The Nation Voice
The Nation Voice သတင်းဌာနသည် အင်တာနက်ဖြတ်တောက်ခံထားရသည့် စစ်ဘေးသင့်အညာဒေသမှ ပြည်သူများ၏သတင်းသိပိုင်ခွင့်အတွက် အဆိုပါဒေသရှိကျေးရွာခံများထံသို့အိမ်တိုင်ရာရောက် သတင်းအချက်အလက်ဝန်ဆောင်မှုပေးနေသည့် တစ်ခုတည်းသော သတင်းဌာနဖြစ်သည်။
29/05/2026
မင်းဘူးက နတ်ရေကန်သို့ ထောက်ပို့စစ်ကား တိုက်ခိုက်ခံရ၊ စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦး ဖမ်းဆီးခံရ
TNV၊ မေ၊၂၉
အောင်ကြီး
မင်းဘူးမြို့နယ် ဇီးအိုင်ရွာအနီးတွင် မေလ ၂၈ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်က မင်းဘူးမြို့မှ နတ်ရေကန်သို့ စစ်လက်နက်ခဲယမ်းနှင့် အင်အားဖြည့်တင်းရန် လာသည့် စစ်ကားကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျန်ရှိသည့် စစ်သားများမှာ နောက်ဆုတ်ထွက်ပြေးသွားကြကြောင်းလည်း သိရသည်။ ထို့ပြင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။
အလားတူ စကုမြို့နယ်တွင်လည်း စစ်တပ်စစ်ကြောင်းက နဘဲကုန်းရွာရှိ သုဿန်ဇရပ်ကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး မန်းချောင်းမြောင်းဘက်သို့ စစ်ကြောင်းထိုးလာနေသောကြောင့် မြောင်းဘောင်တလျှောက်ရှိ ကျေးရွာများမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရကြောင်း The Nation Voice ကို ဒေသခံတစ်ဦးက ပြောသည်။
29/05/2026
မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာပေါင်း ၂၀ ကျော် စစ်ရှောင်နေရ
TNV၊ မေ ၂၉
အောင်ကြီး
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းတွေ အထိုင်ချထားတဲ့ လင်းကတောကျေးရွာကနေ နေ့စဉ် မြိုင်မြို့ အရှေ့မြောက်ဘက်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ ၇၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လင်းကတောရွာကို တော်လှန်ရေးအဖွဲ့အစည်းတွေ သိမ်းပေးဖို့ ပြောချင်ပါတယ်။ အခုဆိုရင် ရွာတွေ စုတ်ပြတ်နေပြီး စစ်ဘေးရှောင်တွေ စားဝတ်နေရေး တော်တော်ဒုက္ခရောက်နေကြတယ်” လို့ ဒေသခံတစ်ဦးက The Nation Voice ကို ပြောပါတယ်။
လင်းကတောဟာ စစ်ရေးအရ အရေးပါတဲ့နေရာမှာ တည်ရှိပါတယ်။ မြိုင်မြို့ - ရေစကြိုမြို့နယ်ကို ချိတ်ဆက်ထားတဲ့ လမ်းမကြီးပေါ်မှာ တည်ရှိသလို စစ်ကိုင်းတိုင်းက ပုလဲမြို့၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့တို့နဲ့ ချိတ်ဆက်ထားတဲ့ ပုသိမ် - မုံရွာလမ်းမကြီးပေါ်မှာလည်း တည်ရှိပါတယ်။
ဒီရွာကိုစစ်တပ်က ၂၀၂၃ ခုနှစ်ကတည်းက ဝင်ရောက်တပ်စွဲခဲ့တာကြောင့် ကျေးရွာဒေသခံအများအပြားက စစ်ဘေးရှောင်နေရတာ နှစ်ချီပါပြီ။
လင်းကတော ရွာက ထွက်လာတဲ့ အင်အား ၂၀၀ ပါ စစ်ကြောင်းဟာ မေလ ၂၆ ရက်နေ့မှာ ပေါင်းတည်ရွာက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူခဲ့ပြီး ညနေပိုင်းမှာတော့ ပေါင်းတည်ရွာကို မီးရှို့ဖျက်ဆီးသွားလို့ နေအိမ် ၅ လုံး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတစ်ဦးက The Nation Voice ကို ပြောပါတယ်။
မြိုင်မြို့နယ် စက်မှု ၂ (တကစ ၃) ထဲကို ပခုက္ကူ တပ်မ ၁၀၁ က မေလ ၂၃ ရက်နေ့မှာ စစ်ဘက်သုံး ရဟတ်ယာဉ် ၂ စီးနဲ့ စစ်လက်နက်ခဲယမ်းနဲ့ စစ်အင်အားတွေ ပို့ဆောင်ခဲ့ပြီးနောက် မြိုင်မြို့နယ် အနောက်တောင်ဘက်ကျေးရွာတွေကို နေ့တိုင်း စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
မြိုင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျေးရွာပေါင်း ၂၀ ကျော် ရှိနေပြီလို့ သိရပါတယ်။
ဓာတ်ပုံ - မေလ ၂၆ ရက်နေ့က ပေါင်းတည်ရွာ မီးရှို့ခံရပုံ
(ပြင်ဆင်ချက်- လင်းကတောကျေးရွာဟာ ပျူစောထီးရွာမဟုတ်ဘဲ စစ်ကောင်စီဝင်ရောက်တပ်စွဲထားတဲ့ ရွာဖြစ်တာကြောင့် ဒီအချက်ကိုပြန်လည်ပြင်ဆင်ထားပါတယ်)
ညောင်ဦးနယ်သည် မြန်မာ့ပုန်းရည်ကြီး၏ ဇာတိမြေဖြစ်ပြီး ငါ့သရောက်ဒေသမှာလည်း ပုန်းရည်ကြီးထုတ်လုပ်သည့် ရွာကြီးတစ်ရွာဖြစ်သလို လျှပ်စစ်မီးကိုလည်း အပြည့်အဝရရှိသည်။
ပဲပိစပ်ဈေးတက်မှုနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ညောင်ဦးနယ်ရှိ ပုန်းရည်ကြီးလုပ်ငန်းများ အခက်အခဲကြုံတွေ့နေရသည်။ တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လျော့နည်းလာပြီး ပုန်းရည်ကြီးထုတ်လုပ်ရေးလုပ်ငန်းများမှာ ရေစကြိုနှင့် မင်းလှကဲ့သို့သော မကွေးတိုင်းဒေသများသို့ ပျံ့နှံ့လာနေကြောင်းလည်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
28/05/2026
ရခိုင်ပြည်နယ်ဝင်ပေါက် ကို အင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ထားနိုင်ဖို့ စစ်တပ်လုပ်နေ
TNV၊သတင်း
အောင်ကြီး- မေ ၂၈
ရခိုင်ပြည်နယ် ဝင်ပေါက် ဖြစ်တဲ့ မကွေးတိုင်း မင်းတုန်းမြို့နယ် ၊ ငဖဲမြို့နယ် ကို စစ်တပ် စစ်ကြောင်း အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး ဇူလိုင် လကုန် အပြီး ပိတ်ဆို့ထားနိုင်ဖို ပြင်ဆင်နေတယ်လို့တော်လှန်ရေး သတင်းအရင်းအမြစ်တစ်ဦးက သတင်းပေးလာပါတယ်။
ပုသိမ်-မုံရွာ လမ်းမကြီး တလျှောက် စစ်တပ် စစ်ကြောင်း ထိုးလာနေတာကြောင့် တိုက်ပွဲဖြစ်နေသလို မင်းတုန်းမြို့နယ် စစ်တပ် အင်အား ၁၅၀၀ ဝန်းကျင် ရောက်ရှိနေပြီး ရခိုင်ရိုးမဘက် စစ်ကြောင်း ထိုးဖို့ပြင်နေပါတယ်။
ကံကြီးရွာ ၊ မင်းတုန်းချောင် အထက်ရွာမှာလည်း တပ်စွဲထားတဲ့ အင်အား ၄၀၀ ကျော်ဟာ မင်းတုန်း မြို့နယ် ပြောင်းရွာအပါအဝင် ရခိုင်ရိုးမတောင်ခြေက ကျေးရွာတွေကို စစ်ကြောင်း ထိုးတာ တွေလည်းပြုလုပ်နေတယ်လို့ နယ်မြေသတင်းတွေအတည်ပြုနိုင်ပါတယ်။
မင်းတုန်းမြို့အနောက်မှာ ရခိုင်ပြည်နယ်တောင်ကုတ်ဖြစ်ပြီး AAက ထိန်းချုပ်ထားပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon