Say-Ku

Say-Ku

Share

We are creating an android-based mobile application (Say-Ku) to deliver promising healthcare advice without any barriers to all patients with fever residing across the country.

10/02/2025

HIV ရောဂါပိုးနှင့် အတူတကွနေထိုင်ခြင်း

HIV (Human Immunodeficiency Virus) ဆိုသည်မှာ လူ့ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး AIDS (Acquired Immune Deficiency Syndrome) ရောဂါအဖြစ် ပြောင်းလဲနိုင်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါတယ်။ HIV ပိုးရှိနေသူများအနေဖြင့် ကျန်းမာရေးကို ဂရုစိုက်ပြီး ကောင်းမွန်စွာ နေထိုင်နိုင်ရန် လိုအပ်ပါတယ်။ ဤဆောင်းပါးတွင် HIV ပိုးရှိနေသူများအတွက် အရေးကြီး၍ မှန်ကန်သော ကျန်းမာရေးအချက်အလက်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
1. ဆေးကုသမှုကို မှန်မှန်ခံယူပါ
HIV ပိုးရှိနေသူများအတွက် ART (Antiretroviral Therapy) ဆေးကုသမှုဟာ အလွန်အရေးကြီးပါတယ်။ ART ဆေးများဟာ ဗိုင်းရပ်စ်ပိုးများကို ထိန်းချုပ်ပေးပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေကာ AIDS ရောဂါအဆင့်သို့ မရောက်ရှိအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း မှန်မှန်သောက်သုံးရန် အထူးအရေးကြီးပါတယ်။
2. ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးပါ
အာဟာရပြည့်ဝသော အစားအစာများဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ရောဂါပိုးများကို တိုက်ထုတ်နိုင်စွမ်းကို မြင့်တက်စေပါတယ်။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ပဲအမျိုးမျိုးကို မျှတစွာ စားသုံးသင့်ပြီး အဆီနှင့် သကြားပါဝင်မှုများသော အစားအစာများကို လျှော့စားပေးပါ။
3. ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ
ကိုယ်လက်လှုပ်ရှားမှုသည် ခန္ဓာကိုယ်ကျန်းမာရေးကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊ စက်ဘီးစီးခြင်းကဲ့သို့သော လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။
4. စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ
စိတ်ဖိစီးမှုဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ထိန်းချုပ်ရန် တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်းကဲ့သို့သော မိမိဝါသနာပါရာများကို ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ချနိုင်ပါတယ်။
5. ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ပါ
ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းဟာ ကိုယ်ခံအားစနစ်ကို ပိုမိုအားနည်းစေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် လုံးဝရှောင်ကြဉ်သင့်ပါတယ်။
6. ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပါ
HIV ပိုးရှိနေသူများအနေဖြင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် အရေးကြီးပါတယ်။ ဆရာဝန်နှင့် ပုံမှန်ပြသပြီး လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ရောဂါအခြေအနေကို ထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်။
7. လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို ကာကွယ်ပါ
HIV ပိုးရှိနေသူများသည် အခြားလိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို ပိုမိုလွယ်ကူစွာ ကူးစက်နိုင်တာကြောင့် လိင်ဆက်ဆံမှုပြုလုပ်သည့်အခါတွင် ကွန်ဒုံးကို အသုံးပြုခြင်းဖြင့် ရောဂါကူးစက်မှုကို ကာကွယ်ရန် လိုအပ်ပါတယ်။
8. လူမှုရေးအထောက်အပံ့ရယူပါ
HIV ပိုးရှိနေသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ လိုအပ်ပါတယ်။ မိသားစု၊ မိတ်ဆွေများနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ HIV ရောဂါထောက်ပံ့ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်းဖြင့် လူမှုရေးအထောက်အပံ့များ ရယူနိုင်ပြီး အခြား ရောဂါပိုးရှိသူများကိုလည်း မိမိ၏ အတွေ့အကြုံများကို ဝေမျှခြင်း၊ အားပေးခြင်း၊ နှစ်သိမ့်ပေးခြင်းများ လုပ်ဆောင်ပေးနိုင်ပါတယ်။
9. သတင်းအချက်အလက်များကို မှန်ကန်စွာ ရယူပါ
HIV နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ယုံကြည်စိတ်ချရသော ကျန်းမာရေးအဖွဲ့အစည်းများထံမှ ရယူပါ။ မှားယွင်းသော သတင်းအချက်အလက်များကို သတိထားရှောင်ကြဥ်ပါ။
10. အခြားသူများကို ကူးစက်မှုမှ ကာကွယ်ပါ
HIV ပိုးရှိနေသူများအနေဖြင့် အခြားသူများကို ရောဂါကူးစက်မှုမှ ကာကွယ်ရန် တာဝန်ရှိပါတယ်။ ဆေးထိုးအပ်မျှဝေခြင်း၊ သွေးနှင့် ကိုယ်တွင်းအရည်များ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
ဒါကြောင့် HIV ပိုးရှိနေသူများအနေဖြင့် ကျန်းမာရေးကို ဂရုစိုက်ပြီး မှန်ကန်သော ကုသမှုများခံယူခြင်းဖြင့် ပုံမှန်လူနေမှုဘဝကို ရရှိနိုင်တာကြောင့် စိတ်ဓာတ်မကျဘဲ အကောင်းမြင်စိတ်ဖြင့် ရှေ့ဆက်လျှောက်လှမ်းဖို့ အလွန်အရေးကြီးကြောင်း တင်ပြလိုက်ရပါတယ်။

06/01/2025

ဒီရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေတဲ့ Liposuction - လိုက်ပိုဆခ်ရှင် (ခေါ်) အဆီပိုစုပ်ထုတ်ကုထုံးတစ်ခုအကြောင်းကို ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်။

Liposuction မလုပ်ခင် အရေးအကြီးဆုံးအချက်ကတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ပညာရှင်များနဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်တဲ့အချက်ပဲ ဖြစ်ပါတယ်။ Liposuction ပြုလုပ်လိုတဲ့ရည်ရွယ်ချက်ဟာ တကယ်ရော လုပ်သင့်ရဲ့လား၊ အလှအပအတွက်ပဲလား၊ ကျန်းမာရေးအတွက် တကယ်လိုအပ်လို့လား ဒီအချက်များကို သေချာတိုင်ပင်ဆွေးနွေးပြီး မိမိရဲ့ ခန္ဓာကိုယ်အတွက် သက်ရောက်ခံစားရမယ့် အကျိုးအပြစ်များကို သိရှိပြီးမှသာ လုပ်ဆောင်သင့်ပါတယ်။

Liposuction ရဲ့ အားသာချက်များ

အစားအသောက်၊ လေ့ကျင့်ခန်းဖြင့် ဖယ်ရှားရန်ခက်ခဲသည့်နေရာများ (ဝမ်းဗိုက်၊ လက်မောင်း၊ ပေါင်၊ တင်ပါး) မှ အဆီများကို ထိရောက်သေချာစွာ ဖယ်ရှားနိုင်ခြင်းကြောင့် အဝလွန်နေသူများအတွက် ကျန်းမာရေးရှုထောင့်အရ ထိရောက်တဲ့ကုသမှုတစ်ခုဖြစ်ပါတယ်
မိမိကိုယ်ကိုယ် ယုံကြည်မှုမြင့်မားစေပြီး ပိုမိုလှပတဲ့ကိုယ်ခန္ဓာအသွင်အပြင် ရရှိနိုင်ခြင်း
Liposuction ဖြင့် ဖယ်ရှားလိုက်သော အဆီများမှာ ပြန်လည်မဖြစ်တည်လာနိုင်တော့သော်လည်း ခန္ဓာကိုယ်အလေးချိန်ကို ရေရှည်ထိန်းသိမ်းထားရန်အတွက် အခြားပူးတွဲလုပ်ဆောင်ရမည့် နည်းလမ်းများကို သေချာစွာလိုက်နာရန် လိုအပ်ပါတယ်

Liposuction ရဲ့ အားနည်းချက်များ

ကိုယ်အလေးချိန်လျှော့ချရန်အတွက် အဓိကဖြေရှင်းနည်းတစ်ခုမဟုတ်ပါ
အခြားခွဲစိတ်မှုများနည်းတူ ပိုးဝင်ခြင်း၊ သွေးထွက်လွန်ခြင်း၊ မေ့ဆေးအန္တရာယ်၊ အမာရွတ်ထင်ကျန်ခြင်း၊ နာကျင်ကိုက်ခဲခြင်း အစရှိတဲ့ အန္တရာယ်များကို ခံစားရနိုင်ပါတယ်
ရှားပါးတဲ့နောက်ဆက်တွဲဆိုးကျိုးအဖြစ် သွေးကြောထဲကို အဆီမှုန် အဆီခဲလေးများ ရောက်ရှိသွားပြီး သွေးကြောပိတ်ဆို့ခြင်းများဖြစ်ပေါ်ကာ အဆုတ်၊ ဦးနှောက်နှင့် အရေပြားများကို ထိခိုက်ကာ အသက်အန္တရာယ်ရှိလာနိုင်ပါတယ်
ခွဲစိတ်မှုနောက်ပိုင်း အနာသက်သာချိန်၊ ပြန်လည်ကောင်းမွန်ချိန်ဟာ ရက်သတ္တပတ်များစွာ ကြာမြင့်နိုင်တာကြောင့် နာကျင်ခြင်း၊ ယောင်ရမ်းခြင်း၊ သွေးခြေဥခြင်းများကို သေချာစွာ ကုသမှုခံယူဖို့လိုပါတယ်
Liposuction လုပ်ခြင်းဟာ ကုန်ကျစရိတ်ကြီးမားပြီး ပုံမှန်အားဖြင့် အာမခံကုမ္ပဏီများမှလည်း အကျုံးဝင်အသိအမှတ်မပြုတာကြောင့် ခွဲစိတ်မှုအတိုင်းအတာနှင့် ဆရာဝန်၏ ကျွမ်းကျင်မှုအပေါ်မူတည်၍ ကုန်ကျစရိတ် ကွဲပြားနိုင်ပါတယ်

ဒါကြောင့် Liposuction ပြုလုပ်မည်ဆိုပါက သေချာစွာ တိုင်ပင်ဆွေးနွေးပေးနိုင်မည့် ကျွမ်းကျင်ပညာရှင်ကို ရွေးချယ်ရန်လိုအပ်သလို ရရှိလာမည့်ရလဒ်အပေါ် လက်တွေ့ကျကျ မျှော်လင့်ထားဖို့လည်း လိုအပ်ပါတယ်။ ရေရှည်ရလဒ်အတွက် မျှတသင့်တင်တဲ့အစားအသောက်၊ ကျန်းမာတဲ့လူနေမှုပုံစံများဖြင့် ဆက်လက်ထိန်းသိမ်းနေဖို့လည်း အရေးကြီးပါတယ်။ အသက်ကို ဥာဏ်စောင့်ဆိုသကဲ့သို့ မိမိရရှိလာမည့် အကျိုးရလဒ်၊ တွေ့ကြုံနိုင်သည့်အန္တရာယ်များကို ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီး မိမိဥာဏ်ဖြင့် ဆင်ခြင်ဆုံးဖြတ်နိုင်ကြစေကာ ကျန်းမာလှပတဲ့ ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆေးကုအဖွဲ့သားများမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

Reference: my.clevelandclinic.org, medlineplus.gov, www.mayoclinic.org

Access Anytime Anywhere | Cleveland Clinic

03/01/2025

မကြာသေးခင်က ထိုင်း မြန်မာနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ကာလဝမ်းရောဂါကူးစက်မှုကြောင့် လူပေါင်း ၃၀၀ ကျော် ထိခိုက်ခံစားခဲ့ရပြီး သေဆုံးသူများလည်း ရှိခဲ့တာကြောင့် Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါအကြောင်းကို သိမှတ်ဖွယ်ရာ တင်ပြလိုက်ရပါတယ်။

ကာလဝမ်းရောဂါဟာ Vibrio cholerae လို့ခေါ်တဲ့ ပြင်းထန်သော ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ညစ်ညမ်းသောရေနှင့် အစားအစာများမှတဆင့် ပျံ့နှံ့နိုင်ပါတယ်။ ဒီရောဂါဟာ အလွန်အမင်း ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး ဆောလျင်စွာ မကုသပါက အသက်ဆုံးရှုံးနိုင်ပါတယ်။

🫵🏻ကာလဝမ်းရောဂါ ဘယ်လိုပျံ့နှံ့သလဲ

ညစ်ညမ်းသောရေ - အဖြစ်များဆုံး ကူးစက်နိုင်သောလမ်းကြောင်းမှာ ကာလဝမ်းဘက်တီးရီးယားများ ပါရှိသော မစင်နှင့် ထိတွေ့ကူးစက်ထားသော ရေများကို သောက်သုံးခြင်း သို့မဟုတ် ညစ်ညမ်းသောရေကို အသုံးပြုခြင်းဖြစ်ပါသည်။ မိလ္လာစနစ် ညံ့ဖျင်းပြီး ရေသန့်စင်မှုစနစ် မလုံလောက်သော နေရာများတွင် ဖြစ်ပွားလေ့ရှိပါတယ်။

ညစ်ညမ်းသောအစားအစာ - မသန့်ရှင်းသောရေဖြင့် ဆေးကြောထားသော၊ ပြင်ဆင်ထားသော အစားအစာများကို စားသုံးခြင်းသည်လည်း ကာလဝမ်းရောဂါကို ကူးစက်နိုင်ပါတယ်။ အစိမ်း သို့မဟုတ် မချက်ပြုတ်ရသေးသော ပင်လယ်စာများ၊ အထူးသဖြင့် ညစ်ညမ်းသောရေများမှ ခရု သို့မဟုတ် အခွံမာပင်လယ်စာများကို စားသုံးခြင်းဖြင့်လည်း ကူးစက်နိုင်ပါတယ်။

လူတစ်ဦးမှတစ်ဦး - ကူးစက်နိုင်ချေ ရှားပါးသော်လည်း ကာလဝမ်းရောဂါသည် အထူးသဖြင့် တစ်ကိုယ်ရေ သန့်ရှင်းမှု အလေ့အကျင့်များ နည်းပါးသော၊ လူစည်ကားသော အခြေအနေများတွင် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာနေထိုင်ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။

👩‍⚕️ ကာလဝမ်းရောဂါ လက္ခဏာများ

ဆန်ဆေးရည်ကဲ့သို့ ဝမ်းများ အကြိမ်ရေများစွာသွားခြင်း
ပျို့အန်ခြင်း
ရေဓာတ်ခန်းခြောက်ခြင်း (နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ ပါးစပ်ခြောက်ခြင်း၊ အလွန်အမင်း ရေငတ်ခြင်း၊ ဆီးနည်းနည်း သို့မဟုတ် ဆီးလုံးဝမသွားတော့ခြင်း)
Electrolyte ဟုခေါ်သော ကိုယ်တွင်း သဘာဝဓါတ်များ လျှော့နည်းသွားခြင်း (ကြွက်တက်ခြင်း၊ ကြွက်သားများ အားနည်းခြင်း)

👩‍⚕️ ရေဓာတ်ခန်းခြောက်မှုအတွက် အရေးပေါ်ကုသမှု

Oral Rehydration Solution (ORS) ဓါတ်ဆားရည် - ဆုံးရှုံးသွားသော electrolytes များကို အစားထိုးရန်အတွက် ဓါတ်ဆားရည်အပြင် အရည်များများ သောက်ပါ။
သွေးကြောမှတဆင့် အရည်များဖြည့်တင်းခြင်း - ပြင်းထန်သောရေဓာတ်ခန်းခြောက်မှုအတွက် ရေဓာတ်ပြန်လည်ဖြည့်တင်းရန် ဆေးဘက်ဆိုင်ရာကုသမှုကို ချက်ချင်းရယူပါ။
ချွေးထွက်ခြင်းကြောင့် ရေဓါတ်ထပ်မံမဆုံးရှုံးစေရန် အေးမြသော၊ အရိပ်ရသောနေရာကို ရွှေ့ပြီး အနားယူပါ။

👩‍⚕️ ကာကွယ်ရန်နည်းလမ်းများ

အထူးသဖြင့် လက်ကိုဆပ်ပြာဖြင့် ဆေးကြောပါ
တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ
သန့်ရှင်းသော၊ ကျိုချက်ထားသော ရေကို သောက်ပါ
အစားအစာကို ကောင်းမွန်စွာချက်ပြုတ်ပြီး စားသောက်ပါ
ပြင်ပအစားအစာများကို တတ်နိုင်သမျှ ရှောင်ကြဥ်ပါ
သတင်းများကို အစဥ်နားစွင့်ပါ

ဖျားနာခြင်းနှင့် မပြင်းထန် ဝမ်းရောဂါများကို အိမ်တွင်းကုသရန် Say-Ku App တွင်လည်း လေ့လာနိုင်ပါတယ်။



Ref: TheNationThailand, cdc.gov, hopkinsmedicine

27/12/2024

အာရှနိုင်ငံတစ်ဝှမ်းမှာ ပျံ့နှံ့နေသည်ဟု နာမည်ကြီးနေသော NoroVirus အကြောင်းသိကောင်းစရာများ

အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများကို ဖြစ်ပွားစေနိုင်သည့် NoroVirus ဟာ မကြာသေးမီက တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ နေရာတစ်ချို့မှာ ပျံ့နှံ့ဖြစ်ပွားလျက်ရှိပြီး ပြည်သူ့ကျန်းမာရေးအဓိက ပြဿနာတစ်ရပ်အဖြစ် စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိပါတယ်။

တရုတ်နိုင်ငံတွင် အဆိုပါရောဂါဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ စတင်ဖြစ်ပွားခဲ့ပြီး အဓိကအားဖြင့် ကျောင်းသားလူငယ်များမှာ စတင်ကူးစက်ဖြစ်ပွားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာတော့ ခရိုင်တစ်ခုရှိ ကျောင်းတစ်ကျောင်း၏ အားကစားရက်သတ္တပတ်အတွင်းမှာ ကျောင်းမှာရှိတဲ့ ဆရာများ၊ ဝန်ထမ်းများ၊ ကျောင်းသားများကို ကူးစက်ခဲ့ပြီး အဓိကအားဖြင့် ညစ်ညမ်းသော ရေနှင့် ရေခဲများမှတဆင့် ကူးစက်ပျံ့နှံ့ခဲ့သည်ဟု ယူဆရပါတယ်။

ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာနိုင်ငံရှိ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာနများက လူနာများကို ပိုးသတ်ခြင်း၊ သီးသန့်ခွဲထားခြင်း၊ ရောဂါဝေဒနာများကို ကုသပေးခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအပါအဝင် တင်းကျပ်သော စည်းကမ်းများကို လိုက်နာရန် အကြံပြုချက်များထုတ်ပြန်ထားပါတယ်။

NoroVirus ဟာ ရောဂါကူးစက်ပြီး ၁၂ နာရီမှ ၄၈ နာရိအတွင်း အောက်ပါရောဂါလက္ခဏာများကို ခံစားရစေနိုင်ပါတယ်။

မူးဝေအော့အန်ခြင်း
ဝမ်းလျှောခြင်း
ဗိုက်ရစ်ခြင်း၊ ဗိုက်နာခြင်း
ငွေ့ငွေ့ဖျားခြင်း
ခေါင်းကိုက်ခြင်း
ကြွက်သားများနာကျင်ကိုက်ခဲခြင်း

ဒီရောဂါလက္ခဏာများဟာ ၁ရက်မှ ၃ရက်ခန့်အထိ ခံစားရနိုင်ပြီး အဓိကအားဖြင့် ဒီကာလအတွင်းမှာ ရေဓါတ်အထူးဖြည့်တင်းရန် လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းသည့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ အထူးဂရုစိုက်ရန် လိုအပ်ပြီး ရေဓါတ်ခမ်းခြောက်ခြင်းဟာ ဒီ Virus ရဲ့ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲရောဂါတစ်ခုဖြစ်ပါတယ်။

ကြိုတင်ကာကွယ်ရေး အကြံပြုချက်များ

သင်နှင့် သင့်ပတ်ဝန်းကျင်ရှိ ချစ်ရတဲ့သူများကို Norovirus မှကာကွယ်ရန် ဤကြိုတင်ကာကွယ်မှု အစီအမံများကို လိုက်နာပါ။

လက်ကို ဆပ်ပြာနှင့် ရေဖြင့် မကြာခဏ ဆေးပါ။

ရောဂါပိုးရှိသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

အထူးသဖြင့် မီးဖိုချောင်နှင့် ရေချိုးခန်းများတွင် မျက်နှာပြင်များကို ပုံမှန်ဆေးကြောပါ။

အစားအစာကို သေချာချက်ပြုတ်ပြီး အသားစိမ်းများကို လက်အိတ်ဖြင့် သေချာစွာကိုင်တွယ်ပါ။

ရေဓာတ်ခမ်းခြောက်ခြင်းသည် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်နိုင်သောကြောင့် နေမကောင်းဖြစ်လျှင် ရေဓာတ်ပြည့်ဝနေအောင် ဂရုစိုက်ပေးပါ။

အသိပေးညွှန်ကြားချက်များကို စဥ်ဆက်မပြတ် သတိပြုနားထောင်ပါ။

NoroVirus ဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ သတိပြုနေထိုင်ရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ကောင်းစွာလေ့ကျင့်ရန် အရေးကြီးပါသည်။ ဒေသန္တရကျန်းမာရေးအာဏာပိုင်များ၏ သတင်းအချက်အလက်များကို စောင့်ကြည့်ပြီး ဘေးကင်းစေရန်အတွက် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပါ။




ကျန်းမာပြီးသတိရှိပါ။ 🌟

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Address


Yangon