Kachinwaves

Kachinwaves

Share

၂၀၁၂ ခုနှစ်မှစတင်၍ ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ် အခြေစိုက် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်း ဖြစ်သည်။ ကချင်ပြည်နယ်သတင်းများအပြင် ကချင်ဒေသနှင့် သက်ဆိုင်သောအကြောင်းအရာများ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာများ၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်းအရေးများ အပါအဝင် မတူကွဲပြားသော ယဉ်ကျေးမှုနှင့် လူမျိုးများ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရေးကို ရှေးရှုလျက် တင်ဆက်ဖော်ပြမှု နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ကိုင်ဖော်ဆောင်နေသော သတင်းဌာနဖြစ်သည်။

05/06/2026

ခရီးသွားယာဉ်နဲ့လိုင်းကားတွေကို အာဏာသိမ်းတပ်ရဲ့ပစ္စည်းတွေ မသယ်ဆောင်ဖို့ ပူတာအို PDF သတိပေးချက်ထုတ်

By Yu San. 5 June 2026

ဒီကနေ့ ဇွန်လ ၅ ရက်နေ့ကစပြီး မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်းကြောကိုပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းတွေအနေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေကို သယ်ဆောင်ခြင်း မလုပ်ကြဖို့ PUTAO PDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ မြစ်ကြီးနား - ပူတာအို လမ်းကြောကိုပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းတွေကို အသုံးပြုပြီး စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းနေတာကြောင့် သတိပေးချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရပါတယ်။

သတိပေးချက်အတွင်းမှာ စစ်အုပ်စုနဲ့ပက်သက်တဲ့ ပစ္စည်းကိရိယာများ သယ်ဆောင်ခြင်း မပြုဖို့၊ Non - CDM ဝန်ထမ်း၊ စစ်သားတွေကို မသယ်ဆောင်ဖို့၊ ရောနှောနေထိုင်ခြင်း မပြုဖို့ စတဲ့သတိပေးချက်တွေ ပါဝင်ပါတယ်။

အထက်ပါ သတိပေးချက်တွေကို မလိုက်နာတဲ့ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမှာဖြစ်ကြောင်းနဲ့ နောက်ဆက်တွဲ ကိစ္စရပ်တွေအတွက်လည်း တာဝန်ယူမှာမဟုတ်ကြောင်း သတိပေးချက်မှာ ပါဝင်ပါတယ်။

မြစ်ကြီးနား - ပူတာအို လမ်းကြောပေါ်က တီယန်ဇွပ်နဲ့ ဆွမ်ပရာဘွမ်မြို့ကို KIA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့အတွက် ပူတာအိုမြို့ကို စစ်အင်အားဖြည့်တင်းဖို့ စစ်အုပ်စုက လေကြောင်းကိုသာ အဓိကအားထားနေရတာ ဖြစ်ပါတယ်။

https://t.me/Kachinwaves/3051

https://x.com/i/status/2062874394125382046

http://youtube.com/post/UgkxxCsLVq0oiBRgz-t9CB7QAyz7rFSvC07M?si=5_SLGxJfWz9rmt8Q

05/06/2026

ပြဿနာမြားဦးလှည့်ပြီး သပ်လျှိုနေတဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်

By HSL. 5 June 2026

▪︎ နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါး။

စစ်အာဏာရှင် ဦးမင်းအောင်လှိုင်က “ဖက်ဒရယ်ဟုဆိုရာတွင် နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ် မဟုတ်သည်ကိုလည်း သိရှိနားလည်နိုင်ကြရန်လိုကြောင်း” မေလ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ၎င်းရဲ့အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ သူဒီလိုပြောဆိုခြင်းဟာ အထူးအဆန်း မဟုတ်ပေမဲ့၊ အယူအဆလက်ခံမှု concept အရ လွဲချော်မှုဖြစ်နေပြီး၊ ခွဲထွက်ရေးလို့မြင်တဲ့ စစ်အာဏာရှင်တွေရဲ့ အယူအဆကို လှစ်ဟပြခြင်းဖြစ်တယ်လို့ မှတ်ယူပါတယ်။ ဒါဟာ လူမျိုးအမည်တပ်ပြီး ဖွဲ့စည်းထားတဲ့ ပြည်နယ်တွေကို ဖျောက်ဖျက်ချင်တဲ့ အာဏာရှင်ထောက်ခံသူတွေရဲ့ သဘောထားနဲ့လည်း ဆက်စပ်နေတဲ့သဘော ဖြစ်ပါတယ်။ ဖက်ဒရယ်တောင်းဆိုမှုကို ပြဿနာအဖြစ်လွှဲချပြီး ပြည်ထောင်စုမြန်မာနိုင်ငံတခုလုံးကို အဆိပ်ခတ်နေတဲ့ ပြဿနာရင်းမြစ်ကိုတော့ ဖုံးအုပ်ထားချင်တဲ့ စိတ်ရင်းစရိုက်မှန် မပြောင်းလဲသေးတာကို လှစ်ဟပြခြင်းလည်း ဖြစ်ပါတယ်။

ဗမာမဟုတ်တဲ့လူမျိုးစုများက လွတ်လပ်ရေးအတူ ရယူစဉ်ကတည်းက ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းမှုစနစ်ကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီချဉ်းကပ်မှုကိုကြည့်ရင် အဓိကအကြောင်းရင်း(၃)ခုရှိတယ်လို့ သုံးသပ်ပါတယ်။

(၁) မိမိတို့ဘိုးဘွားတွေရဲ့ အသက်သွေးချွေးတွေနဲ့ ကာကွယ်ပြီးစိုက်ထူခဲ့တဲ့ သမိုင်းမှတ်တိုင်တွေကို မဖျောက်ဖျက်လိုခြင်း၊
(၂) လူများစုဖြစ်တဲ့ဗမာလူမျိုးနဲ့ အတူပေါင်းစည်းနေထိုင်တဲ့အခါ ဖက်ဒရယ်စနစ်ကသာ မိမိတို့လူမျိုးစုတွေရဲ့ မူလအခွင့်အာဏာ (ကိုယ်ပိုင်ပြဌာန်းခွင့်)ကို အကောင်အထည်ဖော်ခွင့်ရှိမယ်လို့ မျှော်လင့်ခြင်း၊
(၃) ပြည်ထောင်စုအဖွဲ့ဝင်များဖြစ်တဲ့ ပြည်နယ်များအတွင်းမှာလည်း မတူတဲ့လူမျိုးများ မှီတင်းနေထိုင်ကြသောကြောင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပေါင်းစည်းနေထိုင်ခြင်းကသာ နိုင်ငံရေးအရ သဟဇတရှိနိုင်မယ်လို့ ယူဆခြင်းတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

“ပြည်ထောင်စုမြန်မာနိုင်ငံ” ဖြစ်လာရတာဟာ “ယခင်က မြန်မာပြည် ဘုရင်ခံမှတဆင့်၊ ဗြိတိသျှဘုရင်မင်းမြတ် စီရင်အုပ်ချုပ်တော်မူခဲ့သော နယ်မြေအားလုံးနဲ့ (ခ) ကရင်နီနယ်များ (by His Britannic Majesty through the governor of Burma, and the Karenni States)”ပါဝင်ကြခြင်းဖြင့် ဖွဲ့စည်းလာခဲ့ခြင်းဖြစ်တာကို ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၂) မှာ တွေ့ရပါတယ်။

ဒီ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ “ပဒေသရာဇ် ရှမ်းပြည်နယ်စုဟူ၍ ယခင်ကခေါ်တွင်ခဲ့သော နယ်မြေများနှင့် ဝနယ်မြေများသည်၊ (Federated Shan States and Wa States) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင်တစ်ခုအဖြစ်ဖြင့် ပါဝင်ရမည်။ ထိုပြည်ထောင်စုအဖွဲ့ဝင်ကို ဤမှနောင်အဖို့တွင် “ရှမ်းပြည်နယ်”ဟုခေါ်ရမည်။ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များ (the Myitkyina and Bhamo Districts shall form a constituent unit of the Union of Burma) ဟူ၍ ယခင်ကခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင်တစ်ခုအဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စုအဖွဲ့ဝင်ကို ဤမှနောင်အဖို့တွင် “ကချင်ပြည်နယ်”ဟု ခေါ်ရမည်။ ကန္တရာဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးတို့ ပါဝင်သည့် ကရင်နီနယ်များဟု ယခင်ကခေါ်တွင်ခဲ့သောနယ်မြေများကို၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် တစ်ခုအဖြစ် ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စုအဖွဲ့ဝင်ကို ဤမှနောင်အဖို့တွင် “ကရင်နီပြည်နယ် (Karenni State)”ဟု ခေါ်ရမည်။

၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ လွတ်လပ်ရေးကို အတူတကွရယူဖို့ ဖွဲ့စည်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဖြစ်တာကြောင့် တိုင်းရင်းသားလူမျိုးစုများက ဗမာလူမျိုးရဲ့လက်အောက်ခံများအဖြစ် မဟုတ်ပဲ “ပြည်ထောင်စုအဖွဲ့ဝင်”များအဖြစ် ပူးပေါင်းပါဝင်သူများဖြစ်တဲ့ အငွေ့အသက်ပါရှိသေးတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအခြေခံဥပဒေဟာ ပြည်ထောင်စုအစစ်အမှန်အတွက် အခြေခံအုတ်မြစ်ကောင်း မဖြစ်ခဲ့ပဲ တစ်ပြည်ထောင်စနစ်ဖြစ်ခဲ့တာကို ဥပဒေရေးဆွဲရေးမှာပါဝင်ခဲ့တဲ့ သခင်ချန်ထွန်းကိုယ်တိုင် ဖွင့်ဟပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဖက်ဒရယ်စနစ်ကို တောင်းဆိုနေရတာဟာ ယခင် (ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့ ကချင်အမျိုးသား) ခေါင်းဆောင်တွေရဲ့ ရှေ့ဆောင်လမ်းပြမှုကို လိုက်နာအကောင်အထည်ဖော်နေရခြင်းဖြစ်သလို ကချင်ပြည်အတွင်းမှာလည်း ကချင်မျိုးနွယ်စုတွေအပြင် အခြားလူမျိုးတွေလည်း တည်ရှိနေတာကြောင့် ဖက်ဒရယ်စနစ်နဲ့ ပေါင်းစည်းနေထိုင်ခြင်းက လိုအပ်ချက်ဖြစ်တယ်လို့ မြော်မြင်ထားခြင်းတွေကြောင့်ဖြစ်တယ်လို့၊ လက်ရှိ KIC ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်က ၂၀၁၄ ခုနှစ် အမေရိကခရီးစဉ်အတွင်း ကချင်လူထုနဲ့ တွေ့ဆုံခဲ့တဲ့အချိန် ပြောကြားခဲ့တာကို တွေ့ရပါတယ်။ KIO ပြောဆိုနေတဲ့ ဖက်ဒရယ်ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ “Political Self-determination (နိုင်ငံရေးအရကိုယ်ပိုင်ပြဌာန်းခွင့်)” ဖြစ်တယ်လို့ ကချင်လိုပြောခဲ့ပါတယ်။ ဒါ့အပြင် သမ္မတဦးသိန်းစိန် လက်ထက်မှာ အစိုးရအနေနဲ့ ပင်လုံစာချုပ်ကို တရားဝင်မှုရှိသေးတဲ့စာချုပ်အဖြစ် မှတ်ယူသေးခြင်းရှိမရှိ သိလိုကြောင်း KIO က တရားဝင်မေးခဲ့ပေမဲ့ အကြောင်းပြန်ကြားချက် မပေးခဲ့ဘူးလို့လည်း ပြောခဲ့ပါတယ်။

လက်ရှိ ကချင်ပြည်နယ်နဲ့ Kachin Sub-state နယ်မြေတွေဟာ နယ်ချဲ့အင်္ဂလိပ်နဲ့ ဂျပန်တွေ မရောက်လာခင်ကတည်းက မိမိတို့ရဲ့မူရင်းဌာနေဒေသအဖြစ် ရှမ်းမျိုးနွယ်စုများနဲ့ အတူတကွယှဉ်တွဲ နေထိုင်လာခဲ့ကြတာဖြစ်ပြီး၊ နယ်ချဲ့တွေ ကျူးကျော်လာတဲ့အခါမှာလည်း နိုင်မယ်ရှုံးမယ်ကို ပဓာနမထားပဲ မိမိတို့ရဲ့ ပြည်ရင်းဌာနေဒေသကို အသက်သွေးချွေးတွေစတေးပြီး ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့လို့ အသိအမှတ်ပြုသတ်မှတ်ခံရတဲ့ ကချင်ဒေသတွေဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ KIO ရဲ့ အထွေထွေနိုင်ငံရေးမူဝါဒလမ်းစဉ် (69 – Ninggawn Mungmasa Lam Yan)မှာလည်း ရှမ်းမျိုးနွယ်စုတွေနဲ့ ကချင်မျိုးနွယ်စုတွေကို ကချင်ပြည်ရဲ့ဌာနေတိုင်းရင်းသား လူမျိုးများအဖြစ် အသိအမှတ်ပြုထားတာကို တွေ့ရပါတယ်။

စာရေးသူဆိုလိုတာက ဒီကနေ့ခေတ်မှာ bottom-up ဖက်ဒရယ်ဖွဲ့စည်းမှုလို့ပြောနေပေမဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် ချဉ်းကပ်မှု ပုံစံတစ်မျိုးတည်းနဲ့ ချဉ်းကပ်ဖွဲ့စည်းတည်ဆောက်လို့ မရဘူးလို့ မြင်ပါတယ်။ bottom-up ဖက်ဒရယ်လို့ပြောရင် နိုင်ငံသား/လူဦးရေကိုအခြေခံတဲ့ ချဉ်းကပ်မှုပုံစံနဲ့ ဖွဲ့စည်းရမယ့်ယူနစ် (unit) တွေရှိသလို ပစ်ပယ်ထားလို့ မရနိုင်တဲ့ သမိုင်းနောက်ခံတွေကို အသိအမှတ်ပြုပြီး ဖွဲ့စည်းရမယ့် ဖက်ဒရယ်ယူနစ်တွေလည်း ရှိနေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ နိုင်ငံသား/လူဦးရေကိုအခြေခံတဲ့ bottom-up ဖက်ဒရယ်ဖွဲ့စည်းမှုချည်း သက်သက်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောနေပေမဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်အာဏာရှင်တွေလည်းပြောနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ထက် ပိုပြီးထူးလာမယ်လို့ မထင်သလို၊ ပြဿနာကို ဖြေရှင်းနိုင်မယ့် ချဉ်းကပ်မှုလည်း မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။

နောက်တစ်ခုက တိုင်းရင်းသားလူမျိုး အမည်တပ်ထားတဲ့ပြည်နယ်တွေကို အမည်အစားထိုး ပြောင်းလဲလိုက်မယ်ဆိုရင် အဲဒါက ပြဿနာကို ဖြေရှင်းခြင်း မဟုတ်ပဲ ပြဿနာမီးကို ပိုမိုတောက်လောင်စေခြင်းသာ ဖြစ်လာနိုင်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် နိုင်ငံတော်ဘာသာပြဌာန်းပြီး “မီးလောင်ရာလေပင့်”ဖြစ်စေခဲ့တဲ့ ပါလီမန်ခေတ်က ဦးနုရဲ့လုပ်ရပ်လိုမျိုးနဲ့ ဆင်တူပါလိမ့်မယ်။

စစ်အာဏာရှင်တွေ ခဏခဏထင်ဟပ်ဆွဲထုတ်ပြသလို ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတွေကို လူမျိုးအမည်နဲ့ပေးခြင်းက လူမျိုး(၁၃၅)မျိုးရှိတဲ့နိုင်ငံမှာ ပြဿနာတွေကို ပိုမိုရှုပ်ထွေးစေတယ်ဆိုရင်၊ သူတို့ကိုယ်တိုင် အဲဒီပြဿနာလမ်းစကို ဘာဖြစ်လို့ အစဖော်ထားခဲ့တာလဲ။ ဆိုလိုတာက သူတို့စိတ်ကြိုက် ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပေးခဲ့တဲ့ ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရတိုင်း/ဒေသတွေကို ဘာဖြစ်လို့ လူမျိုးအမည်တွေနဲ့ သတ်မှတ်ပေးခဲ့တာလဲ။ ပထဝီဒေသအမည်တွေနဲ့ သတ်မှတ်ပေးခဲ့မယ်ဆိုရင်လည်း အဲဒီအချိန်အခါတုန်းက အမျိုးသားညီလာခံ တက်ခဲ့တဲ့သူတွေထဲ ကန့်ကွက်နိုင်မယ့်သူတွေရှိမယ်လို့ မထင်ပါဘူး။

စာရေးသူဟာ အဆိုပါ ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရတိုင်းနဲ့ဒေသတွေကို မလိုလားလို့ ပြောနေခြင်းမဟုတ်ပဲ၊ စစ်အာဏာရှင်တွေရဲ့ ရှေ့နောက်မညီတဲ့ လုပ်ရပ်တွေကို ထောက်ပြနေခြင်းသာ ဖြစ်ပါတယ်။ ဒါ့အပြင် သမိုင်းဖြစ်ရပ်တွေကို တည့်မတ်ထိန်းညှိပြီး ပြေလည်အောင်လုပ်ရမယ့်အစား တိုင်းရင်းသားလူမျိုးတွေ အချင်းချင်းကြား ပြဿနာများလာအောင်လုပ်ပြီး၊ သူတို့ခြယ်လှယ်လို့လွယ်အောင် သပ်လျှိုသွေးခွဲမှုတွေကိုပဲ ပြုလုပ်နေတယ်လို့ ထောက်ပြနေခြင်း ဖြစ်ပါတယ်။

တသွေးတသံတမိန့် ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ယဉ်ပါးနေတဲ့ စစ်အာဏာရှင်တွေဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ မတူကွဲပြားမှုတွေကို ရှုပ်ထွေးတဲ့ပြဿနာအဖြစ်ပုံဖော်ပြီး ပြဿနာမြားဦးလှည့်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ တကယ်တော့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ဟာ ရှိနေတဲ့တိုင်းရင်းသားပြည်နယ်တွေကို ထပ်မံခွဲစိပ်ဖွဲ့စည်းကာ သူတို့ချုပ်ကိုင်ထားတဲ့ ဗဟိုအာဏာကို ဈေးဆစ်နိုင်မယ့် နိုင်ငံရေးတောင်းဆိုမှုတွေကို ဖြိုခွင်းပစ်ဖို့ကြိုးစားနေခြင်းလို့ မြင်ပါတယ်။ ဒါဟာ ဖက်ဒရယ်ကို ပြဿနာဖြေရှင်းရေးအတွက် အသုံးချတာ မဟုတ်ပဲ ပြဿနာဖန်တီးပြီး ဖက်ဒရယ်ကို ပုံဖျက်ခြင်းသာ ဖြစ်လာပါလိမ့်မယ်။

နိဂုံးချုပ်ပြောရရင် ဖြစ်သင့်တာက ရှိနေပြီးသား တိုင်းရင်းသားပြည်နယ် အမည်နာမတွေကို အပြစ်ရှာနေခြင်းထက် နိုင်ငံရေးအာဏာ ခွဲဝေကျင့်သုံးခြင်းကသာ အဓိကကျပါတယ်။ ပြည်နယ်တွင်းမှာလည်း ဖက်ဒရယ်စနစ်ဖြင့် ဒေသန္တရအာဏာ ခွဲဝေကျင့်သုံးခြင်းက တိုင်းရင်းသားပြည်သူတွေအပြင် နိုင်ငံသားပြည်သူတွေအတွက် လက်တွေ့ကျတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်လာမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးအာဏာခွဲဝေရေးကို မစဉ်းစားပဲ လူမျိုးနဲ့နယ်မြေတွေကိုပဲ ထင်ဟပ်ထောက်ပြနေတဲ့ စစ်အာဏာရှင်တွေရဲ့ လက်ထက်မှာ ပြည်နယ်နဲ့ဒေသအမည်တွေ ဘယ်လိုပဲပြောင်းပြောင်း ထူးပြီးကောင်းလာမယ်လို့ မထင်မိပါဘူး။

https://t.me/Kachinwaves/3050

https://x.com/i/status/2062823007051977108

http://youtube.com/post/Ugkx_htOVaJ74zrV7uJttrj2BLpoyoiDkxHu?si=O2RV0G5qny0ht04w

04/06/2026

ကျောင်းဖွင့်ရာသီရောက်ပေမယ့် လုံခြုံရေးကြောင့် အင်းတော်မြို့နယ်က ကလေးငယ်တွေ စာမသင်ကြားနိုင်

By Ko San. 4 June 2026

အင်းတော်မြို့နယ်မှာ ကျောင်းဖွင့်ရာသီရောက်လာပေမဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေသလို လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အတွက် မြေပြင်ကျောင်းတွေမဖွင့်နိုင်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

အင်းတော်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က မြို့နယ်တစ်ခုလုံးအတိုင်းအတာနဲ့ ၈၀ ရာခိုင်နှုန်းအထိ ကျောင်းတွေဖွင့်လှစ်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်ကာလမှာ တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နယ်မြေတည်ငြိမ်မှုမရှိတဲ့အတွက် NUG အစိုးရက ကျောင်းဖွင့်နိုင်မဲ့အခြေနေကို စောင့်ကြည့်နေကြပြီး ငွေကြေးတတ်နိုင်တဲ့ ကျောင်းသားမိဘတွေကတော့ အာဏာသိမ်းတပ်စိုးမိုးထားတဲ့မြို့ကြီးတွေမှာပဲ ကျောင်းသွားထားကြတယ်လို့ အင်းတော်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“မဖွင့်တာက‌တော့ လက်ရှိစစ်ရေးအခြေ‌အနေကြောင့်ပေါ့။ တချို့မိဘတွေကလည်း စောင့်ကြည့်နေကြတုန်း။ အခြေနေက ကောင်းလာမလားလို့။ တချို့ကျောင်းသားမိဘတွေကတော့ မိုးညှင်းမဟုတ်ရင် မန္တလေးမှာ သွားထားကြတယ်”လို့ဆိုပါတယ်။

ယခုလို မတည်ငြိမ်တဲ့ကာလကြောင့် ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ ပူပန်နေရကြောင်းကို အင်းတော်ဒေသခံကျောင်းသားမိဘ နောက်တစ်ဦး ယခုလိုဆက်ပြောပါတယ်။

“ကိုယ့်သားသမီးကိုတော့ပညာတတ်စေချင်ကြတာကြီးပါပဲ ။ ငါ့တို့ကျတော့ပုံမှန်ပြည်သူတစ်ယောက်အနေနဲ့တွေးမယ်ဆိုရင်တော့။ ဘယ်ဘက်ကပဲကျောင်းလာဖွင့်ဖွင့် ထားကြမှာပဲလေ။ အနည်းဆုံးတော့ သူ့သားသမီး ကိုယ့်သားသမီးစာရေးတတ်ဖတ်တတ်စေချင်ကြတာကို”

သို့ပေမယ့် ယခုလိုတော်လှန်ရေးနဲ့စစ်တပ်က စစ်ရေးလွန်ဆွဲနေတဲ့အခြေအနေတွေကြောင့် ကျောင်းထားဖို့ကိုလည်း စိုးရိမ်နေရပြန်ကြောင်း အထက်ပါမိဘကဆိုပါတယ်။

“အခြေနေကမတည်ငြိမ်နိုင်သေးဘူးလို့ထင်တယ်။အကယ်လို့ကျောင်းတွေဖွင့်လိုက်ကြပြီဆိုရင်လဲ တလရဘက်ကတွေကလည်း ကျောင်းတွေဖွင့်ထားလို့ခလေးတွေရှိတယ်ဆိုပြီး ဒီနယ်မြေတွေကို စိုးမိုးဖို့လက်လျော့မှာမဟုတ်ဘူးလေ။ ကြားညှပ်ခံရမှာစိုးရတာပဲ”လို့ဆိုပါတယ်။

တော်လှန်ရေးတပ်တွေ အပြည့်အဝထိန်းချုပ်ထားခဲ့တဲ့ အင်းတော်မြို့၊ နဘားလမ်းဆုံ၊ နဘားရွာ၊ မော်လူးမြို့၊ အင်းတော်-ကသာလမ်းပိုင်းနဲ့ အင်းတော်-မော်လူးလမ်းပိုင်းက ကျေးရွာတွေကို အာဏာသိမ်းတပ်ဘက်က ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်နဲ့ မေလ‌ရဲ့နောက်ဆုံးအပတ်မှာ ပြန်လည်ထိန်းချုပ်သွားခဲ့တာပါ။

ဒါ့အပြင် မော်လူးမြို့တောင်ဘက်က ကျေးရွာတွေမှာလည်း အာဏာသိမ်းတပ်က အထိုင်ချတပ်စွဲနေတာကြောင့် တော်လှန်ရေးတပ်ဘက်က သွားရောက်တိုက်ခိုက်မှုတွေ ရှိသလို စစ်တပ်ကလည်း တိုက်ပွဲဧရိယာတွေအပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မော်လူးအနောက်ဘက်က ကျေးရွာတွေဘက်ကိုပါ လေကြောင်းနဲ့ ဗုံးကြဲတာတွေလုပ်ခဲ့ပါတယ်။

အင်းတော်တစ်နယ်လုံးအတိုင်းအတာကို အာဏာသိမ်းတပ်က မထိန်းချုပ်ထားနိုင်ပေမဲ့ ၎င်းတို့စိုးမိုးထားတဲ့ မော်လူးမြို့နဲ့ နဘားကျေးရွာမှာ Non CDM ဆရာ၊ ဆရာမတွေနဲ့စစ်တပ်ဘက်ကပေါင်းပြီး ကျောင်းဖွင့်နေကြတယ်လို့သိရပါတယ်။

လက်ရှိမှာ အင်းတော်မြို့နဲ့ ၂မိုင်ခန့်အကွာမှာရှိတဲ့ ကျေးရွာဘက်တွေ၊ မော်လူးမြို့နဲ့ စီပိန်းကျေးရွာတွေဘက်မှာ ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတယ်လို့သိရပါတယ်။ လက်ရှိအချိန် တိုက်ပွဲအခြေအနေခေတ္တငြိမ်သက်နေပေမဲ့ စစ်ရေးတင်းမာနေတဲ့အခြေနေမှာ ရှိနေတယ်လို့လည်း သိရပါတယ်။

Want your business to be the top-listed Media Company in Myitkyina?
Click here to claim your Sponsored Listing.

Address


Myitkyina, Kachin State
Myitkyina

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00