PDF Insight
02/06/2026
“တဆင့်မြင့်တဲ့ စုဖွဲ့မှုနဲ့ မှန်ကန်တဲ့ လုပ်ငန်းစဥ်”
ကမ္ဘာ့အရေးများ အသည်းအသန်ဖြစ်နေချိန်မှာ မြန်မာ့အရေးကလဲ နောက်ကျကျန်နေတာ မဟုတ်ပါဘူး၊ စိတ်ဝင်စားစရာ သတင်းတွေ အင်တာဗျူးတွေ၊ လှုပ်ရှားမှုတွေ တိုက်ပွဲသတင်းတွေနဲ့ စိုပြေမြိုင်ဆိုင် နေတာပဲ ဖြစ်ပါတယ်၊ ဒါတွေအားလုံးက မြန်မာ့နိုင်ငံရေးချိန်ခွင်လျှာ ဘယ်လိုပြောင်းလဲ သွားမလဲဆိုတာရဲ့ အချက်ပြမှုတွေပါပဲ၊ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက တဘက်က ငြိမ်းချမ်းရေးခေါ်ပြီး တဘက်က စစ်ရေးကို အပြင်းအထန် ဆင်နွှဲနေတာဖြစ်တယ်၊ ဒါဟာပုံမှန်သာဖြစ်ကြောင်း၊ စစ်ရေးအသာစီးရမှသာ ငြိမ်းချမ်းရေးက ဆွေးနွေးဝိုင်းကို ရောက်လာမှာလို့ အရင်က အသံတောင်မထွက်ရဲလို့ နာမည်မခံပဲ ဗျူးတွေဖြေနေခဲ့တဲ့ စစ်လော်ဘီ ဒေါက်တာအောင်မျိုးဆိုသူက ဖြေသွားတာတွေ့ရတယ်၊ ကိုသက်ထွေးနိုင်ရဲ့ နောက်အင်တာဗျူး တခုမှာတော့ ငြိမ်းချမ်းရေးခေါ်တယ်ဆိုတာဟာ တကယ်ငြိမ်းချမ်းရေးရလိုလို့ မဟုတ်ပဲ နိုင်ငံတကာမှာ အပြကောင်းအောင် သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို လျှော်ဖွတ်လိုတဲ့ လုပ်ငန်းစဥ်တခုသာဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာပညာရှင်တဦးက အဖြစ်မှန်အတိုင်းပြောထားတာလည်း တွေ့ရတာဖြစ်တယ်။
ငြိမ်းချမ်းရေးခေါ်တယ်ဆိုတာကတော့ စစ်တပ်အုပ်စိုးမှုကာလ ၆၂ ခုနှစ်နောက်ပိုင်းမှာ အကြိမ်အချို့ ရှိခဲ့ပြီးပါပြီ၊ ဘယ်ကြိမ်မှာမှ ပြေလည်သွားတယ်ဆိုတာ မရှိခဲ့ဘူး၊ စစ်တပ်က တော်လှန်ရေးအင်အားစုတချို့ကို သွေးခွဲတာ ခွဲထွက်မှုတွေ ကွဲအက်မှုတွေကိုသာ ဖြစ်စေခဲ့တာတွေ့ရမှာပါ၊ ရွေးကောက်ပွဲတွေ ကျင်းပရင်လည်း အာဏာလွှဲမပေးတာ၊ နောက်ဆုံး အာဏာပြန်သိမ်းတာမျိုးတွေပဲ ဖြစ်ခဲ့တာ သမိုင်းသက်သေတွေ အပြည့်ပါပဲ၊ နောက်ပြီး တွေ့မြင်ရတဲ့ အချက်အလက်တွေအရ ဒီတခါ မအလအစိုးရရဲ့ ငြိမ်းချမ်းရေးခေါ်မှုက အပေါ့ပျက်ဆုံးပါပဲ၊ တရုတ်ကြီးနဲ့ ကတိခံထားချက်တွေ အရသာ လုပ်လိုက်ရတာ၊ သူ့ဘက်ကတော့ (သူတို့အထင်) အသာစီးရချိန်မှာ ဖိတိုက်လိုက်ရင် ရပြီလို့ ထင်ထားပုံပါပဲ၊ ဒါကြောင့်စစ်လော်ဘီအောင်မျိုးရဲ့ အင်တာဗျူးမှာ တော်လှန်ရေးတပ်တွေဆိုတာ တက်ချိန်မှာ ဆတိုးနဲ့တက်ပြီး ကျပြီဆိုရင်လည်း ဆတိုးနဲ့ကျကြောင်း အခု အစုလိုက်လက်နက်ချတာတွေ ကြည့်ရင်သိနိုင်တယ် လို့ဆိုသွားတာပါ၊ ဒါက လိမ်ညာဇတ်လမ်းဆင် ထားတာတွေကို ကိုယ့်ဖာကိုယ် ပြန်ယုံပြီး ပြောနေတာပါပဲ၊ ဆတိုးနဲ့ကျတယ်ဆိုတာမျိုးတွေက အရင်ဖြစ်ခဲ့ဖူးတယ်၊ ဗကပရော အခြားတိုင်းရင်းသားလက်နက်ကိုင်တွေမှာပါ ရှိခဲ့ဖူးပါတယ်၊ အဲဒါက တော်လှန်ရေးအဖွဲ့ကိုယ်တိုင်က လမ်းစဥ်အမှားကို ကျင့်သုံးမိချိန်မျိုးမှာ ဖြစ်တာပါ၊ ရန်သူနဲ့ မတိုက်ရပဲ ကိုယ်ဖာကိုယ် ပြိုကွဲတာဖြစ်တယ်၊ တော်ရုံအမှား သို့မဟုတ် တဦးတယောက် တစုတဖွဲ့ရဲ့ မှားယွင်းလုပ်ဆောင်မှုတွေ သစ္စာဖောက်မှုတွေလောက်နဲ့ အဲဒီလိုမဖြစ်ပါဘူး၊ လမ်းစဥ်အရကို ( ငြိမ်းချမ်းရေးလမ်းစဥ်၊ လက်နက်ချလမ်းစဥ် စသဖြင့်) မှားယွင်းချမှတ်မိလို့ ဆုံးရှုံးတာဖြစ်ပါတယ်၊ ရန်သူတိုက်လို့မဟုတ်ဖူး။
အခုချိန်ဟာ တော်လှန်တပ်ဖွဲ့အသီးသီးဟာ ကြွယ်ဝတဲ့ အတွေ့အကြုံတွေရှိထားပြီဖြစ်လို့ လမ်းစဥ်အရ အမှားကျူးလွန်မိဖို့ မဖြစ်နိုင်တော့တဲ့ အချိန်ဖြစ်တယ်၊ စစ်တပ်အကြောင်းလည်း နောကြေအောင် သိထားပြီး သူတွေချည်းပါပဲ၊ ဟိုးတုန်းက ဗကပ၊ ပြည်သူ့ရဲဘော်၊ KNU တို့ရဲ့ အမှားတွေကစလို့ ၈၈နောက်ပိုင်း အမှားတွေအထိ နိဂုံးချုပ်ချက်တွေ သင်္ခန်းစာယူစရာတွေအားလုံး ရှိကြပြီးဖြစ်ပါတယ်၊ အခုပိုပြီး တဆင့်မြင့်လာတာက NUG နဲ့ EAO များကြား စစ်ရေးနိုင်ငံရေး တပ်ပေါင်းစုဖွဲ့ လိုက်နိုင်တာဖြစ်တယ်၊ မအလတို့လူသိုက်က ဗိုလ်သန်းရွှေ လမ်းကြောင်းမှာပဲ တဝဲလည်လည် ဖြစ်နေချိန်မှာ NUG နဲ့ EAO တွေက တဆင့်မြင့်တဲ့ စုဖွဲ့မှုတခုဆီကို တက်လှမ်းနိုင်ခဲ့တာဖြစ်တယ်၊ စစ်လော်ဘီအောင်မျိုးက အလွန်ခေတ်နောက်ကျတဲ့ သုံးသပ်ချက်တခုပြောသွားသေးတယ်၊ အဲဒါကတော့ စစ်တပ်ဟာ NUG နဲ့ ခြင်္သေ့နှစ်ကောင် တဂူထဲမအောင်းနိုင်လို့ NUG ကို ငြိမ်းချမ်းရေးမှာ ထည့်သွင်းမထားတာလို့ ဆိုသွားတာပါ၊ ဒါကတော့ သူ့ရဲ့ ၈၈မှာကျန်ခဲ့တဲ့ ဦးနှောက်က တော်လှန်ရေး တဆင့်မြင့်သွားတာကို လိုက်မမှီတာ ဖော်ပြနေတာပါပဲ၊ (လူငယ်တွေ ဆန္ဒပြကြတုန်းက မင်းတို့ဦးနှောက် ၈၈၊ ငါတို့ဦးနှောက် ၂၁ ဆိုတာမှတ်မိကြတယ် မဟုတ်လား)၊ NUG ဟာ ခြင်္သေ့အကောင်အလတ် အရွယ်ဆိုရင် SCEF က ခြင်္သေ့အကောင်အကြီးစားဖြစ်ပါတယ်၊ နောက်ထပ်လဲ ပါဝင်လာကြမှာတွေရှိနေသေးတော့ ဒါထက် အင်အားကြီးမားလာဖို့ပဲ ရှိပါတယ်၊ ဂူတဂူထဲ အောင်းမှာမဟုတ်ဘူး၊ ဖောက်ပြန်တဲ့ ခြင်္သေ့ဆိုးကို ကန်ထုတ်ပစ်မှာပါ၊ အခုကိုပဲ SCEF ရဲ့ သံတမန်ရေးလှုပ်ရှားမှုကို ကနေဒါနိုင်ငံမှာ တွေ့ရပါပြီ၊ ဒါထက်ပို ထိရောက်မယ့် လှုပ်ရှားမှုတွေကို အာဆီယမ်နဲ့ဆက်ဆံရေး၊ တရုတ်နဲ့ ဆက်ဆံရေးတွေမှာ ထပ်ပြီး တွေ့ကြရနိုင်ပါတယ်၊ တရုတ်ဆန့်ကျင်ရေးစိတ် အတွင်းကြိတ်ရှိနေတဲ့ မအလဟာ အိန္ဒိယက လက်ဖြောက်ကလေးတီးခေါ် လိုက်တာနဲ့ (နိုင်ငံတော်အဆင့် ကြိုဆိုမှာမဟုတ်တာတောင်) ငေါက်ကနဲ ထသွားတော့တာဖြစ်တယ်၊ ဘုရားလဲဖူး လိပ်ဥလဲတူးတာဖြစ်ပေမယ့် လိပ်ဥရမလား မြွေဥပဲ ရသွားမလား မသေချာပါဘူး၊ တကယ်တန်း နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ နှစ်နိုင်ငံအကျိုးစီးပွားကို ဖော်ဆောင်နိုင်မှာက SCEF လို အင်အားတွေသာဖြစ်ကြောင်း တရုတ်ကြီးရော အိန္ဒီယပါ သိလာအောင် လုပ်ကြရမှာပါ၊ ဒီလိုလုပ်ဖို့ စုဖွဲ့မှုတွေကတော့ တဆင့်မြင့်လာပါပြီ၊ လက်တွေ့လုပ်ငန်းစဥ်တွေပါ တပါတည်း ကပ်ပါလာတာလည်း စတင်တွေ့မြင်နေရတာဖြစ်ကြောင်း တင်ပြရတာပါ။ ။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
29/05/2026
“မြန်မာပြည်သူတွေရဲ့ နာကျင်မှုကြားက ထွက်ပေါ်လာတဲ့ အသံကို အိန္ဒိယအစိုးရအနေနဲ့ နားထောင်ပေးရန် အလေးအနက် တောင်းဆိုခြင်း”
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး၊ သန်းနဲ့ချီသော ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။ ကလေးများ၊ အမျိုးသမီးများနဲ့ အပြစ်မဲ့ပြည်သူများဟာ စစ်ပဋိပက္ခရဲ့ အဓိကသားကောင်များ ဖြစ်နေကြရပါတယ်။
စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုန်းကြီးကျောင်းများနဲ့ ပြည်သူတွေရဲ့ နေအိမ်များပါမကျန် ထိခိုက်ပျက်စီးနေတဲ့ အခုလိုအခြေအနေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဆက်လက်စွပ်စွဲခံနေရတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ပြုလုပ်မဲ့ အဆင့်မြင့်ဆက်ဆံမှုတွေက မြန်မာပြည်သူတွေရဲ့ နာကျင်မှုကို ပိုပြီးလေးနက်စေနိုင်တဲ့ ကိစ္စရပ်တွဖြစ်စေမှာကို စိုးရိမ်မိပါတယ်။
အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးတို့ကို ရေရှည်လက်ကိုင်ထားခဲ့တဲ့၊ အလေးထား ဂုဏ်ယူတဲ့ နိုင်ငံတနိုင်ငံအဖြစ်
• အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးကို ဖိအားပေးရန်
• လူ့အခွင့်အရေးနဲ့ လူသားဂုဏ်သိက္ခာကို ဦးစားပေးရန်
• မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို လေးစားရန်
• လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပိုမိုကူညီပေးရန်
အလေးအနက် တောင်းဆိုအပ်ပါတယ်။
မြန်မာနဲ့ အိန္ဒိယပြည်သူများအကြား ရှည်လျားသော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုများဟာ နှစ်နိုင်ငံချစ်ကြည်ရေးရဲ့ အဓိကအခြေခံဖြစ်ပြီး၊ ရေရှည်တည်တံ့တဲ့ မိတ်ဖက်ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ဖို့အတွက် ပြည်သူလူထုရဲ့ အသံ၊ လူ့ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီတန်ဖိုးတွေကို အပြန်အလှန် လေးစားမှုထားရှိကြဖို့ လိုအပ်ပါတယ်။ မြန်မာပြည်သူတွေဟာ စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေကို မလိုလားကြပါ။ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လူသားဂုဏ်သိက္ခာကိုသာ မျှော်လင့်နေကြတာဖြစ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Sagaing