MHK
08/08/2021
ယုံကြည်ချက်မှသည် အောင်မြင်ခြင်းဆီသို့
မင်္ဂလာပါခင်ဗျ ယုံကြည်ချက်မှ သည် အောင်မြင်ခြင်းဆီသို့ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျ။
ကျွန်တော်တို့ပြန်ဆုံကြပြန်ပါပီ။ အစစအရာရာဂရုစိုက်နေထိုင်ကြပြီး မိမိရဲ့ကျန်းမာရေးကိုလဲအထူးဂရုစိုက်ကြပါလို့ သတိပေးရင်း ဒီတစ်ပတ်မှာ ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကို ကိုယ်တိုင်တည်ဆောက်ပြီး ယုံကြည်မှုတိုးပွားလာနိုင်တဲ့အပေါ်ဘယ်လိုအကျိုးသက်ရောက်လဲဆိုတာဆွေးနွေးသွားပါမယ်။ လူတိုင်းက တခြားလူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီး ဆုံးဖြတ်လေ့ရှိပါတယ်။
"တောင်းမှာအကွပ် လူမှာအဝတ်" ဆိုတဲ့ဆိုရိုးစကားအတိုင်း လူတစ်ယောက်ရဲ့ဝတ်စားဆင်ယင်ပုံက တခြားလူတစ်ယောက်ကနေပြီး ကိုယ့်အပေါ်ကို အမျိုးမျိုးရှုမြင်သုံးသပ်ပြီး မှတ်ချက်ပြုသွားနိုင်ပါတယ်။ ယုံကြည်မှုတိုးတက်ဖို့ ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကိုတည်ဆောက်ရာမှာ ပထမဆုံးအနေနဲ့ "Dress Smart" စမတ်ကျကျဝတ်စားဆင်ယင်ဖို့ရာပဲဖြစ်ပါတယ်။ စမတ်ကျကျဝတ်စားဆင်ယင်ရမည်ဟုဆိုရာမှာ အငြင်းပွားဖွယ်ရာများရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ဝတ်စားဆင်ယင်မှု၊ အခြေအနေနဲ့လိုက်လျောညီထွေတဲ့ဝတ်စားဆင်ယင်မှု၊ ပတ်ဝန်းကျင်အနေအထားနဲ့ ကိုက်ညီတဲ့ဝတ်စားဆင်ယင်မှု၊အကြောင်းအရာအဖြစ်အပျက်နဲ့ သင့်လျော်မှန်ကန်တဲ့ဝတ်စားဆင်ယင်မှုသည်သာလျှင် စမတ်ကျတဲ့ဝတ်စားဆင်ယင်မှုဖြစ်နိုင်ပေလိမ့်မည်။
ဥပမာ - အလုပ်ရရှိဖို့ဖို့ရာ အင်တာဗျုးသွားရောက်ဖြေဆိုသည့်အပေါ်မှာပင် မတူညီနိုင်ပါဘူး။ အလုပ်၏အနေအထား၊ ကုမ္ပဏီ၏ အခြေအနေပေါ်မူတည်ပြီး ဝတ်ဆင်သင့်ပါသည်။ ဒါကြောင့် ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုသည်ကိုယ်ပိုင်ဟန်သာရှိသင့်ပြီး အခြေအနေနှင့်အချိန်အခါပေါ်လိုက်၍ စမတ်ကျကျဝတ်ဆင်သင့်ပါသည်။
ဒုတိယအချက်က ရှေ့များမှာ တင်ပြဆွေးနွေးထားခဲ့တဲ့ စကားပြောဆိုမှု ဖြစ်ပေမယ့်လည်း ပုံပန်းသွင်ပြင်တည်ဆောက်ရာမှာ ထပ်မံတင်ပြ၍ဖြည့်စွက်သင့်သည်ဟု ယူဆပါသောကြောင့် ထပ်မံဆွေးနွေးပါမည်။ စကားပြောဆိုရာတွင် ပြုံး၍ရှင်းရှင်းလင်းလင်းပြောဆိုပါ။ လိုတာထက်ပို၍ပြုံးနေခြင်းမျိုး၊ မလိုအပ်ပဲရုပ်တည်နေတာ၊ စကားပြောမရှင်းမလင်းဖြစ်တာတွေက ကိုယ့်ရဲ့ Imageလို့ခေါ်တဲ့ ပုံပန်းသွင်ပြင်ကိုထိခိုက်နိုင်ပါတယ်။ မည်သို့ပင် စမတ်ကျနေအောင်ဝတ်စားဆင်ယင်နေပါစေ တစ်ဖက်သားစိတ်ပါဝင်စားပြီး အချက်ကျကျ ရှင်းရှင်းလင်းလင်း မပြောဆိုနိုင်ပါက အသုံးဝင်မည်မဟုတ်ပေ။
နောက်တစ်ချက်က ချီးမွမ်းစကားများကို လက်ခံ၍ ကျေးဇူးတင်ခြင်းကိုဖော်ပြပါ။ တစ်ဖက်သားက ကိုယ့်အပေါ်ကို ချီးမွမ်းစကားဆိုလာခဲ့ပါက ဂုဏ်ရှိန်မတက် မရှက်မကြောက်ဘဲ လက်ခံသင့်ပါသည်။ အနည်းဆုံး "ဟုတ်ကဲ့" ဟုပြောဆိုကာ တပြိုင်နက်တည်း ကျေးဇူးတင်စကားကို အသေအချာပြောသင့်ပေသည်။ ဒါမှသာလျှင်ယုံကြည်မှုရှိတဲ့ လူကြီးလူကောင်းဖြစ်ပေလိမ့်မည်။ ထို့အတူပဲ မိမိဖက်ကလဲ ချီးမွမ်းစကားဆိုသင့်ပါက မဆုတ်မနစ်ပြောဆိုသင့်ပေသည်။ ကျေးဇူးတင်ထိုက်သည့်ကိစ္စများကိုလည်း ထိုက်တန်စွာ ကျေးဇူးတင်စကားဆိုသင့်ပေသည်။
စတုတ္ထအချက်ဖြစ်တဲ့ "Take big steps" ဟုဆိုရာဝယ် မိမိပြုလုပ်ရန် ဆောင်ရွက်ရန် ပြောဆိုထားသည့်ကိစ္စများကို ဖြစ်မြောက်အောင်မြင်အောင် ကြိုးစားလုပ်ဆောင်သင့်ပေသည်။ အပြောသာရှိပြီး လက်တွေ့မဖြစ်မြောက်သောသူကို အဘယ်သူများကယုံကြည်မည်နည်း။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိမှ အခြားသူများကလဲ မိမိအပေါ်ယုံကြည်လာမှာဖြစ်သောကြောင့် ကိုယ်တိုင်နှုတ်ကနေပြောဆိုထားသည့်ကိစ္စဖြစ်စေ၊ စိတ်ထဲတွင်ချမှတ်ထားသည့်ရည်မှန်းချက်များဖြစ်စေ အောင်မြင်အောင်ကြိုးစားလုပ်ဆောင်ဖို့ရာအရေးကြီးလှပေသည်။
နောက်ဆုံး အရေးကြီးအချက်ဖြစ်တဲ့ မိမိကိုယ်ကို ဂရုစိုက်ဖို့ရာဖြစ်ပါတယ်။ အပေါ်မှာတင်ပြဆွေးနွေးခဲ့တဲ့ အချက်လေးချက်ကို အတိအကျလုပ်ဆောင်ကြဖို့အတွက် အမြဲတမ်း စိတ်အားထက်သန်မှုရှိရမှာပဲဖြစ်ပါတယ်။ တစ်ချက်ချင်းစီကိုအောင်မြင်အောင်လုပ်ဆောင်နိုင်ပါက အားလုံးသောအချက်အလက်များကိုအောင်မြင်မည်ဖြစ်သည့်အတွက် နောက်ဆုံးအဆင့်ကိုရောက်အောင်ကြိုးစားပြီး မိမိကိုယ်ကို ပြန်သုံးသပ်နိုင်ဖို့အတွက် ယခုနောက်ဆုံးအချက်ကအရေးကြီးဆုံးဖြစ်ပေသည်။ ဒါကြောင့်မို့လို့ မိမိကိုယ်ကို တစ်ချက်ချင်းစီကို ဂရုပြု ကြိုးစားအားထုတ်ရင်း မိမိသည်သာလျှင်မိမိရဲ့အားကိုးရာဖြစ်သောကြောင့် မိမိရဲ့ပုံပန်းသွင်ပြင်ကို မိမိရဲ့ ကိုယ်ပိုင်ဟန်သာဖြင့်သာတည်ဆောက်၍ ယုံကြည်မှုများတိုးတက်ပြီး အောင်မြင်မှုများရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက် နိဂုံးချုပ်ပါရစေ။
နောက်တစ်ပတ်မှာလဲ ယုံကြည်မှုတည်ဆောက်ရာမှာ အရေးကြီးတဲ့ စတုတ္ထအချက်ဖြစ်တဲ့ မိမိကိုယ်ကို အကောင်းမြင်စိတ်ထားရှိဖို့ရာ ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။
ယခုလို Self Confidence အကြောင်းအရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။
အောင်မြင်တိုးတက်ကြပါစေ။
MHK Team
01/08/2021
ယုံကြည်ချက်မှသည် အောင်မြင်ခြင်းဆီသို့
မင်္ဂလာပါခင်ဗျ ယုံကြည်ချက်မှ သည် အောင်မြင်ခြင်းဆီသို့ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျ။
စာဖတ်ပရိတ်သတ်များအားလုံး ကျန်းမာရေးကိုအထူးဂရုစိုက်ကြပြီး ကိုယ့်အနီးနားက သူငယ်ချင်း မိတ်ဆွေ မိသားစု အပေါင်းအသင်းများကိုလဲ ထပ်တိုးဂရုစိုက်ကြပါဗျ။ အခု စကားပြောဆိုဆက်သွယ်တဲ့အခါ အောင်မြင်မှုရှိဖို့ အရမ်းကိုအရေးကြီးတဲ့ စကားလုံးအသုံးအနှုန်းကိုဘယ်လို ပြောဆိုကြမလဲဆိုတာကို တင်ပြပေးပါမယ်။ ပြောပြချင်တဲ့အကြောင်းအရာ၊ ဆွေးနွေချင်တဲ့အကြောင်းအရာ၊ တင်ပြချင်တဲ့အကြောင်းအရာ၊ တောင်းဆိုဖို့ဖြစ်စေ၊ အကူအညီတောင်းဖို့ဖြစ်စေ ကိုယ်အသုံးပြုလိုက်တဲ့စကားလုံးအသုံးအနှုန်းကနေ အဓိပ္ပါယ်ကောက်လွဲပြီး နှစ်ဦးနှစ်ဖက် အထင်အမြင်လွဲစရာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ကဘယ်အကြောင်းအရာကိုဦးတည်ပြီးပြောမှာလဲ၊ ဘယ်သူ့ကိုဦးတည်ပြောမှာလဲ၊ ဘယ်အဖွဲ့အစည်းကိုဦးတည်ပြောဆိုမှာလဲဆိုတာကို သေချာသိရှိမှသာလျှင် သင့်လျော်မှန်ကန်အသုံးဝင်တဲ့ စကားလုံးများနှင့်သာပြောဆိုဆက်သွယ်နိုင်ပေလိမ့်မည်။ ကိုယ်ကဘယ်စကားကို အသားပေးပြောဆိုသင့်သလဲ၊ အသားပေးပြောဆိုဖို့ ဘယ်လိုလေးနက်တဲ့အသုံးအနှုန်းမျိုးကိုသုံးသင့်သလဲဆိုတာ သိရှိရပါမယ်။ ကိုယ့်ရဲ့အထက်လူကြီးနဲ့ပြောဆိုတဲ့အခါမည်သို့မည်ပုံပြောဆိုသင့်တယ်၊ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပြောဆိုတဲ့အခါ ဘယ်လိုပြောသင့်သလဲ၊ ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်းများနဲ့ ပြောဆိုသင့်ပုံတွေက တစ်နေရာနှင့်တစ်နေရာ မတူညီဘဲ သိသိသာသာကွဲပြားခြားနားသလို သူ့နေရာနှင့်သူ စကားလုံးကိုအသုံးမပြုတတ်ပါက ကိုယ့်ရဲ့လိုရာပန်းတိုင်ဖြစ်တဲ့ ပြောဆိုဆက်သွယ်မှုအောင်မြင်ဖို့ရာ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ဒ့ါအပြင် ကိုယ်ပြောဆိုဆက်သွယ်တော့မည့် သူက မည်သို့သောကိစ္စရပ်များကိုစိတ်ဝင်စားသလဲဆိုတာကိုလဲ အနည်းငယ်စုံစမ်းပြီး ထိုကိစ္စများပြောဆို၍ ချဉ်းကပ်ပါက ပြောဆိုဆက်သွယ်ရာမှာအောင်မြင်ဖို့ရာ သေချာသည့်အတိုင်းအတာရှိနိုင်ပါလိမ့်မည်။ ဒါ့ကြောင့် ကျွန်တော်တို့တွေကလဲ ကိုယ့်ရဲ့အားလပ်ချိန်များမှာ အထွေထွေဗဟုသုတများ၊ ကိုယ့်ရဲ့အထွေထွေအတွေ့အကြုံများကို လေ့လာဆန်းစစ်နေသင့်ပေသည်။ နောက်ထပ် စကားပြောဆိုတဲ့အခါ စကားအဖြတ်အတောက်သည်လည်းပဲ အရေးကြီးပေသည်။ တောက်လျှောက်မနားတမ်းပြောဆိုနေမည်ဆိုပါက တစ်ဖက်သူရဲ့ ထင်မြင်ယူဆချက်သဘောတရားကို အဘယ်မှာသိနိုင်မည်နည်း။ စကားပြောဆိုသည်မှာ အပြန်အလှန် ညှိနှိုင်းခြင်း၊ ဆွေးနွေးအဖြေရှာခြင်း၊ သဘောတူညီချက်ရယူခြင်း၊ ဗဟုသုတများမျှဝေခြင်း ဖြစ်မှသာလျှင်အကျိုးရှိသောစကားဝိုင်းတစ်ခုဖြစ်ပေမည်။ စကားပြောဆိုခြင်းသည် ကိုယ်ရဲ့မူပိုင်ဟန်သာဖြစ်သင့်သည့်အတွက် ကျွန်တော်တို့က မည်သို့မည်ပုံပြောဆိုသင့်သည်ဟု အကြံပြုချက်မပေးဘဲ ကိုယ့်ရဲ့ စကားအသုံးအနှုန်းကို မိမိကိုယ်တိုင်ပုံဖော်ဖန်တီးဖို့ရာ တိုက်
တွန်းလျှက် အောင်မြင်သောပြောဆိုဆက်သွယ်မှုများပိုင်ဆိုင်နိုင်ကြပါစေ။
နောက်တစ်ပတ်မှာလဲ ယုံကြည်မှုတည်ဆောက်ရာမှာ အရေးကြီးတဲ့ တတိယအချက်ဖြစ်တဲ့ ကိုယ့်ရဲ့ကိုယ်အမူအရာနဲ့ ပုံပန်းသွင်ပြင်ကို တည်ဆောင်ဖို့ အတွက်ကျန်ရှိနေသေးတဲ့ အချက်များကို ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။
ယခုလို Self Confidence အကြောင်းအရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။
အောင်မြင်တိုးတက်ကြပါစေ။
MHK Team
Click here to claim your Sponsored Listing.
Category
Website
Address
Yangon