Noble Education Center
မိဘတိုင်း မိဘတိုင်း
အလေးအနက်ထား ဖတ်စေချင်ပါတယ်။
Credit to # Moe Naung Lu
📮 ကျွန်တော့်ကို အမေသတ်ခဲ့တယ်📮
မင်းခိုက်စိုးစန်
📮 ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကတော့ ကျွန်တော့်အမေရဲ့ မျှော်လင့်ချက်တွေ အားလုံး တစ်စစီ ကွဲကြေပြန့်ကြဲသွားတဲ့နေ့ပါပဲ ။ကျွန်တော် ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မမှီခဲ့ဘူး ။ (ဂုဏ်ထူး ၄ ခုပဲပါတာဆိုတော့ အမှတ်ကို ခန့်မှန်းတွက်ဆလို့ ရသွားပြီ)
📮 အမေ ငိုပါတယ် ။ တော်တော်နာနာကျင်ကျင်ငိုပါတယ် ။ အကြာကြီးပဲ ။ ပြီးတော့ `` ငါက နင့်ကို ဆရာဝန်ဖြစ်စေချင်လွန်းလို့ တစ်သက်လုံးကုန်းရုန်းပြီး ပိုက်ဆံရှာခဲ့တာ ။ ငါ မစားရက်မသုံးရက် စုဆောင်းပြီး နင့်ကို ကျောင်းထားပေးခဲ့တာ , အခုတော့ နင်က ငါ့ကို ကောင်းကောင်းကြီး ကျေးဇူးဆပ်လိုက်ပြီပေါ့ ... ဟုတ်လား "
📮 ကျွန်တော်သိလိုက်ပြီ ။ အမေ့သားအစစ်က ကျွန်တော့်မှ မဟုတ်ဘဲ ။ အမေ့အာရုံထဲမှာ စိတ်ကူးနဲ့ဖန်တီးထားတဲ့ ဒေါက်တာဇော်ဇော် ( ဒါမှမဟုတ် ) ဆေးကျောင်းသား ဇော်ဇော်ပဲ ။အမေရယ် ... ကျွန်တော်အစစ်ကြီးက ဒီမှာပါဗျာ ။ ကျွန်တော့်မှာမရှိတဲ့ အရည်အချင်းတွေ , ကျွန်တော်ဖန်တီးယူလို့မရတဲ့ ဂုဏ်ထူးအဆင့်တွေအတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့လားဗျာ ။
📮 အဲဒီအစား .... ကျွန်တော့်မှာ တကယ်ရှိနေတဲ့ အရည်အချင်းကောင်းလေးတွေကို မေမေ နည်းနည်းလောက် အသိအမှတ်ပြုပေးပါလားဟင် ။ ကျွန်တော် ဆေးလိပ်လည်း မသောက်တက်ဘူး , အရက်လည်း မသောက်ဘူး , ကျောင်းလည်းး မပြေးဘူး , ရည်းစားလည်း မထားဘူး , ရန်လည်း မဖြစ်ဘူး , ညဉ့်နက်သန်းခေါင်လည်း လျှောက်မလည်ဘူး ။
📮 အဲဒါတွေကို မေမေ အသိအမှတ်မပြုဘူးလားဟင် ။ ကျွန်တော်ဟာ မွေးရကျိုးမနပ်တဲ့ သားမိုက်ပဲလားဟင် ။ကျွန်တော့်ကို ဆရာဝန်ဖြစ်စေချင်တာ ကျွန်တော့်ဘဝရှေ့ရေး ဖြောင့်ဖြူးဖို့အတွက်ပါလို့ မေမေ ပြောကောင်းပြောချင်ပါလိမ့်မယ် ... ကျွန်တော် သိပါတယ် ။
📮 ဒါပေမယ့် .... မေမေရယ်
လူတစ်ယောက်ဘဝမှာ အောင်အောင်မြင်မြင်ရပ်တည်ဖို့ဆိုရင် တကယ်လိုအပ်တာက စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်ပေးရမှာလေ ။ လောကဓံကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နေပျော်အောင် သင်ပေးရမှာလေ ။ ဆရာဝန်ဖြစ်ရေး ' ဆုဖလားပွဲမှာ ပြိုင်မြင်းတစ်ကောင်လို ကြိမ်နဲ့ရိုက်ပြီး ဝင်ပြေးခိုင်းရတာမျိုး မဟုတ်ဘူး ။
📮 အမေက ကျွန်တော့်ကို ကြိုးစားအောင် တွန်းအားတွေ နေ့တိုင်းပေးတယ် ။ ကျွန်တော် နေ့တိုင်းမပျော်ဘူး ။ ခြေလက်အင်္ဂါ မရှိ / ဆုံးရှူံးတဲ့လူတွေ လောကကြီးကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ပျော်ရွှင်နေချိန်မှာ ကျွန်တော်ကတော့ လပတ်စာမေးပွဲမှာ အဆင့် ( ၂ ) ဖြစ်ရတာကို ကမ္ဘာပျက်သလောက် ဖြစ်နေတယ် ။မိဘကျေးဇူးကြီးမားပုံတွေ ပြောတာ ကြားရလွန်းအားကြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် တာဝန်မကျေတဲ့ သားဆိုးသားမိုက်တစ်ယောက်လို ခံစားလာရတယ် ။
📮 အမေ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ထပ်တလဲလဲ ညဉ်းတွားသံ ကြားရဖန်များလာတော့ ကျွန်တော့်ကိုယ်ကျွန်တော် မုန်းတီးစက်ဆုပ်လာတယ် ။ ကျွန်တော့်ရဲ့ အသက်ရှင်မှုကိုလည်း ရွံလာတယ် ။ ငါ ဘာလို့ ရှင်သန်နေရတာလဲ ။
📮 ကျွန်တော်က ဇွတ်အတင်း အခွင့်အရေးယူပြီး `` မေမေ့ဆီမှာ ကျွန်တော် လူလာဖြစ်ပါရစေ , ကျွန်တော့်ကို မွေးပေးပါ " လို့ တောင်းဆိုခဲ့တာမှ မဟုတ်ဘဲ ။ အဖေ သေသွားလို့ အမေတစ်ယောက်တည်း ရုန်းကန်ရတာဟာလည်း ကျွန်တော့် ပယောဂကြောင့်မှ မဟုတ်ဘဲ ။
📮 မေမေရယ်
ကျွန်တော်တို့ဟာ မတော်တဆ ဆုံစည်းကြရတဲ့သူတွေပါလေ ။ မေမေ့မေတ္တာတရားဟာ နက်ရှိူင်းလွန်းလှပါတယ် ။ဒါပေမယ့် အဲဒါကို အကြောင်းပြုပြီး စကားလုံးတွေနဲ့ ကျွန်တော့်စိတ်ကို နာကျင်ထိရှအောင်လုပ်တာ များလွန်းသွားပြီ ထင်တယ် ... မေမေရယ်
📮 ကျွန်တော့်ဘဝရဲ့ ပထမဆုံးချစ်သူကို စက်မှုတက္ကသိုလ် စတုတ္ထနှစ်မှာ ဆုံစည်းခဲ့ရတာ ဖြစ်ပါတယ် ။
တက္ကသိုလ်ကျောင်းသားတစ်ယောက် ရည်းစားထားတာဟာ တကယ့်ကို သမရိုးကျကိစ္စတစ်ခုပါ ။ ဒါပေမယ့် ကျွန်တော့်အတွက်ကျတော့ အဲဒီလို မဟုတ်ခဲ့ဘူး ။ နေ့စဉ်နဲ့အမျှ မတော်တဆ ပေါက်ကွဲမသွားအောင် ဗုံးတစ်လုံးကို လျျှှိ့ဝှက်ထိန်းသိမ်းနေသလို ခံစားရတယ် ။
📮 ကျွန်တော့်မှာ ချစ်သူရှိနေပြီဆိုတဲ့အကြောင်း ဖုံးဖိထားချင်တယ် ။ ဘယ်မှမသိအောင် အမှောင်ချထားချင်တယ် ။ အမေ သိသွားရင် ပြသနာတက်လိမ့်မယ်ဆိုတာ ကျွန်တော် အလိုလိုသိပြီး စိုးရိမ်နေတယ် ။
စိုးရိမ်စိတ်ဆိုတာ ကျွန်တော်နဲ့ နေသားတကျ ဖြစ်နေပါပြီ ။ ဘာကိုမဆို အကြောင်းမရှိဘဲ ကျွန်တော် စိုးရိမ်နေလေ့ရှိတာ ကြာပါပြီ ။
📮 အဲဒါ .... ထင်ထင်ရှားရှား တောက်ပလင်းလက်လာတဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲက စိတ္တဇပါပဲ ။
နောက်ဆုံး .... ကျွန်တော့်ချစ်သူကတောင် ကျွန်တော်မူပျက်နေတာကို ကြည့်ပြီး ရိပ်မိလာလို့ `` မောင် ... ဘာဖြစ်နေတာလဲ , ဘာလို့ ဒီလောက်တောင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေရတာလဲ " လို့ ဗြောင်ဖွင့်မေးယူရတဲ့အထိပါ ။
📮 နောက်တော့ ကျွန်တော် စိုးရိမ်တဲ့အတိုင်းပါပဲ ။ အဲဒီစာသင်နှစ် မကုန်ခင်မှာ ကျွန်တော့်အိမ်ကလူတွေက ကျွန်တော့်မှာ ချစ်သူရှိနေမှန်း သိသွားကြပါတယ် ။အဲဒီတရားစီရင်ခန်းမြင်ကွင်းကို ခုထိ ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေတုန်းပဲ ရှိပါသေးတယ် ။ အမေက ဘာစကားမှမပြောဘဲ တရှုံ့ရှုံ့နဲ့ အကြာကြီးငိုနေတယ် ။ ဦးလေးတွေ , ကြီးဒေါ်တွေကတော့ .... `` မင်းအမေက နောက်အိမ်ထောင်မပြုဘဲ မင်းကို ပြုစုကျွေးမွေး ကျောင်းထားပေးခဲ့တာ , မင်းက အခုတော့ ပညာတောင်မစုံခင် ရည်းစားထားရတာနဲ့ ... ဘာနဲ့ .... "
📮 ဟော ... လာပြန်ပြီ ။ ကျွန်တော့်အမေ နောက်အိမ်ထောင်မပြုတဲ့ကိစ္စ ။ ဒါဟာ သူတို့အတွက် သေချာပေါက် ` နိုင်ဖဲ ' တစ်ချပ် ဖြစ်ခဲ့တယ် ။ ကျွန်တော့်အတွက် သေချာပေါက် ` ကျေးဇူးအကြွေး ' ဖြစ်ခဲ့တယ် ။ကျွန်တော့်အမေ ဖြစ်ခဲ့တာတွေဟာ .... ` ကျွန်တော့်အတွက် ' ဖြစ်ခဲ့တယ် ။ နောက်တစ်နေ့မှာပဲ ချစ်သူကို ကျွန်တော် လမ်းခွဲခဲ့ပါတော့တယ် ။
📮`` ကျွန်မမှာ ဘာချို့ယွင်းချက်ရှိလို့လဲ " တဲ့ ။
တစ်ဖက်သတ် လမ်းခွဲခံရတဲ့ ချစ်သူက မကျေမနပ်နဲ့ ကျွန်တော့်ကို မေးတယ် ။မင်းမှာ ဘာချို့ယွင်းချက်မှ မရှိပါဘူး ။ ငါ့မှာတော့ စိတ်ရောဂါရှိတယ် ။ ငါ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး ။ ငါ ဘယ်တော့မှ သားသမီးတစ်ယောက်ရဲ့ အဖေ မလုပ်တော့ဘူး ။
တစ်စုံတစ်ယောက်ကို သူ့အလိုဆန္ဒမပါဘဲ လူ့လောကထဲ ခေါ်ဆောင်လာပြီးတော့မှ `` မင်းကို ငါချစ်တယ် , ဒါကြောင့် မင်း ငါ့အလိုဆန္ဒအတိုင်းနေပေးရမယ် " လို့လည်း အကြမ်းမဖက်ချင်ဘူး ။
📮 ကျွန်တော့်ဘဝမှာ ရင်ဆိုင်ဖြတ်သန်းရမယ့် ခါးသီးမှုတွေဟာ ကျွန်တော့်ဝေစုပါ ။ ဒါကို ကလေးအပေါ် ပုံချပြီး `` သားကြောင့် ဖေဖေ ဒါတွေ နာကျင်ခဲ့ရတယ် , သားကြောင့် ဖေဖေ ဒါတွေ စွန့်လွှတ်ခဲ့ရတယ် " လို့ သားသမီးကို စိတ်အနာတရဖြစ်အောင် မလုပ်ချင်ဘူး ။ အားလုံးဟာ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာတွေပေးနေကြတာ ။
📮 အားးးး .... ရှု ပ်တယ် ။
ဥမကွဲ သိုက်မပျက်ဖြစ်အောင် တစ်ယောက်လက်ကိုတစ်ယောက် အပြန်အလှန်ကြိုးတုပ်ချည်နှောင်ထားတဲ့ မိသားစုဆိုတာကြီးကို မလိုချင်တော့ဘူး ။
ကျွန်တော့်ဦးနှောက်တွေဟာ အဲဒီကတည်းကစပြီး ဒိန်ချဉ်လို ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့တာပါ ။ တချို့လူတွေကတော့ ဝေဖန်ကောင်းဝေဖန်ကြမယ် ။
📮`` မင်းလိုမျိုး စဉ်းစားလို့ကတော့ ကမ္ဘာမှာ လူတွေ ဘယ်မွေးဖွားလာကြမှာလဲ ။ လောကကြီး ပျက်စီးသွားမှာပေါ့ " လို့ ။ ဟုတ်ပါတယ် ။ ခင်ဗျားတို့ မှန်ပါတယ် ။ ပုံပျက်ပန်းပျက်ဖြစ်နေတာက ကျွန်တော်တစ်ယောက်တည်းပါ ။ဒါပေမယ့် ဘာတက်နိုင်မှာလဲဗျာ ။ စိတ္တဇဆိုတာက ( မှန်တာတွေ မှားတာတွေနဲ့ မဆိုင်ဘဲ ) သူ့ဘာသာသူ ရှိနေတဲ့ အရှိတရားပဲလေ ။
ကျောခိုင်းလှည့်ထွက်ခါနီးမှာ ချစ်သူက တစ်ခွန်းပဲ ပြောသွားတယ် ။
`` ရှင်က အရူးပဲ "
📮 ညနေက ကျွန်တော့်ကို ပြန်ငုံ့ကြည့်နေတယ် ။
လမ်းထိပ်ဆီကို ကျွန်တော် လျှောက်လာတော့ ကျောင်းဆင်းချိန်နဲ့ တိုးနေလို့ ကလေးတွေ လမ်းဖြတ်ကူးတာကို စောင့်နေရသေးတယ် ။ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေဟာ ကျောင်းကြိုကားတွေရှိရာဆီကို သွားနေကြတယ် ။ မုန့်သည်တွေဆီကို သွားနေကြတယ် ။ လာစောင့်နေကြတဲ့ သူတို့ရဲ့ မိဘတွေဆီကို သွားနေကြတယ် ။
📮 ကျွန်တော်ရပ်နေတဲ့ ဗန်ဒါပင်နားမှာ အဖေဖြစ်တဲ့သူက သူ့သားချာတိတ်လေးကို ပြောနေတယ် ။
`` မင်းဘေးခုံက ဖြိုးဝေက သင်္ချာမှာ ၁၀၀ ရတယ်ဆို , မင်းက ၈၉ တဲ့ ။ မင်းကို ဖြိုးဝေ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ် "အဆူခံနေရတဲ့ ချာတိတ်လေးက မျက်လုံးလေး ကလယ်ကလယ်နဲ့ သူ့အဖေကို ပြန်မော့ကြည့်နေတယ် ။`` သြော် ... ကလေးရဲ့စိတ်ကို အနာတရဖြစ်အောင် လုပ်နေပြန်ပေါ့ ........ " လို့ ကျွန်တော် တွေးလိုက်တယ် ။
📮 အဲဒီလူဟာ ကိုယ့်လက်ထဲမှာ ပွင့်နေတဲ့ ပန်းကို ဘာပန်းမှန်းသိအောင် မကြိုးစားချင်ဘူး ။ အလကားလူ ။ ကိုယ့်လက်ထဲမှာ စံပယ်ပွင့်လေး မွှေးဖြူဖြူစင်နေပါလျက်နဲ့ .....`` မင်းက ဘာလို့ အရောင် မနီတာလဲ , မင်းမှာ ဘာလို့ဆူးတွေ မပါတာလဲ , မင်းကို နှင်းဆီပန်းရဲ့ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ် " လို့ ဆူပူမာန်မဲနေတယ် ။ကလေးအတွက်ရော , အဖေလုပ်တဲ့လူအတွက်ပါ ကျွန်တော် ရိုးရိုးသားသား ဝမ်းနည်းနေမိတယ် ။
📮 လမ်းမပေါ်မှာ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေ ထွက်လာကြပြီ ။ သူတို့ ပျော်ရွှင်ခုန်ပေါက်မနေကြဘူး ။ သူတို့ဆူညံမြူးတူးမနေကြဘူး ။
သူတို့ သေဆုံးနေကြပါတယ် ။ကလေးလေးတွေဟာ အသက်မဲ့လျက်သား လမ်းလျှောက်နေကြတာပါ ။
သူတို့ရဲ့ နှလုံးသားတည့်တည့်မှာ `` မိဘတွေရဲ့ တောင်းဆိုမှု " ကျည်ဆန်ရာတွေနဲ့ ............... ။
📮 မင်းခိုက်စိုးစန်
Noble Garden Education Centerမှာ ၃နှစ်မပြည့်သေးရင် လုံးဝ လုံးဝ လက်မခံပါ။
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
မိဘများအနေနဲ့ မိမိရဲ့ သားသမီးများကို မူကြိုကျောင်းသို့ စောစောပို့သင့်ပါသလားဆိုတာ မဆွေးနွေးခင် မူကြိုပညာရေးအကြောင်းကို အရင်လေ့လာသင့်ပါတယ်။
မူကြိုပညာရေးဆိုတာဘာလဲ
ပညာရှင်တို့က မူကြိုပညာရေးကို ဒီလိုအဓိပ္ဗါယ်ဖွင့်ဆိုထားပါတယ်။
မူကြိုပညာရေးဆိုတာ အသက် ၃ နှစ်မှ ၆ နှစ်အကြားမှာရှိတဲ့ ကလေးပညာရေး ဖြစ်ပါတယ်။ ကလေးများရဲ့ ကိုယ်စိတ်နှလုံး ကြီးပြင်းဖွံ့ဖြိုးမှု ကို အခြေခံပြီး ဆော့ကစားခြင်းကို အဓိက ၀န်းရံထားတဲ့ ပညာသင်ကြားမှု ပုံစံဖြစ်တယ်။ ကလေးများ ဝါသနာကျယ်ပြန့်ပြန့် ရှိစေဖို့၊ အခြေခံ လူနေမှု အမူအကျင့်များ တတ်ကျွမ်းစေဖို့၊ အရွယ်နဲ့ အညီ စိတ်ဓါတ်ပိုမိုပြည့်ဝစေဖို့ စသည်တို့ကို ရည်ရွယ်ပြီး ဆော့ကစားတဲ့နည်းလမ်းနဲ့ သင်ကြားပေးတဲ့ ကလေးပညာရေး ဖြစ်ပါတယ်။
ပထမဦးဆုံးမူကြိုကျောင်းကို ဂျာမာန်ပညာရေး သုတေသနပညာရှင်Friedrich Wilhelm August Fröbel,( ၁၇၈၂—၁၈၅၂ ) က ဂျာမဏီနိုင်ငံ Brandenburg မြို့ မှာ ၁၈၄၀ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အကျိုးဖြစ်ထွန်းလို့ တစ်ဖြည်းဖြည်းနဲ့ တစ်ကမ္ဘာလုံး ပြန့်ပွားသွားပါတယ်။
မူကြိုပညာရေးကို ဆွေးနွေးကြရအောင်...
၁။ မူကြိုပညာရေးမှာ ကစားခြင်းကို ပညာသင်ခြင်းထက် ပိုအလေးပေးထားပါတယ်။
ဆိုလိုတာက အသက် ၃ နှစ်မှ ၆ နှစ်အတွင်း ကလေးပညာရေးမှာ ပုံစံအမျိုးမျိုးနဲ့ ဆော့ကစားခြင်းဟာ အဓိကအကျဆုံးသော သင်ကြားမှု ပုံစံဖြစ်ပါတယ်။
ကလေးများကို ပညာသင်ပေးတဲ့နေရာမှာ အရွယ်ငယ်လေ နောင်အခါမှာ ကလေးကိုပိုမိုထိခိုက်လေ လို့ဆိုပါတယ်။
အရွယ်ငယ်သေးတဲ့ကလေးများကို စကားလုံးများသင်ပေးခြင်း၊ သင်္ချာသင်ပေးခြင်း၊ ဘာသာစကားများများ သင်ပေးခြင်း စသည်တို့ဟာ ယာယီအားဖြင့် ကလေးများ တတ်မြောက်မှုကို မြင်နိုင်ပေမဲ့ ကလေးများ ၂ တန်း ၃ တန်းအရွယ်ရောက်ရင် စတင်ပြသနာတက်တတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို မူကြိုအငယ်တန်းတွေမှာ စာကားလုံးသင်ပေးတယ်လို့ ဆိုပေအုန်းတော့ ပျော်ရွှင်စွာဆော့ကစားရင်းနဲ့ တတ်မြောက်သွားတဲ့ပုံစံနဲ့ပဲ သင်ကြားပေးလေ့ရှိပါတယ်။
၂။ စိတ်ကူးယဉ်မှုနဲ့ ဖန်တီးမှုစွမ်းရည်
စိတ်ကူးယဉ်တတ်ခြင်းဟာ ကလေးများရဲ့ သဘာဝြဖစ်ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တော်တော်များများဟာ အသက်ငယ်စဉ်တုန်းက ကြီးကြီးကျယ်ကျယ် စိတ်ကူးယဉ်ခဲ့သူများဖြစ်ကြပါတယ်။ စိတ်ကူးယဉ်တတ်တဲ့လူဖြစ်လေလေ၊ နောင်အခါမှာ တီထွင်ဖန်တီးတတ်လေလေဖြစ်ပါတယ်။ ကလေးငယ်များကို စောစောစီးစီး ပညာဗဟုသုတများ သင်ကြားပေးလိုက်တဲ့အခါ ကလေးများဟာ စာနဲ့ ဗဟုသုတ တတ်မြောက်သွားနိုင်ပါတယ်၊ စည်းကမ်းတွေ နားလည်သွားနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ကူးယဉ်စွမ်းရည် ကျဆုံးသွားတယ်လို့ ဆိုပါတယ်။ တီထွင်ဖန်တီးမှုအစ စိတ်ကူးယဉ်က လို့ ဆိုပါတယ်။ လေထဲမှာတိုက်အ်ိမ်ဆောက်တာကို တန်ဖိုးကြီးတဲ့ စွမ်းရည်အခြေခံအဖြစ် သတ်မှတ်ထားပါတယ်။ စောစောစီးစီး အမှန်တရားကြီးဖြစ်နေတဲ့ ပညာတွေ သင်ပေးလိုက်ရင် ကျိုးကြောင်းဆင်ခြင်ဥာဏ်ပါရသွားပြီး ကလေးဆန်ဆန် စိတ်ကူးမယဉ်တော့ပါ။ စိတ်ကူးမယဉ်ခြင်းရဲ့ အကြောင်းရင်းကို မေးကြည့်တော့ မဖြစ်နိုင်တာကို သိသွားလို့ ဆိုပါတယ်။ လက်တွေ့ဆန်လေ၊ စိတ်ကူးမယဉ်လေဖြစ်ပါတယ်။ အဲဒါပြန်စဉ်းစားကြည့်ရင် ဘ၀အတွက် ကြီးမားတဲ့ ဆုံးရူံးမှုပါ။ လေထဲမှာတိုက်အိမ်ဆောက်ပြီး စိတ်ကူးယဉ်ခဲ့တဲ့သူမရှိခဲ့ဘူးဆိုရင် ယနေ့ ကျွန်တော်တို့ သုံးစွဲထိတွေ့ နေတဲ့ အဆင့်မြင့်နည်းပညာပစ္စည်းတွေ ဘာမှပေါ်ပေါက်လာနိုင်စရာ အကြောင်းမရှိပါ။
၃။ မူကြိုစောစောပို့ရင် ဘာအကျိုးအပြစ်ရှိပါသလဲ
မိဘတော်တော်များများဟာ သူများကလေးတွေ မူကြိုကို အစောကြီးပို့တာတွေ့တော့ ကိုယ်လည်း အငြိမ် မနေနိုင်တော့ဘဲ စောစောကျောင်းထားချင်စိတ်ပေါက်လာပါတော့တယ်။
အမှန်တော့ ကလေးများကို စောစောစီးစီး ပညာသင်ကြားရေးလမ်းကြောင်းပေါ် တင်ပေးလိုက်ရင် သူတို့ဟာ ပညာသင်ယူချင်တဲ့ စိတ်အားထက်သန်မှုတွေ သာမာန်ကလေးများထက် လျှော့နည်းသွားတာကို တွေ့ရပါတယ်။ ပညာရှင်များက ဒီလိုညွန်ပြပါတယ်၊ အသက် ၂ နှစ်လောက်ကတည်းက မူကြိုနေ့ကလေးထိန်းကျောင်းကို ပို့လိုက်တဲ့ကလေးများဟာ၊ နောက်ကျမှ မူကြိုထားတဲ့ ကလေးများနဲ့ နိူင်းယှဉ်ကြည့်ရင် မူလတန်း၊ ပထမတန်း ရောက်တဲ့အခါမှာ အခြားကလေးများထက် ပိုသိတယ်၊ ပိုတတ်တယ်၊ ပိုလည်း ထူးချွန်ပါတယ်။ ဒါ ယာယီကောင်းကျိုးတွေပါ။ အဲ..ဒုတိယတန်း၊ တတိယတန်းလောက်လည်း ရောက်ရော၊ အခြားကလေးများလောက် ပညာသင်ချင်တဲ့ ပြင်းပြစိတ် ပိုမိုလျှော့နည်းနေခြင်း၊ သင်ကြားတဲ့ အမူအကျင့် မကောင်းခြင်း၊ အာရုံစူးစိုက်မှုများ ကျဆင်းလာခြင်းတို့နဲ့ ကြုံလာတတ်ပါတယ်။
ဒီလိုကလေးများဟာ ပညာသင်တာ သူများထက်စောတော့ သူငယ်တန်းနဲ့ ပထမတန်းလောက်မှာ ဆရာဆရာမများ သင်သမျှ သူတို့က ကြိုပြီးသင်ယူထားတော့ စိတ်၀င်စားမှု သိပ်မပြတော့ပါဘူး။ စိတ်မ၀င်စားလည်း စာရနေတဲ့သဘောပါ။ အာရုံစူးစိုက်မှု သိပ်မရှိတတ်ပါ။ ဒုတိယတန်း၊ တတိယတန်းလောက်ရောက်တဲ့အချိန်မှာ၊ အတန်းထဲမှာ အာရုံစူးစိုက်တဲ့အကျင့် မတည်ဆောက်နိုင်တော့ စာခက်လာပါတယ်။ သူများထက် ပင်ပန်းလာတတ်ပါတယ်။ အာရုံမစုနိုင်တာမျိုး ဖြစ်နေတတ်ပါတယ်။
ပညာရှင်များက ဒီလိုဆိုကြပါတယ်။
သင့်ကလေးအတွက်...
ဆော့ကစားခြင်းဟာ သင်ယူခြင်းထက် ပိုမိုအရေးပါပါတယ်။
ထိတွေ့မှုနဲ့ အတွေ့အကြုံရခြင်းဟာ စဉ်းစားတွေးခေါ်ခြင်းထက်အရေးကြီးပါတယ်။
အိမ်အပြင်လုပ်ရှားမှုဟာ အိမ်အတွင်းသင်ကြားမှုထက် ပိုအကျိုးရှိပါတယ်။
မိဘများစံပြဖြစ်ခြင်းဟာ ဆုံးမတတ်ခြင်းထက် ပိုမို ထိရောက်ပါတယ်။
မိသားစုသင်ကြားရေးဟာ၊ ကျောင်းပညာရေးထက် အရေးကြီးတဲ့ ကာလဖြစ်ပါတယ်။
ကလေးရဲ့ လက်တွေ့အခြေအနေကို ဂရုမစိုက်ပဲ၊ အသက် ၃ နှစ်ထက်စောပြီး မူကြိုပို့ခဲ့မယ်ဆိုရင် ကလေးဟာ စောစောစီးစီး စုပေါင်းနေထိုင်တဲ့ အသိုင်းအ၀န်းထဲရောက်သွားပါတယ်။ ကလေးများရဲ့ စိတ်လုံခြုံမှုကို ထိခိုက်စေနိုင်တဲ့အပြင် ကလေးများကို သိမ်ငယ်စိတ်ပါ ၀င်စေတတ်ပါတယ်။ အခြားကလေးများနဲ့ စုပေါင်းနေလိုက်တဲ့အခါကျတော့ ထမင်းစားတဲ့အချိန်၊ အိပ်တဲ့အချိန်အပြင် အိမ်သာတက်တဲ့အချိန်ပါ တစ်ခါတစ်လေ ဆရာဆရာမများ ညွန်ကြားတာကို ခံရတတ်ပါတယ်။
ကလေးဟာကလေးပါ။ အသက် ၂ နှစ်ပတ်၀န်းကျင်ကလေးများဟာ အချိန်ပြည့် မိခင် ( သို့ ) မိမိရဲ့ အုပ်ထိန်းသူကို သတိရနေတတ်တာပါ။
မူကြိုကျောင်းဆရာမတစ်ဦးနဲ့ စကားလက်ဆုံကျဖူးပါတယ်။ ကျောင်းပို့ခါစကလေး ဖျမ်းမျှအများဆုံးပြောတဲ့ စကားတစ်ခွန်းဟာ “ အိမ်ပြန်ချင်တယ်” ဆိုတာ ဟုတ်ပါသလားလို့ ကျွန်တော်ကမေးတယ်။
မဟုတ်ပါဘူး၊ မေမေ၊ မေမေလို့ အော်ရှာနေတာ အများဆုံးပါ တဲ့၊
ဆရာမ အဖြေကိုကြားတော့ တကယ်စိတ်မကောင်းပါ။ ဆရာမက ဆက်ရှင်းပြပါတယ်။ အမေကိုယ်တိုင်မထိန်းတဲ့ကလေးကျတော့ ကိုယ့်ကို ထိန်းတဲ့ အိမ်ဖေါ် အမတို့၊ အဒေါ်တို့ကို ရှာကြပါတယ်တဲ့၊
ကလေးကို မူကြိုစောစောပို့ချင်တာ ကလေးကို စောစောစီးစီး ပညာထူးချွန်စေချင်တဲ့ မိဘများရဲ့ စေတနာ ပါပါတယ်။ အခြားအကြောင်းရင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဥပမာ..
၁။ မိခင်ဖြစ်သူက အလုပ်မအားလို့၊ ကလေးကို ကြည့်ကူပေးတဲ့လူမရှိလို့
၂။ နောက်ကိုယ်၀န်တစ်ခုရှိလို့၊ အကြီးကို မကြည့်အားလို့ �၃။ အလုပ်ခွင်ကို ပြန်သွားချင်လို့၊ အလုပ်ပြန်လုပ်ရမှာမို့လို့ စသည်တို့ ပါ၀င်တတ်ပါတယ်။
ကိုယ့်ဒုက္ခနဲ့ကိုယ်ဖြစ်တယ်ဆိုပေမဲ့ မိဘများ နားလည်ထားရမှာက ကလေးဆိုတာ အသက်ငယ်လေ၊ မိဘကို လိုအပ်လေဖြစ်ပါတယ်။ အထူးသဖြင့် အမေကို လိုအပ်လေဖြစ်ပါတယ်။
တကယ်လို့ ကျောင်းကလည်း ၃ နှစ်အောက်ကလေးကို လက်ခံတယ်။ မိဘကလည်း ကိုယ့်အပူနဲ့ ကိုယ်မို့ မူကြိုပို့မှ အဆင်ပြေမယ်ဆိုရင် ကလေးများ အောက်ပါ အတတ်များကို သင်ကြားပေးပြီးတော့မှ ပို့သင့်ပါတယ်။
၁။ ရေအိမ်တက်တတ်ခြင်း
အလေးသွားချင်တယ်၊ အပေါ့သွားချင်တယ်ဆိုတာကို ဆရာမများအား ပြောပြတတ်ခြင်း၊ ၃ နှစ်ပဲဖြစ်ဖြစ်၊ ၃ နှစ်အောက်ပဲဖြစ်ဖြစ်၊ အီးအီးမကုံးတတ်တာ အားနည်းချက်မဟုတ်ပါ။ ဒါပေမဲ့ အပေါ့သွားတတ်ရပါမယ်။
၂။ မိမိဖာသာ ထမင်းစားတတ်ခြင်း
မူကြိုဆရာမများ ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲ ဂရုစိုက်တတ်ပါစေ၊ ထမင်းစားတဲ့အခါမျိုးမှာ ကလေးတိုင်းကို ဒေါင့်စေ့ မကြည့်နိုင်ကြပါ။ ကလေးတိုင်းကိုလည်း ခွန့်ကျွေးနေတာမျိုး မဖြစ်နိုင်ပါ။ ဒါကြောင့် ကလေးများ မူကြိုမသွားခင်မှာ ဇွန်း၊ ခဲရင်း သုံးစွဲတတ်ခြင်း၊ လူကြီးမခွန့်ကျွေးရင်လည်း ထမင်းစားတတ်ခြင်းများ သင်ထားပေးဖို့လိုပါတယ်။ မိမိဖာသာမိမိ ရေသောက်တတ်မယ်၊ ရေဆာရင် ရေတောင်းတတ်အောင် သင်ထားပေးရပါမယ်။ ကလေးတော်တော်များများဟာ အဆော့မက်လွန်းတော့ ရေသောက်ဖို့ မေ့နေတတ်ပါတယ်။
၃။ မိမိဖာသာ ဖိနပ်ချွတ်တတ်ခြင်း
မူကြိုကျောင်းမှာ ဖိနပ်မကြာခဏ ချွတ်ရတတ်ပါတယ်။ ဆရာဆရာမများအနေနဲ့ ကလေးတိုင်းကို ဖိနပ်စီးပေးခြင်း၊ ချွတ်ပေးခြင်းများ ပြုလုပ်အားမည် မဟုတ်ပါ။ ကလေးများကိုယ်တိုင် ဖိနပ်စီးတတ်မယ်၊ ချွတ်တတ်မယ်ဆိုရင် များစွာ အဆင်ပြေသွားမှာပါ။ ပုံမှန်အားဖြင့် ကျောင်းမှာ ကလေးများကို သဲကြိုးစီးတတ်အောင် သင်ပေးတတ်ပါတယ်။ မိဘများလည်း ကူညီပြီး ကျောင်းမပို့ခင်မှာ သင်ပေးထားလို့ ရပါတယ်။
၄။ ရိုးရှင်းတဲ့ ခိုင်းစေမှု စကားလုံးများကို နားလည်ခြင်း
အခြားကလေးများနဲ့ စုပေါင်းနေရတော့မယ်၊ ကလေးများ စကားလုံးအချို့ နားလည်ထားဖို့လိုပါတယ်။ အထူးသဖြင့် စာသင်ခန်းပြင်ပ လုပ်ရှားမှုများ လုပ်တဲ့အခါ ပိုအရေးကြီးတတ်ပါတယ်။ ဥပမာ၊ ဟိုဘက်သွားမယ်၊ ဒီကိုလာမယ်၊ ထိုင်မယ်၊ ထမယ် စသည်ဖြင့်ပါ။ အင်တာနယ်ရှင်နယ်မူကြိုကျောင်းများ ပို့မဲ့မိဘများအဖို့ အင်္ဂလ်ိပ်လို မသင်ပေးတတ်ရင်လည်း စိုးရိမ်စရာမရှိပါ။ ဗမာလို သင်ထားပေးရင်တော်ပါပြီ။ ကျောင်းမှာနေရင်း တစ်ဖြည်းဖြည်း နဲ့ စကားလုံး ဖလှယ်သွားမှာပါ။
၅။ အခြေခံ လူမှုဆက်ဆံရေးများ သင်ကြားပေးထားခြင်း
အဓိက အချက် ၃ ချက်ရှိပါတယ်။
ကလေးက သူများကို အကြောင်းမဲ့ အရိုက်ဘူး၊ မကုတ်ခြစ်ဘူး ၊
ကလေးပြသနာတစ်ခုခု တွေ့တဲ့အခါမှာ ဆရာအဆရာမကို ခေါ်ဆိုတတ်ခြင်း၊ တိုင်ကြားတတ်ခြင်း
ဆောရီးပါ၊ ကျေးဇူးတင်ပါတယ် စသည့်စကားလုံးများကို အသုံးပြုတတ်ခြင်းတို့ ဖြစ်ပါတယ်။
ပညာရှင်များက ကလေးများရဲ့ ကြီးပြင်းတဲ့ အဓိကအကျဆုံး အသက်အရွယ်များကို ၃ နှစ်၊ ၆ နှစ်၊ ၁၂ နှစ်၊ ၁၈ နှစ် လို့ သတ်မှတ်ထားပါတယ်။ ၃ နှစ်ဆိုရင် မူကြိုပို့လို့ရပြီ၊ ၆ နှစ်ဆိုရင် မူလတန်းကျောင်းပို့လို့ရပြီ၊ ၁၂ နှစ်ဆိုရင် အလယ်တန်း၊ ၁၈ နှစ်ဆိုရင် လူကြီးတန်းထဲ စ၀င်ပြီ၊ တက္ကသိုလ် ကောလိပ်တက်လို့ ရပြီ ဆိုပြီး အကြမ်းဖျင်း သပ်မှတ်ထားပါတယ်။
၃ နှစ်အောက်ကလေးများကို လက်ခံတဲ့ အကြို မူကြိုကျောင်းများ၊ နေ့ကလေးထိန်းကျောင်းများ တော်တော် ပေါ် ပေါက်လာပါပြီ၊ ကျွန်တော်အနေနဲ့ အကြံပေးချင်တာကတော့ ကျောင်းကဘယ်လောက်ပဲ နာမည်ကြီးကြီး၊ ဘယ်လိုပဲ ပြောပြော၊ ဘာသီအိုရီနဲ့ပဲ ရှင်းပြရှင်းပြ၊ ၃ နှစ်မပြည့်ရင် မူကြိုကို မပို့စေချင်ပါဘူး။မိဘများ ပထမဆုံး စဉ်းစားသင့်တာက ကလေးရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးပါ။ ကလေးကို မိမိကိုယ်မိမိ ထိုက်သင့်သလောက် နိုင်နင်းနိုင်ပါမှ လုံခြုံမှု ရှိတာပါ။ ကလေးများကို မိဘရဲ့ နွေးထွေးတဲ့ ရင်ခွင်နဲ့ ပတ်၀န်းကျင်မှာ အတူတကွ ရှိပါစေ၊ ကလေးများကို ပျိုးထောင်တဲ့နေရာမှာ မိဘများကြောင့် ဆုံးရူံးသွားတဲ့ မည်သည့်ဟာကွက်မဆို ဆရာဆရာမများက ဖာထေးပေးနိုင်စွမ်းမရှိပါ။
အကျိုးဖြစ်ထွန်းနိုင်ပါစေ။
Dr.Ziwaka 2019 April မဂ္ဂဇင်းတွင်ဖေါ်ပြပြီးသော ဆောင်းပါးကို ပို့စ်အဖြစ်ပြန်လည်တင်ပြလိုက်ပါသည်။
crd
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
1111
Opening Hours
| Monday | 09:00 - 15:00 |
| Tuesday | 09:00 - 15:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |
| Friday | 09:00 - 15:00 |