Post Production Audio

Post Production Audio

Share

28/08/2018

Eliza TVC by
Production
Post Production
Audio Post Production

09/04/2018

Production
Post Production
Audio Post Production

01/03/2018

Deception ဟာ Dialogue တွေအားလုံး (နီးပါး)ကို အချိန်ကုန်ခံ အပင်ပန်းခံပြီး အသံပြန်သွင်းတဲ့ (Automated Dialogue Replacement) ADR Process ကို ပြန်လုပ်ထားတယ်ဆိုတဲ့ သတင်းတွေ၊ ပရိသတ်တွေရဲ့ အသံကောင်းတယ်ဆိုတဲ့ ချီးမွမ်းစကားသံတွေကြောင့် ရုံမချခင်လေးမှာ တကူးတက ခွင့်ယူပြီး သွားကြည့်ဖြစ်ခဲ့ပါတယ်။

အားလုံးပြောကြတဲ့အတိုင်း အသံပိုင်းဆိုင်ရာ ကောင်းမွန်မှုနဲ့ပတ်သက်ပြီး Deception အဖွဲ့သားတွေရဲ့ အားထုတ်မှု နည်းနည်းမှ မလျော့ဘူးဆိုတာ ငြင်းစရာမရှိပါဘူး။ သို့ပေမယ့် ကိုယ်တိုင်လည်း အသံသမားပီပီ အသံပိုင်းဆိုင်ရာကိုပဲ အသားပေးနားထောင်ဖို့ သွားကြည့်ခဲ့တာဆိုတော့ အားသာချက်တွေကို ချီးကျူးချင်သလို အားနည်းချက်တွေကိုလည်း အပြုသဘောဆောင်တဲ့ ဝေဖန်မှုရှုထောင့်ကနေ သုံးသပ်ကြည့်ချင်ပါတယ်။

Dialogue Editing & Level Balance

တစ်ကားလုံးအနေနဲ့ ခြုံငုံပြီး ပြောရရင် Dialogue တွေရဲ့ အသံအတိုးအကျယ် (Level) ညီမျှမှုဟာ အပြစ်ပြောစရာမရှိလောက်အောင် ကောင်းတယ်၊ ငြိမ်တယ်လို့ ဆိုရမယ်။ အနိမ့်အမြင့် အတက်အကျ (Dynamic) ဖြစ်မှုဟာလည်း သူ့နေရာနဲ့သူ လိုသလောက်ပဲ၊ အနှောင့်အယှက်မဖြစ်ဘူး။ တစ်နည်းပြောရရင် ဒီလို Level Balancing အပိုင်းမှာ ကောင်းမွန်တာကြောင့်ပဲ အသံကောင်းတယ်ဆိုတဲ့ ပရိသတ်ရဲ့ ချီးကျူးစကားကို လက်ခံရရှိတာလည်း ဖြစ်တယ်။

Music & Film Scoring

ပြီးတော့ Music Level အကြောင်း။ ဇာတ်လမ်းစတာနဲ့ စဝင်လာတဲ့ guitar သံကို နားထောင်ပြီး ဇာဏ်ခီ ကိုယ်တိုင်လုပ်တာပဲဆိုတဲ့ အတွေးဝင်မိတယ်။ (သူ့ရဲ့ Blaze of Glory သီချင်းဆိုတဲ့ Show ကို ကျွန်တော် ကောင်းကောင်းနားထောင်ဖူးတယ်။) တကယ်လည်း သူကိုယ်တိုင် တီးထားတာဆိုတာကို credit မှာ တွေ့လိုက်ရတယ်။ ဒါ့အပြင် Music တွေကို လိုအပ်သလောက် Level လေးနဲ့ တစ်ကားလုံး Support လုပ်သွားတယ်။ Dialogue တွေကို အနှောင့်အယှက် မဖြစ်စေတဲ့အပြင် ဇာတ်ရှိန်အတက်တွေမှာပါ ၀ုန်းဒိုင်းကြဲနေတဲ့ ပရမ်းပတာ ဖြစ်မှုမျိုး မတွေ့ရဘူး။ ဇာတ်လမ်းနဲ့ တစ်သားတည်းဖြစ်နေတယ်၊ လိုက်ဖက်ညီမှု ရှိနေတယ်လို့ ခံစားရတယ်။

Idea ကောင်းသလို Creation လည်း ပြောစရာမရှိ။ တစ်ခုပဲ။ Virtual Instrument တွေကို အသုံးများတယ်လို့ ထင်တဲ့အတွက် တယောသံတွေကို သိပ်အရသာမတွေ့လှဘူး။ လက်နဲ့တီးတာမဟုတ်တဲ့အတွက် Touching အဖိအဖော့တွေကတော့ အားနည်းနေတယ်လို့ ထင်တယ်။ ကျန်တာ အားလုံးကောင်းတယ်။

Ambient & Sound Effects

နောက်တစ်ချက်က Ambient။ ပတ်ဝန်းကျင်ရဲ့အသံတွေ။ တကယ်လက်တွေ့ ရိုက်ကူးရေး ပြုလုပ်နေတဲ့ နေရာမှာ တည်ရှိနေတဲ့ အသံတွေအကြောင်း။ ပထမဆုံး မင်္ဂလာဆောင်တဲ့ Scene မှာ ရေကန်ဘေးမှာရှိနေတဲ့ အခြေအနေတွေကို ရိုက်ပြတယ်။ သေချာနားထောင်ကြည့်တော့လည်း အဆင်ပြေနေတယ်။ ပြောရရင် Japan Anime တွေထဲကလိုပဲလို့တောင် တွေးမိလိုက်သေးတယ်။ အတိုးအကျယ်ရော၊ အဖြတ်အတောက်ရောပေါ့။ ဒါ့အပြင် Wild Sound အပိုင်းမှာ သုံးထားတာလေးတွေကိုလည်း လိုက်ဖက်တယ်လို့ ထင်လိုက်မိသေးတယ်။ ကလောက အခန်း၊ ဇာတ်သိမ်းခန်းမရောက်ခင် အထိပေါ့။ ကလောရဲ့ နံနက်ခင်းစောစောအချိန်မှာ တကယ်ပဲ ကျီးကန်းသံတွေ ဆူညံနေသလားဆိုတဲ့ သံသယကြောင့်ပါ။

Ambient ကောင်းတယ်ဆိုပေမယ့် Room Tone အသုံးပြုမှုနဲ့ Sound Effects အသုံးပြုမှုအပိုင်းမှာတော့ တော်တော်လေး အားနည်းတာကို တွေ့ရတယ်။ အသေးစိတ်ကို ထပ်ပြီးရှင်းပါ့မယ်။

Why ADR?

ဒီနေရာက စပြီး အပြုသဘောဝေဖန်ပါတော့မယ်။ အရေးအကြီးဆုံးဖြစ်တဲ့၊ ဇာတ်လမ်းတစ်ခုလုံးရဲ့ အသက်ဖြစ်တဲ့ စကားလုံး (Dialogue) တွေကို ပြန်ပြီးတော့ အသံသွင်းထား (ADR ပြန်လုပ်ထား)တဲ့ ကိစ္စကစပြီး ပြောချင်ပါတယ်။

ADR Process ကို အသံပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်မှု၊ ကြည်လင်ပီသမှု အစရှိတာတွေအတွက် အားထုတ်ထားတာ မှန်သော်လည်း ဇာတ်ဝင်ခန်းတိုင်းရဲ့ တည်နေရာ ပတ်ဝန်းကျင်မှာ ဖြစ်နေ၊ ရှိနေသင့်တဲ့ အသံအနေအထားအတိုင်း မကြားရတာကတော့ တော်တော့်ကို စိတ်ပျက်စရာကောင်းနေတယ်။

ADR ဟာ ခက်ပါတယ်။ သိပ်ကိုခက်ပါတယ်။ ADR Process ကို စလုပ်မယ်ဆိုကတည်းက Mic အမျိုးအစား၊ Mic ရွေးချယ်မှု၊ Mic Position တွေ အကြောင်းကို ထည့်သွင်းစဉ်းစားမှ ဇာတ်ဝင်ခန်းရဲ့ Location မှာ ပြန်ပြီးနေရာချတဲ့အခါ အနီးစပ်ဆုံး အသံကို ရပါမယ်။ ဒါတောင် တစ်ထေရာတည်း တူမယ်လို့ ဘယ်လိုမှ ယူဆလို့မရနိုင်ပါဘူး။ သေချာတာကတော့ Music Studio တစ်ခုရဲ့ Vocal Recording Room လေးထဲမှာ Condensor Mic လေးတစ်လုံးနဲ့ အသံဖမ်းယူလိုက်တိုင်း ကောင်းမွန်တဲ့၊ ဇာတ်လမ်းအတွက် လိုအပ်ချက်အရ လဲလှယ်အသုံးပြုမယ့် Dialogue တွေကို ပြန်ရမှာ မဟုတ်တာ သေချာပါတယ်။ ဒီလိုလုပ်မယ့်အစား ရိုက်ကူးစဉ်ကတည်းက Boom Operator ကောင်းကောင်း၊ Field Recorder ကောင်းကောင်းနဲ့ ဖမ်းယူခဲ့ဖို ကောင်းတယ်။ (တကယ့်ရိုက်ကူးရေးမှာ ဘယ်လိုအခက်အခဲတွေ ရှိမယ်ဆိုတာ ခန့်မှန်းဖို့ မလွယ်ပါဘူး။ သူတို့လည်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းရတာမျိုး ကြိုးစားထားရမယ်ဆိုတာ နားလည်ပါတယ်။)

ရှင်းရှင်းပြောရရင် Boom Mic နဲ့ ရိုက်ကွင်းမှာ ဖမ်းထားတဲ့အသံလောက် သဘာဝကျတာ အစစ်အမှန်ဖြစ်တာ မရှိပါဘူး။ ဘယ်လောက်ပဲ အဆင်မပြေဘူးဆိုဆို Production အဆင့်မှာ အားထုတ်ခဲ့ရမယ့်အရာတွေကို Post Production အဆင့်အထိ မျက်နှာလွှဲလိုက်တာဟာ မှားတယ်လို့ပဲ မြင်တယ်။ သိပ်ဝေးတဲ့ Wide Shot တွေ၊ Long Shot တွေမှာတော့ Boom ကို အသုံးပြုလို့မရဘူးဆိုပေမယ့် ဒီဇာတ်လမ်းမှာ ရိုက်ချက်အများစုဟာ အနီးကပ်တွေပဲ ဖြစ်ပါတယ်။ ADR အဆင့်မရောက်ဘဲ Boom ဒါမှမဟုတ် Lavilier လောက်နဲ့တင် ပြီးသွားသင့်တဲ့ကိစ္စပါ။ ဇာတ်လမ်းရဲ့အသံဟာ ဒီ့ထက်ပိုကောင်းသင့်လျက်သားနဲ့ မလိုအပ်ဘဲ အားနည်းသွားရတဲ့ကိစ္စလို့ပဲ ဆိုချင်တယ်။

Room Tone & Reverberation

Deception ရဲ့ ADR ပြဿနာကတော့ ပြောရင်ဆုံးမှာ မဟုတ်ပါဘူး။ Location မှာ အသံတွေကို နေရာပြန်ချတဲ့အခါ အသံတွေဟာ လိုအပ်တာထက်ပိုပြီး " ဟိန်း " လွန်းတယ်ဆိုတဲ့ အကြောင်းကနေ စပြောရမှာပဲ။ ဇာဏ်ခီရဲ့အိမ်တွင်းက ဇာတ်ဝင်ခန်းတွေမှာ အဓိကအားဖြင့် ရိုက်ပြတာ နှစ်နေရာပဲရှိတယ်။ အိမ်ရှေ့ဧည့်ခန်းကို အနီးကပ်ရိုက်ပြတဲ့အခြေအနေရယ်၊ အိမ်အပေါ်ထပ် လှေကားထိပ်ကနေ ရိုက်ပြတဲ့ အခြေအနေရယ် နှစ်ခုတည်းရှိတာပါ။ ဒါပေမဲ့ အဆိုပါနှစ်နေရာစလုံးမှာ သုံးထားတဲ့ အခန်းရဲ့အသံ Room Tone နဲ့ Reverberation တွေဟာ အတူတူပဲ ဖြစ်နေပါတယ်။ ဆိုလိုတာက အနီးကပ်ရိုက်ပြတဲ့ Shot တွေမှာ ရှိနေတဲ့အသံနဲ့ အဝေးကနေ နားထောင်နေတဲ့အသံ မတူသင့်တဲ့အပြင် Reverb ချိန်ရာမှာလည်း wet ပမာဏ၊ predelay ပမာဏ တူညီနေတဲ့အတွက် (Preset တစ်ခုတည်းကိုပဲ သုံးထားတာမျိုး ဖြစ်နေတဲ့အတွက်) အနီးအဝေးအရသာကို မခံစားရဘူး။ ဒါ့အပြင် Reverb ကို ချိန်ညှိထားရာမှာလည်း Wide ဖြစ်လွန်းတယ်။ Predelay ကိုတွက်ချက်ပြီးချိန်ယူရာမှာ မပိုင်နိုင်ဘူး။ Dumping တွေ အားနည်းနေတယ် အစရှိသည်ဖြင့် အားမလိုအားမရဖြစ်မိတဲ့ နေရာတော်တော်များများကို တွေ့ရတယ်။

အနီးကပ် Shot တွေမှာ Reverb ရဲ့ Mix Level ကို တော်တော်လေး လျှော့ရဦးမှာဖြစ်ပြီး Predelay ကို 30ms ထက်လျော့တဲ့ (Echo ဆိုတဲ့ အခြေအနေ) အနေအထားလောက်မှာပဲ ထားသင့်တယ်လို့ ယူဆတယ်။ ​လှေကားထိပ်က​​​နေ ရို​က်တဲ့ Shot ​​တွေမှာလည်း ဒီလိုသ​​ဘောပါပဲ။ Reverb Time ရှည်တဲ့​တွက် Tail အဖြစ် ကျန်ခဲ့တာကလည်း Reverbration များမှန်း သိသာစေနိုင်တဲ့ အခြေအနေတစ်ခုပါ။ နောက်တစ်နေရာကိုတော့ ဇာဏ်ခီရဲ့ကုမ္ပဏီမှာ ပထမဆုံး ရုံးခန်းထဲ ဖုန်းပြောနေတဲ့အသံကို နားထောင်ကြည့်တာနဲ့ သိနိုင်ပါလိမ့်မယ်။

အသံအနေအထား Room & Reverberation ပမာဏ အတိအကျမှန်ကန်တယ်ဆိုတဲ့နေရာ (၂) နေရာပဲ တွေ့ပါတယ်။ ပထမတစ်ခုက ပြခန်းမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကို ဇာဏ်ခီစကားပြောနေတဲ့နေရာရယ်၊ နောက်တစ်ခုက အမ်မလီနဲ့တွေ့တဲ့ ဟိုတယ်အခန်းထဲမှာရယ်ပါ။ ကြိုးစားပြီးချိန်ယူထားတဲ့အသံလား၊ ရိုက်ကွင်းမှာကတည်းက ဖမ်းယူထားတဲ့အသံလားဆိုတာတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

Dialogue Mixing & EQing

နောက် ဆက်ပြောချင်တာက ပြန်လည်ဖမ်းယူထားတဲ့ Dialogue တွေကို Frequency ချိန်ညှိမှုအပိုင်းပါ။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ADR ဟာ ခက်ပါတယ်။ ကိုယ်တိုင် ချိန်ကြည့်ဟေ့ဆိုရင်လည်း အဆင်ပြေလှမယ်မဟုတ်ပါဘူး။ သို့ပေမယ့် ADR ကို စတင်ဖမ်းယူစဉ်ကတည်းက Mic Position, Mic အမျိုးအစား၊ အနီးအဝေး ချိန်ညှိပြီး သင့်တင့်လျောက်ပတ်စွာ Treatment ပြုလုပ်ထားတဲ့အခန်းမှာ ဖမ်းယူမထားခဲ့ရင် ပြုပြင်ဖို့၊ ရိုက်ကွင်းထဲက Location အလိုက် အသံကို အံဝင်ခွင်ကျဖြစ်စေဖို့ ခက်ခဲနေမှာ အမှန်ပဲ။ ဒီဇာတ်လမ်းမှာ Low Frequency အားများတဲ့အသံတွေ၊ အနီးအဝေးသဘောတရား မပါဝင်ဘဲ တစ်သမတ်တည်းရှိနေတဲ့ အသံတွေကို ကြားရမှာပါ။

အဆိုးဆုံးကတော့ ရုပ်ပိုင်းဆိုင်ရာ သရုပ်ဆောင်မှုတွေ သိပ် အားကောင်းကြပေမယ့် အသံပိုင်းဆိုင်ရာ သရုပ်ဆောင်မှု (Voice Acting) ပိုင်းမှာ အတွေ့အကြုံအားနည်းနေတာကြောင့် စကားသံတွေဟာ အသက်မပါတော့ဘူး။ စတင်ရိုက်ကူးစဉ်တုန်းက ဋ္ဌာန်မျိုး၊ ဟန်မျိုး ပြန်မရတော့ပါဘူး။ ဒီလိုနဲ့ပဲ ဇာတ်လမ်းတစ်ခုလုံးရဲ့ စကားသံတွေဟာ ခြောက်ကပ်တဲ့နေရာမှာ ခြောက်ကပ်လွန်းပြီး၊ Wet ဖြစ်တဲ့နေရာမှာလည်း အလွန်အကျွံဆိုတဲ့ မညီမျှမှုတွေကြား ကစဥ့်ကလျားနဲ့ အဆုံးသတ်သွားတော့တယ်။

Sound Effects & Ambient

Sound Effects အပိုင်းကို လေ့လာကြည့်တဲ့အခါမှာ ရေသောက်ချလိုက်တဲ့ ' ဂလု ' ဆိုတဲ့ အသံကအစ အသေးစိတ်လုပ်ထားတာ၊ နေရာတိုင်းနီးနီး လစ်ဟာမှုမရှိလောက်အောင် ဂရုတစိုက်လုပ်ထားတာကို တွေ့ရတယ်။

ချီးကျူးပါရစေ၊ တကယ်ကို အားရစရာပါပဲ။ ဒါပေမဲ့ တကယ့်ပြဿနာတွေ ရှိနေတာကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။ Readymade Effects လို့ ပြောလို့ရတဲ့ အသင့်ပြုလုပ်ထားပြီးသား Hard Effects တွေကို အသားပေးပြီးသုံးထားတာ၊ Foley ဆိုတဲ့ လမ်းလျှောက်သံ၊ ခြေသံ၊ တံခါးဖွင့်သံ အစရှိတဲ့အသံတွေကို တစ်ထေရာတည်း ပြန်လုပ်ကြတဲ့ Process လုံးဝ မပါဝင်တာ၊ (ဘယ်နေရာမှာ သတိထားနိုင်သလဲဆိုတော့ အမျိုးသမီးဇာတ်ဆောင်တွေအားလုံးရဲ့ ခြေသံတွေမှာပါ။) အားလုံးဟာ ဇာတ်လမ်းတစ်ခုလုံးမှာ High Heel တစ်ရံတည်းကိုပဲ စီးထားကြလေသလားလို့ ထင်ရလောက်အောင်ကို ခြေသံတွေက တစ်ထေရာတည်း တူညီလွန်းနေတာ . . . စတာတွေပါပဲ။

ငပလီမှာ သက်မွန်မြင့်နဲ့ ဇာဏ်ခီရဲ့ညီမ လမ်းမှာဆုံကြတဲ့ Scene ကိုကြည့်ပါ။ သူတို့နှစ်ယောက်စလုံးရဲ့ ဖိနပ်သံတွေဟာ တူညီနေပြီး လမ်းခွဲတဲ့အချိန်မှာတော့ ခြေသံတွေ ရှုပ်ထွေးသွားတာကို သတိထားမိပါတယ်။ ပြီးတော့ မြင်ကွင်းမှာမြင်နေရတဲ့ခြေသံနဲ့ High Heel အသံဟာ Synchronize မဖြစ်တော့ဘဲ ရောထွေးကုန်တယ်။

ပြီးတော့ သက်မွန်မြင့်နဲ့ အောင်မြင့်မြတ်တို့ Hotel ကနေ Check out လုပ်တဲ့ Scene မှာ တိုင်အကွယ်ကနေ ဇာဏ်ခီ ချောင်းကြည့်နေတဲ့အချိန် သက်မွန်မြင့်ရဲ့ဒေါက်ဖိနပ်သံဟာ ဆူဆူညံညံ ထွက်ပေါ်နေပေမယ့် ဇာဏ်ခီရဲ့ Boot အသံကို လုံးဝ မကြားရပါဘူး။ တိတ်တဆိတ် ချောင်းကြည့်တာဖြစ်တဲ့အတွက် ခြေသံလုံတယ်လို့ ပြောချင်ပြောလို့ရပေမယ့် ပရိသတ်ရဲ့မြင်ကွင်းမှာတော့ ဇာဏ်ခီဟာ ပိုနီးကပ်နေတာဖြစ်တဲ့အတွက် သူ့ရဲ့ Boot အသံကိုလည်း ကြားရသင့်တယ်လို့ ယူဆမိတယ်။ ကားတံခါးပိတ်သံတွေ၊ ခြေသံတွေ အားလုံးဟာ ရိုက်ကွင်းမှာကတည်းက Sound Man ကို အချိန်ပေးပြီး ဖမ်းယူထားနိုင်ခဲ့ရင်တော့ ဒီ့ထက်အများကြီး ပိုကောင်းပြီး Hard Effects ထည့်တဲ့နေရာမှာလည်း ပိုသက်သာလိမ့်မယ်ထင်တယ်။

နောက်ဆုံးအချက်ကတော့ Ambient အားနည်းသလားလို့ သံသယဖြစ်မိတာပါ။ ဇာတ်လမ်းအစပိုင်းမှာ သဘောကျခဲ့ပေမယ့် ကလောမြို့ရဲ့နံနက်ခင်းမှာ အောင်မြင့်မြတ်နိုးထလာတဲ့အချိန် နားမလည်နိုင်စရာတစ်ခု သတိထားမိတယ်။ ကလောမြို့ရဲ့ နံနက်ခင်းမှာ ကျီးကန်းသံတွေ ဆူညံနေတာဟာ ဒီဇာတ်ဝင်ခန်းနဲ့ တကယ်ပဲ လိုက်ဖက်ညီမှုရှိရဲ့လားဆိုတာပါ။ ရိုက်ကွင်းမှာ ဖမ်းယူလာခဲ့တဲ့အသံတွေဖြစ်လို့ အဆင်ပြေအောင် ထည့်သုံးလိုက်တာဖြစ်နိုင်သလို ဇာတ်လမ်းသဘောအရ အောင်မြင့်မြတ်သေရမှာဖြစ်တဲ့အတွက် နိမိတ်ပုံဆောင်တဲ့အနေနဲ့ ကျီးကန်းတွေရဲ့အသံကို နံနက်ခင်း Ambient အဖြစ် အသုံးပြုထားတာနေမှာပါလို့ ဖြေတွေး တွေးရင်တော့ ရကောင်းရမှာပါ။

ခြုံပြီး​ပြောရရင်​​တော့ Deception ဟာ အနုပညာဖန်​တီးမှုအရ​ရော၊ သရုပ်​​ဆောင်​၊ ရိုက်ကူးမှုအတတ်ပညာ၊ ​​ဇာတ်​လမ်းဇာတ်​ညွှန်း ဘာမှအပြစ်​​ပြောစရာမရှိ​လောက်​​အောင်​ ​ကောင်းတယ်​ဆို​ပေမယ့်​ ပရိသတ်​​တွေ​ပြောတဲ့ အသံ​ကောင်းတယ်​ဆိုတာက​တော့ ဆူဆူညံညံ ဖြစ်​မ​နေ​အောင်​ စနစ်တကျ ပြန်​လုပ်​ထားတာ၊ သာမန်​မြန်​မာကား​တွေလို ဝရုန်းသုန်းကား ဖြစ်​မ​နေတာကိုပဲ ရည်​ညွှန်းကြဟန်​တူပါတယ်​။

ဘယ်လိုပဲ အားနည်းချက်တွေ ရှိနေတယ်ဆိုဆို ' ဥပါယ်တံမျဉ် ' အဖွဲ့သားတွေဟာ သူတို့ရဲ့အခက်အခဲတွေကြားကနေ ကြိုးစားအားထုတ်မှုအသီးအပွင့်ကို အောင်မြင်မှုအဖြစ် ထိုက်ထိုက်တန်တန်ခံစားသွားကြရတယ်လို့ ဆိုရမယ်။ ကိုယ်တိုင်လည်း သဘောကျနှစ်ခြိုက်မိသူပီပီ နောင်လာမယ့် ' မုဒြာခေါ်သံ ' ကိုလည်း အခုလိုပဲ မလွတ်တမ်းအားပေးပြီး အပြုသဘောဆောင်တဲ့ ရှုထောင့်ကနေ ဝေဖန်အကြံပြုသွားဖို့ အစီအစဉ် ရှိပါကြောင်း။

အထက်ပါဝေဖန်မှုတွေဟာ ကျွန်တော့်လေ့လာမှုအတိုင်းအတာအရ ဝေဖန်ပြောဆိုတာဖြစ်တာမို့ အသံပိုင်းဆိုင်ရာ ပညာရှင်တွေအနေနဲ့ အမြင်မတူတာရှိရင် ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

- Corey Zeya

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
11051