MCDC - Myanmar Child Development Centre

MCDC - Myanmar Child Development Centre

Share

12/08/2023

13th August ကို ''International Left Handers Day'' အဖြစ် သတ်မှတ်ထားကြပါတယ်။

ကျွန်မရော ၊ James ဖေဖေရော ညာသန်ကြသူတွေပါ။
ဒါပေမယ့် James ကတော့ ဘယ်သန်လေးပါ။

စာပေတစ်ချို့မှာတော့ ကလေးက ဘယ်သန်လား ညာသန်လားဆိုတာကို အသက် ၁ နှစ်ကျော် ၂ နှစ် လောက်မှာ သိကြတယ်လို့ ဆိုပါတယ်။ ကျွန်မတော့ James အသက် ၆လ လောက် ကတည်းက သိခဲ့ပါတယ်။ ဘယ်လိုသိလဲဆိုရင် ကလေးကို ပစ္စည်းလေးတွေပေးရင် သူသန်တဲ့ဘက်နဲ့ စယူပါတယ်။ ပစ္စည်းကို လက်နဲ့ပြလဲ သူသန်ရာဘက်နဲ့ပဲ ပြတာပါ။

ဘယ်သန် ဖြစ်လာရတာက မျိုးရိုးဗီဇ (Genes) ကြောင့်လဲ မဟုတ်ပါဘူး။

တစ်ချို့ကတော့ မိခင် ကိုယ်ဝန်ဆောင်ချိန် စိတ်ကျရောဂါနဲ့ ဆက်စပ်တယ်လို့လဲ ပြောကြပါတယ်။

ဒါပေမယ့် ကျွန်မ James ကို ကိုယ်ဝန်ဆောင်ချိန်ကာလ က ယောကျ်ားရဲ့ ဖူးဖူးမှုတ် ထားခြင်းခံရပြီး စိတ်ချမ်းသာမှု အပြည့်အဝ ရရှိတဲ့ အချိန်တွေပဲ ဆိုတော့ စိတ်ဓာတ်ကျလို့ ဖြစ်တာ ဆိုတာလဲ ကျွန်မ အမြင် ဖြစ်နိုင်ချေ နည်းပါးပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ 10% သို့မဟုတ် 12% က ဘယ်သန်လေးတွေပါ။ ဘယ်သန်ဖြစ်စေ ညာသန်ဖြစ်စေ ဦးနှောက်ဖွံ့ဖြိုးမှု အပိုင်းမှာ ဘာမှကွာခြားမှု မရှိပေမယ့် ညာသန် ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ ဘယ်သန်လေးတွေကို ဘယ်လို ကြိုဆိုလဲ အပေါ်မှာပဲ မူတည်ပါတယ်။

ကျွန်မတို့ နိုင်ငံမှာက ရိုးရာယဥ်ကျေးမှုအရ ဘယ်သန်ဆို ''ဘယ်သန်ကြီးလား'' ''ဘယ်နဲ့ မစားနဲ့'' ဘယ်နဲ့စာမရေးနဲ့'' ''မိန်းမဘယ်သုံး အိမ်ထောင်ဖြုန်း'' ဆိုပြီး ဘယ်လက်ဟာ မကောင်းဘူးလို့ အယူအဆတွေရှိကြပါတယ်။

အဲ့တော့ ဘယ်သန်တဲ့ ကလေးတွေကို ညာသန်ဖြစ်အောင် အတင်းအကြပ်ဖိအားပေး ပြောင်းလဲမှုတွေကြောင့် ဘယ်သန်ကလေးများဟာ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပါ မလုံခြုံမှုတွေကို ခံစားကြရပါတယ်။ ကလေးတစ်ယောက်က လိုအပ်တဲ့ ဖွံဖြိုးမှုတွေကို လွတ်လပ်စွာ လေ့လာသင်ကြားရမယ့်အချိန်မှာ မိဘ အုပ်ထိန်းသူတွေရဲ့ တားမြစ်မှုကြားမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးမှုတွေ နောက်ကျရပါတော့တယ်။

အဲ့အကျိုးဆက်က အိပ်ယာထဲ ရူးရူးပေါက်ချတာ၊ စကားထစ်တာ၊ အာရုံံစူးစိုက်မှု အားနည်းတာ၊ လက်သည်းကိုက်တာ၊ ပုံမှန်ထက်် ပိုပြီး အရှက်အကြောက်လွန်တာ၊ စာဖတ်ခြင်းမှာ အခက်အခဲဖြစ်စေတာ၊ စာလုံးတွေပေါင်းဖို့ အခက်အခဲ ဖြစ်စေတာ စသည့် အခက်အခဲတွေ ကြုံတွေ့ရပါတယ်။

အဲ့ဒါတွေက ဘယ်သန်ကို ညာသန်ဖြစ်အောင် အတင်းအကြပ် ပြောင်းလဲစေလို့သာ ဖြစ်ရတဲ့ အကျိုးဆက်တွေပါ။

ဘယ်သန်လေးတွေမှာလဲ သူတို့အခက်အခဲတွေရှိကြပါတယ်။ ဘာလို့လဲဆို ကျွန်မတို့လူ့အသိုင်းအဝိုင်းက ဘယ်သန်လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းတွေ ရှိ မနေလို့ပါပဲ။ ဥပမာ။ အင်္ကျီကြယ်သီးတပ်တာ၊ ကတ်ကြေးသုံးတာ၊ ဘောင်းဘီဇစ် စသည်ဖြင့်ပေါ့။

Napoleon, Picasso, Isaac Newton, Barack Obama စသည်တို့ဟာ ကျော်ကြားတဲ့ ဘယ်သန်တွေထဲက တစ်ချို့ပါ။ ဘယ်သန်လေးတွေက Writing မှာပဲ different ဖြစ်တာ မဟုတ်ပါဘူး။ Thinking မှာလဲ မတူ ထူးခြားတဲ့ စမ်းသစ်တဲ့ အမြင်တွေ အတွေးတွေ ရှိကြတာတော့ Left-handed မေမေတိုင်း သတိပြုမိကြမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သန်ဖြစ်စေ ညာသန်ဖြစ်စေ လွတ်လပ် ပျော်ရွှင်စွာနဲဲ့ လေ့လာသင်ယူ ကြီးပြင်းဖို့က အဓိကပါပဲ။

ဒါကြောင့် မေမေ ဖေဖေတို့မှာ ဘယ်သန်လေးတွေ ရှိခဲ့ရင် သူတို့ အားသန်ရာကို ဟန့်တားခြင်း မလုပ်ပဲ အားပေးကူညီပေးကြပါစို့နော်။

Photo Crd:
Ngu Wah (MCDC)

18/03/2023

မိဘတွေရဲ့ အုပ်ထိန်းမှုဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သားသမီးတွေရဲ့ဘဝတစ်ခုလုံးကို အရိပ်လို အမြဲလိုက်နေတတ်ပါတယ်။

မေတ္တာတရားတွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့မိသားစုက ကလေးတွေဟာ သူတို့ကိုယ်သူတို့ အရေးပါအရာရောက်တယ်လို့ ခံစားရပြီး လုံခြုံမှုရှိရှိ ကြီးပြင်းခွင့်ရကြတယ်။
ဒါပေမယ့် ဒီလို ပျော်စရာကောင်းပြီး နွေးထွေးမှုရှိတဲ့မိသားစုမျိုး ကလေးတိုင်း မရနိုင်ကြပါဘူး။

မိဘတွေက ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာတွေကို ဒဏ်ရာရအောင် ပြုလုပ်ခံရတဲ့ ကလေးတွေလဲ ရှိကြပါတယ်။ ထိုအပြုအမူတွေကို ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ (သို့) မိဘကိုယ်တိုင် သတိမမူမိဘဲ ပြုလုပ်မိသည်ဖြစ်စေ ကလေးတွေမှာရရှိသွားတဲ့ စိတ်ဒဏ်ရာက ကြီးပြင်းလာတဲ့အထိ ကျိန်စာတစ်ခုလို စွဲကပ်သွားတတ်ကြပါတယ်။ အဲ့ဒီစိတ်ဒဏ်ရာမျိုးပေးတဲ့ (သို့) ပြုလုပ်မိတဲ့မိဘကို Toxic Parents (အဆိပ်သင့်မိဘ) လို့ ပြောဆိုထားတယ်။

Toxic Parents တွေရဲ့ ကလေးတွေဟာ သူတို့ရဲ့ဖြစ်တည်မှု နဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာ (identity) တွေကို အကြီးအကျယ် ထိခိုက်သွားစေတတ်ပါတယ်။
ကိုယ်ကိုယ်တိုင်ရော သားသမီးအပေါ်မှာရော Toxic Parents ဖြစ်နေပြီလားဆိုတာ လေ့လာကြည့်ရအောင်.......

# လောကမှာ Perfect (ပြီးပြည့်စုံတဲ့) ဖြစ်တဲ့ မိဘမျိုးဆိုတာတော့ မရှိနိုင်ပါဘူး။ မိဘတိုင်းဟာ အားနည်းချက်ရှိတဲ့ လူသားတွေဖြစ်တာကြောင့် တစ်ခါတစ်ရံမှာတော့ အမှားပြုလုပ်မိတတ်ကြပါတယ်။ ရံဖန်ရံခါ ပြုလုပ်မိလိုက်တဲ့ အမှားလေးတွေကြောင့် မိမိကိုယ်မိမိ Toxic Parents လို့တော့ မထင်မြင် မယူဆစေလိုပါ။ မသင့်လျှော်တဲ့အပြုအမူတွေကို ထပ်ခါထပ်ခါနဲ့ ကာလရှည်ကြာစွာ အမြဲပြု လုပ်နေမှသာ ထိုမိဘကို Toxic Parents လို့ သတ်မှတ်တာ ဖြစ်ပါတယ်။

# Toxic Parents ကို အမျိုးအစား (6) မျိုး ခွဲခြားထားပါတယ်။

(1) အရည်အချင်း မပြည့်မှီသူ (Inadequate Parents)
(2) ကြိုးကိုင်ချယ်လှယ်သူ (Controllers)
(3) အရက်သမား (Alcoholics)
(4) နှုတ်အားဖြင့်စော်ကားနှိပ်စက်သူ (Verbal Abusers)
(5) ကိုယ်အားဖြင့် စော်ကားနှိပ်စက်သူ (Physical Abusers)
(6) လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်သူ (Sexual Abusers)
တို့ပဲဖြစ်ပါတယ်။

အဲဒီ့ (6) မျိုးကို အကျဉ်းချုံးလိုက်ရင်တော့....

(1) လျစ်လျူရှုသူ (Neglectors)
(2) ကြိုးကိုင်ချယ်လှယ်သူ (Controllers)
(3) စော်ကားနှိပ်စက်သူ (Abusers)
ဆိုပြီး (3) မျိုးပဲရရှိမှာ ဖြစ်ပါတယ်။

🔹 (1) လျစ်လျူရှုသူ (Neglectors)

Alcoholics (အမြဲမူးနေတဲ့) မိဘတွေ၊ Depression (စိတ်ဓာတ်ကျနေတဲ့) မိဘတွေ ၊ Detached (ချစ်ခြင်း မေတ္တာနဲ့ဂရုစိုက်မှု မပေးတဲ့) မိဘတွေဟာ အရည်အချင်း မပြည့်မှီတဲ့ မိဘတွေဖြစ်ပြီး Neglectors မိဘတွေထဲမှာ ပါဝင်ပါတယ်။
အဲ့လိုမိဘတွေဟာ သူတို့ပြဿနာနဲ့သူတို့ ရှုပ်နေကြတာကြောင့် ကလေးတွေရဲ့ စိတ်ခံစားချက်ကို ဂရုမစိုက်တတ်ကြပါဘူး။ ကိုယ့်အတ္တကိုပဲ ရှေ့တန်းတင်နေတာကြောင့် ကလေးတွေ ဘယ်လိုခံစားသွားလိမ့်မယ်ဆိုတာကို လုံးဝ ထည့်မတွေးတတ်ကြပါဘူး။
Neglectors အမျိုးအစား မိဘတွေရဲ့ သားသမီးတွေဟာ ချစ်ခြင်းမေတ္တာလဲ မခံစားကြရသလို စိတ်အလိုမကျမှုတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်ကြရပါတယ်။ အထူးသဖြင့် ထိုကလေးတွေရဲ့ ကောင်းမွန်တဲ့ ပင်ကိုယ်စရိုက်လက္ခဏာ (identity) ပြိုလဲ ပျက်စီးသွားပါတယ်။

🔹 (2) ကြိုးကိုင်ချယ်လှယ်သူ (Controllers)

သားသမီးတွေကို ပေါ်ပေါ်ထင်ထင် သိသာမြင်လွယ်အောင် လွှမ်းမိုးချုပ်ကိုင်တဲ့ မိဘတွေရှိသလို သိမ်မွေ့ပြီး တိုက်ရိုက်မဟုတ်တဲ့ လွှမ်းမိုးချုပ်ကိုင်နည်းတွေနဲ့ ချုပ်ကိုင်ကြတဲ့ မိဘတွေလဲ ရှိကြပါတယ်။ဥပမာ။ ခြိမ်းခြောက်တာ၊ အပြစ်ရှိသလိုခံစားရအောင်လုပ်တာ၊ အရှက်ခွဲတာ စတဲ့နည်းစနစ်တွေပဲ ဖြစ်ပါတယ်။

ကြိုးကိုင်ချယ်လှယ်တတ်တဲ့မိဘတွေရဲ့ နောက်ထပ်သိမ်မွေ့တဲ့ နည်းစနစ်တစ်ခုက ''အကူအညီပေးတဲ့ နည်းစနစ်'' ပဲ ဖြစ်ပါတယ်။ သားသမီးအပေါ် သြဇာညောင်းဖို့အတွက် ကိစ္စကြီးငယ်မှန်သမျှကို ဝင်ရောက်စွက်ဖက်ပြီး ကူညီလုပ်ကိုင်ဆောင်ရွက်ပေးတတ်ကြပါတယ်။ ထို့အပြင် မိဘတွေက သူတို့ရဲ့အမိန့်တွေကို တစ်သွေမတိမ်း နာခံတတ်အောင် ကြိုးကိုင်တတ်ကြပါတယ်။

Controllers အမျိုးအစားမိဘတွေရဲ့သားသမီးတွေဟာ သူတို့ရဲ့ (identity) ပင်ကိုယ်စရိုက်လက္ခဏာတွေ ပျောက်ဆုံးပြီး ရုပ်သေးရုပ်လေးလိုပဲ မိဘအလိုကျ ပြုမူနေထိုင်ကြရပြီး မိမိရဲ့ဆန္ဒအတိုင်း လုပ်ကိုင်ခွင့် မရရှိကြပါဘူး။ ဥပမာ။ သူငယ်ချင်းတွေနဲ့ချိန်းဆိုတာ၊ ခရီးတစ်ခုခုသွားတာ စတဲ့ ကိစ္စတွေမှာ မိဘကခွင့်ပြုပါ့မလားဆိုပြီး စိတ်ပူနေရတာမျိုး၊ ကိုယ်ဝါသနာပါတဲ့အလုပ် (သို့) ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်ကိုရွေးပြီး တက္ကသိုလ်တက်မယ် ကြံပြီးကာမှ မိဘဆုံးဖြတ်တဲ့ဘာသာရပ်ကို ပြောင်းလုပ်/ပြောင်းတက်ရတာမျိုးတွေ ဖြစ်ပါတယ်။

ထိုကလေးမျိုးတွေဟာ ကြီးလာတဲ့အခါ တစ်ပါးသူကို မမှီခိုဘဲ မရပ်တည်နိုင်ကြတော့ပါဘူး။ ထို့အပြင် အခြားသူရဲ့ အသိအမှတ်ပြုမှုရရှိမှသာ စိတ်လုံခြုံမှုနဲ့ အရေးပါမှုကို ခံစားရရှိမှာ ဖြစ်ပါတယ်။
အဓိက ကတော့ မိမိကိုယ်မိမိ ယုံကြည်မှုတွေ ပျက်စီး ပျောက်ဆုံးသွားစေပါတယ်။

🔹 (3) စော်ကားနှိပ်စက်သူ (Abusers)

Toxic Parentsအမျိုးအစားထဲမှာ အဆိုးရွားဆုံးပါပဲ။ စော်ကားနှိပ်စက်မှုတွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း (Sexual abuse)၊ ရိုက်နှက်ခြင်း (Physical abuse) နဲ့ နှုတ်ဖြင့်စော်ကားခြင်း (Verbal abuse) တို့ပဲ ဖြစ်ပါတယ်။

Physical abuse နဲ့ Sexual abuse တို့က သိသာထင်ရှားပေမယ့် Verbal abuse ကတော့ ကောင်းမွန်တဲ့ မိဘတွေဆီမှာတောင် သတိမမူမိတဲ့အတွက် တွေ့ရှိရတတ်ပါတယ်။

ကလေးကို ကောင်းစေချင်လို့ အပြစ်ပြဆုံးမတာ၊ ထောက်ပြဝေဖန်တာမျိုးတွေက စော်ကားနှိပ်စက်တာ မဟုတ်ပေမယ့် ကလေးရဲ့ ဥာဏ်ရည်ဥာဏ်သွေး နဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို ပျက်ရယ်ပြုတာတွေ၊ နှိမ့်ချပြောဆိုတာတွေက အရှက်ခွဲစော်ကားတဲ့အဆင့်ကို ရောက်ရှိသွားပါတယ်။

✳ နှုတ်ဖြင့်စော်ကားခြင်း (Verbal abuse) ကို အဓိကအားဖြင့် (2) မျိုး ခွဲခြားထားပါတယ်။

ပထမတစ်မျိုးက သိသာထင်ရှားတဲ့ တိုက်ရိုက် စော်ကားခြင်းတွေပါ။ ဥပမာ။ ရုပ်ဆိုးတယ်။ ဥာဏ်တုံးတယ်။ အသုံးမကျဘူး။ အဆိုးဆုံးကတော့...နင့်လိုကလေးမျိုး မွေးမလာသင့်ဘူး။ နင့်ကို မွေးမိတာ မှားတာပဲ စသည်ဖြင့် ပြောဆိုတာတွေ ဖြစ်ပါတယ်။

ဒုတိယတစ်မျိုးက နောက်သလိုလို ပြောင်သလိုလိုနဲ့ သွယ်ဝိုက် စော်ကားခြင်းတွေပါ။ ဥပမာ။ ဆေးရုံကနေ ကလေးခြင်းမှားလာခဲ့တာ။ အမှိုက်ပုံက ကောက်လာတာ။ မွေးစားထားတာ စသည်ဖြင့် ပြောဆိုတာတွေ ဖြစ်ပါတယ်။
တကယ်တော့ ငယ်ရွယ်နုနယ်တဲ့ ကလေးတွေဟာ ထေ့လုံးငေါ့လုံးတွေ၊ ရယ်စရာဟာသတွေ နဲ့ ချဲ့ကားပြောဆိုမှုတွေကို အရှိအတိုင်း အဓိပ္ပါယ်ဖွင့်ပြီး အမှန်လို့ပဲ ထင်တတ်ကြပါတယ်။ ဘာမှအပြစ်မရှိဘူးလို့ထင်ရတဲ့ မိဘတွေရဲ့ အပြောင်အပျက်စကားတွေဟာ ကလေးတွေရဲ့ယုံကြည်ချက်ကို အကြီးအကျယ် ပျက်စီးသွားစေနိုင်ပြီး အထီးကျန်မှု နဲ့ ကြောက်ရွံ့မှုတွေကို ခံစားရလေ့ရှိပါတယ်။

✳ ရိုက်နှက်ခြင်း (Physical abuse) တွေ အမြဲလိုလို လုပ်တတ်တဲ့ မိဘတွေရဲ့သားသမီးတွေက အကြောက်တရားနဲ့သာ ကြီးပြင်းခဲ့ကြရတယ်။
အဲ့ဒီ့အတွေ့အကြုံတွေကြောင့် ထိုကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာတွေဟာ အမြဲကြောက်ရွံ့ထိပ်လန့်နေကြပြီး ဘယ်သူ့ကိုမှ မယုံကြည်တတ်ကြတော့ပါဘူး။
ထို့ကြောင့် ပေါင်းသင်းဆက်ဆံရေးတွေမှာ အမြဲအဆိုးဆုံး အခြေအနေတွေပဲ ရင်ဆိုင်ကြရပြီး တခြားသူတွေနဲ့ နီးနီးကပ်ကပ် မဆက်ဆံတတ်ကြတော့ပါဘူး။

# မိဘနဲ့သားသမီး ဆက်ဆံရေးဟာ ဘဝတစ်လျှောက်လုံး ကြုံတွေ့ရမယ့် ပေါင်းသင်းဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။

ငယ်ဘဝမှာ စော်ကားမှုတွေ၊ ဖိနှိပ်ကြိုးကိုင် ချုပ်ချယ်မှုတွေ နဲ့ လျစ်လျူရှုမှုတွေကို ခံစားရတဲ့ ကလေးတွေဟာ စိတ်ဒဏ်ရာ အကြီးအကျယ်ရရှိသွားတတ်ကြပါတယ်။
ငယ်ဘဝမှာ စိတ်ဒဏ်ရာရရှိတဲ့ ကလေးတွေဟာ သူတို့ကိုသူတို့ ဘာမှမဖြစ်သလို ထင်ရပေမယ့် သူတို့စိတ်ထဲမှာတော့ ဒီဒဏ်ရာတွေဟာ ပြည်တည်နေတာကို တွေ့ရပါတယ်။
ထို့အပြင် ကလေးတွေဟာ သူတို့ရဲ့ဒေါသကို တိုက်ရိုက် ထုတ်မပြတတ်ဘဲ ခံစားချက်တွေကို ကျိတ်မှိတ်မြိုသိပ်ထားလေ့ရှိကြပါတယ်။

ဒီလိုနဲ့ အချိန်ကြာလာပြီး အရွယ်ရောက်လာတဲ့အခါ ဒီခံစားချက်တွေက ပုပ်ပွလာပြီး စိတ်ဓာတ်ကျခြင်းတွေ၊ ဒေါသပေါက်ကွဲခြင်းတွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။
အဲ့လိုဖြစ်လာတဲ့အခါ နေ့စဥ် လူမှုဘဝဆက်ဆံရေးရော အလုပ်ခွင်ဆက်ဆံရေးတွေပါ ထိခိုက်လာကြပြီး အဆိုးဆုံး သံသရာလည်သွားတတ်ကြပါတယ်။

# ကလေးဘဝရဲ့ စိတ်ဒဏ်ရာတွေဟာ အရမ်းအမြစ်ခိုင်ပြီး ပယ်ဖျက်ဖို့ ခက်ခဲလှပါတယ်။ သို့သော်လည်း ဒီစိတ်ဒဏ်ရာတွေကို ကုသဖို့ နည်းလမ်းတွေလဲ ရှိပါသေးတယ်။
သို့ပေမယ့် ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်စေပါတယ်။

# သားသမီး မကောင်းခဲ့ရင် မိဘက သွန်သင်ဆုံးမမှု ညံ့ဖျင်းတယ်လို့ တစ်ကြိမ်သာ အပြစ်တင်ခံရနိုင်ပါတယ်။ မိဘကောင်း မဖြစ်ခဲ့ရင်တော့ သားသမီးရဲ့ဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ရမယ့် စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေး နဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ထိခိုက်သွားစေနိုင်တယ်ဆိုတာကို မိဘတိုင်း သတိပြု ဆင်ခြင်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်။

(အမေရိကန် စိတ်ရောဂါကုထုံး Susan Forward ရဲ့ Toxic Parents စာအုပ်ကို မိဘတွေ လေ့လာနိုင်ရန် အကျဥ်းချုံး ဘာသာပြန် ရေးသားထားပါတယ်)
❤ လွတ်လပ်စွာ credit ပေး၍ share ယူနိုင်ပါတယ်။❤
Ngu Wah
18.03.2023

20/11/2020

Every child is a miracle with each having their own ways that make this world a beautiful place for us.
Happy children’s day to every child.

(MCDC)

Photos from MCDC - Myanmar Child Development Centre's post 06/10/2020

Weather Flash cards

*** NOT FOR SALE ***
💗💗 Sharing is Caring 💗💗
(MCDC)

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon