Lemon's area
အဝါရောင်စာရွက်လေး
ကိုယ်ဒီနေ့ဆံပင်သွားညှပ်ဖြစ်ခဲ့တယ်။ညှပ်နေကြမဟုတ်တဲ့ဆိုင်မှာပဲ၊ဒီလိုပါပဲပေါ့ပေါ့ပါးပါး ထွေရာလေးပါးပြောကြရင်း ညှပ်လို့ပြီးတော့ ခေါင်းလျှော်ဖို့ပြင်တယ်။ ဆိုင်ကလူက "သီချင်းဖွင့်လို့ရမလားဆရာ" ဆိုတော့ ကိုယ်ကဆရာမဟုတ်ကြောင်းနဲ့ သီချင်းဖွင့်လို့ရကြောင်း ပြန်ပြောခဲ့တယ်။
ပထမသီချင်းတပုဒ် စဖွင့်တယ် ။ သေချာတယ် ဒါ2012/13က သီချင်းတပုဒ် ကိုယ်သိတယ် ရင်းရင်းနှီးနှီးကို သိခဲ့တယ်။ ခေါင်းလျှော်နေရင်း မျက်စိမှိတ်ထားတော့ အတိတ်ကို ပြန်လည်ရောက်သွားခဲ့တယ်။
ရူးတူးတူးပေါတောတောကောင်လေးတယောက် စာရှင်းပြတဲ့ ရက်စွဲတွေ၊ ဖုန်းပြောရင်း ပြန်တွေ့ရပါဦးမလားလို့ သူ ပြောခဲ့တာတွေ တဖြတ်ဖြတ်နဲ့ ပဲ ပြန်မြင်ယောင်မိတယ်။ ရှင်းရှင်းပြောရင် ကိုယ်ရူးခဲ့တာပေါ့။
ရုတ်တရက်နောက်တပုဒ်ထပ်လာတယ်။ ဆံပင်ညှပ်ဆိုင်က သီချင်းတွေက တော်တော်နှိပ်စက်တယ်။ ၁၅မိနစ် နဲ့ရောက်အောင်လာနိုင်လားဆိုလို့ ၄၅မိနစ်ခရီးကို ဒုန်းဆိုင်း လာခဲ့တာတွေ။ သူ နဲ့သူငယ်ချင်းတွေ ထိုင်နေတဲ့ ဒုတိယအလွှာလှေကားနားမှာ "ချစ်တယ်" ဆိုပြောခဲ့တာတွေ တကယ်ကို ပြန်မတွေးမိခဲ့တဲ့ အတိတ်ကို ပြန်ပြီးရိုက်ထည့်ခံလိုက်ရတယ်။
ထလို့ရပါပြီလို့ပြောမှ ကိုယ် ဖြည်းဖြည်းချင်း ထ ထိုင်နေမိတယ်။ မျက်လုံးထဲ မြင်ယောင်နေတုန်းပါပဲ။ ဆံပင်ညှပ်ဆိုင်က ပြန်ထွက်တော့ ကိုယ်ဆေးလိပ်တလိပ်လောက် ယောင်ယောင်မှားမှားနဲ့သောက်မိလိုက်ရင်းတွေးမိတယ်။
"အခုအချိန်အဝါရောင်စာရွက်လေးထဲ ဘာတွေရှိနေမလဲ"
Lemon'sA
31/08/23
22:30
20/06/2023
Weather forecast app လိမ်တယ်။
ကိုယ်နေတဲ့စက်ရုံမှာရေတင်တဲ့မော်တာ ရှော့ဝင်ပြီးပျက်သွားခဲ့တယ်။ကိစ္စမရှိပါဘူး၊overhead water tankထဲမှာရေအပြည့်ကျန်သေးတာနဲ့၂ရက်လောက်တော့လောက်ဦးမယ်တွေးရင်းစိတ်ပြေလက်ပျောက်နေနေမိတယ်။ ရန်ကုန်ရုံးကိုreportတက်ထားတယ် ဘယ်သူမှအဖတ်မလုပ်ကြဘူးထားလိုက်ပါဖြစ်နေကြကိစ္စတွေပဲပေါ့ပေါ့ပါးပါးပေါ့။
ဒီနေ့မနက်မိုးလင်းတော့ မျက်နှာသစ်ရင်း အတွေးတခုဝင်လာတယ် မိုးအုံ့နေတာပဲ ဒါနဲ့ weather forecast app ကိုဖွင့်ရင်းမိုးရွာနိုင်ချေရှိမရှိ စစ်မိတယ်။ ရှိတယ် ရွာရန်60ရာခိုင်နှုန်း။ ပတ်ဝန်းကျင်ကလည်းအုံ့မိုင်းနေတော့ ရွာမှာသေချာလောက်တယ်အထင်နဲ့ ရေပုံးလေးတွေ အဆောင်ရဲ့ တံစက်မြိတ်အောက်ချထားလိုက်တယ်။ ထမင်းကျက်လို့ ဘုရားဆွမ်းတော်ကပ် ဘုရားကန်တော့ပြီးတဲ့အထိ မိုးမကျလာဘူး။ စိတ်ထဲမတင်မကျဖြစ်ရင်းရေပုံးလေးတွေ ပြန်သိမ်းလိုက်မိတယ်။ ကောင်းကင်ဟာလည်း မခါမှမမြင်ဘူးသလို ကြည်လင်နေလေရဲ့၊ ဒါနဲ့လက်ကျန်ရေတချို့ ကိုပုံးထဲထည့် ပြီး သိမ်းထားလိုက်တယ်။
ရေမချိုးရင်သာနေနိုင်မယ် နောက်ဖေးမသွားရရင် ပြဿနာက အလွန်ကြီးနိုင်တယ်လေ။ နို့ပေမယ့် မိုးရွာမလားမျှော်လင့်ချက်ကတော့ ရှိနေတုန်းပဲ။ဒါနဲ့ ကိုယ်အကြွေးကျန်တဲ့ ပါပီယွန်စာအုပ်တစ်အုပ် ထုတ်ဖတ်ဖြစ်တယ်။ စာအုပ်သာ တဝက်ဖတ်လို့ပြီးသွားတယ် မိုးမရွာသေးဘူး။ Somerset Maughamရဲ့ အကြောင်းရေးထားတွေ့လို့သဘောကျပြီးကိုယ် ရယ်နေမိတယ်။
ရယ်သံတွေ ခြောက်ကပ်ကပ်နိုင်လွန်းတာသတိထားလိုက်မိတယ်။ ဒါနဲ့ကိုယ် ကော်ဖီတစ်ခွက်ဖျော်လိုက်တယ်၊ ဘေးမှာလည်းဝတ္တုတအုပ်နဲ့ လိုနေတာတခုပဲ မိုးရွာနေဖို့။
ဒါပေမယ့် မိုးအခုအချိန်ထိမရွာပါဘူး
ညအချိန်ထိလည်းရွာမှာ မဟုတ်ခဲ့ဘူး။ weather forecast appကပဲမှားတာလား၊ ရာသီဥတုကပဲညာခဲ့တာလား။
ကိုယ်မစဉ်းစားတတ်တော့ဘူး၊လက်ထဲကော်ဖီတခွက်နဲ့ဝတ္တုတစ်အုပ်၊ပူပူလောင်လောင်နဲ့ကိုယ် မညာပါဘူး။
အခုအချိန်အခါမိုးရွာရင် ရေခံဖို့ပုံးလေး ဘေးမှာချထားမိတုန်းပဲ။
20/06/2020
Lemon'sA
04/03/2023
ငါအိမ်ကထွက်လာခဲ့တယ်
ဘတ်စ်ကားတိုးစီးရတာအဆင်မပြေဘူး
ငါအိမ်ပြန်တော့မယ်။
10ပေတောင်မပြည့်တဲ့အခန်းလေးထဲ
မွန်းကြပ်တယ် မနေချင်ဘူး
ငါအိမ်ပြန်တော့မယ်။
သရက်သီးအသေးတလုံးကို၁၅၀တဲ့
တော်ပြီငါအိမ်ပြန်တော့မယ်။
ဂေါ်ဖီနဲ့ပန်းမှုံလာကို အလေးချိန်နဲ့ရောင်းတယ်
ငါအိမ်ပြန်တော့မယ်
လူတွေက အပေါ်ယံတွေချည်းပဲ
တော်ပြီငါအိမ်ပြန်တော့မယ်။
တသိန်း၃သောင်းတန်အလုပ်ကိုလုပ်ဖို့
ငါအိမ်ကထွက်လာခဲ့ပါတယ်။
Lemon's A
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
06012