Medical Content Service by K
13/11/2022
https://www.facebook.com/100086428127621/posts/123264743897796/
လှဲနေရာကနေ ရုတ်တရက်ထရပ်လိုက်ရင် ဘာကြောင့်မူးဝေသွားရသလဲ?
လှဲနေရာ(သို့)ထိုင်နေရာကနေ ရုတ်တရက်မတ်တပ်ထရပ်လိုက်တဲ့အခါ ချာချာလည်မူးဝေသွားတာမျိုး ကြုံဖူးကြပါသလား?
ဒီလိုဖြစ်ပြီးချိန်မျိုးမှာ နှလုံးခုန်နှုန်းမြန်လာတာကိုရော သတိထားမိကြပါသလား?
ဒါကို postural hypotension (or) orthostatic hypotension လို့ခေါ်ပါတယ်။ ပက်လက်(သို့)ထိုင်လျက်အနေအထားမှ ရုတ်တရက်မတ်တပ်ရပ်လိုက်တဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်းမှ သွေးတွေဟာ ခြေထောက်သွေးကြောတွေဆီသို့ စုပြုံကျဆင်းလာတာကြောင့် သွေးပေါင်ကျပြီး မူးဝေလာရတာဖြစ်ပါတယ်။
အချိန်အားဖြင့် စက္ကန့်အနည်းငယ်သာ ကြာမြင့်တတ်ပြီး မျက်စိမှိတ်ပြီး ခဏငြိမ်ငြိမ်နေလိုက်တဲ့အခါ ချက်ချင်းသက်သာသွားလေ့ရှိပါတယ်။
ရုတ်တရက်သွေးပေါင်ကျသွားတဲ့အခါ သွေးပေါင်ချိန်ပြန်ထိန်းနိုင်ဖို့ ခန္ဓာကိုယ်မှတုံ့ပြန်တဲ့အနေနဲ့ နှလုံးကပိုအလုပ်လုပ်ပေးရပြီး နှလုံးခုန်နှုန်းလည်း မြန်လာတတ်ပါတယ်။
▪︎ဘာတွေခံစားရလေ့ရှိလဲ။
သွေးပေါင်ကျနေစဥ်အတွင်းမှာ ခေါင်းမူးတာ၊ အမြင်အာရုံတွေ ဝေဝါးလာတာ စတာတွေအပြင် တစ်ခဏသတိလစ်သွားတာမျိုးအထိ ကြုံတွေ့ရနိုင်ပါတယ်။
▪︎ဘာကြောင့် ဒီလိုဖြစ်ရသလဲ?
အထူးသဖြင့် အသက်အရွယ်ကြီးမြင့်သူတွေ၊ ရောဂါအခံရှိသူတွေနဲ့ သွေးတိုးကျဆေးစွဲသောက်နေရသူတွေမှာ နှလုံးအားနည်းတတ်တာကြောင့် postural hypotension ကို ပိုမိုခံစားရနိုင်ပါတယ်။
လူကြီးတွေတင်မက လူငယ်တွေမှာလည်း ဖြစ်လေ့ရှိတတ်ပါတယ်။ ဘာတွေကြောင့် ဒီလိုမူးဝေရသလဲဆိုရင်-
• ရေသောက်နည်းတာ
• အားကစားပြင်းပြင်းထန်ထန်လုပ်ထားတာ
• အစာတွေအများကြီးစားထားတာ
• သွေးအားနည်းနေတာ
• နှလုံးရောဂါအခံရှိတာ
• အရက်တွေသောက်ထားတာ
စတာတွေကြောင့်ဖြစ်ပါတယ်။
▪︎ဒီလိုဖြစ်လေ့ရှိတာ စိုးရိမ်ရသလား?
တစ်ခါတရံဖြစ်တာမျိုးက စိုးရိမ်စရာမရှိတတ်ပေမယ့် ထလိုက်တိုင်း အမြဲသွေးပေါင်ကျပြီးမူးဝေနေပြီဆိုရင်တော့ ဖြစ်ရတဲ့အကြောင်းအရင်းကို သေချာစစ်ဆေးကုသနိုင်ဖို့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
▪︎ဘယ်လိုကာကွယ်ရမလဲ?
သွေးပေါင်ကျပြီး မူးဝေတာမျိုးမဖြစ်စေဖို့ လှဲနေရာကနေ ရုတ်တရက်မြန်မြန်ဆန်ဆန်မတ်တပ်ထရပ်ခြင်းမျိုးကိုရှောင်ရပါမယ်။ အချိန်အကြာကြီး လှဲနေ၊ ထိုင်နေပြီးတဲ့နောက်မှာ မတ်တပ်ရပ်မယ်ဆိုရင် သတိထားပြီး ဖြည်းဖြည်းချင်းထသင့်ပါတယ်။
လုပ်ငန်းခွင်မှာ မဖြစ်မနေအချိန်ကြာမြင့်စွာ မတ်တပ်ရပ်ရမယ့် အခါမျိုးမှာလည်း ခြေထောက်သွေးကြောတွေမှာ သွေးအိုင်လာတာမျိုး ဖြစ်မလာစေဖို့ ခြေထောက်ကို မကြာခဏ လှုပ်ရှားပေးနေသင့်ပါတယ်။
▪︎ဒီလိုမူးဝေတာမျိုးဟာ လူတော်တော်များများမှာ ဖြစ်တတ်တာမို့ အရမ်းကြီးစိုးရိမ်နေဖို့ မလိုပါဘူးနော်။ အပေါ်မှာပြောခဲ့သလိုဘဲ မတ်တပ်ထတော့မယ်ဆို ဖြည်းဖြည်းချင်း သတိထားပြီးရပ်တာ၊ နေ့စဥ်ရေများများသောက်ပေးတာ၊ သွေးအားနည်းတတ်တယ်ဆိုရင် သံဓါတ်အားဆေးပုံမှန်သောက်ပေးတာစတာမျိုးတွေကိုတော့ လိုက်နာပြုလုပ်ပေးသင့်ပါတယ်နော်။
02/11/2022
Content by
https://m.facebook.com/story.php?story_fbid=121048414119429&id=100086428127621
ထမင်းစားခြင်းက တကယ်ဘဲကျန်းမာရေးနဲ့ညီညွတ်စေရဲ့လား?
ကျွန်တော်ကတော့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ထမင်းကိုအင်မတန်မှ နှစ်သက်ပါတယ်။
မုန့်ဟင်းခါး၊ အသုပ်တွေစားလည်း ထမင်းနဲ့မှ၊ မာလာရှမ်းကောဆိုလည်း ထမင်းပါမှ၊ ခေါက်ဆွဲပြုတ်တွေဆိုလည်း ထမင်းနဲ့တွဲစားလိုက်ရမှ ဗိုက်ဝသလို ခံစားရပါတယ်။ ဒါတင်မကသေး ထမင်းကို သရက်သီးလေးနဲ့ပါ တွဲစားမိပါသေးတယ်။
ကျွန်တော်ငယ်ငယ်က စားသောက်ဆိုင်တစ်ဆိုင်မှာ နိုင်ငံခြားသားတစ်ယောက်က ထမင်းပန်းကန်ကို အလယ်မှာထား၊ ဟင်းပန်းကန်ကို သူ့ရှေ့မှာထားပြီး အသားနဲ့အသီးအရွက်တွေပါတဲ့ဟင်းထဲထမင်းနည်းနည်းစီ ထည့်စားနေတာမြင်တော့ ထူးဆန်းတယ်ဆိုပြီး ရယ်မိပါသေးတယ်။
အခုချိန် တကယ်တမ်းပြန်တွေးကြည့်တဲ့အခါ သူစားတဲ့ပုံစံက ကျန်းမာရေးအတွက် ပိုမိုသင့်လျော်နေတယ်ဆိုတာကို သဘောပေါက်လာပါတယ်။
ကျွန်တော်တို့နေ့စဥ်မပါမဖြစ်စားသုံးနေတဲ့ ထမင်းဟာ တကယ်ဘဲ ကျန်းမာရေးအတွက်ကောင်းကျိုးများစေရဲ့လားဆိုတာကို ပြန်ပြီးစဥ်းစားစရာဖြစ်လာပါပြီ။
ကျွန်တော်တို့လူမျိုးတွေဟာ အစာစားတဲ့အခါ ထမင်းများများနဲ့ ဟင်းနည်းနည်းသာ ထည့်စားလေ့ရှိကြပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အာဟာရပြည့်ပြီးကျန်းမာစေဖို့မဟုတ်ဘဲ ဗိုက်ပြည့်စေဖို့အတွက်သာ အဓိကထားသလို ဖြစ်နေပါတယ်။
ထမင်းစားခြင်းက အာဟာရလုံးဝမဖြစ်စေတာတော့ မဟုတ်ပါဘူး။ မချက်ရသေးတဲ့ ဆန်စပါးထဲမှာဆိုရင် အင်အားဖြစ်စေတဲ့ ကာဗိုဟိုက်ဒရိတ် အပြင် ပရိုတင်းဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင် B1၊ B2၊ B6၊ သံဓါတ်၊ ဖောလစ်အက်စစ်၊ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် စတဲ့ဓါတ်တွေလည်း အနည်းငယ်စီပါဝင်နေပါသေးတယ်။
သို့ပေမယ့် မချက်ခင် ဆန်ကိုပွတ်ဆေးလိုက်တဲ့အခါမှာ ဆန်ရဲ့အပေါ်ယံအခွံလေးတွေပါ ပါကုန်တာကြောင့် ဗီတာမင် B1 တွေ ဆုံးရှုံးသွားတတ်ပါတယ်။ ထို့အတူ အခြားသော အာဟာရဓါတ်တွေဟာလည်း စပါးကိုအခွံချိန်၊ ဆန်ဆေးချိန် နဲ့ ထမင်းချက်ချိန်အတွင်းမှာ ဆုံးရှုံးသွားလေ့ရှိပါတယ်။
ထမင်းစားတဲ့အခါ ကျွန်တော်တို့အတွက် အဓိကရရှိစေမှာကတော့ ကာဗိုဟိုက်ဒရိတ် (သကြားဓါတ်)ဘဲ ဖြစ်ပါတယ်။ နေ့စဥ်သင့်တင့်တဲ့ပမာဏဘဲ စားမယ်ဆိုရင် ပြဿနာမရှိပေမယ့် ထမင်းများများစားတတ်သူတွေမှာတော့ ဆီးချိုရောဂါ ဖြစ်ပေါ်လာနိုင်ခြေ မြင့်မားလာစေနိုင်ပါတယ်။
ဆီးချိုရောဂါသာမက သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ သွေးတွင်းအဆီများခြင်း စတဲ့ရောဂါပြဿနာတွေ ဖြစ်ပေါ်လာနိုင်ခြေလည်း မြင့်မားလာစေပါတယ်။
ဒါကြောင့် ဆီးချိုရောဂါရှိသူတွေမှာဆိုရင် ထမင်းကို အတတ်နိုင်ဆုံးလျှော့စားပေးရတာဖြစ်ပါတယ်။
ထမင်းမှာ သကြားဓါတ်နဲ့ ကယ်လိုရီများစွာပါဝင်နေတာကြောင့် ကိုယ်အလေးချိန်လျှော့ချလိုသူတွေ၊ အဆီကျလိုသူတွေအနေနဲ့ ထမင်းကို အနည်းငယ်သာစားသင့်ပြီး အသားနဲ့အရွက်တို့ကို များများစားပေးသင့်ပါတယ်။
လူသိနည်းတဲ့အချက်တစ်ချက်ကတော့ ဆန်ထဲမှာ အန္တရာယ်ရှိစေနိုင်တဲ့ အာဆင်းနစ် (Arsenic) ဓါတ်တွေ ပါဝင်နေနိုင်တာဖြစ်ပါတယ်။
▪︎ဘာကြောင့် ဆန်ထဲမှာ arsenic တွေ ပါနေရသလဲ?
Arsenic ဟာ များသောအားဖြင့် မြေကြီး၊ ရေနဲ့ ကျောက်ဆောင်တွေမှာ ရှိတတ်ပြီး တစ်နေရာနဲ့ တစ်နေရာတော့ ပမာဏကွာခြားမှုရှိနိုင်ပါတယ်။
စိုက်ပျိုးထားတဲ့စပါးတွေဟာ မြေကြီးထဲမှ Arsenic ဓါတ်တွေ စုပ်ယူနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေမှာလည်း Arsenic တွေ ပါဝင်နေနိုင်ပါတယ်။
Arsenic အနည်းငယ်စီပါဝင်နေတဲ့ ဆန်စပါးတွေကို ချက်စားတာ နှစ်တွေကြာလာတဲ့အခါမှာတော့ ကျွန်တော်တို့အတွက် ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားလာခြင်း၊ သွေးကြောကျဥ်း၊ သွေးကြောပိတ်ရောဂါတွေ ဖြစ်လာနိုင်ခြင်း၊ ကလေးတွေမှာဆိုရင် ဦးနှောက်မှတ်ဥာဏ်ကို ထိခိုက်စေနိုင်ခြင်း၊ အာရုံစူးစိုက်မှု မကောင်းတော့ခြင်း စတဲ့ဆိုးကျိုးအန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။
ဘယ်လိုဆိုကျိုးတွေဘဲရှိနေပါစေ ကျွန်တော်တို့ဟာ တစ်သက်လုံးအဓိကအစားအစာအဖြစ် စားသုံးလာခဲ့တဲ့ထမင်းကို စွန့်လွှတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။
တကယ်တော့ ထမင်းကအန္တရာယ်ရှိတာကြောင့် ထမင်းလုံးဝမစားတော့ဘူးဆိုပြီး နေဖို့လည်းမလိုအပ်ပါဘူး။ ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်စေမယ့် စားသောက်ပုံစနစ်ကိုတော့ ပြောင်းလဲကျင့်သုံးရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ နေ့စဥ်အစာအုပ်စု ၃အုပ်စုကိုတော့ ညီညွတ်မျှတစွာ စားသုံးပေးရမှာဖြစ်ပါတယ်။
ဗိုက်ပြည့်ရုံတင်မဟုတ် အာဟာရစုံလင်ပြီး ကျန်းမာစေဖို့ နေ့စဥ်နေ့တိုင်း ထမင်းအများကြီး၊ ဟင်းနည်းနည်းနဲ့စားနေမယ့်အစား ထမင်းကိုအနည်းငယ်သာစားပြီး အသား၊ ငါး၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်တို့ကို များများထည့်စားပေးကြရပါမယ်နော်။
Content written by
https://fb.watch/gwK-_RtSoO/
Click here to claim your Sponsored Listing.
Category
Website
Address
Yangon