Graphix Learn

Graphix Learn

Share

13/12/2025

ဆိုရှယ်မီဒီယာခေတ်မှာ ဒီဇိုင်နာအများစုက ကိုယ့်ရဲ့ Skill ကို ရှုပ်ထွေးခက်ခဲတဲ့ နည်းစနစ်တွေသုံးပြီး ကြွယ် ပြလေ့ ရှိကြတယ်။ ဒါပေမဲ့ မေးစရာရှိလာတာက အဲဒီလို အစွမ်းပြတာက လက်တွေ့အလုပ်ခွင်နဲ့ ဝင်ငွေရှာတဲ့နေရာမှာ တကယ်ရော ထိရောက်မှုရှိရဲ့လား ဒီကိစ္စကို အမြင်နှစ်ဖက်ကနေ မျှမျှတတ သုံးသပ်ကြည့်ဖို့ လိုပါတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလို Skill ကြွယ်ပြတာက အာရုံစိုက်မှု (Attention) တော့ ရတယ်။ ဒါပေမဲ့ ပြဿနာက ဘယ်သူ့ ဆီက အာရုံစိုက်မှုကို ရတာလဲ ဆိုတာပါပဲ။ များသောအားဖြင့် ကိုယ့်လို ဒီဇိုင်နာ အချင်းချင်းဆီကနေ မိုက်တယ်ကွာ ဆိုတဲ့ ချီးကျူးစကားတွေ၊ Like နဲ့ Comment တွေ ရပေမဲ့ သတိထားရမှာက ကိုယ့်ကို Like ပေးနေတဲ့ သူတွေက အလုပ်အပ်မယ့် (Client) တွေ မဟုတ်ကြဘူး။ ဒါကို ဒီဇိုင်းလောကမှာ Designers designing for other designers ဒီဇိုင်နာ အချင်းချင်း ကြည့်ကောင်းအောင် ဖန်တီးနေခြင်း လို့ခေါ်ကြတယ်။ ကိုယ့်ရဲ့ Ego ကို ဖြည့်ဆည်း ပေးနိုင်ပေမယ့် ဝင်ငွေရဖို့တော့ ခဲယဉ်းတယ်။
အလုပ်အပ်သူ Client တွေရဲ့ အမြင်ဘက်က ကြည့်မယ်ဆိုရင် သူတို့က Photoshop မှာ Layer ဘယ်နှခု သုံးထားလဲ၊ Effect တွေ ဘယ်လောက် စုံအောင် ထည့်ထားလဲ ဆိုတာကို စိတ်မဝင်စားဘူး။ သူတို့ စိတ်ဝင်စားတာက ဒီပုံက ပစ္စည်းကို ရောင်းထွက်အောင် ကူညီပေးနိုင်မလား ဆိုတဲ့ အချက်ပဲ။ တစ်ချို့ဆိုရင် Skill ပြချင်လွန်းလို့ ရိုးရိုးရှင်းရှင်း လုပ်ရင် ရမယ့် အရာကို ရှုပ်ထွေးအောင် လုပ်မိတတ်ကြတယ်။ ဖတ်ရလွယ်အောင် လုပ်ပေးရမယ့်အစား Effect တွေ အများကြီး ထည့်လိုက် လို့ စာလုံးတွေ ဝါးကုန်တာ၊ ဒီဇိုင်းက လှလွန်းလို့ ကြော်ငြာချင်တဲ့ ပစ္စည်း ပျောက်သွားတာမျိုးတွေ ဖြစ်တတ်တယ်။ ဒီလို အခြေအနေမှာ Skill ကြွယ်ခြင်းက အလုပ်ဖြစ်ဖို့ နေနေသာသာ Client အတွက် အနှောင့်အယှက်တောင် ဖြစ်သွားနိုင်တယ်။
ဒါဆိုရင် Skill တွေကို မပြရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ပြနည်း ပုံစံပြောင်းဖို့ လိုတာပါ။ ကျွမ်းကျင်တဲ့ ဒီဇိုင်နာတွေက ကိုယ် ဘာလုပ်တတ်လဲ ဆိုတာထက် ကိုယ့်ရဲ့ စွမ်းရည်က လုပ်ငန်းရဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းပေးနိုင်လဲ ဆိုတဲ့ ရှုထောင့်ကနေ ကြွယ်တတ်ကြပါတယ်။ ပုံတစ်ပုံကို ပြင်လိုက်လို့ အရမ်းလှသွားတယ် ဆိုတာထက်၊ ဒီလို ပြင်လိုက်တဲ့အတွက် ကြည့်ရှုသူတွေရဲ့ စိတ်ခံစားချက်က ဘယ်လို ပြောင်းလဲသွားတယ်၊ Brand Image ဘယ်လို တက်လာပြီး Sales ဘယ်လို တိုးလာတယ် ဆိုတာမျိုးကို ရှင်းပြပြီး Skill ထုတ်ပြတာက ပိုထိရောက်တယ်။ Client တွေက အဲဒီလို ရလဒ် (Result) ကို ဦးတည်တဲ့ Skill ပြသမျိုးကိုမှ တန်ဖိုးထားပြီး ငွေများများ ပေးချင်ကြတာပါ။
ဒါ့အပြင် Skill ကြွယ်ပြခြင်းရဲ့ နောက်ကွယ်က အန္တရာယ်တစ်ခုက ကိုယ့်ကို Technician သက်သက်လို့ အထင်ရောက် သွားစေတာပါပဲ။ ကိုယ်က Tool တွေ ဘယ်လို သုံးတတ်ကြောင်းကိုပဲ အသားပေးနေမယ်ဆိုရင် Client တွေက ကိုယ့်ကို (Operator) အဆင့်လောက်ပဲ မြင်လိမ့်မယ်။ ဒါကြောင့် သူတို့က အရေးကြီးတဲ့ ကိစ္စတွေကို မတိုင်ပင်ဘဲ ဒီပုံလေး ဖြတ်ပေး၊ ဟိုစာလေး ပြင်ပေး ဆိုတဲ့ အလုပ်တွေကိုပဲ ခိုင်းပါလိမ့်မယ်။ တကယ်တမ်း ကိုယ်ရသင့်တဲ့ နေရာက လုပ်ငန်း တိုးတက်ဖို့ ဘယ်လို ဒီဇိုင်းဆွဲပေးရမလဲ ဆိုတဲ့ အကြံပေး (Consultant) နေရာမျိုးပါ။ Skill သက်သက်ကိုပဲ အသားပေးလွန်းရင် လူတွေက ကိုယ့်ရဲ့ လက် ကိုပဲ မြင်ပြီး ကိုယ့်ရဲ့ ဦးနှောက် ကို မမြင်ဘဲ ဖြစ်သွားတတ်ပါတယ်။
Skill ကြွယ်ပြတာ မှားတယ်လို့ မဆိုလိုပေမဲ့ ကိုယ့်ရဲ့ Portfolio ကို လှစေရုံ သက်သက်ဆိုရင်တော့ အလုပ်အကိုင် အခွင့်အလမ်းအတွက် သိပ်ပြီး အထောက်အကူ မဖြစ်ဘူး။ တကယ့် အလုပ်ဖြစ်တဲ့ ကြွယ်ပြနည်းကတော့ ကိုယ့်ရဲ့ နည်းပညာ ကျွမ်းကျင်မှုကို အသုံးချပြီး စီးပွားရေး ပြဿနာတွေကို ဘယ်လို ဖြေရှင်းပေးခဲ့တယ် ဆိုတာကို သက်သေပြနိုင်ခြင်းပါပဲ။ ဓားသွေးကောင်းကြောင်း ကြွယ်ပြနေရုံနဲ့ မပြီးဘဲ အဲဒီဓားနဲ့ ဘာတွေကို ခုတ်ပိုင်းပေးနိုင်လဲ ဆိုတာကိုပါ ပြနိုင်မှသာ ဒီဇိုင်နာကောင်း တစ်ယောက်အဖြစ် တန်ဖိုးတက်လာမှာ ဖြစ်ပါတယ်။


Graphic Design နဲ့ ဆိုင်တဲ့ အတွေးအမြင် ဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို အပတ်စဉ် ဖတ်ရှုချင်တယ် ဆိုရင် ဒီ Telegram Group လေးကို Join ထားလို့ ရပါတယ် ခင်ဗျ။

https://t.me/+iCij-BZhigc0YTI1

05/12/2025

Graphic Design နဲ့ Art ရဲ့ တူညီတဲ့အချက်တွေ
တီထွင်ဖန်တီးနိုင်စွမ်း (Creativity)

Graphic Design ရော Art ရောမှာ တီထွင်ဖန်တီးနိုင်စွမ်းဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ Graphic Design ကတော့ များသောအားဖြင့် စီးပွားရေး ရည်ရွယ်ချက် (commercial purpose) အတွက် ဖန်တီးမှု လိုအပ်ပေမဲ့ Art ကတော့ ဖော်ပြလိုတဲ့ စိတ်ခံစားမှု (expressive intent) အတွက် လိုအပ်တယ်လို့ ပြောရမှာပါ။ နှစ်ခုလုံးက စိတ်ကူး တွေကို မြင်နိုင်တဲ့ပုံစံ (visual form) အဖြစ် ပြောင်းလဲ ဖော်ပြတာဖြစ်တယ်။၊ ဒါကြောင့် နှစ်ခုစလုံးမှာ တီထွင်ဖန်တီး နိုင်စွမ်း (Creativity) က အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ရှိပါတယ်။
အမြင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ (Visual Elements)

Graphic Design ရော Art ရောမှာ အရောင် (Color)၊ ပုံသဏ္ဍာန် (Shape)၊ မျဉ်းကြောင်း (Line)၊ နေရာလွတ် (Space) စတဲ့ အမြင်အာရုံနဲ့ ခံစားလို့ ရတဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပါတယ်။ Graphic Designer တစ်ယောက်ဟာ အရောင်တွေကို အသုံးပြုပြီး ကြည့်ရှုသူမှာ စိတ်ခံစားမှုတစ်ခု ဖြစ်ပေါ်အောင် လုပ်နိုင်သလို၊ အနုပညာရှင် တစ်ယောက် လည်း သူတို့ရဲ့ လက်ရာမှာ အလားတူ ခံစားမှုကို ဖန်တီးနိုင်ပါတယ်။ ဒီအချက်က Graphic Design ကို အနုပညာနဲ့ နီးစပ်စေတဲ့ အဓိက အကြောင်းတစ်ခုပါ။
စိတ်ခံစားမှုနဲ့ အကျိုးသက်ရောက်မှု (Emotional Impact)

ကောင်းမွန်တဲ့ Graphic Design တစ်ခုဟာ လူတွေကို စိတ်လှုပ်ရှားစေတာ၊ ဝမ်းသာစေတာ၊ ဒါမှမဟုတ် စဉ်းစားစေနိုင်တဲ့ စွမ်းရည်ရှိတယ်။ ဒါက အနုပညာရဲ့အဓိက လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ကြော်ငြာတစ်ခုက ကြည့်ရှုသူမှာ စိတ်ခံစားမှု ဖြစ်ပေါ်စေပြီး အဲဒီထုတ်ကုန်ကို ဝယ်ချင်စိတ် ဖြစ်လာအောင် လုပ်နိုင်သလို၊ အနုပညာလက်ရာ တစ်ခုကလည်း ကြည့်ရှုသူကို နက်နဲတဲ့ ခံစားမှုတစ်ခု ပေးနိုင်ပါတယ်။
Graphic Design နဲ့ Art ရဲ့ ကွဲပြားတဲ့အချက်တွေ

ရည်ရွယ်ချက် (Purpose)

Graphic Design ရဲ့ အဓိက ကွဲပြားချက်က သူ့မှာ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်တစ်ခု ရှိတာပါ။ ဒီဇိုင်းတစ်ခုကို ဖန်တီးတဲ့အခါ ဆက်သွယ်မှု တစ်ခုကို ပံ့ပိုးဖို့၊ ပြဿနာတစ်ခုကို ဖြေရှင်းဖို့၊ ဒါမှမဟုတ် လုပ်ဆောင်ချက်တစ်ခုကို လှုံ့ဆော်ဖို့ ရည်ရွယ်တာများတယ်။ စာအုပ်မျက်နှာဖုံး ဒီဇိုင်းတစ်ခုဟာ စာအုပ်ရဲ့အကြောင်းအရာကို ဆွဲဆောင်မှုရှိစွာ ဖော်ပြဖို့ လိုအပ်သလို၊ အမှတ်တံဆိပ် Logo တစ်ခုက ကုမ္ပဏီရဲ့တန်ဖိုးတွေကို ထင်ဟပ်စေရပါမယ်။ အနုပညာမှာတော့ ဒီလို ရည်ရွယ်ချက်မျိုး မလိုအပ်ဘူး။ အနုပညာရှင်တစ်ယောက်ဟာ သူတို့ရဲ့ခံစားချက် ဒါမှမဟုတ် စိတ်ကူးတစ်ခုကို ဖော်ပြဖို့ သက်သက် ဖန်တီးနိုင်ပြီး အဲဒီလက်ရာက တစ်ခုခုကို တိကျစွာ ပြောဆိုဖော်ပြဖို့၊ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးဖို့ မလိုပါဘူး။
အကန့်အသတ်များ (Constraints)

Graphic Design မှာ အကန့်အသတ်တွေ ရှိတတ်တယ်။ ဒီဇိုင်နာတစ်ယောက်ဟာ ဖောက်သည်ရဲ့ လိုအပ်ချက်၊ ပစ်မှတ်အုပ်စု၊ ဘတ်ဂျက်၊ အချိန်ကန့်သတ်ချက် စတဲ့ အချက်တွေကို ထည့်သွင်း စဉ်းစားရပါတယ်။ ကြော်ငြာတစ်ခုကို ဒီဇိုင်းလုပ်တဲ့အခါ အဲဒီကြော်ငြာက ဘယ်လို ပရိသတ်ကို ဆွဲဆောင်မလဲ၊ ဘယ်လို မက်ဆေ့ချ်ကို ပေးမလဲဆိုတာကို အဓိကထားရတယ်။ အနုပညာမှာတော့ ဒီလို အကန့်အသတ်တွေ မရှိတတ်ဘူး။ အနုပညာရှင်ဟာ သူတို့ရဲ့ စိတ်ကူးကို လွတ်လွတ်လပ်လပ် ဖော်ပြနိုင်ပြီး ဘယ်သူ့ရဲ့ ညွှန်ကြားမှုကိုမှ လိုက်နာဖို့ မလိုအပ်ပါဘူး။
လက်တွေ့အသုံးဝင်မှု (Functionality)

ဂရပ်ဖစ်ဒီဇိုင်းဆိုတာ လှပအောင် ဖန်တီးရုံသက်သက် မဟုတ်ဘဲ များသော အားဖြင့် တစ်ခုခုကို လက်တွေ့ အသုံးဝင် အောင် လုပ်ဆောင်ပေးနိုင်ဖို့ (ကြော်ငြာတစ်ခုကို ဆွဲဆောင်မှုရှိအောင် လုပ်တာ၊ သတင်း အချက်အလက်တွေကို ရှင်းလင်းအောင် ပြသတာ၊ ဒါမှမဟုတ် ပစ္စည်းတစ်ခုကို ရောင်းရအောင် ကူညီတာ) ရည်ရွယ်ချက်နဲ့ ဖန်တီးလေ့ရှိတယ်လို့ ဆိုလိုတာပါ။ ဒါဟာ Art နဲ့ မတူတဲ့ အချက်တစ်ခုပါ။ အနုပညာဟာ လုပ်ဆောင်ချက်တစ်ခုကို ဖြည့်ဆည်းဖို့ မလိုအပ်ဘဲ အလှအပ ဒါမှမဟုတ် အဓိပ္ပာယ်ဖော်ပြမှုအတွက်သာ ရှိနိုင်ပါတယ်။
Graphic Design ဟာ အနုပညာနဲ့ ဘယ်လို ပေါင်းစပ်နေလဲ

Graphic Design ကို အနုပညာနဲ့ လက်တွေ့ အသုံးချခြင်းရဲ့ ပေါင်းစပ်မှု တစ်ခုလို့ မြင်လို့ရတယ်။ ကျော်ကြားတဲ့ Graphic Designer တွေဖြစ်တဲ့ Paul Rand (IBM Logo ဖန်တီးသူ) ဒါမှမဟုတ် Milton Glaser (I❤NY ဖန်တီးသူ) တို့ရဲ့လက်ရာတွေကို ကြည့်မယ်ဆိုရင် သူတို့ဟာ လက်တွေ့အသုံးဝင်အောင် လုပ်ဆောင်ပေးနိုင်၊ ရည်ရွယ်ချက် တစ်ခုကို ဖြည့်ဆည်းပေးနိုင်ရုံသာမက အနုပညာဆန်တဲ့ အလှတရားနဲ့ ခံစားမှုတွေကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီလို ပေါင်းစပ်မှုက Graphic Design ကို ထူးခြားတဲ့ နယ်ပယ်တစ်ခု ဖြစ်စေတယ်။
နိဂုံး အနေနဲ့ Graphic Design ကို အနုပညာလို့ အပြည့်အဝ သတ်မှတ်လို့ မရသလို၊ အနုပညာမဟုတ်ဘူး လို့လည်း လုံးဝ ပြောလို့ မရပါဘူး။ သူက အနုပညာရဲ့ အစိတ်အပိုင်းတွေကို ယူထားပြီး လက်တွေ့မှာ အသုံးဝင်တဲ့၊ အကျိုးရှိတဲ့ ရည်ရွယ်ချက်နဲ့ ပေါင်းစပ်ထားတဲ့ နယ်ပယ်တစ်ခုပါ။ ဒါကြောင့် Graphic Design ကို Applied Art (အသုံးချ အနုပညာ) လို့ ခေါ်လေ့ ရှိကြတယ်။ အနုပညာရဲ့အလှတရားနဲ့ တီထွင်ဖန်တီးမှုကို လက်တွေ့ဘဝရဲ့ လိုအပ်ချက်တွေနဲ့ ချိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။

Graphic Design နဲ့ ဆိုင်တဲ့ အတွေးအမြင် ဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို အပတ်စဉ် ဖတ်ရှုချင်တယ် ဆိုရင် ဒီ Telegram Group လေးကို Join ထားလို့ ရပါတယ် ခင်ဗျ။

https://t.me/+iCij-BZhigc0YTI1

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon