Baby One

Baby One

Share

05/11/2025

🌟 Mompreneur ဖြစ်ဖို့ လိုအပ်တဲ့အရင်းအနှီးငွေကြေးကို ဘယ်လိုရှာနိုင်မလဲ 💰

👩‍👧‍👦 Mompreneur ဆိုတဲ့ ရင်သွေးမိခင်စီးပွားရှင်တစ်ယောက် ဖြစ်လာဖို့ ကိုယ့်မှာ အရည်အချင်းရော အိုင်ဒီယာကောင်းတွေပါ ရှိနေပါရက်နဲ့ “ငွေအရင်းအနှီး မရှိလို့” ဆိုတဲ့ အတားအဆီးကြောင့် ခြေလှမ်း မစနိုင်သေးတဲ့ ကလေးတို့မေမေတွေအတွက် နည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်ရှင်…။

၁။ ကိုယ်စုထားတဲ့ငွေလေးနဲ့ စတင်ပါ
လစဉ် နည်းနည်းစီ စုထားတဲ့ငွေပမာဏလေးနဲ့ စတင်ကြည့်ပါ။ အဓိကက အရင်းအနှီးတွေ အများကြီး ရှိမှ မဟုတ်ပါဘူး။ ရှိတာလေးနဲ့ စ ဖြစ်အောင် စလိုက်တာက အကောင်းဆုံးပါ။ ဆက်စပ်နည်းလမ်းက ပထမဆုံး ရောင်းရငွေထဲက အမြတ်ကို လုပ်ငန်းပြန်လည်ပတ်ဖို့ အသုံးပြုတာပဲဖြစ်ပါတယ်။

၂။ နီးစပ်ရာဝန်းကျင်ရဲ့အကူအညီ ယူပါ
ကိုယ့်မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေကို ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့ လုပ်ငန်းအစီအစဉ်၊ ရေရှည်အကျိုးအမြတ် စတာတွေကို သေချာရှင်းပြပြီး ကိုယ့်အပေါ် ယုံကြည်မှု ရှိလာအောင်၊ ငွေကြေး အကူအညီ ပေးချင်လာအောင် ကြိုးစားကြည့်ပါ။ ချေးငွေ ယူမယ်ဆိုရင်လည်း အချင်းချင်းဆက်ဆံရေး မပျက်ရအောင် အချိန်မီ ပြန်ဆပ်ဖို့၊ စည်းကမ်း မဖောက်ဖို့ စာချုပ်စာတမ်းနဲ့တကွ သေချာလုပ်ရပါမယ်။

၃။ အသေးစားချေးငွေနဲ့ SME ချေးငွေကို ကြိုးစားကြည့်ပါ
ပြည်တွင်းက Microfinance နဲ့ အသေးစားနဲ့ အလတ်စား SME လုပ်ငန်းတွေဆီက အတိုး သက်သာတဲ့ ချေးငွေတွေကို ရနိုင်မလားဆိုတာ ရှာဖွေကြိုးစားကြည့်ပါ။ တချို့သော NGOs အဖွဲ့အစည်းတွေက အမျိုးသမီးတွေအတွက် အတိုးနှုန်း အသက်သာဆုံးချေးငွေနဲ့ ကူညီမှုတွေ ရှိနေတယ်လို့ ကြားဖူးပါတယ်။

၄။ ငွေအရင်းအနှီး ထည့်ဝင်နိုင်မယ့်သူ ရှာဖွေပါ
မိမိလုပ်ငန်း Idea ကို အများ မြင်နိုင်မယ့် Facebook ၊ Tiktok လို အွန်လိုင်းပလက်ဖောင်းတွေကနေ လိုတိုရှင်းလေး မိတ်ဆက်ပြသပြီး ကိုယ်နဲ့ လက်တွဲပူးပေါင်းချင်တဲ့ လုပ်ငန်းဖက်ကို ရှာဖွေကြည့်ပါ။ ကိုယ့်လုပ်ငန်းက အလားအလာကောင်းတယ်ဆိုရင် စိတ်ဝင်တစား ပူးပေါင်းချင်သူတွေ ရလာနိုင်ပါတယ်။
Mompreneur ဖြစ်ချင်တဲ့ ကလေးမေမေတို့ရေ... “အလုပ်က လုပ်ချင်တယ်၊ ရင်းနှီးငွေက မရှိဘူး” လို့ ညည်းနေမယ့်အစား ဖော်ပြထားတဲ့နည်းလမ်းလေးတချို့ကို စိတ်အားထက်သန်စွာနဲ့ ကြိုးစားကြည့်ရင် “လက်ထဲမှာ ငွေပို မရှိလို့ ဘာမှ မဖြစ်သေးပါဘူး” ဆိုတဲ့ အကြောင်းပြချက်ကို ကျော်ဖြတ်နိုင်မှာပါနော်။
အဲဒီတော့ ရှင်တို့ရဲ့ စီးပွားရေး စိတ်ကူးစိတ်သန်းတွေကို ဘယ်နည်းလမ်းနဲ့ အကောင်အထည်ဖော်ဖို့ စီစဉ်ထားလဲဆိုတာ Comment မှာ မျှေ၀ ပြောပြပေးခဲ့ပါဦး!** 👇
ကလေးတို့မေမေတိုင်းရဲ့အိပ်မက်တွေကို ရှင်သန်အောင်မြင်စေချင်တဲ့
Theint – Mompreneur

#ရင်သွေးမိခင်လုပ်ငန်းရှင် #အရင်းအနှီး #ငွေကြေး #လုပ်ငန်း #ရင်းနှီးမြှုပ်နှံမှု

10/10/2025

ပွင့်လင်းရာသီ အားလပ်ရက်တွေအတွက် ဘယ်လို ပြင်ဆင်စီမံကြမလဲ❓️🤔

မိုးတွင်းကာလတစ်လျှောက်လုံး ကလေးတစ်ဖက်နဲ့ အလုပ်တွေ လုပ်ရင်း ပင်ပန်းခဲ့ကြတဲ့ ရင်သွေးမိခင် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အခုလို ပွင့်လင်းရာသီ အားလပ်ရက်တွေကို ဖြတ်သန်းရတော့မယ့် ကာလမှာ ဘယ်လို ပြင်ဆင်ထားသင့်လဲဆိုတာလေး မျှဝေပေးပါရစေရှင် …။💛

🌼သီတင်းကျွတ်၊ တန်ဆောင်တိုင်ကနေ ခရစ်စမတ် နှစ်သစ်ကူးကာလတွေအထိ ပိတ်ရက်တွေ ဆက်ပြီး လာတော့မယ့်အချိန်ဟာ Mompreneur တစ်ယောက်အဖို့ မိသားစုနဲ့အတူ အချိန်တွေ ကုန်ဆုံးရတာ ပျော်စရာ ဆိုပေမယ့် ကိုယ့်အလုပ်အတွက်လည်း စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပါတယ်။👌
ဥပမာ .. အလုပ် မပြီးတာ၊ ပိတ်ရက်ထဲကျမှ အလုပ်တွေ ပေါ်လာတာ စတဲ့ ကိစ္စတွေ ရှိလာခဲ့ရင် ဘယ်လို ကြိုပြင်မလဲ ဆိုတာ ပြောပြပေးသွားပါမယ်

🌼အားလပ်ရက်မတိုင်မီ အစီအစဉ်တွေ ကြိုပြင်ထားပါ
ဖြစ်နိုင်မယ်ဆိုရင် အားလပ်ရက်တွေ ရောက်မလာခင် တစ်ပတ်လောက်တည်းက အရေးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့ အလုပ်ကိစ္စတွေ စာရင်း ပြုစုပါ။ ကျန်တာတွေကိုတော့ ခေတ္တ ရပ်နားထားလိုက်ပါ။
Facebook လို လူမှုကွန်ရက်တွေပေါ် တင်ရမယ့် Content တွေကို Schedule လုပ်ထားပါ။ ကိုယ့်ရဲ့ Page, Profile မှာ ပိတ်ရက်နဲ့ အလုပ် ပြန်စမယ့်ရက်တွေကို ကြိုတင် ကြေညာထားလိုက်ပါ။ ဒီလိုလေး ပြင်ဆင်အသိပေးထားတာက ကိုယ် ဘယ်လောက် Professional ဆန်သလဲဆိုတာ ပြသတာပါပဲ။😊

🌼သားသားမီးမီးလေးတွေကို အာရုံစိုက်ဖို့ အချိန်တစ်ခု ယူလိုက်ပါ
အားလပ်ရက်မှာ ခရီးတွေဘာတွေ မထွက်ဖြစ်ဘဲ ကိုယ့်အိမ်မှာပဲ နေမယ်ဆိုရင် အလုပ်တွေ ခဏတာ နားထားချိန်မှာ ကိုယ့်ရင်သွေးငယ်တွေနဲ့ အတူတူ ရှိနေချိန်လေးကို အထူး တန်ဖိုးထားစေချင်ပါတယ်။
အဓိကပြဿနာက ဖုန်းတစ်ကိုင်ကိုင် လုပ်နေပြီး ကလေးတွေအပေါ် အာရုံမစိုက်နိုင် ဖြစ်နေတာမျိုးက ဒီဘက်ခေတ်ကာလမှာ တွေ့ရမြင်ရ များတာကြောင့် ကိုယ့်ဖုန်းကို ခဏလောက် ဘေးဖယ်ထားပြီး ကလေးတွေနဲ့အတူတူ ကစားနိုင်မယ့်၊ အတူတကွ လုပ်နိုင်မယ့်အရာတွေကို အချိန်ပေးလိုက်ပါ။💛

🌼အားလပ်ရက်ခရီး စီစဉ်ထားရင် ဒါလေးတွေကို ဂရုစိုက်ပါ
ခရီးမထွက်ခင်တည်းက ကိုယ့်အလုပ်တွေကို အပြတ်ရှင်းထားပါ။ ကိုယ်မလုပ်နိုင်တော့တဲ့ဟာတွေကို သူများကို ကိုယ်စားလှယ် လွှဲနိုင်ရင် လွှဲပေးလိုက်ပါ။ ကိုယ့်ရဲ့ Page (သို့) Profile တွေမှာ နားမယ့်ရက် ကာလတွေကို အသိပေးပါ။👌
ခရီးစဉ်အတောအတွင်း ကလေးနဲ့မိသားစုအပေါ်ကိုပဲ အာရုံ အပြည့်အဝ စိုက်ပါ။ မိသာစုအားလုံး ပါဝင်နိုင်မယ့် ကစားနည်းတွေ၊ စွန့်စားခန်းတွေ လုပ်ပါ။ သွားလိုက်တဲ့ခရီးက အပြည့်အဝ စိတ်ကျေနပ်မှု မရခဲ့ရင်တောင် ဖြစ်လာသမျှ ကျေနပ်ရောင့်ရဲလိုက်တာက အကောင်းဆုံး တုံ့ပြန်မှု ဖြစ်ပါလိမ့်မယ်။💛

🌼မိမိကိုယ်ကိုလည်း အချိန်ပေး အနားယူပါ
အားလပ်ရက်တွေ ရလာတဲ့အခါ အလုပ်က နားထားပေမယ့် ကလေးတွေနဲ့ မိသားစုအတွက်ကတော့ အချိန်ပေးနေရတဲ့အတွက် တခါတလေ ကိုယ်ပိုင်အချိန်လေးတစ်ခု မရရအောင် ဖန်တီးထားရပါမယ်။
ဥပမာ - Spa သွားမလား၊ စာဖတ်မလား၊ သူငယ်ချင်းတွေနဲ့ Shopping ခဏ ထွက်လိုက်မလား စတဲ့ ကိုယ့်စိတ်ကျေနပ်မှုကို ပေးနိုင်တဲ့ တစ်ကိုယ်ရေအချိန်လေးတစ်ခုကို ယူလိုက်တာက နောက်ပိုင်းမှာ ကလေးနဲ့ အလုပ်တွေကို ပိုပြီးတော့ အာရုံစိုက် လုပ်ကိုင်ပေးနိုင်မှာ ဖြစ်ပါတယ်။💛

ကဲ ..ဒါဆိုရင် အခု သီတင်းကျွတ်နောက်ပိုင်းကနေ တန်ဆောင်တိုင်နဲ့ နှစ်သစ်ကူးကာလတွေအထိ ရရှိလာမယ့် အားလပ်ရက်တွေအတွင်း Mompreneur တစ်ယောက်အနေနဲ့ ဘာတွေ ပြင်ဆင်ရမလဲ၊ ဘယ်လို ဖြတ်သန်းသင့်သလဲဆိုတာကို အတွေးတစ်ခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။ 💛

အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွှင်မှု အပြည့်အဝ ရစေမယ့် အားလပ်ရက်တွေကို ဖန်တီးနိုင်ပါစေလို့ သိမ့်က ဆုတောင်းပေးလိုက်ပါတယ်ရှင် .. ။🙏

ကလေးတို့မေမေတိုင်းရဲ့အိပ်မက်တွေကို ရှင်သန်အောင်မြင်စေချင်တဲ့
Theint – Mompreneur 💛

#မိခင် #စီးပွားရေး #ရင်သွေးမိခင်စီးပွားရှင် #အားလပ်ရက် #ပိတ်ရက်

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon