JEWEL HOUSE

JEWEL HOUSE

Share

30/09/2025

ကြုံရတွေ့ရ ရတနာလောကနှင့် စိတ်ကူးထဲကအတွေးများ (၃၂)

ဒီတလော စာရေးဖို့ ခက်ခဲတာ မဆန်းပေမဲ့၊ ပိုဆိုးတာက ရေးသမျှစာတွေ မတင်ဖြစ်တော့တာပါ။

တကယ်တော့ ကြုံကြဆုံကြရတဲ့ ခဏလေးမှာ အတွေးအမြင်၊ ဗဟုသုတ၊ ခံစားချက်တွေ ဖလှယ်ကြရတာဟာ ပျော်ရွှင်စရာပါ။

ကျောက်မျက်အတွက် ရည်ရွယ်ချက်ထားပြီး ပြင်ဆင်လေ့လာနေခဲ့ရတာ နှစ်တွေကြာသွားလည်း မရိုးအီနိုင်ဘဲ၊ အသစ်သစ်သော စိန်ခေါ်မှုတွေနဲ့ သွေးသစ်လောင်းကြရစမြဲပါပဲ။

ဒီကနေ့တော့ ဓါတ်ခွဲခန်းမှာ ဖြစ်တတ်တဲ့ သဘောသဘာဝလေးတွေကို ရေးဖို့ စိတ်ကူးမိတယ်။
ကိုယ့်ငါးချဥ် ကိုယ်ချဥ်တာ မဟုတ်ဘဲ၊ လက်တွေ့ကျကျ သိစေချင်ရုံပါလို့ ဦးစွာဖွင့်ဆိုပါရစေ။

'ဘယ်မှာတော့ စစ်လာခဲ့တယ်၊ ရန်ကုန်ရောက်မှ မီးဖုတ်ဘယ်နှပွင့်ပါသွားတယ်'

'မီးဖုတ်ပါလို့ လဲလိုက်တာပဲ၊ မီးဖုတ်တာက ကျန်နေသေးတယ်'

'အရင်က စစ်တော့ သဘာဝတွေ၊ အခုပြန်စစ်မှ မီးဖုတ်ပါတယ်တဲ့လား'

ရောင်းဝယ်သူအများစု ရင်ဆိုင်ကြရတဲ့ ပြဿနာတခုပါ။

ဘယ်သူ့ ဘယ်သူကိုမှ မယိုးစွပ်ဘဲ၊ ပြဿနာရဲ့အတိမ်အနက်ကို လေ့လာ သဘောပေါက်စေချင်ပါတယ်။

ဓါတ်ခွဲခန်းက ဆရာတွေကိုယ်တိုင်ကအစ မှားနိုင်ပါတယ်၊
အရောင်းအဝယ် လုပ်နေသူတွေလက်ထဲ မတော်တဆ၊ ရည်ရွယ်ချက်ရှိရှိ မှားနိုင်ပါတယ်၊
ပန်းထိမ်အထည်ကပ်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ မှားနိုင်ပါတယ်။

အထူးသဖြင့်တော့ အပွင့်သေးလေးတွေမှာ ပိုရှုပ်ထွေးသလို၊ အပွင့်ကြီးတွေအထိလည်း ဖြစ်တတ်တဲ့သဘာဝက အထက်က အားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။

'ရွေးထားတဲ့အထုပ်ကိုပဲ အထည်ကပ်ခဲ့တာ၊ အခု မီးဖုတ်တွေ ပါတယ်ဆိုတော့.. '

'အဲ့ဒီ မီးဖုတ်တွေကိုပဲ လဲခဲ့တာ၊ အခု မီးဖုတ်ထပ်တွေ့တယ်ဆိုတော့ ..'

'ဒီမှာ အရင်ကထုတ်ခဲ့တာ မီးဖုတ်မပါဘူး၊ အခု မီးဖုတ် ပါတယ်ဆိုတော့ ..'

ဒီပြဿနာတွေက ဒီရက်ပိုင်းတွေမှာ ပိုတွေ့လာရလို့ အားလုံးကို သိစေချင်တာပါ။

စစ်ဆေးသူတွေက မီးဖုတ်တွေ့ပြီဆိုရင် ကျော်သွားလို့မရပါဘူး။ အရင်က စစ်ပြီးသားပါဆိုပြီး ကျော်သွားလို့မရပါဘူး။ ဘယ်အခြေအနေမှာ ဘယ်လိုပဲမှားမှား ပြင်ဆင်ကြရမှာ အလုပ်တခုပါ။

အရင်ကတော့ အလုပ်မရှုပ်စေချင်လို့ ပြန်လဲလိုက်ပါဆိုပြီး ထုတ်ပေးလိုက်ပေမဲ့၊
လဲ/မလဲ မသေချာသလို
လဲတဲ့အထဲမှာလည်း မီးဖုတ်တွေ ပြန်ပါနိုင်တာမို့၊
အခုချိန်မှာ လဲပြီး ပြန်လာပါ၊ စစ်ဆေးခ မယူဘဲ အခမဲ့ ပြန်ထုတ်ပေးပါတယ်။

တရက်ကတော့ ကုန်သည်တယောက်
ဓာတ်ပုံရိုက်ထားပြီး လာငြင်းပေမဲ့၊ တစ်ပွင့်က လုံးဝ မလဲရသေးသလို တစ်ပွင့်က အမှတ်အသား မပေးပေမဲ့ မီးဖုတ်ဖြစ်နေတာ မတတ်နိုင်ခဲ့ပါဘူး။ ဘယ်သူ့အပြစ်လဲ ဆိုတော့ အားလုံးမှာသာ တာဝန်ရှိကြတာပါ။

ဟိုနေ့က အစစ်ထုတ်ထားတာမို့ ဒီကနေ့ပြန်စစ်တဲ့အခါ မီးဖုတ်တွေ့ပါရက်နဲ့တော့ အစစ်လို့ ပြောမပြနိုင်ကြောင်း ဝမ်းနည်းစွာ အသိပေးလိုက်ရပါတယ်။

ဒီကနေ့ သဘာဝထုတ်ပေမယ့် နောက်နှစ်ရက် သုံးရက်အတွင်း အမျိုးမျိုးပြောင်းလဲသွားနိုင်တာမို့၊ ဓါတ်ခွဲခန်းတွေဆိုတာကလည်း ယုံကြည်မှုကို အတော်လေး တည်ဆောက်ယူကြရတာမျိုးပါ။

ဓါတ်ခွဲခန်းတွေက ဘယ်လောက်အထိ အာမခံပေးနိုင်မှာလဲလို့ ပြန်တွေးရင် ... အဖြေတခုတော့ ရမှာပါ။ အားလုံးမှာ စေတနာ မေတ္တာတွေ ရှိကြရမယ့်အပြင် ပညာဉာဏ်နဲ့ ဆုံးဖြတ်တတ်ဖို့လည်း အရေးကြီးပါတယ်။

ဖြစ်တတ်တဲ့ သဘောသဘာဝကို နားလည် ဆင်ခြင်ကြရမှာပါ။ အားလုံးမှာ တာဝန်ရှိပါတယ်။

တရက်က
အထည်ကပ် ခရမ်းစွဲတွေ လာစစ်တာ အတုတွေမို့ အရောင်းအဝယ်ပျက်လို့ ကုန်သည်က စိတ်ပျက်ပြီး အထည်တွေကို လွှင့်ပစ်ဖို့အထိ စိတ်ကူးကြောင်း ပြောပြပါတယ်။

ကိုယ့်ရဲ့အလုပ်ပဲလေဆိုပြီး အရွယ်ညီအစစ်တွေ ပြန်ရှာထည့်ပြီး လာစစ်ခဲ့ရကြောင်း ပြောလာတော့၊ သူ့ရဲ့အခက်အခဲကို နားလည်ကိုယ်ချင်းစာမိပါတယ်။ ရေရှည်လုပ်ရမှာလေ၊ မသိလို့ အထည်ကပ်မိတာပါဆိုပြီး ပြောဖြစ်ခဲ့သလို၊ ယုံကြည်စွာနဲ့ ဝယ်ယူသူလက်ထဲ ကျောက်အစစ်တွေ ထည့်ပေးနိုင်တော့ အားလုံး ပီတိဖြစ်ကြရတာပေါ့။

နားလည်စွာနဲ့ လက်ခံပြီး ကျောက်တွေကို အသေအချာလဲ၊ ပြန်စစ်ပြီး ဝယ်ယူသူတွေလက်ထဲ စိတ်ချစွာ အပ်နှံပေးသူတွေကို ကျေးဇူးတင်ရပါတယ်၊ လေးစားဂုဏ်ယူမိပါတယ်။

ကျွန်တော်တို့တွေက ခရီးအတူတူသွားနေကြရတာကို မမေ့ပါနဲ့ဗျာ။
1/2022




Opening Hour
9:30am~4:30pm

📞09 550 1098,
📞09 250 678 409
📞09 775 182 176

18/09/2025

ကြုံရတွေ့ရ ရတနာလောကနှင့် စိတ်ကူးထဲကအတွေးများ(၃၀)

(၁)
' မီးမဖုတ်ထားပါဘူးရှင် '
' သဘာဝ မိုးကုတ်ကျောက် အစစ်တွေပါနော် '

' ဟုတ်ပါတယ် အစ်မရေ၊ ဒါလေးက မိုင်းရှူးမီးထိပါ '
' ဒီကျောက်တွေကတော့ ထွက်ရှိရာဒေသ မထုတ်ပေးပါဘူး။ နိုင်ငံအစုံက ထွက်တော့ ခွဲခြားလို့လည်း မရပါဘူးရှင် '

' နည်းနည်းတော့ ငြိတယ် အစ်မရေ။ အရမ်းသန့်ရင် ဒီစျေးနဲ့ ဘယ်လိုမှ ဝယ်မရပါဘူး '
' စီဘီမှာ ပြည့်စုံအောင် မေးပေးပါရှင်။ သဘာဝလား၊ မီးဖုတ်ပြုပြင်ထားတာလား စစ်ချက်လေးတွေ တောင်းကြည့်ပါနော် '
ရတနာ live sale မှာ ကြားရတဲ့ အသံချိုချိုလေးတွေပါ။

□ ရောင်းသူတွေဘက်က ပြည့်စုံအောင် ရှင်းပြစေလိုပါတယ်။ လိုအပ်ရင် စစ်ဆေးချက်လေးနဲ့ တွဲပြနိုင်ပါတယ်။ GIA ဂျီအိုင်အေကထုတ်တဲ့စိန်မှာ နံပါတ်ပါမှ စစ်ချက်ရှိတာမျိုးမဟုတ်ပါဘူး။ without အလွတ်စိန်တွေလည်း စစ်ချက်ပြပါ။ တခြားကျောက်တွေလည်း စစ်ချက်ပြပေးပါ။

( ၂ )
တကယ်တော့ ရောင်စုံကျောက်တွေ ရောင်းတဲ့အခါမှာ စိန်တွေထက် ပိုခက်ခဲပါတယ်။ ဥပမာ စိန်ဆိုရင် ဂျီအိုင်အေနော်၊ without နော်ဆိုရင် ပြီးတာများတယ်။ ဒါတောင်မှတချို့ ဖန်စီကာလာစိန်တွေ အရောင်ပြုပြင်ထားတာကို မန်းရှင်းလုပ် ဖော်ပြပေးသင့်ပါတယ်။ အရောင်တွေ၊ အပြစ်အနာတွေက စိန်ရဲ့အသက်မို့ အလေးပေး ပြောပြ ဖော်ပြပေးစေလိုပါတယ်။

( စိတ်ပူတဲ့သူတွေဘက်က ပြောပေးတာပါ )

တဖက်မှာလည်း ရတနာထည်တွေ ဝယ်ကြပြီဆိုရင် အများစုက အတွေ့အကြုံ ရှိပြီးသားပါ။ တန်ဖိုးတွေ နားလည်ကြပါတယ်။ ချစ်ခင်စိတ်နဲ့ အားပေးချင်တာမျိုးတွေလည်းရှိလာနိုင်ပါတယ်။ ငွေကို သိပ်ဂရုစိုက်တာမျိုး မဟုတ်ဘဲ၊ လူရယ်ဆိုင်ရယ်ကို တန်ဖိုးထားတာမျိုးပေါ့။ ကျောက်ဆိုတာထက် သိက္ခာပေါ့။ ဒါကိုလည်း နားလည်ပေးရနိုင်သလို၊ ဆိုင်ရှင်တွေရဲ့ သိက္ခာ၊ ဂုဏ်ဆိုတာကလည်း ဘယ်လိုမှ ပြန်ဝယ်လို့မရတဲ့ အရင်းအနှီးကြီး တခုပါ။

(ဘာလာလာ ဝယ်သူများဘက်မှ )

(၃)
ဒီကနေ့ ခေတ်သစ်အရောင်းအဝယ်လေးတွေမှာ မတူညီတဲ့ ခံစားသူ လူထုတွေ မျိုးစုံတွေ့ရှိလာရပါတယ်။ လူဆိုတာကလည်း သူ့အရပ်နဲ့ သူ့ဇာတ် ဆိုတော့ကာ ကွဲလွဲမှု၊ ခံစားမှုတွေက ဘယ်လိုမှ ညှိမရတဲ့ နားလည်ထားကြတဲ့ တန်ဖိုးတွေပဲ မဟုတ်လား။

သိန်းရာထောင်ချီ ရောင်းနေကြရတဲ့သူတွေ ရှိကြသလို၊ ကျပ်ငွေသောင်းပိုင်း သိန်းပိုင်းကျောက်တွေကြား လူးလားခေါက်ရင်း ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေကြတဲ့ ဘဝတွေကလည်း များစွာပါ။ ငွေကြေးတန်ဖိုးတခုတည်းနဲ့တော့ ကျောက်သမားဆိုတဲ့ အလွှာကို ခွဲခြားမထားသင့်ဘူးလို့ မြင်မိပါတယ်။ နေရာတိုင်းမှာ ဂုဏ်သိက္ခာက ပါမြဲမဟုတ်လား။

သင့်တော်ရာ၊ ထိုက်သင့်ရာ တန်ဖိုးတွေကြား အလုပ်တစ်ခု လုပ်နေကြရတဲ့ အတူတူသော ဘဝတွေလို့ ခံယူမိပါရဲ့။

(၄)
ကျွန်တော် ကျောက်မျက်စစ်ဆေးသူတယောက်ပါ။ ဒီကျောက်ဆိုရင် ဒီလောက်ယူမယ်၊ ဟိုကျောက်ဆိုရင် ဟိုလောက်ယူမယ် လုပ်မရပါဘူး။ ပြောချင်တာက သုံးထောင်တန် အနိမ့်ဆုံးလာထုတ်တဲ့ စစ်ချက်တွေမှာ တချို့က တစ်ထောင်ပင် မတန်တဲ့ အတုတွေဖန်တွေဖြစ်နိုင်သလို၊ တချို့က သိန်းဆယ်သိန်း သိန်းရာပိုင်း ထောင်ပိုင်းတန်တဲ့ကျောက်တွေလည်း ဖြစ်နေနိုင်ပါတယ်။

ကျွန်တော်က အဖြေတခုကို ထုတ်ပေးလိုက်ရသူပါ။ ဘယ်၍တန်တယ်၊ ဘယ်မျှတန်တယ် မတန်ဘူးလို့ ဆုံးဖြတ်ပိုင်ခွင့် မရှိသူတယောက်ပါ။ ဒီအဖြေတွေရဲ့အပေါ် ချင့်ချိန်နားလည်လို့ တန်ဖိုးဆိုတာကို နားလည်ပေးကြရမှာပါ။ သုံးထောင်တန်စစ်ချက်မှ မဟုတ်ဘူး၊ တစ်သောင်းတစ်သောင်းခွဲစစ်ချက်လည်း ဒီခံယူချက် အတူတူပါပဲ။

တချို့နားမလည်သူတွေကို ရှင်းပြပေးဖို့တာဝန်ရှိသလို၊ တချို့သိသိကြီးနဲ့ လူလည်ကျချင်သူတွေကို ရှောင်ရှားရပါတယ်။ တချို့ရိုးသားစွာ အားကိုးသူတွေကို စာနာပေးကြရသလို၊ တချို့အကာအကွယ်ယူ အကောက်ကြံသူတွေရဲ့သဘောကို ပါးရည်နပ်ရည်ရှိဖို့ လိုအပ်ပါတယ်။

(၅)
အရောင်းအဝယ်ကိစ္စမှာတော့ perfect ဖြစ်ဖို့ ဘေးကနေ မြင်ပေးလို့မရဘူး ထင်ပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်က အများသားလေ။

တခုရှိတာက ရောင်းသူဘက်က ပြည့်စုံတဲ့ ဖော်ပြချက်တွေနဲ့ မဖြစ်မနေ လုပ်ဆောင်ပေးကြရမှာပါ။ စိန်တွေကို ဂျီအိုင်အေနော် ဂျီအိုင်အေပါ ပြောရောင်းသလို၊ ပတ္တမြားတကုံးဆိုရင်လည်း စစ်ဆေးချက်ပြပြီး အမှန်အတိုင်း ရောင်းဝယ်ပေးဖို့ အထူးလိုအပ်လာပါပြီ။

သိန်းဘယ်နှရာတန်ကြီး ဝယ်ပြီးမှ မီးဖုတ် ဖန်ဖြည့်ဆိုရင် ဒါဟာ ရိုးသားမှုမရှိတဲ့အရောင်းအဝယ်တခုပါ။ ကျောက်သမားစကားနဲ့ပြောရင် ဘောင်မဝင်ဘူး၊ လိမ်ရောင်းတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် မီးဖုတ်က မီးဖုတ်စျေးတန်ကြေးရှိသလို အတုဖန်ဖြည့်ကလည်း သူ့စျေးနဲ့သူ ရှိမှာပါ။ သဘာဝ မပြုပြင်တဲ့အစစ်ကလည်း သူ့စျေးနဲ့သူ တန်ကြေးရှိပြီးသားပါ။ ဒီအပေါ်မှာ တိကျတဲ့အဖြေတခုနဲ့ ရောင်းသူဝယ်သူကြား လုပ်ထုံးလုပ်နည်း မှန်ဖို့သာ လိုအပ်တာပါ။ သေချာတဲ့အဖြေတခု ထောင်ပြပြီး ရောင်းဝယ်ကြရင် မကောင်းဘူးလား။

တန်တယ်မတန်ဘူး၊ သင့်တယ်မသင့်ဘူးဆိုတာ ရောင်းသူနဲ့ ဝယ်သူရဲ့ ကျေနပ်ချက်တွေမို့ အဖြေမှန်အကြား နှစ်ဦးသားပျော်ရွှင်ဖို့သာ အရေးကြီးတာပါ။

(၆)
အနှစ်ချုပ်ရရင် ကျောက်တွေက သူ့တန်ကြေးနဲ့သူ ရှိနေတာကို နားလည်ဖို့ စျေးကွက်ကြီးမှာ လိုအပ်နေပါတယ်။ မီးဖုတ်ကြီး မတန်ဘူးဆိုပြီး မျက်စိမှိတ်ငြင်းကြရမယ့်ခေတ် မဟုတ်တော့ပါဘူး။ သူ့တန်ကြေးနဲ့သူပါ။ တချို့မီးဖုတ်တွေက သဘာဝထက် ပိုလှ ပိုဆွဲဆောင်မှုရှိလို့ စျေးကောင်းရတာတွေအများကြီးပါ။ ဥပမာ မိုင်းရှူးမီးဖုတ်ကျောက်တွေလိုပေါ့။

တချို့ကလည်း အစစ်ပါ၊ မိုးကုတ်သဘာဝပါဆိုပြီး အရည်မလှ လိုအပ်ချက်များစွာနဲ့ စျေးမတန်တဲ့ သဘာဝကျောက်တွေလည်း ရှိကြတာပဲမဟုတ်လား။ ဖင်ပိတ်ပြီး သဘာဝအစစ်မို့ တန်တယ်လို့လည်း အော်မရပါဘူး။ ရတနာတွေရဲ့ အရည်အသွေးတန်းတခုကို နားလည်ဖို့ မလွဲမသွေလိုအပ်တာမျိုးပါ။

အရောင်းအဝယ်တွေ ဖြစ်နေကြတဲ့အချိန်မှာ နားမလည်သူတွေအတွက် ဆိုးဝါးတဲ့ အမြင်၊ အသိမျိုး မရစေချင်ပါဘူး။ အထူးသဖြင့် မြန်မာတပြည်လုံး စောင့်ကြည့်ခံရတဲ့ ရောင်းဝယ်မှုမျိုးမှာ ' ဟာ..မီးထိကြီး၊ ဂျင်းအကြီးစားတွေပါကွာ၊ ကျောက်သမားတွေက ထုံးစံမပျက် လိမ်ညာသူတွေပါ ' ... စသဖြင့် အမြင်မခံနိုင်ပါဘူး။

□ အမှန်အကန်ပြောရောင်းဖို့ ဓါတ်ခွဲခန်းတွေရဲ့ စစ်ချက်တွေက ကူညီပေးမှာပါ။ (ဝယ်ပြီးမှ စစ်ချက်ထုတ်မယ်ဆိုတဲ့ ဝန်ဆောင်မှုတွေမှာ အမှားအယွင်း၊ အဆင်မပြေမှုတွေ များစွာကြုံတွေ့ကြရလို့ပါ)
□ ဆိုင်တွေရဲ့ ရပ်တည်ချက်ခိုင်မာဖို့ အရေးကြီးပါတယ် (မဟုတ်တာ ရောင်းဝယ်လုပ်နေသူတွေက ဒီအရသာ သိလို့ တသက်လုံး မလိမ့်တပတ် မဟုတ်တာပဲ လုပ်နေတဲ့ ဆိုင်ကြီးတွေ များစွာပါ)
□ ဘေးကကြည့်နေသူတွေ အကုသိုလ်မဖြစ်ဖို့၊ ကျောက်အရောင်းအဝယ်ကို လူအထင်မသေးဖို့ နှစ်ဦးနှစ်ဖက် နားလည်စွာ ဖြေရှင်းကြပါ။ မှန်ကန်စွာ ပြောရောင်းကြပါ။ မှားနေရင် ငွေပြန်ပေးပြီး ရတနာဂုဏ်ကို မြှင့်တင်ပေးကြပါ။

(၇)
ရောင်းသူတွေ စစ်ဆေးချက်ပြပြီး ကာဗာယူနိုင်သလို ဝယ်သူတွေကလည်း စစ်ဆေးချက်တွေရဲ့ အဖြေအဓိပ္ပါယ်ကို နားလည်ဖို့ အရေးကြီးလာပါပြီ။

ဘာပဲဖြစ်ဖြစ် စစ်ဆေးချက်အဖြေကြားမှာ ကျေနပ်စွာ အရောင်းအဝယ်လုပ်ခြင်းဖြင့် ကျောက်မျက်လောကရဲ့ ဂုဏ်ကို မြှင့်တင်ကြပါ။

လူတွေ အထင်မသေးဖို့၊ မှန်မှန်ကန်ကန် လုပ်နေတာတွေကို သိဖို့၊ ကျောက်နဲ့အတူ စစ်ဆေးချက်တွေ တပါတည်းပြနိုင်တဲ့ အရောင်းအဝယ်လောကကြီး ဖြစ်ကြပါစေ။

ကျောက်ရဲ့တန်ဖိုးနဲ့အတူ
စစ်ဆေးပေးကြသူတွေရဲ့ မှန်ကန်စွာရပ်တည်မှု၊ ဂုဏ်သိက္ခာ၊ တန်ဖိုးတွေက ကျောက်မျက်လောကကြီးကို အလင်းဆောင်လို့ တန်ဖိုးရှိကြပါစေ။ ဒီလူတွေကို တန်ဖိုးလည်း ထားနိုင်ကြပါစေ။

ရောင်းဝယ်နေကြတာက ရတနာ။
ရေပေါ်ဆီလို ဝေ့နေကြရုံလေးတော့ မလုပ်ကြပါနဲ့။
လူအများအထင်သေးတဲ့ ရတနာလောကကြီး မဖြစ်ဖို့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့အတူ အားလုံးမှာ တာဝန်ရှိနေကြရပါပြီ။
(၆. ၁၁. ၂၀၂၀)




Opening Hour
9:30am~4:30pm

📞09 550 1098,
📞09 250 678 409
📞09 775 182 176

17/07/2025

ကြုံရ​တွေ့ရ ရတနာ​လောကနှင့် စိတ်ကူးထဲကအ​တွေးများ(၂၅)

​တချိန်က
ကျောက်​လာစစ်​ဆေးတဲ့လူ​တွေအကုန်လုံးနီးပါးက ​ကျောက်ရောင်းရပြီးမှ လာ​လေ့ရှိကြပါတယ်။ ​ကျောက်​တွေက စစ်ဆေးချက်မှာ ကို့ယို့ကားယားဖြစ်ရင် အ​ရောင်းအဝယ်​တွေပျက်ကြရနဲ့ အားလုံးကို နစ်နာ​စေပါတယ်။

တခါတုန်းက​တောင် ​ရေး​ပေးခဲ့ဖူးတယ်။ မီးဖုတ်အနည်းငယ်ပါ​နေတာကို ဝယ်သူက အခုပဲ ​လေဆိပ်ဆင်း​တော့မှာမို့ သဘာဝဖြစ်​ကြောင်းသာ ​ရေး​ပေးဆိုပြီး သိက္ခာမဲ့စွာ ​ပြောထွက်တာမျိုး​ပေါ့။ ငါ့လက်ကလွတ် ဗြွတ်ဆို​ပေမယ့် ​ရေရှည်ရပ်တည်ကြရမယ့် ဆိုင်ရဲ့သိက္ခာရယ်၊ ဓါတ်ခွဲခန်းတခုရဲ့ ယုံကြည်မှုကို တည်​ဆောက်ရတာ ဘယ်​လောက်ခက်တဲ့ သိက္ခာလည်းဆိုတာရယ် အ​ရေးကြီးလှပါတယ်။

​ကျောက်​လေး​တွေ ဝယ်ရင် အာမခံ စစ်ချက်စာရွက်နဲ့ ဝယ်ကြသလို ပန်းထိမ်က တခါပြန်ထွက်လာရင်လည်း အထည်ကပ်အ​နေနဲ့ အ​သေအချာပြန်စစ်​ဆေးသင့်ပါတယ်။ စစ်ပြီးဝယ်ထားတာဆို​ပေမယ့် အဆင့်ဆင့်တိုင်းမှာ အမှား​လေး​တွေ ရှိတတ်တာမို့ ​သေချာစစ်​ဆေးပြီး အဆင်သင့် လုပ်​ဆောင်ထားသင့်ပါတယ်။

​ရောင်းရ​တော့မှ အ​ပြေးအလွှားစစ်၊ အချိန်က မမီ၊ မီးဖုတ်​လေး​တွေ အပြင် စိန်​နေရာမှာ cz ​လေး​တွေပါ ​ရောပါလာရင် ပန်းထိမ်တခါ​ပြေး နဲ့ ​တွေးရင်း​တောင်​မောမိပါတယ်။

ဝယ်ယူတဲ့အခါမှာ ပိုင်ရှင်က စစ်မှန်​ကြောင်း စစ်ချက်နဲ့တကွ ​ရောင်းရမှာ ဖြစ်သလို၊ ဝယ်သူအ​နေနဲ့လည်း စစ်ချက်နဲ့ကိုက်၊ မကိုက် သက်ဆိုင်ရာဓါတ်ခွဲခန်းမှာ ပြန်တိုက်နိုင်ရင် အ​ကောင်းဆုံးပါပဲ။ အများစုက စိတ်ချယုံကြည်စွာ ထားတတ်ကြ​ပေမယ့် တချို့တ​လေ ပြန်ပြီးတိုက်ယူစစ်​ဆေး​လေ့ရှိပါတယ်။

အထက်က​ပြောခဲ့သလို အချိန်မရလို့ ပန်းထိမ်မှာ ပြန်လဲပါဗျာ၊ မှတ်​ပေးလိုက်ပါ့မယ်ဆိုပြီး ထုတ်​ပေးမှု​တွေ ရှိခဲ့ပါတယ်။

ကျွန်​တော့ညီ​လေးက​တော့ ဒီလိုအလိုလိုက်တာ မ​ကောင်းဘူး၊ လဲရင်လည်းမှန်မမှန်က ရှိ​သေးသလို အချိန်မရလို့ မလဲပဲ​ရောင်းလိုက်ရင် ​နောက်စမ်းသပ်ခန်းတခုမှာ အဖြေ​ပေါ်လာရင် ကိုယ့်သိက္ခာကျမှာ​ပေါ့ ဆိုပြီး သတိ​ပေးစကား ဆိုလာခဲ့လို့ ဒီအ​ကြောင်းအရာ​လေး ​ရေးချင်စိတ် ​ပေါ်လာခဲ့ရပါတယ်။

ယုံကြည်ပါသည်။ ထို့အတွက် ယုံယုံကြည်ကြည် ပြန်အပ်ခဲ့​ပေမယ့် လဲလှယ်တဲ့ ​ကျောက်က​လေး​တွေမှာ အတိမ်းအ​စောင်း ဖြစ်ခဲ့ရင် ....
ယုံကြည်ပါသည်။ သို့​သော် အချိန်မရလို့ မလုပ်ချင်ပဲ လုပ်ခဲ့ကြရင်​ရော ...

တကယ်​တော့ အချိန်​တွေက တန်ဖိုး​တွေပါ။ အ​သေအချာ ပြင်ဆင်တတ်ဖို့ ကျွန်​တော်တို့​ကျောက်မျက်အသိုင်းအဝိုင်းကြီးက အားလုံးအတူတကွ ကြိုးစားချီတက်ကြရပါမည်။

အထည်သစ်​လေး​တွေထွက်လို့ မ​ရောင်းခင် စစ်​ဆေးတဲ့သူ​တွေ အ​တော်များများ ​တွေ့​နေရပါပြီ။ ​ကျေးဇူးတင်ပါတယ်။
အကို​ရေ ID နံပါတ်ဘယ်​လောက်နဲ့ စစ်​ဆေးချက်​လေးထုတ်ထားတာ ​သေချာလားဗျာ လို့ ​မေးသူ​တွေ ရှိလာကြပြီ။ ​ကျေးဇူးတင်ပါတယ်။

​ရောင်းသူ​ရော၊ ဝယ်သူ​ရော၊ စစ်​ဆေး​ပေးသူ​ရော အားလုံးအတွက် သိက္ခာတန်ဖိုးက အ​ရေးကြီးပါတယ်။ ဂုဏ်သိက္ခာဆိုတာ အမှန်တရားပဲ မဟုတ်ပါလား။

​ခေတ်စနစ်က ​ပြောင်းလာ​တော့ အရင်လို ငဆိုးငညစ်အရှုပ်ထုပ်​တွေ ​ပေါ့ပါးလာတာကို ဝမ်းသာစွာ​တွေ့မြင်​နေရပါပြီ။ ​ကောင်း​ရောင်း​ကောင်းဝယ်မှန်မှန်​လေးနဲ့ အ​ရှေ့ကိုချီတက်လာကြတဲ့ တက်သစ်စ​တွေကလည်း အားရစရာ​ကောင်းလှပါတယ်။

ဂျင်း​လေးထည့်လိုက်ရမှ၊ နံနံပင်​ရော မိတ်သလင်​ရော ​ရောလိုက်မှဆိုတဲ့ လူတန်းစားတရပ် ​ပျောက်ကွယ်လာပါပြီ။ သူတို့အတွက်လည်း ​ကျောက်အ​ရောင်းအဝယ်​လောကမှာ ​နေရာမရှိ​တော့ပါဘူး။

​ခေတ်စနစ်က အ​ရေးကြီးတယ်ဆိုတာ​လေးကို ဒီ​နေရာမှာ မြင်​တွေ့နိုင်ပါတယ်။ မဟုတ်တယုတ်​တွေ​ရောင်းပြီး ဂျင်းထည့်လို့မရ​အောင် လူ​တွေအသိပညာရှိလာကြသလို မ​ကောင်းတာမမှန်တာနဲ့ အသက်​မွေးဖို့ ရှက်တတ်လာတဲ့ သိက္ခာရှိ လူ့အဖွဲ့အစည်းကြီးဖြစ်လာ​နေပါပြီ။

​တချိန်ချိန်၊ တနေ့နေ့မှာတော့ ဂုဏ်သိက္ခာရှိ လူ့အဖွဲ့အစည်းကြီးကို နယ်ပယ်တိုင်း၊ ​နေရာတိုင်းမှာ အ​ကောင်းဆုံးမြင်​တွေ့ရမယ်လို့ ​သေချာ​ပေါက်ယုံကြည်မိပါသည်။

23/8/2020




Opening Hour
9:30am~4:30pm

📞09 550 1098,
📞09 250 678 409
📞09 775 182 176

15/07/2025

ဆိုင်ပြန်ဖွင့်ပါပြီ ခင်ဗျာ

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 52, Ground Floor, AungThapyay Street, Sanchaung Township
Yangon
11111

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30
Saturday 09:30 - 16:30
Sunday 09:30 - 16:30