The Prince

The Prince

Share

Photos from The Prince's post 16/07/2026

⛓️နှစ်ပေါင်း ၁၂၀ နီးနီး သက်တမ်းရှိစာအုပ်တစ်အုပ်ပါ..

😶‍🌫️ယုံကြည်ခြင်းဟာ လက်တွေ့အချက်အလက်တွေကင်းမဲ့လာတဲ့အခါ ဘာသာရေးအစွန်းရောက် အမှောင်ထု ဖြစ်လာတတ်တယ်…

💀🫥Plotinus မှသည် Immanuel Kant ခေတ်အထိဘာသာရေးအဆိပ်အတောက်ကို ဒဿနဓားဖြင့် ခွဲစိတ်ခြင်း..

Edit SoldOut

Truth and Falsehood in Religion
By W. R. Inge

‼️Now Discount Price ~ 44000 ks
🚫 Normal Price ~ 97000 ks

Pages ~ 176
Publisher ~ E.P.Dutton Press
Publication Date ~ 1907

🔖Instock Only 1 Book
⚜️Hardcover
🔗Rare Book

‼️နှစ်ပေါင်း ၁၂၀ နီးပါး သက်တမ်းမူရင်းမှတ်တမ်းစာအုပ် ကို good condition နဲ့ စုချင်တဲ့ collector တွေအတွက်ရည်ရွယ်ပါတယ်။

ကျွန်တော်တို့ လူသားတွေဟာ သမိုင်းတစ်လျှောက်မှာ အမှန်တရားကို ရှာဖွေဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာသာရေးဆိုတဲ့ အလင်းတိုင်ကြီးကို ထွန်းညှိခဲ့ကြတယ်ဗျ။

ဒါပေမဲ့ အဲဒီအလင်းတိုင်ရဲ့ အောက်ခြေမှာ အမှောင်ဆုံး အရိပ်မည်းကြီးတွေ ခိုအောင်းနေခဲ့တာကိုတော့ သတိမထားမိခဲ့ကြဘူး။

ကျွန်တော်တို့ ခေါင်းထဲမှာ အမြဲတမ်း ပဋိပက္ခဖြစ်နေရတဲ့ မျက်ကန်းယုံကြည်မှု နဲ့ မျက်မြင်ကိုယ်တွေ့ လက်တွေ့အရှိတရား ကြားက စစ်ပွဲကို ကမ္ဘာကျော်ဂျာမန်ဒဿနရှင် Immanuel Kant က သူ့ရဲ့ ဝေဖန်ရေးဒဿနတွေနဲ့ မီးမောင်းထိုးပြခဲ့ဖူးတယ်ဗျ။

Kant က လူသားတွေရဲ့ အာရုံခံစားမှုနဲ့ သိနားလည်နိုင်စွမ်းရဲ့ အကန့်အသတ်ကို ချပြရင်း သိပ္ပံနည်းကျ လက်တွေ့အချက်အလက်တွေက တန်ဖိုးမဖြတ်နိုင်ပေမဲ့……

လူသားတွေရဲ့ ကိုယ်ကျင့်တရားနဲ့ အတွင်းစိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုအတွက်တော့ ယုံကြည်ခြင်းဆိုတဲ့ နယ်ပယ်ကလည်း မရှိမဖြစ် လိုအပ်တယ်' ဆိုပြီး ယုံကြည်ခြင်းနဲ့ အရှိတရားကို ဓားမိုးမပြဘဲ အံ့မခန်း ညှိနှိုင်းပေးခဲ့တာပါ။

အခု W. R. Inge ကလည်း Kant ရဲ့ ဒီဒဿနအမြင်ကို အခြေခံပြီး ဘာသာရေးရဲ့ အနှစ်သာရကို ဆန်းစစ်ပြထားပါတယ်။

ယုံကြည်ခြင်းဟာ လက်တွေ့အချက်အလက်တွေကင်းမဲ့လာတဲ့အခါ ဘာသာရေးအစွန်းရောက် အမှောင်ထု ဖြစ်လာတတ်ပါတယ်။

လက်တွေ့အရှိတရားကလည်း နှလုံးသားနဲ့ ကိုယ်ကျင့်တရား ကင်းမဲ့သွားတဲ့အခါ အသက်မဲ့ ခြောက်သွေ့သွားတတ်ပုံကို ကျမ်းပြုသူ ဆရာကြီး Inge က Kant ရဲ့ ဒဿနအမြင်က တစ်ဆင့် စာဖတ်သူတို့ ဦးနှောက်ထဲကို စိမ့်ဝင်သွားအောင် သွေးအေးအေးနဲ့ ခွဲစိတ်ပြထားတာ ဖြစ်ပါတယ်ဗျာ။

အခု ကျွန်တော် ပြောပေးချင်တဲ့ စာအုပ်ကတော့ လန်ဒန်မြို့ St. Paul's Cathedral ရဲ့ သင်းအုပ်ချုပ် ဖြစ်ခဲ့သလို ကမ္ဘာကျော် ဒဿနပညာရှင်တစ်ဦးလည်းဖြစ်တဲ့ W. R. Inge ရေးသားခဲ့တဲ့ Truth and Falsehood in Religion ဆိုတဲ့ ဒဿနစာအုပ်ကြီးပဲ ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ ဘာသာရေးရဲ့ အနှစ်သာရ၊ သမိုင်းကြောင်းနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စရပ်တွေကို ဒဿနိကဗေဒနဲ့ ပညာရပ်ရှုထောင့်ကနေ အကွက်စေ့စေ့ လေ့လာဝေဖန်ထားတဲ့ စာအုပ်တစ်အုပ်ပါ။

ဒီစာအုပ်ရဲ့ ပထမဆုံး အခန်းဖြစ်တဲ့ ဘာသာရေးဆိုင်ရာ အသိစိတ် တိုးတက်ပြောင်းလဲလာပုံ အပိုင်းမှာ W. R. Inge က လူသားတွေရဲ့ စိတ်အစဉ်မှာ ဘာသာရေးအပေါ် ယုံကြည်ကိုးကွယ်မှု အသိစိတ်ဓာတ်တွေ ခေတ်အဆက်ဆက် ဘယ်လိုပုံစံနဲ့ ဖြစ်တည် ပြောင်းလဲလာခဲ့သလဲဆိုတာကို သမိုင်းနဲ့ စိတ်ပညာဆိုင်ရာ အခြေခံတွေနဲ့ ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။

ဒါဟာ Plato ပြသခဲ့တဲ့ ဂူအောင်းလူသားများရဲ့ ဥပမာဖြစ်တဲ့ Allegory of the Cave ဒဿနနဲ့ ကွက်တိ သွားတူနေပါတယ်ဗျာ။

ဂူထဲက လူသားတွေဟာ နံရံပေါ်က အရိပ်တွေကိုပဲ အမှန်တရားလို့ ထင်နေကြသလို လူသားတွေရဲ့ ဘာသာရေး အသိစိတ်ဟာလည်း အစပိုင်းမှာ ကြောက်ရွံ့မှုနဲ့ အဝိဇ္ဇာအမှောင်ထုထဲက အရိပ်တွေကိုပဲ ကိုးကွယ်ရာအဖြစ် သတ်မှတ်ခဲ့ကြတာပါ။

ကျမ်းပြုသူ Inge က ဒီအမှောင်ထုထဲကနေ လူသားတွေရဲ့ စိတ်ဓာတ်ဟာ စစ်မှန်တဲ့ ဝိညာဉ်ရေးရာ အလင်းဆီကို ဘယ်လို တဖြည်းဖြည်း ရုန်းထွက်လာခဲ့သလဲဆိုတာကို ဒဿနဆန်ဆန် ရှင်းပြထားပါတယ်။

စာအုပ်ရဲ့ အသည်းနှလုံးလို့ ပြောလို့ရတဲ့ ဒုတိယအခန်း Falsehood in Religion မှာတော့ စာရေးသူက ဘာသာရေးရဲ့ နာမည်ကို ခုတုံးလုပ်ပြီး ဖြစ်ပေါ်လာတတ်တဲ့ အယူအဆအမှားတွေ၊ အစွန်းရောက်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို အကြင်နာတရားကင်းမဲ့စွာနဲ့ပဲ ပညာရပ်ဆန်ဆန် ဓားဆစ်သလို ခွဲခြမ်းစိတ်ဖြာ ပြလိုက်ပါတယ်ဗျာ။

ဒီနေရာမှာ သူက ပြင်ပရုပ်ဝတ္ထုတွေ၊ ထုံးတမ်းစဉ်လာတွေ ထက် အကြွင်းမဲ့ အမှန်တရားကိုသာ အသားပေးတဲ့ နီယို-ပလေတိုဝါဒီ ဒဿနပညာရှင် Plotinus ရဲ့ အတွေးအခေါ်နဲ့ချိန်ထိုးထားပါတယ်။

ဘာသာရေး အဖွဲ့အစည်းတွေဟာ ကိုယ်ပိုင်အာဏာနဲ့ စည်းစိမ်အတွက် အမှန်တရားကို ဘယ်လို ဖုံးကွယ်ပြီး လူသားတွေကို အကြောက်တရား ကျိန်စာတွေနဲ့ လှည့်စား အမှောင်ချခဲ့သလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရမှာဖြစ်လို့ ဒဿနအမှောင်ခြမ်းရဲ့ ကျောချမ်းစရာ သဘာဝကို စာဖတ်သူတို့ အပြည့်အဝ ခံစားရမှာပါ။

တတိယအခန်းဖြစ်တဲ့ Religion in the Life of the Individual ထဲမှာတော့ ဘာသာရေးဟာ အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ အမိန့်ပေး ခြောက်လှန့်နေဖို့ မဟုတ်ဘူးဆိုတာပြထားပါတယ်။

လူသားတစ်ဦးချင်းစီရဲ့ နေ့စဉ်လူနေမှုဘဝ၊ စရိုက်လက္ခဏာနဲ့ ကိုယ်ကျင့်တရားအပေါ် ဘယ်လို သက်ရောက်မှုရှိသင့်သလဲဆိုတာကို ဒဿန အချိတ်အဆက်မိမိ ဆွေးနွေးထားပါတယ်။

ဘာသာရေးရဲ့ အစစ်အမှန်ဆိုတာ ပြင်ပက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ၊ တံဆိပ်ကပ်မှုတွေ မဟုတ်ပါဘူး။

လူသားတစ်ဦးချင်းစီရဲ့ စိတ်အစဉ်က အမြင့်မြတ်ဆုံးသော တရားနဲ့ တိုက်ရိုက်ထိတွေ့ ခံစားရတဲ့ Inner Spiritual Experience သာ ဖြစ်တယ်ဆိုတဲ့ ဒဿနကို အလေးပေးထားလို့စာဖတ်သူအနေနဲ့ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ဖို့အထောက်ကူပြုပါလိမ့်မယ်ဗျ။

စတုတ္ထအခန်း ဖြစ်တဲ့ Faith and Fact ကတော့ တွေးခေါ်ရတာအကြိုက်ဆုံး ဖြစ်မယ့် အခန်းပါပဲဗျာ။

ဘာသာရေးရဲ့ သက်ဝင်ယုံကြည်မှု Faith နဲ့ သိပ္ပံ သို့မဟုတ် သမိုင်းကြောင်းအရ ငြင်းပယ်လို့မရတဲ့ လက်တွေ့အရှိတရား ကြားက ပဋိပက္ခတွေကို ဂျာမန် ဒဿနရှင် Immanuel Kant ရဲ့ ဝေဖန်ရေးဒဿနတွေနဲ့ ချိန်ထိုးပြီး ဆန်းစစ်ပြထားပါတယ်။

ယုံကြည်ခြင်းဟာ မျက်ကန်းဖြစ်သွားတဲ့အခါ အမှောင်ထု ဖြစ်လာတတ်ပြီး လက်တွေ့အရှိတရားကလည်း နှလုံးသားကင်းမဲ့သွားတဲ့အခါ ခြောက်သွေ့သွားတတ်ပါတယ်။

ဒီနှစ်ခုကြားမှာ ယုတ္တိဗေဒအရ ဘယ်လို မျှတအောင် တွေးခေါ်ရမလဲဆိုတာကို ကျမ်းပြုသူ Inge က စာမထောက်ဘဲ စီးဆင်းမှုအလှဆုံး ရေးဖွဲ့ပြထားတာမို့ ဒဿနဝါသနာအိုးတွေအတွက်တော့ တကယ့်ကို ရသာစုံ ဟင်းခွက်တစ်ခွက်ပါပဲ။

ဒါ့အပြင် ခေတ်သစ်လူသားတွေ ရင်ဆိုင်နေရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးမှု အမှောင်ထုကို ဘာသာရေးရဲ့ အတွင်းစိတ်ဒဿနနဲ့ ဘယ်လို တာဝန်ယူဖြေရှင်းရမလဲဆိုတာကို နိဂုံးချုပ် အကြံပြုထားပါတယ်ဗျ။

W. R. Inge ရဲ့ဒီဒဿန လက်ရာဟာ စနစ်တကျ ဖွဲ့စည်းထားတဲ့ ပြင်ပက အဖွဲ့အစည်းဆိုင်ရာ ဘာသာရေးစနစ် ရဲ့ အရိပ်မည်းတွေကို ဝေဖန်ပြီး လူသားတစ်ဦးချင်းစီရဲ့ ဉာဏ်ပညာနဲ့ အတွင်းစိတ်ပိုင်းဆိုင်ရာကို ဦးတည်တဲ့ Spiritual Philosophy ကို အသားပေးထားတဲ့ ပြိုင်ဘက်ကင်း လက်ရာမွန်ကြီး ဖြစ်ပါတယ်။

The Prince Bookshop
Telegram Channel :

https://t.me/theprincebookshop

15/07/2026

🤯💰ဆာလောင်မွတ်သိပ်မှုနဲ့ အလုပ်လက်မဲ့ ဖြစ်ရပ်ဆိုးတွေရဲ့ နောက်ကွယ်က ကမ္ဘာ့သမိုင်းဝင် အမှောင်ဆုံးနေ့ရက်များ…

💸 The Deflation Paradox
ကုန်စျေးနှုန်းပြင်းထန်စွာအလွန်အမင်းကျဆင်း

ကုန်စျေးနှုန်းတွေ နေ့တိုင်းတက်နေတဲ့ ခေတ်ကြီးထဲမှာ နေထိုင်နေရတဲ့ ကျွန်တော်တို့အတွက် ကုန်စျေးနှုန်းတွေ အလွန်အမင်း ကျဆင်းသွားတာဆိုတဲ့ စကားလုံးက အိပ်မက်တခုလိုမျိုးပါပဲ။

ကုန်စျေးနှုန်းတွေကျတာက နားထောင်လို့ အင်မတန်ကောင်းတဲ့ သတင်းကောင်းတခုလိုမျိုး ထင်ရကောင်း ထင်ရပါလိမ့်မယ်။

အဝတ်အထည်တွေ၊ စားသောက်ကုန်တွေ၊ အိမ်ခြံမြေတွေနဲ့ အီလက်ထရောနစ် ပစ္စည်းတွေ အားလုံး စျေးနှုန်းတွေ ထက်ဝက်မက အလွန်အမင်း ကျဆင်းသွားရင် စားသုံးသူတွေဖြစ်တဲ့ ကျွန်တော်တို့အတွက် ပရိုမိုးရှင်းပွဲကြီး အမြဲတမ်း ကြုံနေရသလို ပျော်စရာကြီးပေါ့လို့ တွေးမိရင် မမှားပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်းကုန်စျေးနှုန်းကျတယ်ဆိုတာကိုသတင်းတွေထဲတခါလောက်မြင်ချင်ခဲ့တာအမှန်ပါဗျာ။

ဒါပေမဲ့ ဒါက ကုန်စျေးနှုန်း တောက်လျှောက်ကျဆင်းခြင်း ဆိုတဲ့ ဘီလူးသရဲကြီး အကြောင်းကို သေချာ မသိသေးခင်ကလေးအတွေးနဲ့ မြင်ချင်ခဲ့တာဖြစ်ပေါင်းဖြစ်နိုင်ပါတယ်။

သမိုင်းကို ပြန်ကြည့်ရင် ငွေကြေးတန်ဖိုးတွေ အဆမတန် တက်လာပြီး ကုန်စျေးနှုန်းတွေ ထိုးကျသွားတဲ့ ဖြစ်ရပ်တိုင်းဟာ လူသားတွေကို အကြီးအကျယ် ဒုက္ခပေးခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို အကြောသေသွားစေခဲ့တဲ့ ကပ်ဆိုးကြီးတွေ ဖြစ်ခဲ့ဖူးပါတယ်ဗျ။

သမိုင်းတလျှောက် ကုန်စျေးနှုန်း အလွန်အမင်း ကျဆင်းခဲ့တဲ့ ဖြစ်ရပ်တွေကို စီးပွားရေး သီအိုရီတွေနဲ့ ချိတ်ဆက်ပြီး စနစ်တကျ မလေ့လာခင်မှာ ပထမဦးဆုံး Deflation ရဲ့ သဘောသဘာဝကို နားလည်ဖို့ လိုပါတယ်။

Macroeconomics ဆိုတဲ့ မဟာစီးပွားရေးပညာသဘောတရားအရ ငွေဖောင်းပွမှု က ပစ္စည်းစျေးနှုန်းတွေကို တက်စေပြီး ငွေရဲ့ တန်ဖိုးကို ကျဆင်းစေတာ ဖြစ်သလို ကုန်စျေးနှုန်းကျဆင်းတာ ကတော့ သူ့ရဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

ရှင်းရှင်းပြောရရင်ပစ္စည်းတွေရဲ့ စျေးနှုန်းက တောက်လျှောက် ကျဆင်းသွားပြီး လက်ထဲမှာရှိတဲ့ ငွေရဲ့ တန်ဖိုးက တက်လာတာပါ။

စားသုံးသူ တဦးချင်းစီရဲ့ အမြင်မှာတော့ ဒီနေ့ ငါးရာတန်တဲ့ ပစ္စည်းက မနက်ဖြန် လေးရာဖြစ်သွားတာ ဖြစ်လို့ အရမ်း အဆင်ပြေတယ်လို့ မြင်နိုင်ပေမဲ့ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်ရင်တော့ ဒါဟာ စီးပွားရေး တုံ့ဆိုင်းမှုရဲ့ အစပျိုးခြင်းပဲ ဖြစ်ပါတယ်။

စျေးနှုန်းတွေ ကျဆင်းရခြင်းရဲ့ အဓိက အကြောင်းရင်း ၂ ခုရှိတယ်ဗျ။

ပထမတခုက ကုန်ထုတ်လုပ်မှု နည်းပညာတွေ တိုးတက်လွန်းလို့ ကုန်ပစ္စည်းတွေ ပေါများလာတဲ့ အကောင်းဘက်က ကျဆင်းခြင်းပါ။

ဒုတိယတခုကတော့ လူတွေမှာ ပိုက်ဆံမရှိလို့/ပိုက်ဆံမသုံးချင်လို့ ဝယ်လိုအား အကြီးအကျယ် ကျဆင်းသွားတဲ့ အဆိုးဘက်က ကျဆင်းခြင်းပေါ့။

ကမ္ဘာ့သမိုင်းတလျောက် ကုန်စျေးနှုန်း အလွန်အမင်း ကျဆင်းခဲ့တဲ့ ပထမဦးဆုံး အထင်ကရ ကာလရှည် ဖြစ်ရပ်ကြီးကတော့ ၁၉ ရာစု နှောင်းပိုင်း ၁၈၇၃ ခုနှစ်ကနေ ၁၈၉၆ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ မဟာ ကုန်စျေးနှုန်းကျဆင်းမှုဖြစ်ရပ်ကြီးပါပဲ။

ဒီဖြစ်ရပ်ကို The Great Deflation လို့မှတ်တမ်းတင်ထားပါတယ်။

ဒီဖြစ်ရပ်က စက်မှုတော်လှန်ရေး ဒုတိယလှိုင်းနဲ့ တိုက်ရိုက် သက်ဆိုင်နေပြီး အပြုသဘောဆောင်တဲ့ ဘက်ကနေ စတင်ခဲ့တာဗျ။

အဲ့ဒီကာလအတွင်းမှာ ဥရောပနဲ့ အမေရိကန် တိုက်ကြီးတွေမှာ ရထားလမ်းကွန်ရက်တွေ အကြီးအကျယ် တိုးတက်လာသလိုကုန်တင် သင်္ဘော
ကြီးတွေလည်းပေါ်လာတယ်။ ပြီးတော့ စက်ရုံတွေမှာ အလိုအလျောက် ကုန်ထုတ်လုပ်မှု စနစ်တွေ ထွန်းကားလာခဲ့ပါတယ်။

ဒါကြောင့် ကုန်ပစ္စည်း ထုတ်လုပ်မှု စရိတ် တွေဟာ သိသိသာသာ သက်သာသွားပြီး ကုန်စည်စီးဆင်းမှုကလည်း အင်မတန် မြန်ဆန်လာခဲ့ပါတယ်။

မြင်အောင်ပြောရရင် အမေရိကန် လယ်ကွင်းပြင်တွေက ထွက်တဲ့ ဂျုံတွေကို ဥရောပ စျေးကွက်ထဲကို အချိန်တိုအတွင်းမှာ စျေးနှုန်းအပေါဆုံးနဲ့ ပို့ဆောင်နိုင်ခဲ့ကြတဲ့အချိန်ပေါ့။

ဒီဖြစ်ရပ်ကို Business Operations နဲ့ Microeconomics သီအိုရီ ဖြစ်တဲ့ Economies of Scale နဲ့ ချိန်ထိုးရှင်းပြရရင်….

ကုန်ထုတ်လုပ်မှု ပမာဏ အဆမတန် များပြားလာတဲ့ အခါမှာ ပစ္စည်းတခုချင်းစီရဲ့ ပျမ်းမျှကုန်ကျစရိတ် က ကျဆင်းသွားပါတယ်။ အကျိုးဆက်အနေနဲ့ ကုန်သည်တွေက စျေးနှုန်းတွေကို ပြိုင်ဆိုင်ပြီး ချရောင်းကြတယ်ဗျ။

Macroeconomics သီအိုရီအရ ကြည့်ရင်တော့ ရေရှည်မှာ ထုတ်လုပ်မှုစွမ်းအားတွေ တောက်လျှောက်တက်လာတာမို့ Long-Run Aggregate Supply လို့ ခေါ်တဲ့ ကာလရှည် စုစုပေါင်းထောက်ပံ့မှုမျဉ်းကွေးကြီးက ညာဘက်ကို သိသိသာသာ ရွေ့လျားသွားပြီး မျှခြေစျေးနှုန်း ကို အောက်ဆုံးအထိ ဆွဲချလိုက်သလို ဖြစ်သွားတာပေါ့ဗျာ။

ဒါပေမဲ့ ဒီဖြစ်ရပ်မှာ ထူးခြားတာက ကုန်စျေးနှုန်းတွေ တောက်လျှောက် ကျဆင်းနေပေမဲ့လည်း နိုင်ငံတွေရဲ့ GDP ကတော့ ဆက်လက် တိုးတက်နေခဲ့ပါသတဲ့ဗျ။

ဒါကြောင့် စီးပွားရေး သမိုင်းပညာရှင်တွေက ဒီကာလကို ဒုက္ခပင်လယ်ဝေတဲ့ ကပ်ဆိုးကြီးလို့ မသတ်မှတ်ဘဲ နည်းပညာ ထွန်းကားမှုကြောင့် ဖြစ်ရတဲ့ ကောင်းမွန်တဲ့ ကုန်စျေးနှုန်း ကျဆင်းမှုလို့ သတ်မှတ်ခဲ့ကြပါတယ်။

သို့ပေမယ့် စျေးနှုန်းကျဆင်းမှုရဲ့ သဘာဝအတိုင်း လယ်သမားတွေနဲ့ အကြွေးတင်နေတဲ့ စီးပွားရေးသမားတွေကတော့ သူတို့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်း စျေးနှုန်းတွေ ကျဆင်းသွားတဲ့အတွက် အကြွေးပြန်ဆပ်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

ငွေကြေးစနစ်ကို ရွှေစံနှုန်း ကနေ ငွေစံနှုန်း ပါ တွဲသုံးဖို့အထိ နိုင်ငံရေးအရ အပြင်းအထန် တောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ သမိုင်းမှာ အဆိုးရွားဆုံးနဲ့ စီးပွားရေး သီအိုရီတွေကို ပြောင်းလဲပစ်ခဲ့တဲ့ ကုန်စျေးနှုန်း ကျဆင်းမှု ကပ်ဆိုးကြီးကတော့ ၁၉၂၉ ခုနှစ်ကနေ ၁၉၃၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး The Great Depression ပဲ ဖြစ်ပါတယ်။

ဒါကတော့ စောစောက ပြောခဲ့တဲ့ ကောင်းမွန်တဲ့ ကျဆင်းခြင်းမျိုး မဟုတ်ဘဲ ဝယ်လိုအား လုံးဝ ပျက်စီးသွားလို့ ဖြစ်ရတဲ့ ဆိုးရွားလှတဲ့ ဖြစ်ရပ်ပါ။

၁၉၂၉ ခုနှစ် အောက်တိုဘာလ အမေရိကန် စတော့စျေးကွက်ကြီး ပြိုလဲသွားတာနဲ့တပြိုင်နက်လူတွေရဲ့ ဓနဥစ္စာတွေ နေ့ချင်းညချင်း ပျောက်ဆုံးသွားခဲ့ပါတယ်။

အကျိုးဆက်အနေနဲ့ ဘဏ်တွေ တခုပြီးတခုဒေဝါလီခံ လဲပြိုကုန်ကြပြီး လူတွေဟာလည်းသူတို့ရဲ့ စုဆောင်းငွေတွေကို ဆုံးရှုံးခဲ့ရပါတယ်။

ဒီနေရာမှာ ဒီစီးပွားပျက်ကပ်ကြီးကို အခြေခံပြီး နောက်ပိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ စီးပွားရေးပညာရှင် John Maynard Keynes ရဲ့ Keynesian Economics သီအိုရီအရ ကြည့်ရင်လည်း ဒီစီးပွားရေး ကပ်ဆိုးကြီးရဲ့ အဓိကတရားခံဟာ အထွေထွေ ဝယ်လိုအား အကြီးအကျယ် ကျဆင်းသွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်ဗျ။

လူတွေမှာ ပိုက်ဆံမရှိတော့တဲ့အပြင် အနာဂတ်အတွက် ကြောက်လန့်ပြီး လက်ထဲရှိတဲ့ ငွေကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြတဲ့အချိန်ပေါ့။

ဒီအခြေအနေကို Irving Fisher ရဲ့ Debt-Deflation Theory နဲ့ ကျွန်တော်ဖြည့်စွက်ပြောပေးချင်တယ်ဗျ။

Debt-Deflation Theory ဆိုတာ နားလည်အောင်ပြောရရင် အကြွေးကြောင့် ကုန်စျေးနှုန်းကျဆင်းခြင်း သီအိုရီပါ။

ဘဏ်တွေ ပျက်ကုန်တဲ့အခါ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လူတွေဟာ သူတို့ရဲ့ အကြွေးတွေကို အမြန်ဆုံး ပြန်ဆပ်နိုင်ဖို့အတွက် လက်ထဲမှာရှိတဲ့ ပိုင်ဆိုင်မှုတွေ၊ ကုန်ပစ္စည်းတွေကို စျေးပေါပေါနဲ့ ရောင်းချပြီး ငွေဖော်ကြရပါတယ်။

လူတိုင်းက ပြိုင်တူ ပစ္စည်းတွေ ထုတ်ရောင်းပြီး ငွေရှာကြတဲ့အခါ ကုန်ပစ္စည်း စျေးနှုန်းတွေဟာ မတန်တဆ ထိုးကျသွားပါတော့တယ်။

၄ နှစ်တာ ကာလအတွင်းမှာတင် အမေရိကန် ကုန်စျေးနှုန်း အညွှန်းကိန်းဟာ ၃၀ ရာခိုင်နှုန်းနီးပါးအထိ ထိုးကျသွားခဲ့ရပါတယ်။ စျေးနှုန်းတွေ ကျလာတော့ လူတွေက ပျော်ပြီး ပစ္စည်းတွေ ပိုဝယ်ကြလားဆိုတော့ မဝယ်ကြပါဘူး။ ခက်တော့ခက်ကုန်ပြီ။

ဒါကို ကုန်စျေးနှုန်းကျဆင်းမှု သံသရာစက်ကွင်း လို့ခေါ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Deflationary Spiral ပေါ့ဗျာ။

စားသုံးသူတွေက "ဒီနေ့ မဝယ်သေးဘူး၊ နောက်လဆို စျေးက ဒီထက် ပိုကျဦးမှာပဲ" ဆိုပြီး ဝယ်ယူမှုကို ရွှေ့ဆိုင်းကြပါတယ်။

စားသုံးသူတွေက ပစ္စည်းမဝယ်တော့တဲ့အတွက် စက်ရုံတွေမှာ ကုန်ပစ္စည်းတွေ ပုံလာပြီး လုပ်ငန်းတွေဟာ စျေးနှုန်းကို ထပ်ချရပါတယ်။ စျေးနှုန်းချပေမဲ့လည်း မရောင်းရတဲ့အခါ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ရပါတော့တယ်။

အလုပ်သမားတွေ အလုပ်ပြုတ်ကုန်တော့ သူတို့မှာ ဝင်ငွေမရှိတော့ဘဲ ဝယ်လိုအားက ပိုပြီးတော့ ကျဆင်းသွားပြန်ပါတယ်။

ဒီလိုနဲ့ စျေးနှုန်းကျ၊ စက်ရုံပိတ်၊ အလုပ်ဖြုတ်၊ ဝယ်လိုအားကျ၊ စျေးနှုန်းထပ်ကျဆိုတဲ့ သေမင်းတမန် သံသရာစက်ကွင်းကြီးထဲကို ကမ္ဘာ့စီးပွားရေးကြီး တခုလုံး လှိမ့်ဆင်းသွားခဲ့ပါတယ်။

အဲ့ဒီကာလ အမေရိကန် နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၂၅ ရာခိုင်နှုန်းအထိ တက်သွားခဲ့ပြီး ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လယ်သမားတွေဟာ သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ရောင်းလို့ရတဲ့ စျေးက သယ်ယူစရိတ်ထက်တောင် နည်းနေတာကြောင့် လယ်ကွင်းထဲမှာတင် ဒီအတိုင်း ပုပ်သိုးအောင် ပစ်ထားခဲ့ကြရတဲ့အထိ ကုန်စျေးနှုန်းတွေ ကျဆင်းခဲ့ပါတယ်။

ဒီကပ်ဆိုးကြီးဟာ Monetary Policy ဆိုတဲ့ ငွေကြေးမူဝါဒ ရဲ့ အရေးပါပုံကိုလည်း သမိုင်းသင်ခန်းစာ ပေးခဲ့ပါတယ်။

စီးပွားရေးပညာရှင် Milton Friedman ရဲ့ Monetarism အမြင်အရ အမေရိကန် ဗဟိုဘဏ် ဟာ အဲဒီအချိန်မှာ စျေးကွက်ထဲကို ငွေကြေးအမြောက်အမြား ရိုက်နှိပ်ထုတ်ဝေပြီး ငွေကြေးပမာဏ ကို တိုးမြှင့်ပေးရမယ့်အကြောင်းအမျိုးမျိုးကြောင့်မလုပ်ဖြစ်ခဲ့ပါဘူး။

အဲ့ဒီအစား ငွေကြေးပမာဏကို ၃၀ ရာခိုင်နှုန်းလောက်အထိ ဖြတ်တောက်ပစ်လိုက်တဲ့အတွက် ဒီကုန်စျေးနှုန်းကျဆင်းမှု ကပ်ဆိုးကြီးကို ပိုပြီးတော့ ဆိုးရွား အမြစ်တွယ်သွားစေခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ခေတ်သစ်သမိုင်းမှာ ယနေ့အထိ စီးပွားရေးပညာရှင်တွေ ခေါင်းခဲနေရတဲ့ ကုန်စျေးနှုန်း ကျဆင်းမှု ဖြစ်ရပ်တခုကတော့ ဂျပန်နိုင်ငံရဲ့ The Lost Decades ဖြစ်ရပ်ပါပဲ။

ဒီဖြစ်ရပ်ကို ပျောက်ဆုံးသွားသော ဆယ်စုနှစ်များလို့ကဗျာဆန်ဆန်တင်စားခေါ်တွင်ခဲ့ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဂျပန်နိုင်ငံဟာ စီးပွားရေး အင်မတန် အင်အားကြီးမားခဲ့ပြီး တိုကျိုမြို့လယ်ခေါင်က မြေကွက်ငယ်လေးရဲ့ တန်ဖိုးဟာ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ်တခုလုံးရဲ့ မြေတန်ဖိုးနဲ့ ညီမျှတယ်လို့ ပြောစမှတ်ပြုရလောက်အောင် အိမ်ခြံမြေနဲ့ စတော့စျေးကွက် ပူဖောင်း ကြီး အဆမတန် ကြီးထွားခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် အစောပိုင်းမှာတော့ အဲဒီ ပူဖောင်းကြီး ပေါက်ကွဲသွားခဲ့ပါတယ်။

စတော့တွေနဲ့ မြေစျေးတွေ ထိုးကျသွားတဲ့အတွက် ဘဏ်တွေမှာ ဆိုးရွားတဲ့ Bad Loans တွေ ပြည့်သွားခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေဟာ သူတို့ရဲ့ ရွှေခေတ်က ပိုင်ဆိုင်မှုတွေ ပျောက်ဆုံးပြီး အကြွေးနွံထဲ နစ်ခဲ့ကြရပါတယ်။

ဒီအခြေအနေမှာ ဂျပန်နိုင်ငံဟာ ကာလရှည် ကုန်စျေးနှုန်းကျဆင်းမှု ထဲကို ရောက်သွားခဲ့ပါတယ်။

စီးပွားရေးပညာရှင် Richard Koo ရဲ့ Balance Sheet Recession အရ ဂျပန် ကုမ္ပဏီတွေဟာ အမြတ်အစွန်း ရရှိဖို့ကို ဦးစားမပေးတော့ဘဲ သူတို့ရဲ့ ဘဏ္ဍာရေး ရှင်းတမ်းတွေမှာ ရှိနေတဲ့ အကြွေးတွေကို အမြန်ဆုံး ဆပ်နိုင်ဖို့ကိုသာ အဓိက ထားပြီး လုပ်ဆောင်ကြပါတော့တယ်။

ကုမ္ပဏီတွေက ရသမျှ အမြတ်တွေကို အကြွေးဟောင်းတွေ အမြန်ကျေအောင် ပြန်ဆပ်ဖို့အတွက်ပဲ အဓိက သုံးကြပြီး အသစ်ထပ်မချေးကြတော့သလိုအသစ် ရင်းနှီးမြှုပ်နှံမှုတွေလည်း လုံးဝ မလုပ်တော့ပါဘူး။

ဘဏ်တွေကလည်း ပိုက်ဆံ အလကားနီးပါး အတိုးနှုန်းနဲ့ ချေးပေးနေတာတောင် စီးပွားရေးလုပ်ငန်းတွေက အကြွေးသစ်ယူဖို့ထက် အကြွေးဟောင်းဆပ်ဖို့ကိုပဲ အသည်းအသန် ကြိုးစားနေကြလို့ ဘယ်သူမှ လာမချေးကြတော့တဲ့ အခြေအနေမျိုးပေါ့ဗျာ။

ဒါကို Macroeconomics မှာ ငွေကြေးလည်ပတ်မှု ထောင်ချောက် လို့ ခေါ်ပါတယ်။ ဗဟိုဘဏ်က အတိုးနှုန်းကို ၀% အထိ ချပစ်လိုက်ပေမဲ့လည်း စီးပွားရေးက ပြန်မလှုပ်ခတ်နိုင်တော့ပါဘူး။

ဂျပန်ပြည်သူတွေရဲ့ စားသုံးမှု ပုံစံကလည်း ပြောင်းလဲသွားပါတယ်။ စျေးနှုန်းတွေက မတက်တဲ့အပြင် တနှစ်ထက်တနှစ် ပိုကျလာတာကြောင့် လူတွေဟာ ပိုက်ဆံကို မသုံးဘဲ ဘဏ်ထဲမှာပဲ ဒီအတိုင်း အမြဲတမ်း သိမ်းထားကြပါတယ်။

စားသုံးသူတွေ က ကုန်စျေးနှုန်း တက်လာဖို့ မရှိဘူးလို့ ပုံသေ တွေးတောထားကြတဲ့အတွက် ဂျပန်နိုင်ငံမှာ ကုန်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ စျေးနှုန်းမြှင့်ဖို့ လုံးဝ မရဲကြတော့ပါဘူး။

တကယ်လို့ စျေးနှုန်း အနည်းငယ် မြှင့်လိုက်ရင် စားသုံးသူတွေက လုံးဝ မဝယ်တော့ဘဲ စျေးတန့်နေတဲ့အခြား ကုန်ပစ္စည်းကိုပဲသုံးစွဲခဲ့ကြပါတယ်။

ဒါဆိုရင် ကျွန်တော်တို့က မေးစရာ ရှိလာပါတယ်။

ကုန်စျေးနှုန်းတွေ ကျဆင်းတာဟာ စားသုံးသူတွေအတွက် ဝယ်လိုအား စွမ်းအားကို တက်စေတာပဲ မဟုတ်ဘူးလား၊ ဘာလို့ အစိုးရတွေနဲ့ ဗဟိုဘဏ်တွေက ငွေဖောင်းပွမှု အနည်းငယ် ကိုပဲ အမြဲတမ်း လိုလားနေကြပြီး ကုန်စျေးနှုန်း ကျဆင်းတာကို သေလုမတတ် ကြောက်နေကြတာလဲဆိုတာပါပဲ။

ဒါကို နားလည်ဖို့အတွက် လုပ်ခလစာ သီအိုရီတခုဖြစ်တဲ့အနိမ့်ဆုံး လုပ်ခလစာ သီအိုရီ ~Downward Nominal Wage Rigidity ကို ကြည့်ရပါမယ်။

ကုန်စျေးနှုန်းတွေ ကျဆင်းသွားတဲ့အခါ လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ ဝင်ငွေ လျော့နည်းသွားတဲ့အတွက် ဝန်ထမ်းတွေရဲ့ လစာကိုလည်း လိုက်ပြီး လျှော့ချချင်ကြပါတယ်။

ဒါပေမဲ့ လက်တွေ့ ကမ္ဘာမှာ ဝန်ထမ်းတွေရဲ့ လစာကို ဖြတ်တောက်ပစ်ဖို့ဆိုတာ အလုပ်သမား ဥပဒေတွေကြောင့်သော်လည်းကောင်း ကုန်ထုတ်လုပ်မှု စွမ်းအား ကျဆင်းမှာ စိုးရိမ်လို့သော်လည်းကောင်း အင်မတန် ခက်ခဲပါတယ်။

လစာ လျှော့မရတဲ့အခါ လုပ်ငန်းရှင်တွေမှာ ရွေးချယ်စရာ လမ်းတခုပဲ ရှိပါတော့တယ်။ အဲဒါကတော့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ်ဖို့ပါပဲ။

ဒါကြောင့် ကုန်စျေးနှုန်း ကျဆင်းခြင်းဟာ အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။

အခြားတဖက်မှာလည်း အကြွေးရဲ့ အစစ်အမှန် တန်ဖိုး တိုးပွါးလာခြင်းဆိုတဲ့ ပြဿနာ ရှိပါတယ်။

ဒါကိုရှင်းပြရရင်….

ကျွန်တော်တို့ အိမ်တလုံးကို သိန်း ၁၀၀၀ နဲ့ ဝယ်ဖို့ ဘဏ်ကနေ သိန်း ၈၀၀ ချေးထားတယ် ဆိုပါစို့။

တကယ်လို့ကုန်စျေးနှုန်းတွေ အလွန်အမင်း ကျဆင်းသွားတဲ့ ကပ်ဆိုးကြီး ကြုံလို့ အိမ်ရဲ့ ပေါက်စျေးက သိန်း ၄၀၀ ပဲ ရှိတော့ရင်တောင် ကျွန်တော်တို့ ဘဏ်ကို ပြန်ဆပ်ရမယ့် အကြွေး အရင်းက သိန်း ၈၀၀ အတိုင်း ရှိနေဦးမှာ ဖြစ်ပါတယ်။

ငွေရဲ့ အစစ်အမှန် တန်ဖိုး တက်လာတဲ့အတွက် အကြွေးဆပ်ရတဲ့ ဝန်ထုပ်ဝန်ပိုးက ပိုပြီးတော့ ကြီးမားလာပါတယ်။

ဒါကြောင့် ကုန်စျေးနှုန်း ကျဆင်းတဲ့ ကာလတွေမှာ အကြွေးတင်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ လုပ်ငန်းရှင်တွေနဲ့ အစိုးရတွေဟာ အရင်ဆုံး ဒေဝါလီခံ ပျက်စီးကုန်ကြတာ ဖြစ်ပါတယ်။

ပြောရရင်တော့ ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့နေရတဲ့ ကုန်စျေးနှုန်း တက်တဲ့ ဒုက္ခ ဟာ စိတ်ပျက်စရာ ကောင်းပြီး အိတ်ကပ်ကို ပြောင်စေတာ အမှန်ပါပဲ။

သို့ပေမယ့် ကမ္ဘာ့သမိုင်း တလျှောက်မှာ ဖြစ်ပျက်ခဲ့တဲ့ ကုန်စျေးနှုန်း အလွန်အမင်း ကျဆင်းခြင်း ဖြစ်ရပ်ကြီးတွေ ကတော့….

စီးပွားရေး စနစ်တခုလုံးရဲ့ သွေးကြောတွေကို ပိတ်ဆို့ပြီး နှလုံးရပ်တန့်သွားအောင် လုပ်နိုင်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ဆိုးကြီးတွေ ဖြစ်တယ်ဆိုတာ စီးပွားရေး သီအိုရီတွေနဲ့ သမိုင်းဖြစ်ရပ်တွေက သက်သေပြနေပါတယ်။

ဒါကြောင့် ကုန်ဈေးနှုန်းတွေ အရှိန်အဟုန်နဲ့ တက်တာလည်း မကောင်းသလို၊ အလွန်အမင်း ကျဆင်းသွားတာကလည်း စီးပွားပျက်ကပ်ကြီးတစ်ခုကို ဖိတ်ခေါ်လိုက်တာနဲ့ အတူတူပါပဲဗျာ။

The Prince Bookshop
Telegram Channel :

https://t.me/theprincebookshop

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon