွေရင်ထဲကိုတဒိန်းဒိန်းဝင်ဆောင့်တဲ့အခါ
တိုင်း ကျွန်တော် ပျော့ခွေလဲမတတ်။
ကျွန်တော် အမေ့ကိုလွမ်းတယ်။ အိမ်မှာဆိုရင် မျက်နှာကြောမတည့်တဲ့အဖေ့ကိုလွမ်းတယ်။ အဖေမရှိချိန်မှာ အဖေကိုအသိမပေးဘဲထွက်လာခဲ့လို့ အမေ့ကို အဖေ
ဆူနေမလားတွေးတယ်။ ဒါမှမဟုတ် ကျွန်တော်အိမ်ပြန်ရောက်ချိန်မှာ ကျွန်တော့်ကိုဆူဦးမှာလား တွေးမိပြန်တယ်။
ကျွန်တော် အိမ်ကိုပြန်ပြေးသွားချင်မိတယ်။မျက်လုံး
ကြောင်တောင်တောင်နဲ့ ကျွန်တော့်အောက်ကညီလေးကို လွမ်းတယ်။အစားအသောက်ကြီးပြီး အငိုသန်တဲ့ညီအငယ်ဆုံးကိုလွမ်းတယ်။တီတီတာတာစကားပြောစ အထွေးဆုံးညီမငယ်လေးကိုလွမ်းတယ်။ ရန်ဖြစ်နေကျ အဖေ့အစ်မအပျိုကြီးအရီးဒေါ်အေးကိုလွမ်းတယ်၊ သူငယ်ချင်းတွေကိုလွမ်းတယ်။ ကျွန်တော်အိပ်ခန်းထဲကကျွန်တော်တီးနေကျဂစ်တာလေးနဲ့ စုဆောင်းထားတဲ့စာအုပ်တွေကို လွမ်းတယ်။
ပြီးတော့ကျွန်တော်မနမ်းရဲတဲ့ ပန်းကလေးကိုလွမ်းတယ်။
(ခြောက်)
ဘ၀မှာ မေ့မရနိုင်ခဲ့တဲ့အမှတ်တရတွေ အဲဒီနွေရာသီမှာ အနာတရအပြည့်နဲ့ကျွန်တော့်ရင်ထဲရောက်ရှိလာခဲ့ကြတယ်။ နွေရက်တွေကုန်ဆုံးခါနီးမှာကျွန်တော်ဟာ
ပုစွန်ကန်အငှားသမားဘဝကို အနားယူပြီး အိမ်ပြန်လာတယ်။ နေရောင်စားထားတဲ့အသားရေမွဲခြောက်ခြောက်နဲ့ ဆားငန်ငွေ့ ရိုက်ထားတဲ့ ဆံပင်ရှည်ကြီးတွေ ဖရိုဖရဲ
ကောက်ကွေးတွန့်လိမ်လို့။ သဲကြိုးပြတ်လုလုမြင်းကြယ်ဖိနပ်အနီရောင်နဲ့ မိုးပြာရောင်မွဲမွဲကျောပိုးအိတ်အနွမ်းလေးကိုလွယ်လို့။ ခြေလှမ်းကြဲကြီးတွေနဲ့ ကျွန်တော့်အိမ်ရှိရာလမ်းကြားထဲကိုကသုတ်ကရက်ဝင်တယ်။ အိမ်ကိုရောက်တဲ့အခါ စုဆောင်းမိလာတဲ့ငွေစတချို့ကို အမေ့ကိုအပ်ပြီးတော့ကန်တော့မယ်လို့စိတ်ကူးတယ်။ ဒီလိုနေ့လယ်ခင်းမျိုးဆိုရင် အဖေ အိမ်မှာရှိမနေတတ်တာကိုသိပေမယ့်ကြုံတောင့်ကြုံခဲ အဖေရှိနေခဲ့ရင်အမေ၊ အဖေနဲ့အရီးဒေါ်အေးပုကိုပါ တစ်ပါတည်းကန်တော့ဖို့ စိတ်ကူးတယ်။ ပြီးမှ
အငယ်ကောင်တွေကို လမ်းက၀ယ်လာတဲ့ သကြားလုံးတွေ အညီအမျှခွဲပေးမယ်။ကိုယ့်အတွေးနဲ့ကိုယ်နွေးနွေး ထွေးထွေးလေးပဲ ကြည်နူးနေမိသေးတယ်။
ဒါပေမဲ့ ကြည်နူးနေတဲ့ ကျွန်တော့်အတွေးလေးတွေဟာ အိမ်ထဲကိုလှမ်းဝင်ဖို့ပြင်လိုက်စဉ်မှာပဲ ပျောက်ဆုံးသွားခဲ့ရတယ်။ “ဘယ်သူနဲ့တွေ့ချင်လို့လဲ"ဆိုတဲ့ အသံတစ်သံက နားထဲကို သံရည်ပူလောင်းထည့်လိုက်သလိုပြင်းပြင်းရှရှစိမ့်ဝင်လာတယ်။နားထဲကတစ်ဆင့် နှလုံးသားထဲအထိ စူးရှလွန်းစွာဝင်သွားတယ်။မျက်နှာစိမ်း၊ အသံစိမ်းတွေကျွန်တော့်ကို အစိမ်းလိုက် စိုက်ကြည့်လို့။ ကျွန်တော့်အသိစိတ်ထဲကိုအလိုလိုဝင်ရောက်လာတဲ့ အသိတစ်ခုက ကျွန်တော့်ကိုဆောက်တည်ရာမရ ဖြစ်စေခဲ့ပြီ။ကျွန်တော် ဘာတစ်ခုမှပြန်မပြောနိုင်တော့ဘဲကျောခိုင်းထွက်ပြေးမိတယ်။ပါးပြင်ထက်ကိုပူပူနွေးနွေးစီးကျလာတဲ့မျက်ရည်စက်တွေက တဖြိုင်ဖြိုင်။
သွားပြီ။ ကျွန်တော့်မှာ အိမ်မရှိတော့ဘူး။ ကျွန်တော်နားခိုမယ့်အိမ်မရှိတော့ဘူး။
ကျွန်တော်ရူးသွပ်မှုတွေကို သိုလှောင်ထားတဲ့ ကျွန်တော့်အိပ်ခန်းငယ်လေး မရှိတော့ဘူး။ ကျွန်တော့်မိသားစုတွေကျွန်တော့်ကိုထားခဲ့ပြီးတော့ ထွက်ခွာသွားခဲ့ကြပြီ။အဖေ၊
အမေ၊အရီး၊ ညီလေးတွေနဲ့ ညီမလေးတို့တစ်တွေ ဘယ်ဆီကိုရောက်သွားခဲ့ကြပြီလဲ။ကျွန်တော် ဘယ်မှာခိုနားရတော့မလဲ။ ကျွန်တော့်မိသားစုတွေ အိမ်လေးကိုရောင်းပြီး
တော့ တစ်နေရာဆီကို ပြောင်းရွှေ့သွားခဲ့ကြပြီ။သွေးရူးသွေးတန်းလျှောက်လာရင်းကိုယ့်ရှိုက်သံကို ကိုယ်ကြားနေရတယ်။နောက်ဆုံးမှာတော့ ကျွန်တော့်ခြေလှမ်းတွေဟာကျွန်တော်မနမ်းရဲတဲ့ပန်းကလေးရဲ့ ကုန်စုံဆိုင်ရှေ့မှာ အဆုံးသတ်သွားခဲ့တယ်။
အမေဟာကျွန်တော်ထိုင်နေကျကုန်စုံဆိုင်ကိုတစ်နေ့တစ်ခေါက်ကျပုံမှန်လာပြီးတော့ ကျွန်တော်ပြန်ရောက်ပြီလားလို့ လာစုံစမ်းတတ်ကြောင်း ကျွန်တော့်ပန်းပွင့်လေးက ပြန်ပြောပြတယ်။ ကျွန်တော်အိမ်ပြန်လာတဲ့အချိန်မှာ အားမငယ်ဖို့နဲ့ ပြောင်းရွှေ့သွားတဲ့ အိမ်လိပ်စာကိုလည်း ပြောပြပေးဖို့ နေ့တိုင်း တဖွဖွလာရောက်မှာနေတတ်တယ်လို့ပြန်ပြောပြတယ်။ အမေ့လက်ရေးနဲ့ သတ်ပုံမပီမသရေးထားတဲ့ အိမ်လိပ်စာ စာရွက်အပိုင်းအစလေးတစ်ခုကိုထုတ်ပေးတဲ့အခါ ကျွန်တော်ရှိုက်ကြီးတငင်ငိုလိုက်မိတယ်။ လူတချို့ရှိနေကြပေမယ့် ရှက်ရမှာကို ကျွန်တော် သတိမထားမိတော့ဘူး။ရှိုက်ရှိုက်ပြီးတော့ ကျွန်တော်ငိုလိုက်မိတယ်။ အဲဒီနေ့က အမေ့မေတ္တာကို အစအဆုံးမြင်တွေ့လိုက်ရတဲ့နေ့။ ကောင်းကင်ကြီး ကျယ်ပြန့်သည်ထက် အမေ့မေတ္တာက ပိုပြီးကျယ်ပြန့်နေတယ်ဆိုတာ ကျွန်တော် နားလည်ခဲ့တဲ့နေ့။
အမေပေးထားတဲ့လိပ်စာလေးအတိုင်းကျွန်တော်လိုက်သွားတဲ့အချိန်မှာ ညနေစောင်းချိန်ကိုရောက်နေခဲ့ပြီ။လိပ်စာထဲမှာပါတဲ့အိမ်ကို ရောက်တယ်။ရေနံချေးတွေဝနေအောင်သုတ်ထားတဲ့ ခြေတံရှည်နှစ်ထပ်အိမ်ကြီး အိမ်ခန်းတွေဖွဲ့ပြီး အခန်းငှားစားနေတဲ့အိမ်ဆိုတာကို မြင်လိုက်ရုံနဲ့ သတိထားမိတယ်။ ဆင်းရဲပေမယ့် လုံးချင်းခြံဝင်း၊လုံးချင်းအိမ်ကလေးနဲ့ နေသားကျလာခဲ့တဲ့ ကျွန်တော့်မိသားစုတွေ အငှားအိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ပူလောင်ကျဉ်းကျပ်နေကြမှာပဲဆိုတဲ့အတွေးနဲ့ မျက်ရည်တွေစီးကျလာပြန်တယ်။
အိမ်ရှင်မိန်းမကြီးကိုမေးမြန်းပြီးတော့အမေတို့ငှားနေတဲ့ အပေါ်ထပ်က အခန်းလေးဆီကို လှေကားထစ်တွေ တစ်ထစ်ချင်းနင်းပြီး တက်တယ်။ အမေတို့အခန်းရဲ့ စေ့ရုံစေ့ထားတဲ့ သစ်သားတံခါးလေးကို ဖြည်းဖြည်းလေး ကျွန်တော်တွန်းဖွင့်တယ်။အိမ်ခန်းကျဉ်းလေးထဲမှာ ထမင်းဝိုင်းဖွဲ့စားဖို့ပြင်နေကြတဲ့မိသားစုအစုံအလင်ကိုတွေ့ရတယ်။ မှောင်နေတဲ့အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်မီးရောင်က ဝါကြင်ကြင့်မှိန်ဖျော့ဖျော့။ ထမင်းစားပွဲဝိုင်းကလေးက တိတ်ဆိတ်လို့။ တို့ထိဖို့ လက်တွန့်နေကြတဲ့ဟင်းခွက်အနည်းငယ်က စားပွဲအလယ်မှာ ပုံစံမယွင်း ငြိမ်သက်လို့။
အမေနဲ့ အဖေ့ကို ကျွန်တော်လှမ်းခေါ်တယ်။ညီလေးညီမလေးတွေကို လှမ်းခေါ်တယ်။အရီးကြီးကို ကျွန်တော်လှမ်းခေါ်တယ်။ဒါပေမဲ့ကျွန်တော့်အသံတွေအပြင်ကိုထွက်ကျမလာ။ လည်ချောင်းထဲဆို့တစ်နေတယ်။စကားသံတွေအစား ပူနွေးလွန်းတဲ့မျက်ရည်တွေ ပါးပြင်ကို လိမ့်ဆင်းလာတယ်။
ကျွန်တော်ရှိုက်သံကိုကျွန်တော် ကြားနေရတယ်။ကျွန်တော်ငိုနေခဲ့ပြီ။ ကျွန်တော်တကယ်ပဲရှိုက်ရှိုက်ပြီးတော့ငိုနေခဲ့ပြီ။ရှိုက်ငိုသံတွေ တစ်စစကျယ်လောင်ရင်းကျယ်လောင်ရင်း ညာဘက်လက်မှာသိုင်းကြိုးကဆုပ်ကိုင် ထားတဲ့ကျောပိုးအိတ်ကလေး ကြမ်းပြင်ပေါ်ကိုသတိလက်လွတ်ပြုတ်ကျတယ်။ အခန်းဝမှာ မတ်တတ်ရပ်နေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ကခွေခွေပျော့ပျော့လေးထိုင်ကျတယ်။ကျွန်တော့်ရှိုက်သံတွေ အထိန်းအကွပ်မရှိ ကျယ်ကျယ်လောင်လောင် ထွက်ကြလို့။ “သားပြန်လာပြီ"ဆိုတဲ့ အမေ့အသံနဲ့အတူ ကျွန်တော်ချစ်တဲ့ကျွန်တော့်မိသားစုတွေ ကျွန်တော့်အနားကို အားလုံးရောက်လာကြတယ်။ ကျွန်တော်တို့ဘာစကားမှမပြောနိုင်ကြ။ ကျွန်တော်နဲ့အတူအဖေ၊ အမေ၊ အရီးနဲ့ညီအစ်ကိုမောင်နှမတွေအကုန်လုံး ချုံးပွဲချငိုလိုက်မိကြတယ်။
အပြင်မှာကြတော့ ရှစ်ရက်လခြမ်းပဲ့ကခလးကောငိုနေမလား မပြောတတ်။
(ခုနစ်)
အမေ့ရဲ့ချစ်ခြင်းမေတ္တာဟာ ဘယ်တော့မှအနားယူဖို့မရှိတဲ့ချစ်ခြင်းမေတ္တာဖြစ်တယ်။ အမေဟာ အဲဒီလိုချစ်ခြင်းမေတ္တာကြောင့် စကြဝဠာထုရဲ့ အလှဆုံးအမျိုးသမီးတစ်ယောက်ဖြစ်တယ်။ အမေဟာ အဲဒီလိုချစ်ခြင်းမေတ္တာကြောင့် အပူလောင်ရဆုံးမီးလျှံတစ်ခုလည်းဖြစ်တယ်။ အမေဟာ အဲဒီလိုချစ်ခြင်းမေတ္တာကြောင့် ပြီးပြည့်စုံဆုံးသောချစ်ခြင်းဖွဲ့ကဗျာ တစ်ပုဒ်လည်း ဖြစ်တယ်။ အမေဟာအဲဒီချစ်ခြင်းမေတ္တာကြောင့် အမွှေးပျံ့ဆုံးသော ရနံ့တွေလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေဟာအတောင် အလက်စုံတဲ့အခါတစ်နေရာစီကိုခွဲပြီးတော့အကွဲကွဲအပြားပြား ရောက်ရှိခဲ့ကြတယ်။အမေဟာ သားမခွဲသေးတဲ့ မိခင်ကြက်မကြီးလိုသားသမီးတွေကို ရင်ခွင်ထဲမှာထွေးပိုက်ထားချင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ သားသမီးတွေအပြင်ကိုထွက်သွားချိန်တိုင်း အိမ်ကိုပြန်မဝင်မချင်း ညလုံးပေါက် မအိပ်ဘဲစောင့်နေတတ်တဲ့ အမေတစ်ယောက်ရင်ကို ခြေစုံကန်ထွက်သွားကြတဲ့ သားသမီးတွေကိုစောင့်ရင်း ညစဉ်တိုင်း အိပ်လို့ပျော်နိုင်ပါ့မလားလို့ဆွေးဆွေးမြည့်မြည့်တွေးမိပြန်တယ်။ အမေရဲ့ ချစ်ခြင်းမေတ္တာနဲ့ အိပ်ဖန်စောင့်တာဝန်၊ဝတ္တရားတွေဟာဘယ်သူကအနားပေးပေမယ့် ရနိုင်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ အမေဟာ အဲဒီလိုကောက်ကြောင်းတွေကြားထဲမှာ မျက်ဝန်းတွေပိုဖျော့တော့ညှိုးမှိန်လာတယ်လို့ထင်ပါရဲ့။
အမေ့ရဲ့ မျက်ဝန်းထဲကအမြဲစိမ်းကောက်ကြောင်းတွေဟာ
ရှေ့ဆက်ပြီးလည်း မှိုင်းညို့ ရီဝေနေလိမ့်ဦးမယ်ဆိုတာ သေချာပါတယ်။
ရက္ခ
၁၁၊ဒီဇင်ဘာ၊၂၀၁၉(ဗုဒ္ဓဟူးနေ့)
စံတော်ချိန်သတင်းစာ၊ ရသစာကဗျာ
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Yangon