Swe Swe
10/06/2022
အသည်းအဆီဖုံးရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ
အသည်းအဆီဖုံးရောဂါသည် နာတာရှည် အသည်းရောဂါများအနက်တွင် အဖြစ်အများဆုံး ဖြစ်သည်။ အဝလွန်သူများ၏ ၉၀%၊ ဆီးချိုရောဂါရှိသူများ၏ ၅၀-၇၀% သည် အသည်းအဆီဖုံး ဖြစ်နိုင်ခြေရှိသည်။ ဥရောပတိုက်ရှိလူဦးရေ၏ ၂၅% ခန့်သည် အသည်းအဆီဖုံးခြင်းဝေဒနာ ရှိနေသည်ဟု သိရပါသည်။
ယနေ့ခေတ်တွင် အနေအထိုင် အစားအသောက် (Lifestyle) ပြောင်းလဲမှု (ဥပမာ - ကယ်လိုရီတွေကို ခန္ဓာကိုယ် စွမ်းအင်လိုအပ်ချက်ထက် ပိုမိုစားသောက်မိခြင်း၊ လှုပ်ရှားမှုနည်း၍ အထိုင်များခြင်း) ကြောင့် အဖြစ်များလာရခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အသည်းအဆီဖုံးခြင်းနှင့် ပတ်သက်၍ လူတိုင်းသိသင့်သော ဆောင်ရန် ရှောင်ရန်အချက်များကို အလျဉ်းသင့်၍ မျှဝေပေးလိုက်ပါသည်။
(၁) ကိုယ်အလေးချိန် လျှော့ချပါ။
ကိုယ်အလေးချိန်များသူများနှင့် အဝလွန်သူများသည် ကိုယ်ခန္ဓာအလေးချိန်၏ ၁၀% ကျော်ကို လျှော့ချပစ်ရန် လိုအပ်ပါသည်။ အသည်းအခြေအနေ ဆိုးလေလေ၊ ကိုယ်အလေးချိန် ပိုချဖို့လိုလေလေ ဖြစ်သည်။
ကိုယ်အလေးချိန် မများသူများ (BMI ပုံမှန်ရှိနေသူများ) ပင်လျှင် ကိုယ်ခန္ဓာအလေးချိန်၏ ၃-၅% ကို လျှော့ချရန် လိုအပ်သည်။ ဗိုက်ရွှဲသူများသည်လည်း ကိုယ်အလေးချိန်လျှော့ချရန် လိုအပ်သူများတွင် အကျုံးဝင်သည်။
(၂) ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။
• လမ်းသွက်သွက်လျှောက်ခြင်း၊ ရွရွ/နှေးနှေးပြေးခြင်း (Jogging)၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကခြင်း (ဥပမာ - အေရိုးဗစ်၊ Zumba dance) စသည်တို့ကို တစ်ပတ်လျှင် အနည်းဆုံး ၃ ရက် (သို့) တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ လုပ်ပါ။ သို့မဟုတ်
• အလေးမခြင်း၊ ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်းနှင့် Elastic band များအသုံးပြု၍ လုပ်ရသော လေ့ကျင်ခန်းများကို တစ်ပတ်လျှင် အနည်းဆုံး ၂ ရက်လုပ်ပါ။
• အထက်ပါနှစ်မျိုးပေါင်း တစ်ပတ်လျှင် ၃-၅ ကြိမ်ခန့် ပြုလုပ်ပါ။
• အထိုင်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းများကို လျှော့ချပါ။
(၃) စားသောက်သင့်သော အစားအသောက်များ
• အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ
• ငါးအမျိုးမျိုး
• သံလွင်ဆီ
• အခွံမာသီး၊ အစေ့အဆံ၊ ပဲတောင့်ရှည်မျိုး ဖြစ်သော ပဲများ၊
• အမျှင်ဓာတ်များသော၊ ဂျုံနှင့်လုပ်သော အစားအစာများ (ဥပမာ - ဆီးချိုပေါင်မုန့်)
• သစ်ကြားသီး
• အဆီနည်းသော အသားများ
• အဆီလျှော့ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ
• ကျန်းမာရေးနှင့်ကိုက်ညီအောင် ပြုလုပ်ထားသော “အိမ်ချက်” အစားအစာများ
အထက်ပါ မြေထဲပင်လယ် ပတ်ဝန်းကျင်ဒေသများတွင် စားသောက်လေ့ရှိသော အစားအသောက်ပုံစံမျိုးမှာ အသည်းအဆီဖုံးရောဂါအတွက် အထူးသင့်တော်ပါသည်။ ရေများများသောက်ပါ။ ကော်ဖီသောက်ပါ။
(၄) ရှောင်ကြဉ်ရမည့် အစားအသောက်များ
❌ ပြည့်ဝဆီများ (ဥပမာ - ဝက်ဆီ)
❌ အထူးပြုပြင်ထားသော အစားအသောက်များ (Ultra-processed food) (ဥပမာ - အာလူးချောင်းကြော်၊ အသားညှပ်ပေါင်မုန့်)
ခေါက်ဆွဲခြောက်ထုပ်ကဲ့သို့သော Fast food များ
❌ ပြုပြင်ထားသော အသားများ (ဥပမာ - ကြက်/ဝက်အူချောင်း)
❌ အချိုကဲသော အစားအသောက်များ (ဥပမာ - ကိတ်မုန့်၊ ရေခဲမုန့်)
❌ အဆီများသော / သကြားထည့်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ (ဥပမာ - ချိုအောင် ပြုလုပ်ထားသော ဒိန်ခဲ၊ ဒိန်ချဉ်၊ နို့)
❌ ဆေးလိပ်
❌ အရက်၊ ဘီယာ၊ ဝိုင်
❌ အချိုရည်များ
(၅) လိုအပ်သော ကုသမှုများကို ခံယူပါ။
မိမိ၏ရောဂါအခြေအနေပေါ်မူတည်၍ လိုအပ်သော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက် အတိုင်း မှီဝဲသင့်သလို ဆရာဝန်နှင့် ပုံမှန်ပြသ၍ အစစ်ဆေးခံရန်လည်း လိုအပ်ပါသည်။
အသည်းအဆီဖုံးရောဂါအတွက် သီးသန့် အစွမ်းထက်သောဆေးများ မပေါ်ပေါက်သေးသော်လည်း အတိုင်းအတာတစ်ခုအထိ အကျိုးပြုနိုင်သောဆေးများ ရှိနေပြီဖြစ်ပါသည်။ ဆီးချိုရောဂါ ကုသရာတွင် အသုံးပြုသော ပိုင်ရိုဂလီတဇုန်း (Pioglitazone) ဆေးနှင့် လီရာဂလူတိုက်၊ စီမာဂလူတိုက် (Liraglutide, semaglutide) စသော ဆေးများသည် အသည်းအဆီဖုံးရောဂါကုသရာတွင် အသုံးပြုနိုင်ပါသည်။ ဆီးချိုနှင့် အသည်းအဆီဖုံး တွဲနေသူများတွင် ပို၍ အဆင်ပြေပါသည်။ ဗီတာမင်-အီး သည်လည်း အသည်းအဆီဖုံးခြင်းကြောင့်ဖြစ်သော အသည်းရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါသည်။
နိုင်ငံတကာ သုတေသနများအရ အသည်းအဆီဖုံးရောဂါ ကုသရာတွင် အသုံးပြုနိုင်သော သဘာဝဆေးများနှင့် ဖြည့်စွက်စာများမှာ-
🔹 ပရိုဘိုင်အိုတစ်များ
🔹 ဗီတာမင်-ဒီ
🔹 အိုမီဂါ-၃
🔹 ဆယ်လီမရင်ဒြပ်ပေါင်း (Silymarin)
🔹 လက်ဖက်စိမ်း (Green tea)
🔹 ကာကူမင်ဒြပ်ပေါင်း (နနွင်း)
အထက်ပါဆေးများသည် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ခြင်း၊ အသည်းအဆီစုခြင်းကို ဟန့်တားပေးနိုင်ခြင်း၊ သွေးတွင်းအဆီဓာတ်နှင့် အချိုဓာတ်ကို ကျဆင်းစေခြင်း၊ အသည်းရောင်ခြင်းကို လျော့နည်းစေပြီး အသည်းအင်ဇိုင်းများကို ကျဆင်းစေခြင်း၊ အသည်းခြောက်/ကျုံ့ခြင်းကို လျော့နည်းစေခြင်း စသော အာနိသင်များရှိသောကြောင့် အသည်းအဆီဖုံးရောဂါရှိသူများတွင် အသုံးဝင်သော သဘာဝဆေးများ ဖြစ်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup
Dr. Khin Maung Lwin (FAME) You can view and join right away.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Thuman 4. Th Street Thingangyun
Yangon