Amanda Zin
I am available to give a variety of workshops to corporations, clients of services teams, women’s groups, and associations.
20/03/2026
ပျော်ပါရဲ့လား မိတ်ဆွေ....
#တကယ့် ပျော်ရွှင်မှုရင်းမြစ်က ကိုယ့်ဆီမှာ ရှိပါတယ်....
စိတ်အေးချမ်းနေတဲ့အခါ အတွေးအမြင်တွေ အပြုသဘောဖြစ်နေတဲ့အခါ
ကိုယ့်အတွေးတွေကြောင့် တကယ်ပျော်နေနိုင်ပါတယ်....
စစ်မှန်တဲ့ပျော်ရွှင်မှုလိုချင်ရင် ဗုဒ္ဓမြတ်စွာ ဟောကြားထားသလို
စိတ်ကိုယဉ်ပါးအောင် လေ့ကျင့်ဖို့လိုပါတယ် ....
လူ့သဘောက ရချင်တာဖြစ်ချင်တာတွေ ပိုင်ဆိုင်ရရင် ပျော်ကြတယ်....
ဒါပေမယ့် အရာရာ မမြဲတဲ့သဘောမို့
#အပြောင်းအလဲနဲ့ ကြုံရတဲ့အခါ မခံစားနိုင်ကြဘူး...
"လူတွေက ဆင်းရဲဒုက္ခကို ရှောင်ရှားချင်ပေမယ့်လည်း
အဲ့ဒီ ဆင်းရဲဒုက္ခထဲကို တိုးဝင်ကြတယ်....
ပျော်ရွှင်မှု ကိုရချင်ပေမယ့်လည်း မသိမှုကြောင့်
ကိုယ့်ကိုယ်ပိုင် ပျော်ရွှင်မှုကိုတောင် ရန်သူလို ဖျက်ဆီးပစ်ကြတယ်"တဲ့
အိန္ဒိယဆရာတော်ကြီးတစ်ပါးရေးတဲ့ ဆောင်းပါးမှာ ဖတ်ဖူးတယ်....
တကယ်တော့ ကျမတို့အားလုံးက ပျော်ရွှင်မှုကို အရမ်းလိုချင်ပေမယ့်
သူ့ရင်းမြစ်အကြောင်းကို မသိနားမလည်ကြဘူး...
ဒါ့ကြောင့် ကိုယ်တိုင် ပိုပြီးပျော်ရွှင်အောင် ဖန်တီးမယ့်အစား
နောက်ထပ် မပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကိုသာ ဖန်တီးမိတတ်တယ်...
#တကယ်တော့ ပျော်ရွှင်မှုဆိုတာ ခံစားချက်တစ်ခုပါပဲ...
“ခံစားချက်”ဆိုတာ ကျယ်ပြန့်တဲ့ စိတ်ရဲ့အစိတ်အပိုင်းတစ်ခုပါ...
အလုံးစုံ ပျော်ရွှင်မှုမှ အလုံးစုံ မပျော်ရွှင်မှုအထိ အဆင့်ဆင့် ခံစားလို့ရတယ်...
ပျော်ရွှင်မှု၊ မပျော်ရွှင်မှု ခံစားချက်တွေက အာရုံငါးပါး သိစိတ်တွေနဲ့
#ဘဝရ့အခိုက်အတန့်ခဏတိုင်းမှာ ဖြစ်ပေါ် ပြောင်းလဲ ပျက်ယွင်းနေတာမလား ...
မြင်သာတဲ့ ဥပမာပုံလေး
ကျမနဲ့အတူ တွေးကြည့်ရအောင်...
#အရမ်းအသံသာပြီး တေးဆိုတတ်တဲ့ငှက်ကလေး
ကျမတို့အခန်းရဲ့ ပြတင်းပေါက်မှာ လာနားတယ်ပေါ့....
အသံလေးက သာလိုက်တာ... နားထောင်လို့ကို မဝဘူး....
ဒါပေမယ့် မိတ်ဆွေက နားထောင်နေရင်း
ဒီငှက်ရဲ့ အသံလေး နှစ်သက်လိုက်တာ...
သူပျံသွားရင် သူ့တေးသံ ငါ မကြားရတော့ဘူး...
ငါ ဘယ်လို လုပ်ရပါ့... သူ ပြန်လာအောင် ဘာလုပ်ရမလဲ....
သူ့ကိုဖမ်းထားရမလား စတဲ့ စိုးရိမ်စိတ်တွေ ကြောင့်ကြမှုတွေကြောင့်
ငှက်လေး တေးဆိုတာသာ ပြီးသွားတယ် သေချာ မခံစားလိုက်ရဘူး....
အဲ့ဒီချိန် ငှက်လေးလည်း ပျံပြေးသွားရော
နောင်တတွေ ဝမ်းနည်းမှုတွေနဲ့ ကျန်ခဲ့တယ်....
ပြန်တွေးရအောင်လည်း သူ တေးဆိုချိန်မှာ အာရုံများနေတော့
ကိုယ့်မှတ်ဉာဏ်ထဲမှာ ငှက်လေးရဲ့တေးသံ မကျန်ခဲ့ပြန်ဘူး....
ကဲ...နောက်တခေါက် ပြန်တွေးကြည့်ကြရအောင်...
ကျမတို့အခန်းပြတင်းပေါက်မှာ ငှက်လေး လာနားနေပြီနော်...
သူ တေးဆိုတော့မယ်....
အဲ့ခဏလေးမှာ သူ့တေးသံလေးကိုပဲ အာရုံစိုက် နားထောင်နေတယ်....
#သူ ပြန်လာဖို့ သူ့ကို ထိန်းချုပ်ဖို့ အပိုင်သိမ်းဖို့ ဘာမှ တွေးမနေဘူး...
ငှက်လေးတော့ တေးဆိုပြီး အဝေးကို ပျံသွားပြီ...
ကြည်လင်နေတဲ့ ကျမတို့အာရုံထဲမှာ
သူ့တေးသံလေး ကျန်နေခဲ့တယ်....
သူ မလာတဲ့နေ့ရက်တွေ အချိန်တွေမှာ
အဲ့ဒီတေးသံလေးကို ပြန်တွေးပြီး ခံစားနိုင်တယ်....
တကယ်တော့လည်း ငှက်လေးက မကြာမကြာ လာနေဉီးမှာပါ....
#သူလာတဲ့အချိန်သာ ကျမတို့ မှန်ကန်တဲ့အတွေးနဲ့ လက်ခံဖို့လိုတာပါ...
#ပျော်ရွှင်မှုကို ခံစားတာလည်း ဒီလိုပါပဲ....
ရုပ်ဝတ္ထုဖြစ်ဖြစ် လူတစ်ဉီးအပေါဖြစ်ဖြစ် စိတ်ထဲရောက်လာရင်
နှစ်သက်တယ်ဆိုတဲ့ ခံစားချက်ဖြစ်လာတယ်...
အဲ့ခံစားချက်ကို ထပ်ကာ ထပ်ကာ လိုချင်တယ်...
ပိုင်ဆိုင်ထားရတာ ပျော်သလိုဖြစ်တယ် ကျေနပ်တယ်...
ပျောက်ဆုံးသွားမှာ ကြောက်တယ်...
ဒီအတိုင်းပဲ စီးပွားရေးမှာ အောင်မြင်နေသူဆိုရင်
အဲ့အောင်မြင်တဲ့အပေါ်မှာ ကျေနပ်တယ် ပျော်တယ်...
တပြိုင်တည်း အဲ့ဒီအောင်မြင်မှု ပျောက်ဆုံးမှာ လျော့သွားမှာ မလိုလားဘူး...
စိုးရိမ်စိတ် ကြောက်စိတ်တွေ ဖြစ်တယ်....
တကယ်တော့ ပျော်ရွှင်ရတဲ့အချိန်မှာ
#စိတ်တည်ငြိမ်မှုနဲ့ ခံစားနိုင်ဖို့ သတိထားရပါမယ်....
ဘဝအလှည့်အပြောင်းကြုံလို့ မပျော်ရတဲ့အခါလည်း ရင်ဆိုင်လာနိုင်မယ်...
ကိုယ်ပျော်ရွှင်ဖူးတာကို ပြန်တွေး ခံစားနိုင်မယ်...
ကိုယ်ကျော်ဖြတ်ခဲ့တာတွေကို ပြန်တွေးပြီး အားယူနိုင်မယ်...
ဘယ်လိုအခက်အခဲကို ရင်ဆိုင်ရပစေ
ခွန်အားသတ္တိ ဖြစ်လာတဲ့ပျော်ရွှင်မှုကို ခံစားရပါတယ်...
#အချိန်တန်ရင် ငှက်လေးလိုပဲ
ပျော်ရွှင်မှုက တကျော့ ပြန်လာဉီးမှာ....
ခဏတိုင်းကြုံတွေ့နေရမယ့် ပျော်ရွှင်မှုတွေကို ပြန်ရလာတိုင်း
#လက်မလွှတ်တမ်း တကယ်ပျော်နိုင်ဖို့ မမေ့နဲ့နော်...
“𝑺𝒐𝒎𝒆𝒕𝒊𝒎𝒆𝒔, 𝒉𝒂𝒑𝒑𝒊𝒏𝒆𝒔𝒔 𝒊𝒔 𝒋𝒖𝒔𝒕 𝒂 𝒑𝒂𝒔𝒔𝒊𝒏𝒈 𝒎𝒐𝒎𝒆𝒏𝒕,
𝑳𝒆𝒕 𝒊𝒕 𝒄𝒐𝒎𝒆, 𝒍𝒆𝒕 𝒊𝒕 𝒈𝒐… 𝒂𝒏𝒅 𝒇𝒆𝒆𝒍 𝒊𝒕 𝒇𝒖𝒍𝒍𝒚.”
𝑨𝒎𝒂𝒏𝒅𝒂
March 2026
#ဒီနေ့အတွေး
17/03/2026
ညီမလေး ....
#တစ်စုံတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ ဆုံးရှုံးလိုက်ရတာဟာ
စိတ်ဒဏ်ရာတစ်ခုပါပဲ...
#နှုတ်ဆက်ခွင့်မရဘဲ လမ်းခွဲလိုက်ရတဲ့အခါ
ကျွန်မတို့ရဲ့ ဦးနှောက်က "ဘာကြောင့်လဲ"ဆိုတဲ့မေးခွန်းကို အဖြေရှာရင်း
အဲ့ဒီလူဆီမှာပဲ အတွေးတွေ စိတ်ခံစားမှုတွေ ပိတ်မိနေတတ်ပါတယ်...
ညီမကိုပြောပြချင်တာက "ချစ်နေရုံသက်သက်ကတော့ မမှားပါဘူး"...
ဒါပေမဲ့ ညီမ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာက
"ဒီအချစ်က ကိုယ့်ကိုပျော်ရွှင်စေလား ဒါမှမဟုတ် နာကျင်စေလား"ဆိုတာပါပဲ ...
တကယ်တော့
#အဖြေမရှိတာဟာ အဖြေတစ်ခုပါပဲ...
"𝑵𝒐 𝑹𝒆𝒔𝒑𝒐𝒏𝒔𝒆 𝒊𝒔 𝒂 𝑹𝒆𝒔𝒑𝒐𝒏𝒔𝒆"...
လွန်ခဲ့တဲ့နှစ်တွေက သူ ဘာကြောင့်ထွက်သွားလဲဆိုတာကို ရှာဖွေနေမယ့်အစား
"သူဟာ ညီမဘဝထဲကနေ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့သူ" ဆိုတဲ့အချက်ကိုပဲ
အမှန်တရားအဖြစ် လက်ခံကြည့်ပါ...
သူ မရှိတော့တဲ့ ၇နှစ်တာ ကာလကို ကြည့်ပြီး
"ငါ့ဘဝက သူမပါဘဲလည်း ရှေ့ဆက်နေတာပဲ" ဆိုတာကို မြင်ရမယ်...
သူ့ကိုချစ်တဲ့စိတ်ကို အတင်းပြောင်းလဲပစ်စရာမလိုပေမယ့် အဲ့ဒီစိတ်ထဲမှာပဲ နစ်မနေပါနဲ့...
#ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ပါ ...
ညီမက သူ့ကို ပိုင်ဆိုင်လိုစိတ်မရှိဘဲ ချစ်နေတာ ကောင်းပါတယ်...
ဒါပေမယ့် လူတစ်ယောက်ကို စောင့်နေရတာဟာ
ဘဝရဲ့အစိတ်အပိုင်းတစ်ခုပဲ ဖြစ်သင့်တယ်...ဘဝတစ်ခုလုံး မဖြစ်စေပါနဲ့ ...
"ငါကတော့ သူ့ကိုပဲ ချစ်တာ" ဆိုပြီး ကိုယ့်နှလုံးသားကို ပိတ်မထားပါနဲ့ ...
ကိုယ်တိုင်လည်း ပျော်ရွှင်ခွင့် ရှိပါတယ်....
ကိုယ့်ကို တန်ဖိုးထားမယ့်သူကို လက်ခံခွင့်လည်း ရှိပါတယ် ....
၇ နှစ်ဆိုတာ နည်းတဲ့အချိန်မဟုတ်ပါဘူး....
ညီမက ပိုကောင်းတဲ့ ပိုတန်ဖိုးထားတတ်တဲ့ မေတ္တာနဲ့ထိုက်တန်ပါတယ်...
#သူနဲ့ပတ်သက်လို့ တိုက်ဆိုင်မှုရှိလာတဲ့အခါ သတိတရ ရှိနိုင်ပါတယ်....
ပျော်စရာ အမှတ်တရတချို့ တွေးမိရင် အားပါးတရ ပြုံးရင်း
သူ့ကိုလည်း အဆင်ပြေ ကျန်းမာနေဖို့ မေတ္တာပို့ ဆုတောင်းပေးလိုက်ပါ...
#လူ့ဘဝသက်တမ်းမှာ အဖိုးတန်တဲ့အချိန်တွေကို
ဝမ်းနည်းမှုတွေနဲ့ပဲ ကုန်ဆုံးမသွားစေချင်ဘူး ...
လက်ရှိအချိန်မှာ အကောင်းဆုံး ရှင်သန်ကြည့်ပါ...
ညီမအတွက် ပိုကောင်းတဲ့နေ့ရက်တွေ ရောက်လာမယ်လို့ ယုံကြည်ပါတယ်...
မေတ္တာဖြင့်
𝑨𝒎𝒂𝒏𝒅𝒂
14/03/2026
#ကိုယ့်စိတ်ကို နှောင့်ယှက်နေတာ ဘယ်သူလဲ...?
တခါတရံ စိတ်မကြည်လင် အလိုမကျ
ပင်ပန်း နုံးချိနေတတ်တယ်...
ပတ်ဝန်းကျင်မှာ ဘာသံမှ မကြားချင်အောင်
ကိုယ့်ဖြစ်တည်မှုကို မလိုချင်တော့အောင် ခံစားမိတတ်ပါတယ်...
ဒီလို ကိုယ့်စိတ်ကိုနှောင့်ယှက်နေတာ ဘယ်သူလဲ...?
စဉ်းစားမိတာတွေ အများကြီး ရှိပါလိမ့်မယ်...
ကိုယ်အလေးထားတဲ့သူတစ်ယောက်က
ကိုယ့်အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်...
ကိုယ့်ယုံကြည်ချက် ကိုယ်တန်ဖိုးထားတာကို
ထိခိုက်စေမယ့် စကားတွေ ပြောခဲ့တယ်...
ဒါမှမဟုတ်
ကိုယ့်ဘဝကို နားလည်မပေးဘူး ...
ကိုယ့်ဖြစ်တည်မှုကို သဘောမကျဘူး ပြောခဲ့တယ်ဆိုရင် ...
#သူပြောတဲ့ စကားတွေကြောင့်
ကိုယ့်ကိုကိုယ် မေးခွန်းတွေထုတ်နေမိတယ်...
"သူပြောသလိုများ ကိုယ်က ဖြစ်နေလား?"
"သူ ကိုယ့်အပေါ် မကောင်းနိုင်တာ ကိုယ့်အပြစ်လား"
"ကိုယ့်မှာ လိုအပ်ချက်ရှိနေလို့လား?"....
အဲ့လို အတွေးတွေများလာပြီး
နောက်ဆုံး ကိုယ့်ကိုကိုယ် သံသယဝင်လာတယ်...
အဲ့ဒီစကားတွေ စိတ်ထဲ ထည့်ထားပြီး
ကိုယ့်ကိုကိုယ် အထင်သေး အားငယ်လာတယ်...
ကိုယ်က သူပစ်ချထားခဲ့တဲ့ နေရာမှာပဲ
ပြန်မရပ်တည်နိုင်တော့သလို
မျှော်လင့်ချက် ကင်းမဲ့လာတယ်...
ကိုယ့်ကိုကိုယ်လည်း နှစ်သိမ့်မပေးနိုင်ဘူး ...
#ကိုယ့်ရဲ့စိတ်ခွန်အားကို ဒီအတွေးတွေပေါ်မှာ ဖြုန်းမိရင်း
အကြိမ်ကြိမ် လဲပြိုနေမိတယ်...
ကိုယ့်ကိုကိုယ်လည်း ခွင့်မလွှတ်နိုင်ဘူး ...
လူတစ်ယောက် ဒါမှမဟုတ်
အကြောင်းအရာ အဖြစ်အပျက် တစ်ခုကို
အချိန်အတော်များများ ကိုယ့်စိတ်ထဲမှာ နေရာပေးလိုက်ပြီဆိုရင်
#အဲ့ဒီအရာက ကိုယ် ခွင့်ပြုပေးနေသရွေ့
ကိုယ့်အပေါ် လွှမ်းမိုးနေတော့မှာပါ...
တခါတလေ ကိုယ့်စိတ်ခံစားမှု အခြေအနေတွေကြောင့်
မတတ်သာလို့ စွန့်လွှတ်လိုက်ရတဲ့ ဆက်ဆံရေးတွေရှိနိုင်သလို
မဖြစ်သင့်မှန်းသိရက်နဲ့
ရှေ့ဆက်တိုးမိနေတဲ့ ဆက်ဆံရေးတွေလည်း
အများကြီး ရှိနိုင်ပါတယ်...
တကယ်တော့
တစ်ဖက်လူကို အတင်းဆွဲထားခဲ့တဲ့ relationship အတော်များများက
တကယ်ချစ်လို့ ဆိုတာထက်
ကိုယ့်ကို ချန်ရစ်ခဲ့တာ မကြိုက်လို့လည်း ဖြစ်နိုင်ပါတယ်...
အာရုံစိုက်ခံရတာ အလေးပေးခံရတာ ကြိုက်တဲ့သူတွေမှာ
အများဆုံး ဖြစ်တတ်ပါတယ်...
တကယ်တော့
#ကိုယ့်ရဲ့အသိဥာဏ်ကို စိတ်ခံစားမှုထက်
ပိုပြီးသန်မာနေအောင် လေ့ကျင့်ထားသင့်ပါတယ်...
အဲလိုမှမဟုတ်ရင်
ကိုယ့်စိတ်ကို ကိုယ်မပိုင်ပဲ
#အချိန်တိုင်း ကိုယ့်ကိုကိုယ် ဆုံးရှုံးနေရတတ်ပါတယ်...
ကိုယ့်ရဲ့ emotionတွေကို
ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အသိဥာဏ်နဲ့
management လုပ်နိုင်ဖို့က
#လူတိုင်းအတွက် အရေးပါတဲ့ အရည်အချင်းတစ်ခုပါပဲ...
စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် လေ့ကျင့်ယူတဲ့အခါမှာလည်း
အချိန်တစ်ခု လိုပါတယ် ...
#ကိုယ့်စိတ်က ကိုယ့်ကိုပြန်ပြီး အနှောင့်အယှက်မပေးနိုင်အောင်
တည်ငြိမ်မှုရှိဖို့ လက်ခံတတ်ဖို့ ကြိုးစားရမှာပါ...
ကိုယ့်စိတ်ကို ပိုနားလည်ချင်တယ်
ဆက်ဆံရေးပြဿနာတွေကို အတူတကွဖြေရှင်းချင်တယ်ဆိုရင်
Viber/Telegram မှ တဆင့်ဆက်သွယ်ပြီး counseling ရယူနိုင်ပါတယ်....
ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းကြပါစေရှင်...🤍
𝑨𝒎𝒂𝒏𝒅𝒂
March 2026
#ဒီနေ့အတွေး
04/03/2026
လွန်ခဲ့တဲ့ရက်ပိုင်းက
လမ်းထဲမှာ နာရေးတစ်ခုဖြစ်တယ်...
အဲ့နေ့မှာပဲ
မျက်နှာချင်းဆိုင်တိုက်က ညီမလေးတစ်ယောက်
မီးဖွားပြီး ဆေးရုံကဆင်းလာတယ်...
ကလေးအနှီးလေးအုပ်ပြီး ကားပေါ်ကဆင်းလာတာကြည့်နေမိတော့
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ
နာရေးအိမ်က dead bodyကို ကားပေါ်တင်နေတာ တွေ့ရတယ်...
ဘာရောဂါ၊ ဘာ့ကြောင့်ဆိုတဲ့ ခေါင်းစဥ်တွေ ကွဲလွဲကြပေမယ့်
သေဆုံးခြင်းဆိုတဲ့ ဘဝနိဂုံးကတော့ အတူတူပါပဲ...
#ဝင်ကစွပ်တွေလို အငှားခန္ဓာနဲ့ ခရီးသွားနေကြရတာမလား ....
#မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ကာလကို
"ရှင်သန်ခြင်း"လို့ သတ်မှတ်ကြတာပါ....
ခုလက်ရှိရထားတဲ့ လူ့ဘဝကို
ဘာအဓိပ္ပာယ်အတွက် ရှင်သန်နေရမှန်း မသိလောက်အောင်
အလဟဿကုန်ဆုံးပစ်ရင် လူဖြစ်ရကျိုးနပ်ပါ့မလား ...
လူဖြစ်ရတဲ့တစ်ဘဝ တခဏကို အကောင်းဆုံးအသုံးချနိုင်မှ
လူဖြစ်ရကျိုးနပ်မှာပါ...
#ကိုယ်ရှင်သန်နေတဲ့ ဘဝကို
အဓိပ္ပါယ်ရှိတယ်လို့ ခံစားနေရဖို့ လိုပါတယ် ....
ရှင်သန်နေရတဲ့ အဓိပ္ပါယ် ရှိမှ
ဘဝက အသက်ဝင်မှာပါ...
#ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့
အသက်ရှင်နေဖို့ အရေးကြီးပါတယ်....
အကောင်းအဆိုး အမှားအမှန် ကုသိုလ် အကုသိုလ်ကို မသိပဲ
#အသက်ရှင်နေလည်း ဘဝ သေနေသလို အချည်းနှီးပါပဲ.....
သိတော့သိတယ် သတိက မလိုက်နိုင်ဘူးဆိုရင်လည်း
အမှားတွေ ပြောမိလုပ်မိရင်း အပြစ်တွေများလာပြီး
ပြင်ဖို့ခက်လာရင် ကိုယ့်ဘက်က အရှုံးချည်းပါပဲ...
ကိုယ်ရထားတဲ့ လူ့ဘဝ အကျိုးရှိရှိ နေသွားနိုင်ဖို့က
စိတ်ရဲ့သဘာဝတွေကို သိနေရမှာပါ....
#စိတ်ရဲ့အရည်အသွေးကို ကောင်းမွန်အောင် လေ့ကျင့်နိုင်မှ ဖြစ်မှာပါ....
#ဘဝမှာ ကျေနပ်စရာအကောင်းဆုံးကတော့
အမှားအမှန်ကို ခွဲခြားနိုင်တဲ့ သိစိတ် ရှိနေတာပါပဲ...
အဲ့ဒီအသိဉာဏ်နဲ့ပဲ ကိုယ့်ဘဝကို အသက်ဝင်စေတာပါ...
𝑨𝒎𝒂𝒏𝒅𝒂
March 2026
#ဒီနေ့အတွေး
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 17:00 |