Three Seasons Car Rental Service
25/05/2022
အချိန်ရှိတုန်း ပုဂံကိုသွားပါ
ပုဂံသွားမယ်ဆို သွားသင့်လည်ပတ်သင့်တဲ့နေရာလေးတွေလဲ ဗဟုသုတအနေနဲ့ ပြန်လည်တင်ပြထားပါတယ်ခင်ဗျ....
မူရင်းရေးသားသူအား credit ပေးပါတယ်ခင်ဗျာ
ပုဂံဆိုသည်မှာ ထောင်နှင့်ချီသော စေတီပုထိုးတွေနဲ့မို့ ဟိုသွားရကောင်းနိုးနိုး သည်သွားရကောင်းနိုးနိုးနဲ့ ဇဝေဇဝါ ဖြစ်ရတယ်။ အဲ့သည့်လို စဉ်းစားရ မကြပ်ရလေအောင် စေတီပုထိုး ရှစ်ဆယ်ကို ပြောပြပေးသွားမယ်နော်။ ဓာတ်ပုံရိုက်ကွင်းကောင်းကောင်းရှိမယ့်နေရာ၊ ဘုရားဖူးဖို့နေရာ၊ ရှေးဟောင်းလက်ရာများဖြင့် ပြည့်နှက်နေသောနေရာ ဆိုပြီး သူ့အစုနှင့်သူ စိတ်စေရာအတိုင်း ရွေးချယ်ပြီး သွားလိုက်ကြပေတော့
၁) စူဠာမဏိစေတီ
မြို့ဟောင်းမှာရှိပြီး နရပတိစည်သူမင်း၏ ကောင်းမှုတော် နှစ်ထပ်ဂူလိုဏ်ဘုရား အမျိုးအစားဖြစ်တယ်။ နရပတိစည်သူမင်းဟာ တုရင်တောင်ဘက်သို့ သွားရင်း တစ်နေရာကနေ တောက်ပတဲ့အရောင်တွေ ထွက်လာတာ တွေ့တယ်တဲ့။ ထိုနေရာမှာ စေတီ တည်ဖြစ်ပြီး စူဠာမဏိစေတီရယ်လို့ ဖြစ်လာခဲ့တယ်။
၂) ဦးကျည်ပွေ့ရေကန်
စူဠာမဏိဘုရားဝန်းထဲမှာရှိပြီး ရင်ပြင်ရဲ့ ဘယ်ဘက်အခြမ်းကနေ သွားရင် လမ်းသွယ်လေးတစ်ခု တွေ့ရလိမ့်မယ်။ လမ်းသွယ်လေးအတိုင်း လိုက်သွားရင် အုတ်တံတိုင်းကာထားတဲ့ တံခါးပေါက်တစ်ချပ် တွေ့မယ်။ အဲ့သည့်တံခါးပေါက်ကနေ ထွက်လိုက်တာနဲ့ ပုဂံခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ ဦးကျည်ပွေ့ရေကန်နဲ့ တူးမြောင်းကို ဘွားကနဲ တွေ့ပါပြီ။
ကျစွာမင်းလက်ထက်တုန်းက အသက် ၆၀ကျော် ရှိပြီဖြစ်တဲ့ ရဟန်းအိုကြီးတစ်ပါး ရှိခဲ့ဖူးတယ်။ ရဟန်းအိုက တန်ပူများပြည့်နေတဲ့ကျင်းကို ကြည့်ပြီး စာသင်ယူချင်စိတ် ပေါက်လာပြီး စာရေးဖို့အတွက် ကျစွာမင်းစီမှာ ကံ့ကူဆံ အလှူခံတယ်တဲ့။ ကျစွာမင်းက သည်အရွယ်ကြီးရောက်မှ စာသင်နေရင် ကျည်ပွေ့အတက်ပေါက်မှပဲ စာတတ်လိမ့်မယ်လို့ လှောင်ရယ်တယ်။ ရဟန်းအိုက ကြိုးစားသင်ယူရာ စာပေတတ်မြောက်ပြီး အများအားထားရတဲ့ ကျမ်းစာစောင်များပါ ပြုစုနိုင်ခဲ့တယ်တဲ့။ ကျစွာမင်းက ရဟန်းအိုကို ကြည်ညိုသွားပြီး ဒိသာပါမောက်ဆိုတဲ့ ဘွဲ့အမည် ဆပ်ကပ်ခဲ့တာ။ လူအများကတော့ ဦးကျည်ပွေ့လို့ပဲ ခေါ်ကြတယ်။ အခုရှိနေတဲ့ ရေကန်နဲ့ တူးမြောင်းက ဦးကျည်ပွေ့ အထိမ်းအမှတ် နေရာတွေပေါ့။
၃) လေးမျက်နှာ
မင်းနန်သူရွာ၏ ရွာဦးစေတီဖြစ်ပြီး အမတ်ကြီး အာနန္တသူရ ဇနီးမောင်နှံမှ ၁၂၂၃ခု ဒီဇင်ဘာလ ၁၅ရက်မှာ လှူဒါန်းခဲ့တာလို့ သိရတယ်။ ကျောက်စာမှာ အမတ်ကြီးတို့ ဇနီးမောင်နှံဟာ အာမနာကန်ရပ်မှာ ထန်းပင်စိုက်ခြင်း၊ တံတိုင်းနှစ်ထပ်ကာခြင်း၊ စြင်္ကထက်မှာ ဂူတည်ခြင်း၊ ရွှေဖြင့်ပြီးသော ထီးတော်ကို လှူခြင်း၊ တရားနာရန် ဓမ္မသာလဆောင် ဆောက်ခြင်း၊ သံဃာတော်တို့အတွက် ကျောင်းဆောက်ခြင်း၊ ရေတွင်းရေကန် တူးဖော်ခြင်း စသည့်အလှူများ လုပ်ခဲ့ကြောင်း ဖော်ပြထားတယ်။
၄) ဘုရားအမှတ် ၄၆၇/၄၆၈
လေးမျက်နှာဘုရား၏ မျက်နှာချင်းဆိုင်မှာ ရှိတယ်။ ဓာတ်ပုံရိုက်လို့ သိပ်ကောင်းတဲ့ နေရာအဖြစ် သည်နှစ်ပိုင်းမှာ ခေတ်စားလာတဲ့ အမြွှာပုံစုံတူစေတီနှစ်ဆူပါ။
၅) နရသီဟပတေ့မင်းကောင်းမှုဘုရား
မင်းနန်းသူရွာ မြောက်ဘက်အခြမ်းမှာ ရှိတယ်။ ကမ္ဗည်းမင်စာအရ နရသီဟပတေ့မင်း၏ ကုသိုလ်တော်လို့ သိရတယ်။ သားတော်ကျော်စွာမင်းလက်ထက်မှာ ဘုရားအလုပ်အကျွေးပြုရန် လူပုဂ္ဂိုလ် နှင့် မြေများကို လှူဒါန်းခဲ့ပါတယ်တဲ့။
၆) ဝိနည်းဓိုလ်ဘုရား
၇) ဆင်ဖြူရှင်ကျောင်းတိုက်
မင်းနန်သူရွာမှာရှိတဲ့ ဆင်ဖြူရှင်ကျောင်းတိုက်ကို ပုဂံခေတ် ဗုဒ္ဓတက္ကသိုလ်လို့ပဲ တင်စားချင်တာပဲ။ ၁၄ရာစုလောက်က ဆင်ဖြူရှင်သီဟသူမင်းမှ ဆောက်လုပ်လှူဒါန်းခဲ့တာ။ အင်္ဂတေပန်းတမော့လက်ရာတွေလည်း အမြောက်အများ ကျန်သေးတယ်။ အနုပညာတွေကို လေ့လာလိုရင်ပဲဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်ကွင်းလှလှလေး ရှာချင်ရင်ပဲဖြစ်ဖြစ် သွားကြည့်သင့်ပါတယ်လို့။
၈) ဘုရားသုံးဆူ
မင်းနန်းသူရွာ မြောက်ဘက်မှာ ရှိတယ်။ အုတ်ခုံတစ်ခုတည်း အပေါ်မှာ ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူဘုရား သုံးဆူကို အတန်းလိုက် တည်ထားတာ။ ပုဂံခေတ်နှောင်းလက်ရာတွေလို့တော့ မှန်းဆထားကြတာပဲ။ အလှူ့ရှင်က ဘယ်သူလဲတော့ မသိဘူး။ အရှေ့ဘက်ဂူနဲ့ အလယ်ဂူမှာ နံရံဆေးရေးပန်းချီတွေကို တစ်ပိုင်းတစ်စ လေ့လာနိုင်တယ်။ အနောက်ဘက်ဂူမှာတော့ နံရံဆေးရေးပန်းချီတွေ မတွေ့ရဘူး။ ကြည့်ရတာ မွန်ဂိုစစ်သည်တွေ ဝင်လာလို့ လက်စမသတ်ခဲ့နိုင်ဟန် ရှိတယ်။ နံရံမှာ ထွင်းထားတဲ့ ဇာတာတစ်စောင်အရ အလှူရှင် သို့မဟုတ် ဗိသုကာပညာရှင်တစ်ဦးကို ခရစ်နှစ် ၁၄၅၂ခုမှာ မွေးဖွားခဲ့တယ်လို့ သိရတယ်။
၉) သမ္ဘူလ ခေါ် သုံးလူလ
မင်းနန်သူရွာမှာပဲ ရှိတယ်။ ၁၂၅၆ခု ဖေဖော်ဝါရီလ ၁၅ရက်မှာ ကျစွာမင်း၏ သမီးတော် စန္ဒြနာမဟာဒေဝီ ခေါ် သုံးလူလ မှ တည်ခဲ့တာ။ သူဟာ ဥဇနာမင်းရဲ့ မိဖုရားလည်း ဖြစ်တယ်။ မိဖုရားသုံးလူလမှ တည်ခဲ့လို့ သုံးလူလဘုရားလို့ ခေါ်ခဲ့တယ်။ ၁၂၈၂ခုမှာ ရေးထိုးထားခဲ့တဲ့ နံရံမင်စာမှာ သမ္ဘူလ ဆိုပြီး မှားယွင်း ရေးထိုးမိရာကစပြီး သမ္ဘူလဘုရားလို့ ပြောင်းခေါ်လာကြတာတဲ့။
၁၀) နန္ဒမညာ ခေါ် အနန္တပညာ
မင်းနန်သူရွာမှာ ရှိတယ်။ ၁၃ရာစုမှာ တည်ခဲ့တဲ့ဘုရားလို့ သိရတယ်။ ဥမင်အတွင်းမှာ ၁၂၆၀ခု ဖေဖော်ဝါရီ ၁၈ရက် နေ့စွဲပါ ကျောက်စာ တစ်ချပ်ရှိတယ်။ ကျောက်စာအရ အနန္တပညာဘုရားအရှေ့ဘက်မှာ ဥမင်တစ်ခုရှိပြီး အနန္တပညာမထေရ် သီတင်းသုံးခဲ့ပါတယ်တဲ့။ အနန္တပညာ ဆိုတာ အဆုံးအစမရှိသော ဉာဏ်ပညာ လို့ အဓိပ္ပာယ်ရတယ်။
၁၁) ပြသာဒ်ကြီး
အနောက်ဖွားစောရွာသို့ သွားရာလမ်းနံဘေးမှာ ရှိတယ်။ ၁၂၄၉ခုမှာ ကျစွာမင်းဟာ ဓမ္မသီရိမဟာထေရ်အတွက် ရည်စူးပြီး ဆောက်လုပ်လှူဒါန်းခဲ့တာတဲ့။ ကျစွာမင်းဟာ ဘုရားတည်လို့ မပြီးခင်မှာပဲ နတ်ရွာစံသွားလို့ အပြီးမသတ်နိုင်ခဲ့ဘူး။ ပြဿဒါးနေ့မှာ စတည်ခဲ့တာမို့လို့ ပြဿဒါးဘုရားလို့ ခေါ်ကြတာ။ နောက်တော့ ပြသာဒ်ကြီး ဖြစ်သွားတယ်။
၁၂) ရှင်အဇ္ဇဂေါဏဘုရား
နန်းမြင့်မျှော်စင် နဲ့ သိပ်မလှမ်းလှဘူး။ စေတီနဲ့ ပတ်သတ်တဲ့ သမိုင်းအထောက်အထားတွေတော့ မရှိဘူးရယ်။ ဒါပေမယ့် ဘုရားဝန်းထဲမှာ အဂ္ဂိရတ်ဖိုထိုးရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ရှာတွေ့တယ်။ အဲ့လိုနဲ့ ရှင်အဇ္ဇဂေါဏဘုရားရယ်လို့ နာမည်အသစ် ပေးလိုက်ကြတာ။ ဘုရားရဲ့ ပန်းချီလက်ရာတွေပေါ် မူတည်ပြီး ၁၂ရာစုနှောင်းပိုင်းမှာ တည်ခဲ့တာလို့ ယူဆကြတယ်တဲ့။
၁၃) နန်းမြင့်မျှော်စင်
ပုဂံမြို့ဟောင်းဘက်က အရှင်အဇ္ဇဂေါဏဘုရား နားလေးတင်ပဲ။ ဝင်ကြေး ၂၀၀၀ကျပ် ပေးရပြီး Welcome drink တိုက်တယ်။ ချမ်းတို့ သွားတုန်းကတော့ မန်ကျည်းဖျော်ရည် သောက်ခဲ့ရတယ်။ မျှော်စင်ပေါ်ကနေ ကြည့်ရင် ပုဂံတစ်မြို့လုံးကို စီးမိုးမြင်ရတယ်။ ပုဂံကဘုရားတွေပေါ် တက်ခွင့် ပိတ်ပြီးနောက်ပိုင်းမှာ Sunset လာကြည့်တဲ့သူ အတော်များတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေပေါ့။
၁၄) ဓမ်မရာဇိကဘုရား
ဖွားစောရွာမှာရှိပြီး ဉာဏ်တော် ၁၈၀ပေခန့် မြင့်မားတဲ့ စေတီတစ်ဆူဖြစ်တယ်။ အာရုံခံမုခ်ငါးခုနဲ့ စေတီပုထိုး အမျိုးအစားပါ။ ၁၁၉၈ခု စက်တင်ဘာလ ၁၈ရက်မှာ ပြီးစီးခဲ့ပြီး နရပတိစည်သူမင်း၏ ကောင်းမှုတော်လို့ သိရတယ်။ စေတီမှာ ဌာပနာဖို့ ဓာတ်တော်တွေကို သီဟိုဠ်ကျွန်းကနေ တောင်းခံခဲ့ပြီး ဓာတ်တော်လေးဆူ ရခဲ့ပါတယ်တဲ့။
၁၅) ဖွားစောအုတ်ကျောင်း
အနောက်ဖွားစောရွာဘက်မှာ ရှိတယ်။ ၁၂၉၉ခုမှာ စောနစ်မင်း၏ မိဖုရားကြီး ဖွားစောမှာ ရဟန်းသံဃာများအတွက် အုတ်ကျောင်းတိုက်ကို ဆောက်လုပ် လှူဒါန်းခဲ့တာ။ အုတ်ကျောင်းထဲမှာ သံဃာအပါး ၄၀ခန့် သီတင်းသုံးနိုင်မည့် အဆောင်ငယ်လေးများ ထည့်သွင်း တည်ဆောက်ထားတယ်။
၁၆) စေတနာကြီး
ပုဂံမြို့သစ်၏ တောင်ဘက်ယွန်းယွန်းမှာ ရှိပါတယ်။ ပစ္စယာဆင့် သီဟိုဠ်ပုံစံစေတီ အမျိုးအစားဖြစ်တယ်။ ပုဂံမြို့သစ်ဘက်မှာ ထုထည်အကြီးမားဆုံးစေတီလို့ ပြောနိုင်တယ်။ စေတီကို လက်ယာရစ်ပတ်လျှောက်တဲ့အခါ ဘေးဘက်ခြမ်းပတ်လမ်းတွေမှာ ထနောင်းဆူးတွေ ရှိတတ်လို့ နည်းနည်းတော့ သတိထားပါ။
မူလက ဟိန္ဒူဘုရားကျောင်း ဖြစ်ခဲ့ပြီး နားတောင်းများမင်းလက်ထက် ၁၂၃၆ခု၊ မတ်လ ၂၆ရက်နေ့မှ စေတီအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့တာပါ။ နားတောင်းများမင်းလက်ထက်မှာ အဆုံးမသတ်နိုင်ခဲ့လို့ သားတော်ကျစွာမင်းလက်ထက်ရောက်မှ ပြီးစီးခဲ့တယ်။ ပုဂံခေတ်တုန်းကတော့ စည်စနာပုထိုးလို့ ခေါ်ခဲ့ဟန် တူပါတယ်။
၁၇) ဗိုလ်ချိုမိဂူပြောက်ကြီး
လောကနန္ဒာဘုရား၏ တောင်ဘက် ပုဂံ-ချောက် ကားလမ်း အနောက်ဘက်မှာ ရှိပါတယ်။ မဟာဗောဓိပုံ ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူဘုရား အမျိုးအစားဖြစ်တယ်။ ဂူပြောက်ဘုရား ပတ်ပတ်လည်မှာ ခြုံနွယ်တွေ ပိတ်နေပြီး မြွေအန္တရာယ် စိုးရိမ်စရာတော့ ရှိတယ်။ ဂူထဲကို ဝင်ကြည့်လိုက်ရင် သီရိဓမ္မဝိလာသ ဘွဲ့တံဆိပ်ပါ ကျောက်ဗုဒ္ဓဆင်းတုတော်များကို ဖူးတွေ့ရပါလိမ့်မယ်။
၁၃ရာစုလောက်က တည်ဆောက်ခဲ့ဟန်ရှိပြီး ပုဂံခေတ်တုန်းက ရဟန်းသံဃာများ တရားအားထုတ်ရာ ဂူပြောက်ဖြစ်နိုင်သည်ဟု ခန့်မှန်းကြပါတယ်။ ၁၈၉၅ခုမှာ နယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင် ဗိုလ်ချိုအား ဂူပြောက်ဘုရားအတွင်းမှာ ဖမ်းဆီးမိခဲ့ရာမှစပြီး ဗိုလ်ချိုမိဘုရားဟု နာမည်တွင်လာခဲ့တယ်။ မူလဘွဲ့အမည်ကိုတော့ မသိရှိရပေ။
၁၈) လောကနန္ဒာ (စွယ်တော်လေးဆူ)
ပုဂံမြို့သစ် သီရိပစ္စယာရွာ၏ တောင်ဘက်ယွန်းယွန်း ဧရာဝတီမြစ်ကမ်းနဘေးမှာ ရှိပါတယ်။ ပျူ-မြန်မာ လက်ရာ နှစ်မျိုးပေါင်းစပ်ထားသောစေတီ အမျိုးအစားဖြစ်တယ်။ အနော်ရထာမင်း တည်ထားခဲ့သော စွယ်တော်လေးဆူစေတီများထဲမှ တစ်ဆူဖြစ်လို့ သွားဖူးသင့်တယ်။
စေတီရင်ပြင်မှာ ခရစ်နှစ် ၁၂၀၇ နှင့် ၁၂၃၁ခုတုန်းက ရေးထိုးခဲ့တဲ့ ကျောက်စာတိုင် နှစ်တိုင်ရှိပါတယ်။ အရင်က လောကနန္ဒာစေတီကနေပြီးတော့ လာဘမုနိကြေးဆင်းတုတော်တစ်ဆူနှင့် ကျောက်ခြေရာတွေ ရှိခဲ့တယ်။ နောက်တော့ ရှေးဟောင်းသုတေသနပြတိုက်မှာ ထိန်သိမ်းစောင့်ရှောက်ထားတယ်။
အနော်ရထာမင်းလက်ထက်လောက်မှာ တည်ဆောက်ခဲ့တဲ့ စေတီတစ်ဆူဖြစ်တယ်။ အနော်ရထာမင်းဟာ သီဟိုဠ်ဘုရင် ဝိဇယဗာဟုမင်းထံကနေ ရရှိတဲ့ စွယ်တော်ကို ထပ်မံပွားယူလိုက်တယ်။ စွယ်တော်ပွားကို ရတနာပန်းတောင်ပေါ်တင်ပြီး ဆင်ဖြူကို ပင့်ဆောင်စေကာ အဓိဌာန်ပြီး လွှတ်လိုက်တယ်။ ဆင်ဖြူတော်ဟာ ဧရာဝတီမြစ်ကမ်းနဘေး သင်္ဘောဆိပ်မှာ တုံ့ဝပ်လေတယ်။ ထိုနေရာမှာပဲ စွယ်တော်ပွားကို ဌာပနာပြီး စွယ်တော်စေတီတစ်ဆူ တည်ခဲ့ပါတယ်။ ရင်ပြင်မှာရှိတဲ့ ၁၂၀၇ခု ကျောက်စာအရ နရပတိစည်သူမင်းလက်ထက်လောက်က "လောကနန်တာ" ဟု ခေါ်ဆိုခဲ့ကြောင်း ထင်ရှားတယ်။
၁၉) ကျောက်စကားကြီး
ပုဂံမြို့သစ်ရှိ လောကနန္ဒာစေတီသို့ သွားရာလမ်းနဘေးမှာ ရှိပါတယ်။ အရှေ့ဖက်လိပ်နှင့် အနောက်ဖက်လိပ်ဘုရားတွေနဲ့ မျက်စောင်းထိုး ကားလမ်းတစ်ဖက် လောက်မှာပါ။ စောလူးမင်း၏ ကုသိုလ်တော်ဖြစ်သည်မှတပါး အခြားအချက်အလက်တွေ ရှာမတွေ့လို့ သည်လောက်ပဲ ရေးနိုင်တော့တယ်။
၂၀) အရှေ့ဖက်လိပ်
လောကနန္ဒာစေတီသို့ သွားရာလမ်းနဘေး ကျောက်စကားကြီးပုထိုး၏ မျက်စောင်းထိုးလောက်မှာ ရှိပါတယ်။ လေးထောင့်စပ်စပ် အုတ်ခံပေါ်မှာမှ သီဟိုဠ်ပုံစံစေတီပေါက်အဖြစ် တည်ဆောက်ထားတာပါ။ ပုဂံခေတ်ဦး ၁၁ရာစုလောက်က တည်ဆောက်ခဲ့ပြီး စောလူးမင်း၏ ကုသိုလ်တော်ဟု ယူဆထားကြတယ်။
၂၁) အနောက်ဖက်လိပ်
အရှေ့ဖက်လိပ်စေတီနှင့် ဘေးချင်းကပ်မှာ ရှိပါတယ်။ အရှေ့ဖက်လိပ်စေတီလိုပဲ သီဟိုဠ်ပုံစံစေတီမျိုးပါပဲ။ အချက်အလက်၊ တည်ဆောက်ပုံ အားလုံးက အရှေ့ဖက်လိပ်အတိုင်း ဖြစ်ပြီး မတူညီတာက အုပ်ချပ်တွေပေါ်မှာ ဝေလာမဇာတ်၊ မဟာဂေါဝိန္ဒဇာတ် နှင့် သုမေဓပဏ္ဍိတဇာတ်တော်တွေကို ထည့်သွင်း ဖြည့်စွက်ထားတာပဲ ဖြစ်တယ်။
၂၂) စိမ်းညက်ညီအမ
ပုဂံ-ချောက်လမ်းမ နဘေးမှာ ရှိပြီး စိုးမင်းကြီးအုတ်ကျောင်းနဲ့ သိပ်မဝေးတော့ဘူး။ ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ အမျိုးအစားဖြစ်တယ်။ လက်ရာတွေအရ ၁၂ရာစုမှာ တည်ခဲ့တာလို့ ယူဆကြတယ်။ စိမ်းညက်ဆိုတာ မထေရ်ကို ရည်ရွယ်တာလား၊ ညီအမကို ရည်ရွယ်တာလား မသဲကွဲပေမယ့် မင်းသမီးညီအမကို ဆိုလိုဟန် ရှိတယ်။ စိမ်းညက်အမဘုရား အနားလေးမှာတင် ရှိတယ်။ စိမ်းညက်အမလို မဟုတ်ဘဲ သီဟိုဠ်ပုံစံစေတီမျိုးအဖြစ် ကွဲလွဲနေတယ်။
၂၃) ကျောက်မျက်မှော် ခေါ် ကျောက်မြတ်မော်
ပုဂံ-ချောက် လမ်းအတိုင်း သွားရပြီး စိမ်းညက်ညီအမနဲ့ စိုးမင်းကြီးအုတ်ကျောင်း အကြား ဧရာဝတီမြစ်ကမ်းနဖူးမှာ ရှိပါတယ်။ အတွင်းစေတီ၊ အပြင်စေတီ ဆိုပြီး စေတီနှစ်ထပ်နှင့်မို့ ထုထည်ကတော့ ကြီးမားတယ်။ ဗိသုကာဒီဇိုင်းကတော့ မြင်းကပါစေတနဲ့ လောကနန္ဒာစေတီအကြား လက်ရာမျိုးလို့ ဆိုနိုင်ပါတယ်။
အနုရုဒ္ဓဒေဝမင်း၏ ကောင်းမှုတော်ဖြစ်ပြီး ပုဂံခေတ် အစောပိုင်းကာလ အေဒီ၁၁ရာစု နှစ်ဦးပိုင်းလောက်က တည်ခဲ့တာလို့ သုံးသပ်ကြတယ်။ အီတလီနိုင်ငံက ဓာတ်ခွဲခန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr.Frantino ရဲ့ ဓာတ်ခွဲခန်းရလဒ်အရ အေဒီ ၉-၁၁ကြား ကာလလို့ သိရတယ်။
မြစ်ကမ်းနဖူးကနေပြီး လှမ်းမျှော်ကြည့်ရင် လောကနန္ဒာစေတီကို ဖူးတွေ့နိုင်ပါတယ်။ ပတ်ဝန်းကျင် အနေအထား အတော်လေး သာယာပြီး လူရှင်းနေတတ်တယ်။ သာယာပြီး လူရှင်းတော့ အတွဲတွေ လာတတ်ကြတယ်။
၂၄) စိုးမင်းကြီးအုတ်ကျောင်း
ပုဂံ-ချောက် ကားလမ်းနဘေး စိမ်းညက်ညီအမ ဘုရားအလွန်မှာ ရှိပါတယ်။ စာသင်ရဟန်းများ သီတင်းသုံးနိုင်ရန် တည်ဆောက်ထားသော ကျောင်းဆောင်မျိုး ဖြစ်တယ်။ အုတ်ကျောင်း၏ ဘုရားဆောင်အောက်ထပ်တွင် ဗုဒ္ဓဆင်းတုတော်တစ်ဆူကို ဖူးမျှော်နိုင်ပါတယ်။
၁၂ရာစုမှာ တည်ဆောက်ခဲ့သော ဘုန်းတော်ကြီးတစ်ကျောင်း ဖြစ်ဟန် တူပါတယ်။ သီရိအသင်္ခယာ၏ သမီးတော်စိုးမင်း၏ ကောင်းမှုတော်လို ယူဆကြသလို ပုဂံခေတ်နှောင်းမှ အခြားစိုးမင်းကြီးတစ်ပါးဟုလည်း ယူဆကြတာမို့ အသိအကျတော့ မသိနိုင်ပေ။
၂၅) နဂါးရုံဘုရား
မြင်းကပါက အပယ်ရတနာဘုရားနားမှာ ရှိတယ်။ သိပ်အလှကြီး မဟုတ်ပေမယ့် မုခ်ဦးကနေ လိုဏ်ဘုရားအကြားက လျှောက်လမ်းမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် အဆင်ပြေတယ်။ သူ့သမိုင်းကြောင်းက အပယ်ရတနာဘုရားနဲ့ ဆက်စပ်နေတာ။ ကျန်စစ်သား ထွက်ပြေးတုန်းက မြင်းကပါအရပ်မှာ ပုန်းခိုခဲ့ဖူးတယ်။ တစ်နေ့ သူအိပ်နေတုန်း မြွေကြီးတစ်ကောင်က ပါးပြင်းထောင်းပြီ မိုးပေးထားတယ်။ အဲ့ဒါကို အပယ်ရတနာက တွေ့ပြီး တစ်ချိန်မှာ မင်းဖြစ်လိမ့်မယ် နိမိတ်ဖတ်ပေးခဲ့တာ။ ကျန်စစ်သား မင်းဖြစ်တော့ အဲ့သည့်နေရာမှာ နဂါးရုံဘုရား တည်းတော့တာပဲ။ အချိန်ကတော့ ၁၁ရာစုလောက်က တည်းထားတာ။
၂၆) အပယ်ရတနာ
မြင်းကပါအရပ်မှာ ရှိပြီး စိုးမင်းကြီးအုတ်ကျောင်းနဲ့ နီးတယ်။ ၁၁ရာစုနှောင်းပိုင်းမှာ ကျန်စစ်သားမင်းနှင့် အပယ်ရတနာမိဖုရားတို့မှ လှူဒါန်းခဲ့တာ။ စောလူးမင်းရန်ကနေ ကျန်စစ်သား ထွက်ပြေးနေရတုန်းမှာ အပယ်ရတနာမှ စားသောက်ဖွယ်ရာတွေ လာပို့ပေးခဲ့တဲ့ နေရာလို့ သိရတယ်။
၂၇) နန်းဘုရား
မနုဟာဘုရား၏ အနောက်တောင်အရပ်မှာ ရှိပါတယ်။ ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူဘုရား အမျိုးအစားဖြစ်တယ်။ ၁၂ရာစုလောက်မှာ နရပတိစည်သူမင်း၏ သားမက်တော်လည်းဖြစ်၊ မနုဟာမင်း၏ မြစ်တော်လည်းဖြစ်တဲ့ နာဂသမန်းမင်းသားမှ လှူဒါန်းခဲ့တာလို့ သိရတယ်။ သည်နေရာဟာ တစ်ချိန်တုန်းက မနုဟာမင်း စံမြန်းခဲ့ရာနေရာလည်း ဖြစ်တယ်။
၂၈) တိုက်ကြီးဘုရား
မနုဟာဘုရားကနေ အနောက်ဘက်ကို အနည်းငယ် လှမ်းတယ်။ ကွမ်းတောင်ပေါက် ဂူဘုရား အမျိုးအစားဖြစ်တဲ့ တိုက်ကြီးဘုရားနှင့် ပတ်သတ်တဲ့ အချက်အလက်ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ ဂူဘုရား အဆောက်အအုံက လှပပြီး အတွင်းမှာ နံရံဆေးရေးမင်ကွက်တွေက အတော်လှတယ်။ ပေါင်းမိုးပေါ်မှာလည်း တွေ့နိုင်တယ်။ အချို့ မင်ကွက်တွေပေါ်မှာ မီးသွေးနဲ့ အရုပ်တွေ လျှောက်ဆွဲထားတာ တွေ့ရတယ်။ ထိမ်းသိမ်းဖို့တော့ အမှန်ကို လိုအပ်နေပါပြီ။
၂၉) မြင်းကပါဂူပြောက်ကြီး
မြင်းကပါ ဂူပြောက်ကြီးက မြစေတီ အနီးမှာ ရှိပြီးတော့ ကွမ်းတောင်ပေါက် နှစ်ထပ်လိုဏ်ဂူဘုရား အမျိုးအစားဖြစ်တယ်။ ဂူပြောက်ဘုရား၏ အင်္ဂတေပန်းလက်ရာများမှာ တင့်တယ်လှတယ်။ အတွင်းမှာရှိတဲ့ နံရံဆေးရေးပန်းချီများကလည်း အမျိုးအစား စုံလင်လှတယ်။ အထူးသဖြင့် ကောသလမင်း အိမ်မက် ၁၆ချက်ပေါ့။ နောက်ထပ် ထူးခြားတာက သင်္ဂါယနာတင်မှတ်တမ်းပန်းချီများ ရေးဆွဲထားတာပဲ ဖြစ်တယ်။
ခရစ်နှစ် ၁၁၁၃ခုမှာ ကျန်စစ်သားမင်းနှင့် သမ္ဘူလမိဖုရားတို့မှ ဖွားမြင်သော ရာဇကုမ္မရ်မင်းသားမှ လှူဒါန်းခဲ့တာဖြစ်တယ်။ ရာဇကုမ္မရ်မင်းသားဟာ ခမည်းတော် မကျန်းမမာဖြစ်သောအခါ ရွှေဆင်းတုတော်ကို သွန်းလုပ်ပြီး သံဃာတော်တွေရှေ့မှာ ရေစက်ချ အမျှဝေစေတယ်။ ထို့နောက် ရွှေဆင်းတုတော်ကို ဌာပနာပြီး ဂူပြောက်ကြီးဘုရားကို တည်ခဲ့ပါတယ်။
၃၀) မြစေတီ
မြင်းကပါရွာ မြောက်ဘက်အရပ်မှာ ရှိပါတယ်။ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုများ ရှိခဲ့လို့ ရှေးလက်ရာတော့ မဟုတ်တော့ပေ။
ထူးခြားချက် အနေနဲ့ ရာဇကုမ္မရ်ကျောက်စာ ခေါ် မြစေတီကျောက်စာ တည်ရှိနေတာပါပဲ။ ကျောက်စာကို မွန်၊ မြန်မာ၊ ပျူ၊ ပါဠိ ဆိုပြီး ဘာသာစကား လေးမျိုးနဲ့ ရေးထိုးထားတယ်။ ထိုကျောက်စာကို ၁၈၈၆ခုနှစ်တုန်းကမှ ရှာတွေ့ခဲ့တာပါ။ ရှာတွေ့ခဲ့သူကတော့ ဒေါက်တာဖိုရှမ်းမား ဖြစ်ပြီး သူဟာ သုတေသနဌာနမှ အရာရှိတစ်ဦး ဖြစ်သလို ရန်ကုန်ကောလိပ်ရဲ့ ပါဠိဘာသာပါမောက္ခလည်း ဖြစ်ပြန်တယ်။
ရှေးဟောင်းသုတေသနဌာန၏ တူးဖော်မှုအရ မြစေတီ နေရာမှာ ၁၂ရာစုလက်ရာ ဂူဘုရားတစ်ဆူ ရှိခဲ့ရမယ်လို့ ယူဆကြတယ်။ မြစေတီရဲ့ ထီးတော်မှာရှိတဲ့ ဆည်းလည်းတစ်လုံးမှာပါတဲ့စာအရ မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၂၄ခု (ခရစ်နှစ် ၁၈၆၂) မှာ မွမ်းမံတည်ဆောင်ခဲ့တယ်လို့ ခန့်မှန်းထားကြတယ်။
၃၁) မနုဟာ
ပုဂံ-ချောက် ကားလမ်းမ နဘေးမှာရှိတဲ့ မနုဟာဘုရားကို မသိတဲ့လူ မရှိပါဘူး။ စတုရန်းပုံ နှစ်ထပ်အဆောက်အဦးဖြစ်ပြီး ပစ္စယာများ အထက်မှာ စေတီရံများ ရှိပါတယ်။
မနုဟာဘုရား၏ မျက်နှာစာ ဝင်ဝင်ချင်းမှာ ကြီးမားလှတဲ့ သပိတ်ကြီး တစ်လုံးရှိတယ်။ ဂူအတွင်းမှာ ဗုဒ္ဓရုပ်ပွားတော်ကြီး သုံးဆူရှိပြီး အလယ်ရုပ်ပွားတော်မှာ ဉာဏ်တော် ၃၃ပေခွဲ မြင့်မားတယ်။ အရံရုပ်ပွားတော်များမှာ ပေ၂၀စီ အသီးသီး မြင့်မားတယ်။ ဂူ၏ အနောက်ဘက်မှာ ကျောင်းဆောင်တစ်ဆောင်ရှိပြီး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ စံပယ်တယ်။ လျောင်းတော်မူရုပ်ပွားတော်၏ အလျားမှာ ပေ၆၀ကျော်မျှ ရှိပါတယ်။
သထုံဘုရင်ဖြစ်ခဲ့တဲ့ မနုဟာမင်းမှ ခရစ်နှစ် ၁၀၆၈ခုမှာ တည်ထားခဲ့တာဖြစ်တယ်။ မနုဟာမင်းဟာ အနော်ရထာမင်း၏ အကျယ်ချုပ် ခံရစဉ်က ဘုရားတည်လိုစိတ် ဖြစ်ခဲ့တယ်။ အနော်ရထာမင်းက ခွင့်ပြုသဖြင့် မိမိပိုင်ဆိုင်သော မနောမယမျက်ရွဲလက်စွပ်ကို မြင်းကပါက သူဌေးတစ်ဦးထံ ရောင်းချလိုက်တယ်။ ၁၀၆၇ခု၊ သြဂုတ်လ ၁၅ရက်မှာ သီရိဇေယျဘုံ အရပ်မှာ မနုဟာဘုရားကို တည်ခဲ့ပြီး ၁၀၆၈ခု၊ မတ်လ ၁၂ရက်မှာ ပြီးစီးခဲ့ပါတယ်။
၃၂) ငှက်ပစ်တောင်
ပုဂံရောက်ရင်တော့ ငှက်ပစ်တောင်ဥမင်တွေကို သွားသင့်တယ်နော်။ ဥမင်ရဲ့ မုခ်ပေါက်မှာ ထွင်းထားတဲ့ အင်္ဂတေပန်းလက်ရာတွေက တကယ်လှတာ။ ဓာတ်ပုံရိုက်တဲ့အခါကျရင် ချမ်းလို ကို့ယို့ကားယား မရိုက်ကြပါနဲ့။ Pose လှလှလေးပေးပြီး ရိုက်ခဲ့ကြပါလို့။
ပျူစောထီးမင်း တည်ခဲ့တာလို့ ဆိုကြပေမယ့် ချမ်းကတော့ အနော်ရထာမင်းလက်ထက်တုန်းက လှူဒါန်းခဲ့တဲ့ ဥမင်တွေလို့ပဲ ယုံကြည်တယ်။ ဥမင်ပုံစံတွေက ရဟန်းသံဃာတွေ သီတင်းသုံးဖို့ ဆောက်ထားတဲ့ ပုံစံမျိုး။ အနားမှာ ရှင်အရဟံအုတ်ကျောင်းလည်း ရှိနေသေးတယ်။ ငှက်ပစ်တောင်ဘုရားနဲ့ ငှက်ပစ်တောင်ဥမင်က သက်သက်စီ ဆိုပေမယ့် နီးနီးလေးပဲမို့ ကုန်းပေါ်တက်ပြီး ဘုရားပါ ဖူးခဲ့ကြပါအုံး။
၃၃) သမီးဝှက်ဥမင်
ငှက်ပစ်တောင်၏ အရှေ့မြောက်ဘက်မှာ ရှိတယ်။ သဲကျောက်တောင်နံရံကို ထွင်းပြီး အုတ်ရိုးများဖြင့်ကာထားတဲ့ ဥမင်လိုဏ်အမျိုးအစားဖြစ်တယ်။ အထဲဝင်ကြည့်တာ ဝင်္ဂဘာအတိုင်းပဲ။ လိုဏ်တစ်ခန်းနဲ့တစ်ခန်းက ဆင်တူရိုးမှားတွေ။ ၁၂ရာစု၊ နရပတိစည်သူမင်းလက်ထက်မှာ ရဟန်းသံဃာတွေ သီတင်းသုံးတဲ့ဥမင်လို့ ယူဆထားတယ်တဲ့။ ပါးစပ်ရာဇဝင်မှာတော့ ပျူစောထီးမင်းလက်ထက်တုန်းက သမီကညာတွေကို ဝှက်ထားတဲ့ဂူလို့ ဆိုထားတယ်။
၃၄) ကျောက်ဂူဥမင်
ညောင်ဦးမြို့အပြင် ကုန်းတော်ကြီးဂူဘုရားကနေ ထပ်သွားရသေးတယ်။ ထုထည်ကြီးမားပြီး ခန့်ခန့်ငြားငြားရှိပေမယ့် လူအရောက်အပေါက် နည်းလွန်းတယ်။ သဲကျောက်ကမ်းပါးယံကို ထွင်းပြီး အုတ်တွေ၊ ကျောက်တွေနဲ့ ဆောက်ထားတာ။ ကျောက်ဂူရဲ့ အင်္ဂတေလက်ရာတွေက အရမ်းလှတာမို့ တသသ ဖြစ်ရတယ်။ ဥမင်ရှေ့မှာ အသဲတစ်ခြမ်းပုံ ဖြစ်နေတဲ့ သစ်ပင်တစ်ပင်ရှိတယ်။
၃၅) ကုန်းတော်ကြီးဂူဘုရား
ညောင်ဦးမြို့အကျော် နတ်သမီးကမ်းပါး၏ အရှေ့တောင်ဘက် ဧရာဝတီမြစ်ကမ်းနဘေးမှာ ရှိတယ်။ အေးမြတ်သူ ဓာတ်ပုံရိုက်သွားတဲ့ ဘုရားပါ။ အပေါ်တက်ခွင့် ပိတ်ထားတာ မတွေ့သေးတာနဲ့ ခပ်သွက်သွက် တက်ကြည့်ပလိုက်တယ်။ ရှုခင်းတွေက မပြန်ချင်လောက်အောင် ညှို့ယူတယ်။ တကယ်ပြောတာ။ သကျမုနိဘုရားနဲ့ ရွှေသပိတ်ဘုရားကို လှမ်းမြင်နေရတယ်။ ဧရာဝတီမြစ်ထဲမှာ သင်္ဘောတွေ ဖြတ်သွားတာ ထိုင်ကြည့်လို့ ကောင်းမှကောင်း။ ခရီးလှမ်းပေမယ့် အမှန်အကန် ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နေရာမို့လို့ သွားကြည့်စေချင်လိုက်တာ။
၃၆) သက်မုနိ
သကျမုနိ ဘုရားကနေ ကုန်းတော်ကြီးဂူဘုရားကို တက်တဲ့ ရှေးခေတ်အုတ်လှေကားလေးက သာသာယာယာလေး။ နရပတိစည်သူမင်းရဲ့ ကောင်းမှုတော်လို့ သိရတယ်။
၃၇) ရွှေသပိတ်ဘုရား
ရွှေသပိတ်ဘုရားလို့ ဆိုပေမယ့် ထုံးသင်္ဃန်းကပ်ထားတဲ့ စေတီတစ်ဆူပါ။ သကျမုနိဘုရားနဲ့ အင်မတန် နီးတာ။ သူများတွေ ဓာတ်ပုံရိုက်ထားတာ အတော်လှတယ်။ ချမ်းတို့ သွားရိုက်တုန်းက အလင်းသေချာ မချိန်မိလို့ ဖွေးဆွတ်ပြီးတော့ ဘုရားနဲ့ကောင်းကင်က တစ်ရောင်တည်း ဖြစ်သွားတယ်။ နရပတိစည်သူမင်းရဲ့ မိဖုရား ဝေဠုဝတီတည်းထားတာလို့ သိရတယ်။ ရွှေသပိတ်ဘုရားရဲ့ အောက်ဘက်မှာ သဲကျောက်လိုဏ်ဂူတစ်ခုရှိတယ်။ အဲ့သည့်ထဲက ထွက်ရင် ဧရာဝတီမြစ်ဆိပ်ကို တန်းရောက်ရော။
၃၈) ဆပဒေစတီ
ညောင်ဦးမြို့အဝင် အနော်ရထာလမ်းခွဲမှာ ရှိတယ်။ ဒေသခံတွေကတော့ ဘုရားနီလို့ ခေါ်တယ်။ ပုဂံခေတ် နရပတိစည်သူမင်းလက်ထက်မှာ ဆပဒဘွဲ့အမည်ရ သာမဏေတစ်ပါးရှိတယ်။ ခရစ်နှစ် ၁၁၇၀ခုမှာ ဆပဒသာမဏေဟာ ဆရာဖြစ်သူ ဥတ္တရာဇီဝမထေရ်နှင့်အတူ သီဟိုဠ်နိုင်ငံ (သီရိလင်္ကာနိုင်ငံ)သို့ ကြွချီပြီး ရဟန်းခံခဲ့တယ်။ သီဟိုဠ်မှာ ၂နှစ် သီတင်းသုံးပြီးတော့ ဥတ္တရာဇီဝမထေရ်၊ ရှင်သီဝလိ၊ ရှင်တာမလိန္ဒ၊ ရှင်အာနန္ဒာ နှင့် ရှင်ရာဟုလာ မထေရ်တို့နှင့်အတူ ပုဂံကို ပြန်ကြွလာပါတယ်။ ပုဂံကို ပြန်ရောက်တော့ သီဟိုဠ်သံဃာ့အဖွဲ့ကို ထူထောင်ပြီး သာသနာပြုလုပ်ငန်းတွေ လုပ်ကြတယ်။ ဆပဒစေတီဟာ ဆပဒမထေရ်ရဲ့ ကုသိုလ်တော်တွေထဲက တစ်ဆူဖြစ်ပါတယ်။
၃၉) မျက်တော်ပြေဘုရား
ပုဂံမြို့ဟောင်း၏ မြောက်ဘက် ဗူးဘုရားသို့ သွားရာလမ်းမှာရှိတယ်။ ကျန်စစ်သားမင်း၏ ကောင်းမှုတော်ဘုရားပါတဲ့။ ကောဇာသက္ကရာဇ် ၄၄၈ခုလောက်က သက်မင်းကတုံက ကျန်စစ်သားမင်းကို ပုန်ကန်တယ်တဲ့။ သက်မင်းကတုံကို ဖမ်းဆီးပြီး ကွပ်မျက်မယ်ပြုရာ ရှင်အရဟံမထေရ်က အသက်ချမ်းသာပေးဖို့ ဖျောင်းဖြခဲ့တယ်။ ရှင်အရဟံရဲ့ ဖျောင်းဖြမှုကြောင့် အမျက်ပြေခဲ့တဲ့ အထိမ်းအမှတ် အနေနဲ့ မျက်တော်ပြေဘုရားကို တည်ခဲ့တာလို့ သိရတယ်။
၄၀) ရွှေစည်းခုံစေတီ (စွယ်တော်လေးဆူ)
ညောင်ဦးမြို့ အနောက်တောင်ဘက်အခြမ်း ဧရာဝတီမြစ်ကမ်း အနီးမှာ ရှိတယ်။ အနော်ရထာမင်းလက်ထက် ၁၀၆၀ခု ဇန်နဝါရီလ ၁၄ရက်နေ့မှာ စတင်တည်ပြီး ကျန်စစ်သားမင်းလက်ထက် ၁၀၉၀ခု ဧပြီလ ၁၅ရက်မှာ ပြီးစီးတယ်တဲ့။ စေတီတည်ဖို့အတွက် လိုအပ်တဲ့ ကျောက်ချပ်တွေကို တုရင်းတောင်ကနေပြီးတော့ လူတန်းကြီးသုံးသွယ်နဲ့ လက်ဆင့်ကမ်း သယ်ခဲ့ကြတာ။ စေတီထဲမှာ သရေခေတ္တရာက ရခဲ့တဲ့ ဂေါတမမြတ်စွာဘုရား၏ နဖူးသင်းကျစ်တော်၊ တရုတ်ပြည်မှ ပင့်ဆောင်လာတဲ့ မြဆင်းတုတော်၊ သီဟိုဠ်မှ ပင့်ဆောင်လာတဲ့ မြတ်စွာဘုရား၏ စွယ်တော်ပွား တစ်ဆူကို ဌာပနာထားတယ်။
၄၁) သက်တော်ဂူကျောင်း
ရွှေစည်းခုံစေတီရဲ့ ကျောက်နဂါးရုပ်တု ရှိတဲ့အပေါက်ကနေ ထွက်ပြီး ဘက်ဘက်လမ်းအတိုင်း လိုက်သွားရင် သက်တော်ဂူကျောင်းကို တွေ့ရလိမ့်မယ်။ အဲ့သည့်က ခြင်္သေ့နှစ်ကောင်အင်္ဂတေရုပ်က အကြီးကြီးပဲ။ ဓာတ်ပုံ သွားရိုက်ကြပါလို့။
၄၂) ခြင်္သေ့တံခါး
သက်တော်ဂူကျောင်းကနေ ဧရာဝတီမြစ်ဆိပ်ကို ဆင်းတဲ့ လှေကားမှာ ခြင်္သေ့ရုပ်တစ်ရုပ်ရှိတယ်။ မေးကြည့်တာ ဒေသခံတွေက မသိကြဘူး။ သွားချင်ရင် Google Map မှာ Lion Gate Nyaung-U ဆိုပြီး ရှာကြည့်ပါ။ ပြီးရင် Direction point ထောက်ပြီး သွားပေတော့။ ဆည်းဆာချိန်ကို မှန်းပြီး သွားစေချင်တာ။ ဧရာဝတီမြစ်ဆိပ်ထိ ဆင်းသွားပြီး အေးအေးလူလူ နေဝင်တာ ထိုင်ကြည့်လို့ အရမ်းကောင်းတယ်။
၄၃) ကျန်စစ်သားဥမင်
ညောင်ဦးမြို့ ရွှေစည်းခုံစေတီ၏ တောင်ဘက် စောင်းတန်း အဆင်းလမ်းရဲ့ အနောက်ဘက်ခြမ်းမှာ ရှိတယ်။ ကျန်စစ်သား ပုန်းအောင်းခဲ့တဲ့ ဥမင်လို့ ပါးစပ်ရာဇဝင်မှာ ဆိုထားတယ်။ တကယ်က ရဟန်းသံဃာတွေ သီတင်းသုံးတဲ့ ဥမင်လိုဏ်ဂူကြီးပါတဲ့။ ဥမင်ထဲက နံရံဆေးရေးပန်းချီတွေကို ကြည့်ပြီး အနော်ရထားမင်းလက်ထက် ၁၁ရာစုလောက်က တည်ထားတာလို့ ခန့်မှန်းထားကြတာ။
၄၄) အလိုတော်ပြည့်
ညောင်ဦးမြို့ ထီးလိုမင်းလိုစေတီ အနီး အနော်ရထာလမ်းမနဘေးမှာ ရှိတယ်။ ၁၁ရာစု၊ ကျန်စစ်သားမင်း နန်းတက်ကာစမှာ တည်ထားတာတဲ့။ ကျန်စစ်သား စစ်သူကြီးဘဝတုန်းက စစ်မထွက်ခင် သည်နေရာမှာ အဓိဌာန်ပြု ဆုတောင်းခဲ့တယ်တဲ့။ ဆုတောင်းပြည့်ပြီး စစ်အောင်ခဲ့တဲ့အတွက် ရှင်အရဟံမထေရ်မြတ်နှင့် တိုင်ပင်ကာ သည်နေရာမှာ စေတီ တည်ထားခဲ့တာပါ။
၄၅) ဝက်ကြီးအင်းဂူပြောက်ကြီး
ညောင်ဦးမြို့ ဝက်ကြီးအင်းကျေးရွာ အရှေ့ဘက်ခြမ်းမှာ ရှိတယ်။ အိန္ဒိယက မဟာဗောဓိစေတီပုံစံ လိုဏ်နှစ်ဆင့်ဂူဘုရား အမျိုးအစားပါ။ ၁၃ရာစုလောက်က နားတောင်းများမင်း၏ ကုသိုလ်တော်လို့ ယူဆထားတယ်။
၄၆) တမာပင်တန်း
ပုဂံရောက်လို့မှ တမာပင်တန်းတွေနဲ့ ဓာတ်ပုံ မရိုက်ခဲ့ရဘူးဆိုရင် ခေတ်နောက်ကျသွားလိမ့်မယ်နော်... Pose ပေးနေတုန်း ကားတွေ၊ ဆိုင်ကယ်တွေ လာလို့ ရှောင်လိုက်၊ ယာဉ်တွေ ရှင်းသွားရင် ပြန်တက်ရိုက်လိုက်နဲ့ ခွီနေရတာကတော့ အမှတ်တရပါပဲ။
၄၇) ထီးလိုမင်းလိုဘုရား
ပုဂံမြို့ဟောင်းက ညောင်ဦးမြို့သို့သွားရာ ကားလမ်းမနဘေးမှာ ရှိတယ်။ နရပတိစည်သူမင်းလက်ထက်မှာ တည်ပြီး နားတောင်းများမင်းလက်ထက်မှာ ပြီးတယ်လို့ သိရတယ်။ ပါးစပ်ရာဇဝင်အရ နရပတိစည်သူမင်းဟာ သေအံ့မူးမူး အချိန်အထိ အိမ်ရှေ့မင်းသား မရွေးရသေးဘူးတဲ့။ နတ်ရွာမစံခင် နန်းတော်လွှဲအပ်ဖို့အတွက် သားငါးပါးကို ဝိုင်းထိုင်စေပြီး အလယ်မှာ ထီးဖြူစိုက်ပြီး အဓိဌာန်ပြုတယ်။ ထီးဖြူက နားတောင်းများမင်းဖြစ်လာမယ့် ဇေယျသိင်္ခမင်းသားဘက်ကို ညွှတ်ကျခဲ့တယ်။ ထီးကလဲလိုလား မင်းကလဲလိုလားတဲ့မင်း ဆိုပြီး ထီးလိုမင်းလိုမင်း လို့လဲ ခေါ်ကြတယ်။ သူတည်ခဲ့လို့ ထီးလိုမင်းလိုဘုရားလို့ ခေါ်ကြတာတဲ့။
၄၈) ဘုရားအမှတ် - ၁၈၁၈
ထီးလိုမင်းလိုဘုရားရဲ့ အနောက်ဘက်မှာ ရှိတယ်။ စေတီက ညီနောင်ပုံစံမျိုး။ ပုံစံတူ အကြီးအသေးစေတီ နှစ်ဆူ ဖြစ်နေတာ။ ဓာတ်ပုံရိုက်လို့ ကောင်းတယ်။
၄၉) ဥပါလိသိမ်
ထီးလိုမင်းလိုဘုရားအနား ပုဂံ-ညောင်ဦးသွား ကားလမ်းမ နံဘေးမှာ ရှိတယ်။ ဥပါလိမထေရ်က ပုဂံရာဇဝင်မှာ ၂ပါး ထင်ရှားကျော်ကြားဖူးတယ်။ အနော်ရထာမင်းလက်ထက်မှာ တစ်ပါး၊ နားတောင်းများမင်းနှင့် ကျစွာမင်း မင်းဆက်၂ဆက်မှာ တစ်ပါး ပေါ်ပေါက်ဖူးတယ်။ အခု တွေ့ရတဲ့ ဥပါလိသိမ်ကိုတော့ ဘယ်ဥပါလိမထေရ်က သိမ်သမုတ်ပေးခဲ့တာလဲ မသေချာကြဘူးတဲ့။ မူလဥပါလိသိမ်က ပျက်စီးသွားပြီးမို့ ကုန်းဘောင်ခေတ်တုန်းက အသစ်ပြန်ဆောက်ထားရတာ။ ဒါ့ကြောင့် ဘယ်နှစ်ရာစုလောက်က သိမ်လဲ ဆိုတာ တိတိပပ မဖော်ထုတ်နိုင်တော့ဘူး။
၅၀) ခေမင်္ဂဘုရားစု
ပုဂံ-ညောင်ဦး ကားလမ်းမ နံဘေးလေးတင်ပဲ။ ထူးခြားတဲ့ အဖြစ်အချက် တစ်ခု ခေမင်္ဂဘုရားစုထဲက တစ်ဆူဖြစ်တဲ့ ဘုရားအမှတ် ၁၈၄၄မှာ ရှိခဲ့ဖူးတယ်။ ကိုလိုနီခေတ် ၁၈၉၉ခုလောက်က ဂျာမန်လူမျိုး Th H Thoman နဲ့ Dr Fritz Von Noetlin တို့ပေါင်းပြီး ဝက်ကြီးအင်းဂူပြောက်ကြီးဘုရားက နံရံဆေးရေးပန်းချီ ရေးဆွဲထားတဲ့ အင်္ဂတေချပ်ကို လွှနဲ့ ဖြတ်ယူကြတယ်။ ဖွားစောရွာသူကြီးဦးထွန်းက တွေ့ပြီး တားမြစ်တယ်တဲ့။ ပြီးတော့ ခေမင်္ဂဘုရားစုထဲက ဘုရားအမှတ် ၁၈၄၄မှာ နောက်မလုပ်ဖို့ ခံဝန်ကတိ ထိုးခိုင်းခဲ့တယ်။ ထိုအမှုကို ပခုက္ကူအရေးပိုင်းကို တိုင်လိုက်တယ်။ အရေးပိုင်က သူတို့ကို ပြည်ဝင်ခွင့် ပိတ်လိုက်တယ်တဲ့။
၅၁) တောင်ဘီရွာထိပ်မှ ရှေးဟောင်းကျောင်းတိုက်
ပုဂံမှာသာတဲ့လ ရုပ်ရှင်ရိုက်ခဲ့တဲ့ ရှေးဟောင်းကျောင်းတိုက်ကြီးပါ။ မင်းအိုချမ်းသာဘုရား မရောက်ခင် ဥပါလိသိမ်အလွန် ညောင်ဦးကားလမ်းမ နံဘေး တောင်ဘီရွာထိပ်မှာ ရှိတယ်
၅၂) နတ်ထောင့်ကျောင်းတိုက်
၅၃) ဗူးလယ်သီး
၅၄) မင်းအိုချမ်းသာ
၅၅) အာနန္ဒာဘုရား
၅၆) အာနန္ဒာအုတ်ကျောင်း
၅၇) မဟာဗောဓိစေတီ
၅၈) အတွင်းစည်းခုံ
၅၉) ဗူးဘုရား
၆၀) ပိဋကတ်တိုက်
၆၁) သံတော်ကြား
၆၂) ရွှေဂူကြီးဘုရား ခေါ် နန်းဦးဘုရား
၆၃) သဗဗြညု
၆၄) မဟာစေတီ
၆၅) ငကျွဲနားတောင်း
၆၆) နတ်လှောင်ကျောင်း
၆၇) ပုထိုးသားများ
၆၈) မီးမလောင်ကျောင်း
၆၉) မီးငြိမ်းကုန်း
၇၀) ကန်တော့ပလ္လင်
၇၁) လောကထိပ်ပန်
၇၂) ရွှေဆံတော်
၇၃) ရှင်ပင်သာလျောင်း
၇၄) ဓမ္မရံကြီး (ထု မှာ ဓမ္မရံ)
၇၅) မင်္ဂလာစေတီ
၇၆) သရပါဂိတ်
၇၇) တုရင်တောင်စေတီ
၇၈) တန့်ကြည့်တောင်စေတီ
၇၉) ဘုရားအမှတ် - ၁၂၇၇
၈၀) ရှင်ပင်သက်တော်ရှည်၊ ရှင်ပင်သက်တော်ရဘုရား
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
AA/6 , Bo Bahtoo Housing Complex , Bayint Naung Street , 49 Ward , North Dagon
Yangon
11422