Noted - 1992
24/08/2022
ဆရာ ဦးအောင်သင်းရဲ့သမီး မော်မော်သင်း ရေးထားတဲ့ အကြောင်း လေး- ဖတ်ပြီး ရင်ထဲမကောင်း၊
အရည်အချင်းရှိတဲ့သူတွေ ရိုးရိုးသားသားရှာဖွေစားသောက်လို့ ရရက်သားနဲ့ မလုပ်သင့်တာတွေလုပ်ခဲ့လို့ ဘဝပျက် သွားကြတဲ့ အကြောင်း - စိတ်မကောင်း
#ချစ်နေရင်းကကြည်ညိုလို့မရခဲ့တဲ့သူတယောက်အကြောင်း
စားပွဲ ( ၁ )
========
ဒီညနေ
ထမင်းစားပွဲအသစ်ကလေးတစ်လုံး
ဝယ်ခဲ့တယ်။
ခေါက်စားပွဲ အဝိုင်းလေးပါ။
တကယ်တော့အိမ်မှာ
ထမင်းစားပွဲဝိုင်းလေးတစ်ခုရှိပြီးသားပါ။
၁၉၈၈ ကတည်းက စားပွဲဆိုတော့
သက်တမ်းအားဖြင့် ၃၄ နှစ်ရှိပြီပေါ့။
သက်တမ်းကြာတဲ့အပြင်
အစကတည်းက
ကျကျနန လုပ်ထားတဲ့စားပွဲမဟုတ်ဘဲ၊
ဆိုင်မှာဒီတိုင်းတင်ရောင်းထားတဲ့
စားပွဲဆိုတော့
သိပ်တော့မကောင်းတော့ဘူး။
ပျဉ်ချပ်တွေကကွာလိုက်၊ပြန်ရိုက်လိုက်။
ခြေထောက်တွေက ယိုင်လာလိုက်၊
ဒေါက်ကလေးခံထားလိုက်နဲ့
ဟိုပြင်သည်ပြင်နဲ့ပဲ
သက်တမ်းရှည်နေတဲ့စားပွဲပေါ့။
အဲဒီစားပွဲ ကို
ကျမ ဆိုင်ကဝယ်ခဲ့တာမဟုတ်ပါဘူး။
သူ့မှာ နဂိုက ပိုင်ဆိုင်တဲ့ပိုင်ရှင်ရှိပါတယ်။
သမိုင်းဆိုတာ လူတွေမှာပဲ
ရှိတာမဟုတ်ပါဘူး။
အရာဝတ္ထုတွေမှာလည်း ရှိတာပါပဲ။
ဒီစားပွဲ ဘယ်လောက်ဟောင်းဟောင်း၊
လူမြင်မကောင်းလည်း ၊
တခြားစားပွဲရှိလည်း၊
ဒီစားပွဲလေးကို လွှင့်မပစ်နိုင်ဘဲ
ဆက်ပြီးသုံးနေခဲ့တာ
အဲဒီစားပွဲရဲ့ မူလပိုင်ရှင်တွေကြောင့်ပါ။
သူတို့ဟာ
ဒီစားပွဲရဲ့သမိုင်းမှာ
အဓိကကျတဲ့သူတွေပေါ့။
ကျမ ရှစ်တန်းနှစ်တုံးက လမ်းထဲကို
အသက် လေးဆယ်ဝန်းကျင်လောက်
ဇနီးမောင်နှံနှစ်ယောက်ပြောင်းလာတယ်။
သူတို့မှာ သားသမီးလည်းမထွန်းကားဘူး။
သိပ်မကြာပါဘူး။
သူတို့လင်မယားနှစ်ယောက်ဦးစီးပြီး
၈ ၊ ၉, ၁၀ တန်းထိသင်တဲ့ သင်္ချာ၊
အင်္ဂလိပ်စာကျူရှင်တခု ဖွင့်လိုက်တယ်။
ကျမ မိဘတွေကလည်း ကျမကို
နီးနီးနားနား အဲဒီမှာပဲထားပါတယ်။
ယောက်ကျားလုပ်သူက ကျူရှင်မှာ
အင်္ဂလိပ်စာသင်တယ်။
ဇနီးကတော့ အစိုးရ ကျောင်းတကျောင်းက
အလယ်တန်းပြဆရာမ ပါ။
တခြားဆရာတွေကိုလည်း
ကျူရှင်အတွက်ထပ်ငှါးပြီး သင်ကြပါတယ်။
ဆရာတွေ အသင်အပြကောင်းကြလို့
ကျူရှင်လေးက အသင့်အတင့်လူများပြီး
အောင်မြင်ခဲ့ပါတယ်။
ဆရာရော၊ဆရာမရော နှစ်ယောက်လုံးက
အင်မတန်သဘောကောင်းကြပါတယ်။
ကျမကိုလည်း
သမီးအရင်းတစ်ယောက်လိုချစ်ပြီး၊
လူလာတိုင်း သူတို့မွေးစားသမီးလို့
မိတ်ဆက်တတ်ပါတယ်။
အမေတို့ဆီကိုလည်း
ကျမကိုအမွေစားအမွေခံ
မွေးစားမယ့်အကြောင်း
မကြာခဏတောင်းတတ်ပါတယ်။
ညနေဘက်ကျူရှင်တက်ပြီးရင်ဆို
ထမင်းကိုသူတို့အိမ်မှာပဲ
အတင်းစားခိုင်းပြီးမှ
ပြန်လွှတ်ပါတယ်။
ဒီလိုနဲ့ပဲ ခင်မင်မှုသက်တမ်းတွေ
ကြာလာခဲ့ကြတယ်။
ဆရာမက လက်ဖွာတယ်။
အသုံးကြမ်းတယ်။
အလှူမကြာခဏလုပ်တယ်။
လှူရင်လည်း
ချိန်ဆပြီးလှူတာမျိုးမဟုတ်ဘူး။
လောဘတကြီးလှူပြီး
မကုန်နိုင်မခမ်းနိုင်ဖြစ်ရင်
တစ်ရပ်ကွက်လုံး မီးခိုးတိတ်
လျှောက်ဝေတတ်သူပါ။
၈၈ အရေးအခင်းမဖြစ်ခင်လေးမှာတော့
ဆရာမက သူ့ကျောင်းကထွက်လိုက်ပါတယ်။
ပြီးတော့ သူ့အလုပ်သစ်ကို စလုပ်ပါတယ်။အလုပ်သစ်က ဘာလဲဆို
နိုင်ငံခြားကို လူပို့တဲ့အလုပ်ပါ။
အဲဒီခေတ်အခြေအနေတုံးက
နိုင်ငံခြားကိုလူပို့တယ်ဆိုရင်
အပွိုင့်မင့် ခေါ်တဲ့အလုပ်ခန့်စာအတုလုပ်၊
ခေါ်စာအတုတွေလုပ်ပြီး
ပတ်စ်ပို့လျှောက်ပြီး
နိုင်ငံခြားထွက်ရတာမျိုးပေါ့။
ဒီခေတ်ဆိုရင်တော့
ဒါဟာလုပ်လေ့လုပ်ထရှိတဲ့ အလုပ်ဆိုတာ၊
အားလုံးသိပြီးသားပဲ။
ဒါပေမဲ့ ဟိုးလွန်ခဲ့တဲ့
အနှစ် သုံးဆယ်ကျော်တုံးကတော့
ဘယ်သိကြမှာတုံး။
အဲဒီခန့်စာတွေ၊ခေါ်စာတွေကို
အစစ်မှတ်နေကြတာကလား။
ဆရာမကလည်း အဲဒါတွေကို
အစစ်ပါပြောပြီး ထိုင်းကိုချည်းပို့တာပဲ။
ထိုင်းမှာ အိမ်ခန်းငှါးစားတဲ့
သူတစ်ယောက်နဲ့ချိတ်ဆက်ပြီး
ဘန်ကောက်လေဆိပ်ကို လာကြိုခိုင်းတယ်။
ဒီကသွားတဲ့သူတွေကတော့
အလုပ်ကအဆင်သင့်ပဲထင်ပြီး
မျှော်လင့်ချက်အကြီးကြီးတွေနဲ့သွားကြ။
ဒါပေမဲ့ ဟိုရောက်တော့
အလုပ်ကတကယ်မရှိ။
အိမ်ခန်းမှာအငှါးနေရပြီး
ထမင်းစားရိတ်ကုန်၊ အခန်းခကုန် နဲ့။
အိမ်ကိုလွမ်းတာက တမျိုး၊
အလုပ်မရှိတာကတမျိုး၊
လူ ငါးယောက်သာဆန့်တဲ့အခန်းထဲ
လူ ၁၅ ယောက်လောက်
စုပြုံနေရတာတမျိုးနဲ့
စိတ်ဓါတ်တွေကျ။
နောက်ပြီး ဗီဇာသက်တမ်းကပြည့်ခါနီးပြီ ၊
အလုပ်ကမရသေး။
ပြောတော့ စင်ကာပူပါ၊ဩစီပါပြောပြီး
ဘယ်မှ မသွားရဘဲ ထိုင်းမှာပဲသောင်တင်။
ပိုက်ဆံတတ်နိုင်တဲ့သူက
နောက်ပိုက်ဆံကို ဟွန်ဒီနဲ့လွှဲ။
မတတ်နိုင်တဲ့သူတွေက
အကြွေးတွေတင်ပြီး
မျက်ရည်မျက်ခွက် ပြန်လာရ။
အဲ့တုံးက ရွှေတစ်ကျပ်သား
တစ်သောင်းဝန်းကျင်လောက်မှာ
သူ့ကိုပွဲစားခ သုံးသောင်းပေးရတယ်။
ဟိုမှာအိတ်ဆောင်ထည့်တာနဲ့ဘာနဲ့၊
ငွေက အနည်းဆုံး
တစ်သိန်းကျော်လောက်ကုန်တာ။
ဝက်သားပေါင်သား အစိတ်သားကို
ငါးကျပ်ပေးရတဲ့အချိန်၊
ငရုပ်သီးစိမ်းတစ်ပုံ
ဆယ်ပြားပေးရတဲ့အချိန်မှာ
ငွေ တစ်သိန်းဆိုတာ တော်ရုံအိမ်အဖို့
ဖြူကာပြာကာ ကျမတတ်ဖြစ်တော့တာပဲ။
ရှိတာလေးတွေ ရောင်း၊ ပေါင် ၊
အတိုးနဲ့ချေးငှါး သွားရတဲ့သူတွေ
ဘဝပျက်တော့တာပေါ့။
ဆရာမကတော့
အဲဒီကရတဲ့ငွေတွေနဲ့
ရွှေတွေဝယ်လိုက်၊
အလှူတွေလုပ်လိုက် နဲ့
သူများမျက်ရည်တွေကို
ဘာတာဝန်ခံမှု၊တာဝန်ယူမှု မှ မရှိဘူး။
သူ့အိမ်ရှေ့က လာဆဲလည်း ဂရုမစိုက်ပေါင်။
ကျမက ပထမတော့ နားမလည်ဘူး။
နောက်မှ တဖြည်းဖြည်းနားလည်လာတဲ့အခါ
ဆရာမကိုလန့်လာတယ်။
ကိုယ်က အဲဒီအချိန်မှာ
သမီးကြီးကိုမွေးပြီးလို့
ကလေးက နှစ်နှစ်လောက်ရှိပြီ။
သူ့မှာ ကျမက မွေးတဲ့
သမီးလေးကိုလည်း
ချစ်ရတာ။
ကလေးမွေးနေ့ဆို
ပေးလိုက်တဲ့ လက်ဆောင်တွေ။
ဒါပေမဲ့
အဲဒီလက်ဆောင်တွေကိုကြည့်ပြီး၊
ကျမ လန့်လာတယ်။
အဝတ်အစားနွမ်းနွမ်းလေးတွေဝတ်ပြီး
သူတို့ပိုက်ဆံလေးတွေပြန်ပေးဖို့
အသနားခံပြီး လာတောင်းတဲ့သူတွေ၊
ဒေါသတကြီး အော်ဟစ်ဆဲကြတဲ့သူတွေ၊
စိတ်ဓါတ်အကြီးအကျယ်ကျပြီး
ဘဝပါပျက်သွားတဲ့ မိသားစုတွေ ၊
မကြာခဏမြင်လာရတဲ့အခါ
ကျမ သူ့ကို
တဖြည်းဖြည်းကြောက်လာတယ်။
ကျောင်းဆရာမဟောင်း၊
ကျူရှင်ထောင်သူ၊
ပညာရေးပတ်ဝန်းကျင်မှာ ကျင်လည်နေပြီး
သိက္ခာတရားနဲ့နေရမဲ့သူက
သိက္ခာတရား တစ်စက်ကလေးမှ မရှိတဲ့
အလုပ် တွေလုပ်နေတာဟာ
ကျမ အတွက်သူ့ကိုကြည့်ရင်း
ခြောက်ခြားလာတယ်။
သူ ပေးတာ၊ကျွေးတာတွေ
စားဖို့ဆိုတာလန့်လာတယ်။
သူက သူ့ဆီ အလုပ်အပ်တဲ့သူလာရင်
ကျမ ကိုလာခေါ်ပြီ။
ပြီးရင် ကျမ ကို ပုဏ္ဏားတိုင်ထားပြီး
လက်ညှိုးလေးညွှန်ကာ၊ညွှန်ကာနဲ့
ဒါ စာရေးဆရာ ဦးအောင်သင်းသမီးလေ။
မော်မော်သင်း တဲ့။
မယုံရင် မော်မော်သာမေးကြည့်ပါ။
ကျမနဲ့အလုပ်လုပ်ရင်
အဆင်ပြေတဲ့သူတွေချည်းပဲ။
ဟုတ်တယ်မဟုတ်လား မော်မော်။
ကျမ မှာခေါင်းလည်းမညှိတ်ရဲ။
ထောက်လည်း မထောက်ခံရဲ။
သူ့ကိုပြောင်ထားပြီးလည်း
ဒါဟာ ညာနေတာလို့မပြောရဲ။
( အဲဒီအချိန်တုံးက ငယ်သေးတဲ့အချိန်၊
အားနာတာလည်းပါတယ်။
ဘာကိုကြောက်မှန်းမသိ၊
ကြောက်တာလည်းပါတယ်။ )
ဒါ့ကြောင့် ပြတ်ပြတ်သားသားမပြောနိုင်ခဲ့တဲ့ တချိန်ရှိခဲ့ဘူးတယ်။
ဒါ ပေ မယ့် ဒါဟာ ခဏပါပဲ။
လူဆိုတာ
ကိုယ့်တစ်ယောက်တည်းအပေါ်
ကောင်းရုံမျှနဲ့ လူကောင်းလို့ဆိုနိုင်ပါ့မလား။
အားလုံးအပေါ်ကောင်းမှ
လူကောင်းစစ်စစ်လို့ ခေါ်နိုင်တာမဟုတ်လား။
မဟုတ်တာလုပ်တာကို
သပ်သပ်လေးတောင်မကြိုက်တဲ့ ကျမ
စဉ်းစားရပြီ။
နောက်တော့ အလုပ်အပ်တဲ့ သူလာလို့
ကျမ ကို သူလာခေါ်တိုင်း၊
ကျမ ဟာ သူထိုင်တဲ့ ထိုင်ခုံ နောက်မှာပဲ
နေရာ ယူပါတော့တယ်။
သူ့ရဲ့နောက်ကျော ဖြစ်ပြီး
အလုပ်အပ်တဲ့သူနဲ့ကျမ
မျက်နှာချင်းဆိုင်ပေါ့။
သူက ရှေ့က စကားကို
လေတစ်လုံးမိုးတစ်လုံးပြောနေချိန်တိုင်း၊
ကျမ ဟာ သူ့နောက်ကျောကနေ
မျက်ရိပ်မျက်ကဲနဲ့ ပြလိုက်၊
ခေါင်းရမ်းပြလိုက်၊
အသံမထွက်ပဲပါးစပ်လှုပ်ရုံနဲ့
မလုပ်နဲ့၊မလုပ်နဲ့ ပြောလိုက်။
လက်နှစ်ဖက်ကို cross လုပ်ပြလိုက်။
သူ့ client တွေဟာ
ကျမ ဘာဆိုလိုလဲဆိုတာ
အားလုံးသိကြပါတယ်။
စကားကိုကြည့်ကောင်းအောင်ပြောပြီး၊
အလုပ်မအပ်ကြတော့ပါဘူး။
အဲ့တုံးက ကျမ ဟာ
သူ့နောက်ကျောကို ဒါးနဲ့ထိုးတဲ့
အနီးဆုံးလူဖြစ်ခဲ့တာပါပဲ။
စိတ် တကယ်မကောင်းပါဘူး။
ဒါပေမဲ့ ခုထိ နောင်တလည်းမရဖူးဘူး။
သူကတော့ နောင် သိလေလား၊
မသိလလေားမသိဘူး။
သူ့နာမည်ပျက်ကြောင့်
နိုင်ငံခြားလူပို့တဲ့လုပ်ငန်း
ပျက်သွားပါတော့တယ်။
ဒါပေမဲ့ လိမ်လည်ခြင်းဟာငွေကို
အလွယ်ဆုံးနည်းနဲ့ရတာပဲလို့
သဘောပေါက်သွားတဲ့ဆရာမဟာ
သူ့စားကျက်ကို နောက်တစ်လိုင်း
ပြောင်းလိုက်ပြန်ပါတယ်။
*****""*********************
စားပွဲ (၂ )
========
၈၈ အရေးအခင်းပြီးကာစလောက်မှာ
သိကြတဲ့အတိုင်း ဒဂုံမြို့သစ်တို့၊
ဝေဘာဂီတို့လိုနေရာတွေမှာ
အကွက်သစ်တွေဖေါ်ပြီး
ဆရာ/ ဆရာမတွေ၊ ဝန်ထမ်းတွေကို
မြေကွက်တွေ ပေးတဲ့ ခေတ်ရှိခဲ့ဘူးတယ်။
ဟိုးအရင်
တော်လှန်ရေးကောင်စီတက်ခါစလောက်က
တောင်ဥက္ကလာ၊မြောက်ဥက္ကလာတို့ကို
အကွက်သစ်ဖေါ်ပြီး
အိမ်တွေရွှေ့ခိုင်းတော့
လူတွေမှာ ပစ္စန္တရာဇ် ရောက်ပါပြီဆိုပြီး
စိတ်ဆင်းရဲခဲ့ကြဘူးတယ်။
စိတ်ဆင်းရဲနေတဲ့ကြားကပဲ
ရယ်စရာလေးတစ်ခု
အဖေ ပြောခဲ့ဘူးတာလေး
ပြန်ပြောပြလိုက်ဦးမယ်။
အဖေက အဲ့ဒီအချိန်က
ရန်ကုန်တက္ကသိုလ်မှာတက်နေတဲ့အချိန်။
အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေကအစ
ဥက္ကလာတွေကိုရွှေ့ကြရတော့
လူတွေလည်းစိတ်ညစ်ကြ၊ငိုကြပေါ့။
တစ်နေရာမှာတော့
သွားရင်းလာရင်းတွေ့တာ။
ဘုန်းကြီးကျောင်းပါ
ပြောင်းရမဲ့အထဲပါတော့
ဘုန်းကြီးတွေခင်မြာ
သင်းပိုင်လေးတွေကို
ခါးထောင်းမြှောင်အောင်ကျိုက်ပြီး
မူလကျောင်းအဟောင်းကို
ထု ရိုက် ဖျက်ပြီးသယ်ကြရတာပေါ့။
အဲဒီ ကျောင်းဖျက်နေတဲ့ နေရာမှာ
အဖေက ဘာတွေ့လည်းဆိုတော့
ကျောက်သင်ပုန်းအကြီးကြီးမှာ
စာလုံးကြီးနဲ့ ရေးပြီး ထောင်ထားတာ။
လာမမေးနှင့်။
စိတ်တိုနေသည်။
ဥက္ကလာပ ပြောင်းရမည်။
ပုံ
ကျောင်းထိုင်။ တဲ့။
အခုလည်းအဲဒီလိုပေါ့။
ပညာရေးဝန်ထမ်းတွေ၊
တခြားဌာနတွေက
လုပ်သက် ၁၅ နှစ်အထက်
ဝန်ထမ်းတွေကို
အခုမှ ဖေါ်ခါစ၊
လယ်မြေအကွက်တွေမှာပေးတော့
ဝန်ထမ်းတွေခင်မြာလည်း
ယူသာယူထားရ၊
အိမ်လည်းမဆောက်နိုင်၊
မြွေပါးကင်းပါးတွေနဲ့
ရွှံတွေ ပလပျစ်နဲ့ သွားလည်းမနေနိုင်။
ဘတ်စ်ကားလိုင်းတော့လုပ်ပေးပါရဲ့၊
တစ်နာရီတောင်တစ်စီး
ဖျစ်ဖျစ်မြည်အောင်လာတဲ့
ဘိုက်ပူဘတ်စ်ကားကြီးတွေနဲ့၊
ရုံးမမှီ၊ကျောင်းမမှီဆိုတော့
မြေကွက်သာရထားတယ်။
ဘာအိမ်မှသွားမဆောက်သလို
နေလည်းမနေကြဘူး။
ဒါပေမဲ့ အဲဒီလို နေရင်းကပဲ
ဘယ်သူကအမိန့်ထုတ်လိုက်တယ်မသိဘူး။
ရ ထား တဲ့မြေကွက်တွေမှာ
အိမ်မဆောက်ရင် မြေကိုပြန်သိမ်းမယ်
ဆိုတဲ့အမိန့်ထွက်လာတယ်။
အဲဒီအမိန့်ဟာ
အင်မတန်နွမ်းပါးရှာတဲ့
ဝန်ထမ်းတွေအတွက်
ငှက်ဆိုးထိုးသံဖြစ်သလောက်၊
ဆရာမအတွက်ကတော့
ကရဝိတ်သံကြိုးကြာသံပေါ့။
တချို့ဌာနဆိုင်ရာတွေနဲ့
ဘယ်လိုပေါင်းပြီး
ကြံလိုက်တယ်မသိဘူး။
အခုနက မြေလေးတွေမှာ
တန်ဖိုးသင့်အိမ် ဆောက်ဖို့
ကန်ထရိုက်ရသွားလေရဲ့။
လူက ဥပဓိရုပ်ကလည်းကောင်း၊
အပြောကလည်းကျအောင်
ပြောတတ်တဲ့အခါ
မြေကွက်ရထားတဲ့ ဝန်ထမ်းတွေခင်မြာ
သူ့ကိုကယ်တင်ရှင်ကြီးထင်ပြီး၊
ရှိမဲ့ရှိစုလေးတွေ ရောင်းပေါင်ပြီး
အိမ်ဆောက်ဖို့ပိုက်ဆံတွေ
သူ့လက်ထဲထည့်ကြပြန်ရော။
ဒါပေမဲ့ အချိန်တွေသာကြာသွားတယ်။
တိုင်အရိုးတွေ ထောင်ထားတာကလွဲပြီး
ဘာမှဖြစ်မလာပြန်ဘူး။
သူကတော့ ရွှေလက်ကောက်တွေ တတောင်ဆစ်လောက်နဲ့။
ပရိုက်ဗိတ်တက်ဆီ တဝီဝီနဲ့။
အရင်တုံးကခေတ်စားတဲ့
P.S လက်ကိုင်အိတ်ကြီးနဲ့။
ရှိတာလေး အကုန်အောပေးလိုက်ရတဲ့
ဝန်ထမ်းတွေခင်မြာ၊
ကြေငြာချက်ကတမျိုး၊
သူလိမ်ထားတဲ့ပိုက်ဆံတွေကတမျိုးနဲ့
စိတ်တွေဆင်းရဲကြတာ။
ရပ်ကွက်ကောင်စီလူကြီးအိမ်မှာ၊
ကောင်စီရုံးမှာတစ်နေ့ တစ်နေ့
လူပြတ်တယ်ကိုမရှိဘူး။
ဒီကြားထဲမှာ ပြောဖို့ကျန်ခဲ့တာ
သူနဲ့ကျမ ဆက်ဆံရေး။
နိုင်ငံခြားပို့တဲ့ကိစ္စမှာ
ကျမ စနက်ပါမှန်းရိပ်မိတယ်ထင်ပါရဲ့။
ကျမ ကို သိပ်ဟက်ဟက်ပက်ပက်
မရှိတော့ဘူး။
ကျမကလည်း
ဘယ်လိုဖြစ်သွားမှန်းမသိဘူး။
သူ့ကိုကြည်ညိုလို့မရတော့ဘူး။
ဒါပေမဲ့ သူ့အပေါ်ထားတဲ့
သံယောဇဉ်ကိုဖြတ်မရဘူး။
သူနဲ့တွေ့လို့နှုတ်ဆက်တိုင်း
ရင်ထဲမကောင်းခြင်းကသပ်သပ်၊
လှိုက်လှဲခြင်းကသပ်သပ် ဖြစ်နေတုန်း။
သူက ဆွမ်းကပ်ချင်လို့
မော်မော်ရေ၊
လူငါးဆယ်စာလောက်ချက်ပေးပါဦး၊
ပြောရင်လည်း ဈေးသွားတာကအစ၊
ဘုန်းကြီးကပ်တာအထိ
ကူပေး၊ချက်ပေးတုံး။
အသက် ၁၅ နှစ်လောက်စ ပြီး
တစ်စားပွဲတည်း ထမင်းအတူတူစားခဲ့တယ်။
ကျမမွေးနေ့တိုင်းလက်ဆောင်တွေပေး၊
မင်္ဂလာဆောင်တော့လည်း
လိုလေသေးမရှိ ကူညီခဲ့သူ။
ကျမ စိတ်ညစ်လို့ရင်ဖွင့်တိုင်း
မညည်းမငြူ နားထောင်ပြီး
နှစ်သိမ့်တတ်သူ။
အဲဒီလို့ ရင်းနှီးတဲ့သူကို
ကျမ သစ္စာဖေါက်မိတယ်။
သူများမျက်ရည်တွေထပ်မကျအောင်
ကျမ တားလိုက်နိုင်ပေမဲ့
ကျမ ဟာသူ့အတွက်တော့
မိတ်ဆွေကောင်းမဟုတ်ခဲ့ဘူး။
တကယ်စိတ်မကောင်းဖြစ်မိလို့၊
သူ့ကိုမကြည်ညိုနိုင်၊
မကြိုက်နိုင်တာ ဖြစ်နေတာတောင်
သူတောင်းတဲ့အကူအညီကို
ကျမ လိုက်လျောမိတုံးပဲ။
လိုက်လျောနေရင်းကပဲ
တစ်နေ့တစ်နေ့ ကောင်စီရုံးက
ပြသနာတွေကြားတိုင်း
သူ့အစားရှက်တာရော၊
အထင်သေးတာရော ခံစားနေရတုံးပဲ။
သူကတော့ ကျမ နေရာအစားထိုး
အမျိုးသမီးနှစ်ယောက်နဲ့။
သူပြောတိုင်း ဝါးတားဖေါလိုး၊
ဖစ်ရှ်ဖေါလိုးလုပ်ပြီး သူ့အကြိုက်ဆောင်၊
သူလုပ်သမျှမြှောက်ပေးပြီး
သူ့ဆီက ရတတ်သလောက်
စားနေတဲ့သူတွေပေါ့။
အဲဒီအချိန်မှာ
သူ့ခင်ပွန်းသည်ဆရာကတော့
အရက်ကိုတော်တော်စွဲစွဲမြဲမြဲ
သောက်နေပြီ။
သူလည်သလောက်၊
သဘောကောင်းပြီး ရိုးတဲ့ ဆရာဟာ
နေ့တိုင်းအရှက်ကွဲရတဲ့ဒဏ်ကို
မခံစားနိုင်တော့ဘူးထင်ပါရဲ့။
အရက်ဝယ်တဲ့အချိန်ကလွဲလို့
အပြင်မထွက်တော့ပဲ
ခေါင်းမထူနိုင်အောင် သောက်တော့တာပဲ။
ဒီတစ်ခါတော့ လည်လွန်းတဲ့ဘီး၊
ချေးသင့်သွားပါပြီ။
အားလုံးသောဝန်ထမ်းတွေ စုပြီး
လက်မှတ်ထိုးတရားစွဲလိုက်ကြတာ ၊
သူ ဘယ်လိုမှရှောင်မရတော့ပဲ
အချုပ်ထဲရောက်သွားပါတော့တယ်။
အမှုဖြစ်ပြီးအမိန့်ချတော့
ထောင်ကျသွားပါတယ်။
နှစ်အရေအတွက်တော့ သေချာမမှတ်မိဘူး။
သုံး လေး နှစ်လောက်ထင်ပါရဲ့။
ကျမမှာ သူနဲ့ပတ်သက်ပြီး ရှက်တာရော၊
ရင်နာတာရော၊စိတ်မကောင်းတာရော ၊
စိတ်ပျက်တာရော၊ခံစားချက်တွေစုံလို့။
စိတ်မကောင်း အဖြစ်ဆုံးကတော့
သူ့ကိုအမိန့်ချလိုက်တဲ့နေ့မှာ၊
လူကြုံနဲ့မှာလိုက်တာ။
မော်မော့်ကိုပြောပေးပါ။
ဆရာ့ကိုစောင့်ရှောက်ပေးပါ၊ တဲ့။
++++++++++++++++++++++
စားပွဲ ( ၃ ) ဇာတ်သိမ်း
================
ဆရာမလည်းထောင်ကျ။
ဆရာ့ဘက်က
တူမလေးတစ်ယောက်ကတော့
ဆရာမတစ်အိမ်လုံးနဲ့တကွ၊
ဆရာ့ကိုလည်း စောင့်ရှောက်ပါတယ်။
ငွေရေးကြေးရေးကတော့
ဘယ်လိုဖြစ်လဲမသိဘူး။
သူ့အမှုလိုက်ရတာတွေ
ထောင်ဝင်စာတွေနဲ့
အတော်ကုန်တယ်ထင်ပါရဲ့။
လက်ဝတ်လက်စားတွေလည်း
မတွေ့တော့ဘူး။
တူမလေး ယူတာတော့ မဟုတ်လောက်ဘူး။
နောက်ပိုင်း စားဖို့သောက်ဖို့တောင်
အခက်အခဲဖြစ်လာလို့၊
ဟိုကသည်က
ချေးရငှါးရတာတွေ ရှိလာတယ်။
ဆရာမတူမလေးကလည်း
ကျမနဲ့မတိမ်း မယိမ်း၊
သဘောကောင်းသူမို့
တစ်ဦးနဲ့တစ်ဦး ခင်မင်ကြပါတယ်။
တစ်ညတော့
အဲဒီတူမလေးရောက်လာတယ်။
မမော်ရေ ၊ဦးကြီးကအခေါ်ခိုင်းလို့။
ဆရာက ခေါ်ခိုင်းတယ်ဆိုလို့
ကျမ မြန်မြန်ပဲလိုက်သွားပါတယ်။
ဟိုရောက်တော့ ဆရာက သိပ်မမူးသေးဘူး။
ကျမ ကိုကြည့်နေတဲ့ မျက်လုံးလေးတွေက
သိပ်သနားစရာကောင်းတာပဲ။
အင်္ဂလိပ်စာ အသင်ကောင်းတဲ့ဆရာ၊
ဥပတိရုပ်ခံ့ညားပြီး
သဘောကောင်းလှတဲ့ဆရာ၊
အမြဲတမ်းသပ်သပ်ရပ်ရပ်
ဝတ်စားတတ်တဲ့ဆရာဟာ
နှမြောစရာကောင်းလောက်အောင်
အိန္ဒြေပျက်ယွင်းသွားလိုက်တာ။
လာ၊သမီး။ ထိုင်။
ဆရာ သမီးကိုရောင်းစရာလေးရှိလို့။
ဟောဟိုက ထမင်းစား စားပွဲလေး
သမီးဝယ်ပါ့လား။ တဲ့။
သူတို့ စပြောင်းလာကတည်းက
ပါလာတဲ့ ထမင်းစားပွဲလေးကို
ကျမ ကို ခေါ်ရောင်းနေတာ။
ဆရာတို့ဝယ်တုံးက
တစ်ရာ့အစိတ်ပေးရတယ်။
သမီးအခု ခုနှစ်ဆယ့်ငါးကျပ်ပဲပေးတော့။
ယူသွား။
တကယ်က သမီးကိုအမွေပေးချင်တာပါ။
ဒါပေမဲ့ ဆရာအခက်အခဲဖြစ်နေလို့။
သမီးဝယ်ပါ။
ကျမ မျက်ရည်ကျမိတယ်။
ဖြစ်ချင်တော့ အရေးအခင်းအတောတွင်း၊
ကျမမှာ ပိုက်ဆံက ၁၀၀ လောက်ပဲရှိတယ်။
အိမ်စရိတ်နဲ့ ။
ဆရာ့ကို သမီး ငါးဆယ်ပေးပါ့မယ်။
စားပွဲလည်းမယူပါဘူး။
ဆရာလိုရင် သမီးပေးပါ့မယ်။
လူဖြောင့်လူရိုးတွေရဲ့ မရှိမာနဟာ
အရေးအကြောင်းမှာ ထွက်လာတာပဲ။
သူ့မိန်းမလုပ်သရွေ့ မတားနိုင်ခဲ့တဲ့ဆရာ၊
ရှက်တတ်တဲ့ဆရာ၊
ခုနက ကျမကိုကြည့်တဲ့
သနားစရာမျက်လုံးလေးတွေဟာ
ချက်ချင်း ဆတ်ကနည်း
အရောင်ပြောင်းသွားတယ်။ မာနရောင်။
ဟေ့၊ ငါ ကလေးတွေဆီက
ဘာတစ်ခုမှအလကားမလိုချင်ဘူး။
နင့်မှာ ပိုက်ဆံမရှိရင်မဝယ်နဲ့။
ငါဒိပြင်လူကိုရောင်းမယ်။
ပိုက်ဆံတော့အလကားမယူဘူး။
ကျမ စားပွဲကို ၇၅ ကျပ်နဲ့
အိမ်ကိုသယ်ခဲ့ရပါတယ်။
အတိုချုံးပြီးပြောရရင်တော့
ဆရာဟာ ဆရာမ ထောင်ကမထွက်ခင်မှာပဲ
အသည်းရောဂါနဲ့ဆုံးသွားရှာပါတယ်။
အစားကိုဘယ်လိုကျွေးကျွေး မစားတော့ဘဲ
အရက်ချည်းသောက်နေတော့
လူက ဒဏ်မခံနိုင်တော့သလို၊
ဆေးမကုနိုင်တော့တာလည်း ပါပါတယ်။
ဆရာမ က ကျမကိုစောင့်ရှောက်ဖို့မှာပေမဲ့
တစ်လမှ ၁၈၅ ကျပ်ရတဲ့
မူလတန်းပြဆရာမလေးဟာ ၊
ဆရာ့အတွက် ဟင်းလေးတွေ
ချက်ပို့တာကလွဲလို့
သေချာမစောင့်ရှောက်နိုင်ခဲ့ပါဘူး။
နောက်နှစ်တွေမှာတော့
ဆရာမ လွတ်လာပါတယ်။
သူများဆီက လိမ်တယ်ဆိုပေမဲ့
ပါးစပ်ကနေ စောက် ဆိုတာ
တစ်လုံးမထွက်ခဲ့ဘူးတဲ့ ဆရာမဟာ
ထောင်ကထွက်လာပြီးချိန်မှာတော့
တော်တော်လေး ကြမ်းလာပါတယ်။
ကျမ ကအဲဒီအချိန်မှာ
အမေတို့အိမ်ကနေ အိမ်ခွဲပြီး
အလုံကိုပြောင်းသွားတော့
ဆရာမနဲ့သိပ်မတွေ့ဖြစ်တော့ဘူး။
တွေ့တဲ့အခါကျရင်လည်း
တစ်ရာမျိုး၊နှစ်ရာမျိုးချေးတတ်တယ်။
ပြန်ပေးမယ်နော်လို့ ဘယ်လိုပြောပြော၊
ပြန်မရမှန်းသိနေပါတယ်။
ဒါပေမဲ့ သူချေးတိုင်း
ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာဆို
ပေးလိုက်တာပါပဲ။
အဆုံးသတ်မှာတော့
ဆရာမဟာလည်း သူ့ဘဝတလျှောက်လုံး
ဘယ်သူကမှ ယုံကြည်ခြင်းမခံရတော့ဘဲ၊
ချို့ချို့တဲ့တဲ့နဲ့ပဲ ဆုံးသွားရှာပါတယ်။
သူတို့ရဲ့ ထမင်းစားပွဲလေးကတော့ဖြင့်
ကျမ ဆီမှာ ခုထိရှိနေတုံးပါပဲ။
ကျမ သမီးလေးတစ်ယောက်
ရတဲ့အချိန်က စ လို့
ကလေးတွေ၊မြေးတွေနဲ့
အိမ်ထောင်စုကြီး ဖြစ်လာသည်အထိ
တခြားကောင်းတဲ့စားပွဲ ရှိခဲ့ရင်တောင်
အဲဒီစားပွဲလေးကိုပဲ သုံးခဲ့ပါတယ်။
ကျမ ဘဝအတွက် ချစ်နေရင်းက၊
ကြည်ညိုလို့ မရခဲ့တဲ့သူတစ်ယောက်ကို
အမြဲအမှတ်ရနေဖို့ အဲဒီစားပွဲတစ်လုံးနဲ့ပဲ
လုံလောက်ပါတယ်။
ပြီးတော့ အဲဒီစားပွဲပေါ်မှာပြင်ထားပြီး
စားခဲ့တဲ့ ထမင်းဝိုင်းတိုင်းမှာ
သူများမျက်ရည်တွေ မပါဖို့
အင်မတန်သတိထားပြီး စားခဲ့ပါတယ်။
လူတိုင်း၊လူတိုင်း ဟာ
နေ့တိုင်း နေ့တိုင်းမှာ
အစားဆိုတာတော့
မဖြစ်မနေစားကြရတာပါပဲ။
ကြမ်းပေါ်ပဲချစားစား၊
ထမင်းစားပွဲဝိုင်းလေးနဲ့ပဲ ထိုင်စားစား၊
ပေါ်လစ်ရောင်ပြောင်နေတဲ့
ဆုံလည်စားပွဲကြီးနဲ့ပဲစားစား၊
ကိုယ်စားတဲ့ အစားအသောက်တိုင်းမှာ
သူများရဲ့ အသည်းနှလုံးတွေ၊
မျက်ရည်တွေ ပါမနေရင်တော့
အကောင်းဆုံးပေါ့။
ကျမအဖို့တော့ အဲဒီစားပွဲလေးတစ်ခုကပဲ၊
သူများမျက်ရည်နဲ့ ထမင်းမစားသရွေ့
သူများက ကိုယ့်ကိုကြည်ညိုသလို၊
ကိုယ့်ကိုယ်ကိုလည်း
ကြည်ညိုအောင် နေတတ်ဖို့
သင်ပေးခဲ့တယ်ထင်ပါရဲ့။
++++++++++++++++++++++++++
ပြီးပါပြီ။
Maw Maw Thin
မော်မော်သင်း
၁၈-၈-၂၂
12/01/2021
ဇာတ်သိမ်းခန်း ငါ့ကို မေ့လိုက်ပါတော့ ညိုမ
နင်မွေးတဲ့ ဒီငမဲတွေ တွေ့တိုင်း
ဟောဒီရင်ဘတ်ကြီးက ဆွေ့ဆွေ့ခုန်အောင်နာတယ်
တော်သလင်းလက စတဲ့ ဇာတ်လမ်း
ပြာသိုလမှ လက်သည် လာမရှာပာနဲ့တော့
လူမဟုတ်ပေမယ့်
အပူရုပ်နဲ့ ခံစားတတ်တယ်ဟ
အနာဂတ်ဆိုတာ
ဓါတ်တိုင်အောက်
ဝပ်လျားမှောက်နေရုံနဲ့ မပြီးဘူး။
ရပ်တည်မှုတစ်ခုအတွက်
ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတယ်။
ငါ ရှာကျွေးခဲ့တဲ့ အသားတစ်မြုံက
သူရှာပေးခဲ့တဲ့ အရိုးတစ်ကိုက်စာလောက်
နင် ရင်မခုန်စေခဲ့တာ ငါရင်နာတယ်။
နင့်ကို စိတ်နာတယ် ညိုမ။
ရှိပါစေတော့လေ
တို့နှစ်ကောင်က
ဂုံနီအိတ်ခြုံလည်း မနွေး
လုံချည်စုတ် ခြုံလည်း မထွေး တော့တဲ့နောက်
ခပ်ကောက်ကောက်လမ်းကို
ခပ်ဖြောင့်ဖြောင့် သွားကြတာပေါ့
နောက်ပြန် မကြည့်ကြေးလေ။
ဟိုးအရင်ကဆို
လမ်းတကာသွား တံတားအောက်အိပ်
ခြုံထဲမှာ ချော့သိပ်ရင်း
နင့်ကို ကြည့်တဲ့ တဏှာမျက်ဝန်းတွေကို
ငါ ရင်ဆိုင် ဖြိုခဲ့တာ
နင်လည်းအသိ ငါ အသိပါ ညိုမ။
အခုတော့
ဘယ်ကရောက်လာ ဘယ်ဟာမှန်မသိတဲ့
အကြံကုန်တဲ့ အောင်နက်နဲ့ တွဲ
ခုမြင် ခုကြိုက် ခုနောက်လိုက်ခဲ့တာ နွားထက်မိုက်တဲ့
ခွေး မိုက့် ညိုမ
နင့်ကို စိတ်နာတယ်။
တကယ် ပြတ်ပြီး ငါအဝေးဆုံးကိုထွက်သွားပြီ။
12/01/2021
အရူးစောထွန်း
-----------------
လော်စပီကာသံကြားတာနဲ့
ကွေးနေအောင် ကတဲ့ စောထွန်းကို
တစ်မြို့လုံး သိကြတယ်
အသုဘပို့ရင်
ကြေးစည်ထမ်းပြီး ငိုတဲ့စောထွန်း
မင်္ဂလာ အမင်္ဂလာ မခွဲတတ်ပေမယ့်
ဆိုင်းသံကြားရင် က
ရေအိုးခွဲသံကြားရင် ငို
ဒါ စောထွန်းနားလည်တဲ့ လောကနီတိ
သာရေး နာရေးမှာ
ထင်းခွဲ ပန်းကန်ဆေးဟာ
စောထွန်း မူပိုင်ခွင့်
မြို့ဦးကျောင်းက သံဃာတန်းရှေ့
ဆွမ်းချိုင့်ဆွဲတဲ့ စောထွန်း
သူသိတဲ့ နိဗ္ဗာန်ဟာ
ဆရာတော်စွန့်လိုက်တဲ့ ငှက်ပျောဖီး
သူ့အတွက် ကုသိုလ်ဟာ
မောင်ရှင်လောင်းလှည့်ချိန်
ကွေးနေအောင် ကခြင်းဖြစ်ပြီး
သူနားလည်တဲ့ အကုသိုလ်ဟာ
ဆွမ်းချိုင့် လွတ်ကျရင် ခံရမယ့်
ဆရာတော့်ကြိမ်လုံး ဖြစ်တယ် ။
နယ်မြို့လေးထဲ
စောထွန်း ရောက်လာပုံက ရှတတ
ခေတ်လူငယ်တွေ ဖန်ခွက်ချင်းတိုက်ခွဲ
ဆေးခြောက်တွေစွဲတဲ့ညက
သန္ဓေရလာတဲ့ စောထွန်း
လိင်ဆက်ဆံရတာကြိုက်ပြီး
ဗိုက်ကြီးတာ မကြိုက်တဲ့ မိန်းမနဲ့
ကုတင်ပေါ်သာ တာဝန်ယူတတ်တဲ့ယောက်ျား
တွေ့ကြတဲ့အခါ
စောထွန်းဟာ သန္ဓေလသားအရွယ်ထဲက
တားဆေးမျိုးစုံကို ခုခံကြီးထွားခဲ့ရ
သံချောင်းမီးကင်ပြီး သန္ဓေလုံးကို ထိုးခွဲဒဏ်
ခုခံရှင်သန်ခဲ့ရ ။
" မနုသတ္တဘာဝေါ ဒုလ္လဘော
လူ့အဖြစ် ရခဲ၏ " တဲ့
လူဖြစ်ဖို့
စောထွန်းအတွက် ပိုခက်တယ်
သန္ဓေသားအရွယ်ထဲက
တားဆေးမျိုးစုံကို ခုခံကြီးထွားခဲ့ရ
မသေလို့ နေကံပါတော့လည်း
ချက်ကြိုးတန်းလန်းနဲ့ မြို့ပြင်ဇရပ်မှာ
ပုရွက်ဆိတ်အစာ ဖြစ်တော့မယ့်စောထွန်း
ဆရာတော်ဘုရားမေတ္တာနဲ့ အသက်ဆက်ရတဲ့အခါ
မယ်လမင်းအဆိပ်ပါတဲ့ နို့မှုန့်သာ အမိ
ကပ္ပိယကြီးသည် အဖ
အဲ့ဒီလိုနဲ့ ဘဝစတဲ့ စောထွန်း ။
စောထွန်းပြောတဲ့ စကားထဲ
သူဟာ စူပါမန်း
သူဟာ စွန်းဝူခုန်း
မဟာဒုတ်ဝင်စားသလို
အသောကမင်းနဲ့ အမျိုးတော်သတဲ့
တကယ့်စူပါမန်းအစစ်ပဲ
ကမ္ဘာကို မကယ်တင်နိုင်ပေမယ့်
ခြေကျိုးနေတဲ့ ခွေးလေးတစ်ကောင်မွေးထားတယ်
မိဘမဲ့ကျောင်းက ကလေးတွေအတွက်
မန်ကျည်းသီး ဒိုင်ခံခူးပေးတယ်
ဒါဟာလည်း သူ့ကမ္ဘာကို သူဆေးခြယ်နေခြင်းပဲ
တကယ့်အသောကမင်းပဲ
ရွှေပြောင်ပြောင်မဟုတ်လို့ ကန်တော့သူမရှိတဲ့
မြို့အနောက်ဖျားက ဘုရားအို
စောထွန်းတံမြက်စည်းအရောင်နဲ့
ဘုရားရင်ပြင် ပြောင်တယ်
သာရေး နာရေး
ထင်းခွဲ ပန်းကန်ဆေးပြီး
ထမင်းထုပ်များ ရတဲ့အခါ
ဘုရားအိုအတွက် ဆွမ်းဦးကပ်ရှာ
စောထွန်းလှူတဲ့
သောက်တော်ရေချမ်း ဆီမီးပန်းနဲ့
ဘုရားအိုမှာ ခဲဖွယ်ဘောဇဉ်ဖြည့်ရတယ်
အရူးနဲ့ ရေခဲချောင်းသည်ဟာ
စသုံးလုံး အရာရှိဖြစ်တဲ့
သက္ကရာဇ် ၂၀၀၀ ပတ်လည်နှစ်များမှာ
နယ်မြို့လေးရဲ့ အရူးပေါင်းများစွာထဲ
စောထွန်းဟာ
တစ်ဦးထဲသော ပကတိဖြူစင်ရူးသွပ်သူ
ထမင်းစားရင်
မြေကြီးပေါ် ဖင်ချထိုင်မှ စားတတ်သူ
ထိုင်ခုံတွေကို စောထွန်းမယုံဘူး
မြေကြီးကို စောထွန်းယုံတယ်
" မထိုင်စဖူး ထိုင်မိတဲ့အခါ
ထိုင်ခုံအောက်ခြေလွတ်ရင်
ကိုယ်ပဲ အကျနာမှာတဲ့ "
စောထွန်းစကားကြားတော့
တဝါးဝါး ရယ်ခဲ့ကြ
ငါတို့မြို့မှာ
ထိုင်ခုံပေါ် ရောက်မှ
အောက်ခြေလွတ်ပြီး ရူးသွားသူ အများသား။
ပါတီမဲဆွယ်ပွဲတွေ ပေါတုန်းက
စောထွန်း အူစိုတယ်
ပါတီနှစ်ခု အပြိုင်မဲဆွယ်တဲ့နေ့က
စောထွန်း ရွေးချယ်မှုက အတုယူဖွယ်
ဒံပေါက်ကျွေးတဲ့ပါတီ စောထွန်းပါတီ
ဦးထုပ်ပေးတဲ့ပါတီ စောထွန်းပါတီ
" အိုဗျာ… နေပူပူ ကရမယ့်အတူ
ဦးထုပ်ဆောင်းပြီး
ဒံပေါက်စား ကမယ် "တဲ့
မဲဆွယ်ချိန်တုန်းက ငါတို့မြို့မှာ
စောထွန်းတွေ အများကြီး ။
မြို့အစွန် အမှိုက်ပုံဘေး
ကျူးကျော်တဲ မိသားစုလေးကို
စောထွန်း ချစ်တယ်
ကျူးကျော်မိသားစုရဲ့
တစ်ဦးတည်းသောဧည့်သည်ဟာ
စောထွန်းဖြစ်ပြီး
စောထွန်းကို လှိုက်လှဲစွာအလည်ခေါ်တာ
ကျူးကျော်တဲ တစ်ခုတည်းရှိတယ်
အဲ့ဒီမိသားစုထဲက
မျက်မမြင်အမျိုးသမီးလေးထံ
ဘုန်းကြီးကျောင်းက ဟင်းပေါင်းတွေ
ဦးဦးဖျားဖျား ပို့ခွင့်ဟာ
စောထွန်း အချစ်
စွန့်ပြီး ယူလာတဲ့ ဘုရားပန်းဟာ
စောထွန်း မေတ္တာ ။
ရွှေမရှိလို့ တန်ခိုးမရှိသလိုမျိုး
တစ်မြို့လုံး အဖက်မလုပ်တဲ့
အုတ်ကျိုးအုတ်ပဲ့ ဘုရားအိုကြီးကို
စောထွန်း ချစ်တယ် ။
တစ်မြို့လုံးနဲ့မတည့်တဲ့
ခွေးလေခွေးလွင့်တစ်သိုက်ဟာ
စောထွန်းကိုတော့ ချစ်တယ်
ထမင်းနဲ့ဟင်းပေါင်း ရောနယ်ထားတဲ့အိုးကြီး
စောထွန်းဆွဲလာပြီဆို
အမြီးနှံ့ တအီအီအသံပေး ဦးညွှတ်ကြတယ် ။
အခုရက်ပိုင်း
မိဘမဲ့ကျောင်း ကလေးတွေအတွက်
မန်ကျည်းသီး ခူးပေးသူ မရှိဘူး
မြို့ဦးကျောင်း သံဃာတန်းရှေ့
ဆွမ်းချိုင့်ဆွဲတာ စောထွန်းမဟုတ်ဘူး
မြို့အနောက်ဖျားက
ဘုရားအိုရင်ပြင် ညစ်ပတ်နေပြီ
ကျူ းကျော်တဲဖက်
စောထွန်း အလည်ထွက်တာမမြင်သလို
မေတ္တာ ဟင်းပေါင်း မပို့တာ ကြာပြီ။
ခွေးလေခွေးလွင့်တစ်သိုက်ဟာလဲ
စောထွန်းကို မျှော်နေပေါ့….။
နယ်မြို့လေးရဲ့ နေဝင်ရိုးရီမှာ
ဘုရားအိုဘေး အပုပ်နံ့ပေးလို့
မခံနိုင်အောင် ခြောက်လွှတ်သတဲ့
သတ္တိကောင်းသူ လူငယ်အချို့
ဘုရားအိုနံဘေး ရှာဖွေရေးလုပ်တဲ့အခါ
တွေ့ပြီ၊ သူတို့တွေ့ကြပြီ
ဘုရားဆင်းထု တင်းတင်းဆုပ်
ရုပ်မလှတဲ့အထိ ပုပ်ပွနေတဲ့ စောထွန်း
အသားရိရွဲ တိရိစ္ဆာန်တွေ ဆုတ်ဖြဲခံရပေမယ့်....
စောထွန်းလက်ထဲ
ဆင်းထုလေးကို ဖြုတ်မရအောင် ဖက်ထားဆဲ.....
ဘုရားအို အုတ်ပုံကြီးလည်း
တူးဆွရာတွေနဲ့ မွစာကြဲ ။
စောထွန်း
ကမ္ဘာကို မကယ်တင်နိုင်ပေမယ့်
ဘုရားအိုကြီးကို ကယ်တင်သွားတယ်
လက်နက်အပြည့် ဥာဏ်ရည်အပြည့်
မိုက်ရိုင်းရမ်းကားစိတ်အပြည့်နဲ့
ဌာပနာဖောက်သူ လူတစ်စုကို
ဥာဏ်ရည်မပြည့်တဲ့ ယုန်လေးဟာ
ဘယ်လို အင်အားနဲ့ တွန်းလှန်ခဲ့လဲ ။
ရေအိုးခွဲကြပြီ
ကြေးစည်လည်း ခတ်လိုက်ပြီ
မြို့ဦးကျောင်း သံဃာတန်း
သရဏဂုံရွတ်ဖတ်တော့
မိဘမဲ့ကျောင်း ကလေးတွေ
မင်းကို နှုတ်ဆက်ရှာပေါ့
ခွေးလေခွေးလွင့်တစ်သိုက်က
နှုတ်ဆက်တေးအဖြစ် အူနေကြ ။
မမြဲခြင်းတရားမှာ
နယ်မြို့လေးဟာ
မင်းကို မြဲမြံစွာ သတိရနေမှာ ။
နေညိုပြီ စောထွန်းရေ
မင်းက နေဝင်ချိန်ကျမှ
အလင်းကုန်သုံးပြီး တောက်ပသွားတယ်
နောက်ဘဝအထိ ဖြာမယ့်အရောင်နဲ့ ။
သီရိဓမ္မာ အာသောကစောထွန်းရေ…
နယ်မြို့လေးမှာ လော်စပီကာတွေ
ညံနေအောင် ဖွင့်ကြပေါ့ ။ ။
_______________________________
Click here to claim your Sponsored Listing.
Telephone
Website
Address
Shwebo
77777