SIRI
29/11/2020
“တန်ဆောင်မုန်းလပြည့် သာမညဖလ
အခါတော်နေ့ သိမှတ်ဖွယ်ရာများ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား
တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလ
သုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌
သာမညဖလအခါတော်နေ့ အထိမ်းအမှတ်
ကျင်းပရခြင်း ဖြစ်ပါသည်။
(၁)။သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏
အကျိုးဟု အဓိပ္ပါယ်ရပါသည်။
(၂)။ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသော
နေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို
“သံဃာတော်များနေ့”ဟု ခေါ်ဆိုနိုင်ပါသည်။
(၃)။သာမညဖလသုတ်သည် ဒီဃနိကာယ်
သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။
(၄)။သာမညဖလသုတ်သည် ရဟန်းသံဃာတော်
များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်
ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်ပါသည်။
(၅)။သာမညဖလသုတ်သည် လူဒါယကာများအဖို့
ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော
ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊
မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။
(၆)။အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို
ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ
ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်
ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ
စွဲကပ်ခဲ့ပါသည်။
(၇)။ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏
အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံ
သွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သော
အဖြေကို မရရှိခဲ့ပါ။
(၈)။နောက်ဆုံး သမားတော်ကြီးဇီဝက၏
အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝက
လှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊
လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏
အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။
(၉)။အဇာတသတ်မင်းသည် သာမညဖလသုတ်
တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓ
သာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး
ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။
(၁၀)။အဇာတသတ်မင်းသည် သာမညဖလသုတ်
တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို
ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်
ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး
နောင်သောအခါ “ဝိဇိတာဝီ” မည်သော ပစ္စေကဗုဒ္ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။
(၁၁)။အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊
သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်
သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။
(၁၂)။ပိဋကတ်တော်များကို မပျက်စီးရအောင်
သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်
ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု
ဆိုထိုက်ပါပေသည်။
(၁၃)။အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော်
များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း
ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့
သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့်
ရရှိနေကြခြင်း ဖြစ်ပါသည်။
(၁၄)။ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ
သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏
ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု
ဆိုထိုက်ပါသည်။ ။
【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များ-နှာ၁၇၅-မှ-”】
Credit ►
Young Buddhist Association
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon