CyberGalaxy
⛔️That Apartment⛔️
ကျွန်မက စင်ကာပူမှာနေပါတယ်
သူငယ်ချင်းက ရန်ကုန်မှာရှိတဲ့ သူ့ကွန်ဒိုကိုပိတ်ထားတဲ့အကြောင်း စကားစပ်မိရင်း ပြောဖြစ်ကြတော့ ကျွန်မဝယ်ချင်မိတယ်...
သူကမဝယ်နဲ့တဲ့ သူ့အခန်းကနေလူခုန်ချတာသေသွားလို့ ပိတ်ထားတာတဲ့...
ကျွန်မလည်းအယုံအကြည်မရှိ မကြောက်တတ်သူမို့ ဘယ်စျေးနဲ့ရောင်းမှာလဲပဲမေးရင်း အတင်းဝယ်လိုက်တယ်...
တစ်ပါတ်အတွင်း ရန်ကုန်ပြန် သူ့အဒေါ်ဆီမှာအရောင်းဝယ်ကိစ္စဖြတ်ရင်း ဝယ်ပြီးနှစ်ရက်အကြာ အဲ့ကွန်ဒိုမှာ renovation လုပ်ဖို့ ဒီဇိုင်းဆွဲရင်း (ဝါသနာရှင်အဆင့် YouTube ကြည့်ဆွဲခြင်း) တစ်ယောက်ထဲ ညအိပ်ဖြစ်သွားတယ်...
သူများသုံးပြီးသား mattress နဲ့မအိပ်ချင်တော့ bedframe ပေါ်မှာ အရုပ်ကြီးခေါင်းအုံးပြီး အိပ်လိုက်တာ သက်တောင့်သက်သာကမရှိ၊ servicing လုပ်မထားတဲ့ Aircon က မအေးတော့ ည၂နာရီလောက်မှာ အိပ်မရဖြစ်နေတာနဲ့ ဖုန်းကနေ Screen Mirroring လုပ်ပြီး TV ထိုင်ကြည့်နေလိုက်တယ်... ဗိုက်ဆာလာလို့ ကားထဲက Nuts တွေ Macadamia seeds တွေဆင်းယူပြီး ပြန်တက်လာတော့ lift ထဲမှာကြက်သီးတွေထပြီးခေါင်းကကြိမ်းကြိမ်းကြီး ဖြစ်လာပါရော...
အိမ်ထဲပြန်ဝင်လာတော့ TV က ပိတ်နေတယ်... တကယ်ဆိုဖုန်းနဲ့ဝေးသွားရင် Mirroring ပြတ်သွားပြီး TV Channel လိုင်းတစ်ခုခုပဲပွင့်နေရမှာ Or... tuning မရှိရင် blue screen ဖြစ်နေရမှာကို power off ဖြစ်နေတာ...
ကျွန်မလည်းရုပ်ရှင်ပြန်ဆက်ကြည့်ဖို့လုပ်ရင်း အခန်းကိုဟိုကြည့်ဒီကြည့်လုပ်မိတာ နံရံထောင့်တစ်ခုမှာ မီးခိုးလိုလို လေတိုက်နေသလိုလိုတွေ့လို့ အဲ့ကိုပဲတည့်တည့်သွားပြီး နံရံကိုလက်နဲ့ ဖတ်ကနဲရိုက်လိုက်တယ်... အိပ်ချင်ပေမယ့်အိပ်မပျော်လို့စိတ်တိုတာလည်းပါတာပေါ့... နံရံကိုကြည့်လိုက်တာ ကျွန်မလက်ရာကြီးအထင်းသား... ရှောင်လင်ကျောင်းဆင်းလည်းမဟုတ်ဘဲ လက်ကဒီလောက်ပြင်းနေမှ သိုင်းလောကဝင်ရင် ငါဆရာမကြီးဖြစ်နေပြီလို့ ပါးစပ်ကပြောလိုက်မိတာ ဘယ်ဖက်ပါးမှာလေပြင်းဖြတ်တိုက်သလို ရှိန်းကနဲဖြစ်သွားလို့ စိတ်တိုပြီး ဆိုဖာပေါ်ပြန်ထိုင်တော့ ခုံကြီးကညွှတ်ကျသွားလို့ ဘာအစေ့မှတောင်မစားရသေးဘူး 50kg ရှိတာကနေ 100kg ချက်ချင်းတက်သွားတာ အဆန်းကြီး လို့ ပါးစပ်ကလည်းပြောလိုက်ရော ခုံကြီးကဘေးမှာတစ်ယောက်ယောက်ထသွားသလို ပေါ့ပေါ့ဖောင်းဖောင်းကြီးပြန်ဖြစ်သွားပါရော...
ခုနနံရံကိုပြန်ကြည့်တာလက်ရာကြီးကအဲ့တိုင်းပဲ... ဖုန်းယူပြီး ဓါတ်ပုံရိုက်ဖို့လုပ်တာ လက်ထဲကဖုန်းကို တစ်ခုခုနဲ့လှမ်းပစ်သလိုထိပြီး ဖုန်းကြီးလွတ်ကျသွားတယ်...
ရေချိုးခန်းဖက်က ဖတ်ဖတ် ဒေါက်ဒေါက် ဖလပ်ဖလပ်လိုအသံတွေပါ ကြားလာတယ်... Kitchen ထဲက ပန်းကန်သံလိုလို ရှပ်တိုက်နေသလိုလို အသံတွေကြားလို့ စိတ်ထဲတော်တော်အသည်းယားမိပြီး အသံပြဲနဲ့ ဟဲ့ ဘယ်ကအကောင်ပလောင်တွေငါ့နား လာနေတာလဲ... အိပ်မရလို့အာရုံနောက်နေတာနော်... ငါ့မြင်ရတာအဆင်မပြေရင် အဆင်ပြေတဲ့ဆီသွားနေ အကုန်ဖမ်းပြီးပုလင်းထဲထည့်လိုက်မယ် ဗိုက်ကဆာနေတာ အကုန်မီးဖုတ်စားပစ်မှာ လို့ ပြောရင်း ရေသန့်ဘူးကို ခုန လက်ရာဖြစ်နေတဲ့နံရံကို ဝုန်းကနဲပစ်ထည့်လိုက်တယ်... အဖုံးပွင့်ပြီးရေတွေလည်းရွှဲ ကျွန်မလည်းလက်ရှသွားလို့ စိတ်ကမရတော့ဘူး လွတ်သွားပြီ... ပိုက်ဆံအိတ်ထဲမှာပလာစတာရှိတတ်တော့ ကပ်ဖို့ handbag ကိုကြည့်တာမတွေ့တော့ စိတ်ပိုတိုပြီး ဒီအိတ်ကလည်း လိုပါတယ်ဆို ဘယ်ပျောက်သွားပြန်ပြီလဲ နင့်ပါရောပြီးမီးရှို့ပစ်မှာလို့ လျှောက်အော်ရင်း နံရံကိုအကြည့်ရောက်သွားတာ ခုနကလက်ရာကြီးမရှိတော့ဘူး...
နောက်ထောင့်တစ်ခုဖက်ကလှုပ်သလိုမြင်ရလို့ သွားကြည့်တော့ handbag က အဲ့နားထောင့်ကခုံလေးပေါ်မှာတင်ထားတာ... ပလာစတာကပ်ရင်း ဟာ ငါမနက်ဘယ်ရေသွားသောက်ရမလဲ ရေဘူးကကုန်ပြီ လို့ထပ်အော်တော့ အနီရောင်လိုလို အငွေ့တွေ kitchen ထဲလှမ်းတွေ့လို့ သွားကြည့်တာ စားပွဲအောက်မှာ ရေသန့်ဘူးတွေပါကင်လိုက်... တစ်ဘူးယူပြီး စိတ်ထဲတမျိုးကြီးမို့ မီးဖုတ်စားခံရမှာကြောက်တယ်လား ပိုက်ဆံအိတ်ရှာပေးလိုက် ရေဘူးရှာပေးလိုက်နဲ့ မြန်မာစကားလည်းနားလည်တယ်... လူစကားနားလည်ရင်လူလိုသိ ငါအိပ်တုန်းအသံတစ်ချက်ထပ်ကြားရင် အကုန်ပုလင်းထဲဖမ်းထည့်ပြီပဲ လို့ပြောရင်း ပြတင်းပေါက်တွေဖွင့် ပြန်အိပ်လိုက်တာ မနက်၁၀နာရီခွဲလို့ alarm မြည်မှ နိုးလာတယ်...
ရေချိုးပြီးအိမ်ပြန်ဖို့လုပ် တံခါး lock ချချိန် ဘေးအခန်းက အိမ်အကူကောင်မလေးက သူ့အိမ်ရှေ့မှာဖိနပ်တွေစီနေရင်း ကျွန်မကိုပြူးပြူးပြဲပြဲလှမ်းကြည့်ပြီး သူ့အိမ်ထဲဘာလှမ်းပြောလိုက်လဲမသိ အန်တီတစ်ယောက်ထွက်လာပြီး သမီးကဒီအခန်းကလားတဲ့ သူ့မျက်နှာသိပ်မကောင်းလို့ အကျိုးကြောင်းမေးကြည့်တော့.........
ဒီအခန်းကညဖက်ဆို လူမနေပေမယ့် ဟင်းချက်တဲ့အသံတွေကြားရကြောင်း
လူအဝင်အထွက်မတွေ့ပေမယ့်
တခါတလေငိုသံတွေ၊ ရေသံတွေ၊ တံခါးခေါက်သံ၊ နံရံကိုထုသံတွေကြားရကြောင်း
လူခုန်ချဖူးပြီးနောက်အဲ့ပြတင်းပေါက်က တိုက်အောက်ကကြည့်ရင်ပွင့်ပွင့်နေကြောင်း
ရေသန့်လာပို့တဲ့ကောင်လေးကို အခန်းရှေ့ကအဖြတ် ဘယ်သူမှမရှိဘဲ ရေနဲ့လှမ်းပက်လို့ လှေခါးဘက်ကနေဆင်းပြေးတာ ချော်ကျပြီး ခုထိလန့်နေလို့မလာတော့ကြောင်း
TV အကျယ်ကြီးဖွင့်သံကြားလို့ သူ့အမျိုးသားကသင်းဘောကဆင်းလာတော့ အကြောင်းမသိဘဲ တံခါးကို ဘဲလ်သွားတီးတာ မမြည်လို့ တံခါးကိုလက်နဲ့ထုတော့ အိမ်ထဲကချက်ချင်းတဝုန်းဝုန်းနဲ့ပြန်ထုပြီး ဘယ်သူမှထွက်မလာလို့ အပြင်ကနေအော်ဆဲနေတာ အဲ့အထပ်ကတခြားအိမ်ကလူတွေပါထွက်လာပြီး အထဲကတဝုန်းဝုန်းထုနေတော့ လူရောက်နေတယ်ထင်ကြပြီး သူတို့ပါတံခါးခေါက်ကြ security ကိုခေါ်ကြနဲ့ နောက်ဆုံး ဘေးကပ်ရပ်က CCTV တွေကြည့်ကြတော့ လူအဝင်အထွက်လည်းလုံးဝမရှိတာကြာနေပြီဆိုတာတွေ့လို့ မနက်မိုးလင်းတော့ Management office မှာ သွားပြောပြီး သော့ဖျက်ဝင်ကြည့်ဖို့ပြောကြတော့ ရုံးက ကျွန်မသူငယ်ချင်းဆီ WhatsApp ကနေ စာပို့ပြီး အကျိုးကြောင်းပြောပြကြတယ် တဲ့... သူငယ်ချင်းကသူ့အဒေါ်ကိုလှမ်းခေါ် အိမ်သွားဖွင့်ပြခိုင်းတော့ အိမ်ထဲမှာ ဘယ်သူမှလည်းမရှိဘူး ဖုန်တွေလည်းတက်နေလို့ သူတို့သန့်ရှင်းရေးလုပ်ပြီး ဘုန်းကြီးပင့်တရားနာဖို့လုပ်မယ်လို့ အိမ်နီးချင်းတွေကိုပြောပြ နောက်ရက်ပဲဆွမ်းကပ်အမျှဝေလုပ်ပေးလိုက်ကြတယ်...
အဲ့ညမှာပဲ ဟင်းချက်တဲ့အသံတွေ ဒယ်အိုးကိုဇွန်းနဲ့ခေါက်တဲ့အသံတွေ တဒုတ်ဒုတ်ခေါက်သံတွေ ထပ်ကြားရလို့ ဘယ်သူမှအဲ့အခန်းရှေ့ကိုမကြည့်ဘဲ မသိချင်ယောင်ဆောင်ပြီး တထိတ်ထိတ်နဲ့နေနေကြရတာတဲ့...
ကျွန်မလည်း ဗိုက်အရမ်းဆာလာတော့ သမီးညနေပြန်လာမှာအန်တီ လို့ ခုတော့အိမ်ပြန်လိုက်ဦးမယ်ဆိုတော့ အမယ်လေးသတ္တိကောင်းလိုက်တာ ညကသမီးဘာသံမှမကြား ဘာမှမဖြစ်ဘူးလားတဲ့... ကျွန်မလည်း ဆက်မပြောချင်တော့လို့စကားဖြတ်ပြီးပဲ ဆင်းလာခဲ့လိုက်တော့တယ်...
ညနေပြန်အိပ်မှ ဆက်ကြတာပေါ့
ရေးသားပေးပို့ပါသည်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
18