7Stars News

7Stars News

Share

Our mission is –
– to provide accurate and unbiased news to the people of Burma,
– to promote understanding and cooperation amongst the various ethnic and religious groups of Burma,
– to encourage and sustain independent public opinion and enable social and political debate
– to impart the ideals of democracy and human rights to the people of Burma. The 7stars News Agency is formerly registered & based in Northern Shan State and now 7Stars News Group is officially operating in Myanmar/Burma.

Photos from 7Stars News's post 20/05/2026

MNTJP မှ ဖွင့်လှစ်မည့် တက္ကသိုလ် နှင့် ကျောင်းများ နှင့် ပတ်သက်၍ ကွတ်ခိုင်မြို့ပြည်သူများအား မိတ်ဆက်၊ တွေ့ဆုံ၊ ဆွေးနွေး။

၂၀ မေ ၂၀၂၆။ - 7Stars News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကြားကာလ ကိုးကန့်အုပ်ချုပ်ရေး ယန္တရားလည်ပတ်လျက်ရှိသည့် ကွတ်ခိုင်မြို့၊ မြို့နယ်အုပ်ချုပ်ရေးရုံး၌ MNTJP မှ ဖွင့်လှစ်မည့် အဆင့်မြင့်တက္ကသိုလ်၊ အသက်မွေးဝမ်း ကျောင်းပညာ အထက်တန်းကျောင်းများနှင့်
ပတ်သက်၍ လူထုတွေ့ဆုံ၊ ဆွေးနွေး၊ မိတ်ဆက်ခြင်းအစီအစဉ်ကို ယနေ့ (မေလ ၂၀ ရက်နေ့) နံနက်ပိုင်း (၁၀:၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လူထုတွေ့ဆုံ မိတ်ဆက် ဆွေးနွေးပွဲအစီအစဉ်သို့ ကွတ်ခိုင်မြို့မှ ရပ်မိရပ်ဖများ၊ စာပေ
နှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပြင် ဖိတ်ခေါ်ထားသော ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ကိုးကန့်အထူးဒေသ (၁) ပညာရေးအဖွဲ့ဝင် ဆရာတိုးဇော်သန့် ၊ သမားတော်ကြီး ဒေါက်တာဗညား နှင့် ကွတ်ခိုင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း ဒေသခံပြည်သူတစ်ဦးက 7stars News ကို ပြောသည်။

"ဒီနေ့ ကွတ်ခိုင်မြို့နယ် ကိုးကန့်အုပ်ချုပ်ရေးရုံး
( ယခင်ဆောက်လုပ်ရေးဝန်း ) မှာ ကိုးကန့်အထူးဒေသ (၁) အဖြစ်သတ်မှတ်ထားတဲ့ လောက်ကိုင်မြို့၊ သိန္နီမြို့ နဲ့ ကွတ်ခိုင်မြို့တွေမှာ ဆေးတက္ကသိုလ်၊ ပညာရေးကောလိပ်၊ အသက်မွေးဝမ်းကျောင်းပညာ နည်းပညာအထက်တန်းကျောင်းတွေ ဖွင့်လှစ်မယ့်အကြောင်း ဒေသခံပြည်သူတွေကို မိတ်ဆက် ရှင်းလင်းပြတဲ့ လူထုတွေ့ဆုံပွဲလုပ်ခဲ့တယ်။

ကွတ်ခိုင်မြို့မှာနေထိုင်တဲ့ ရပ်မိရပ်ဖတွေ၊ စာ/ယဉ်အဖွဲ့တွေ၊ အမျိုးသမီးရေးရာအဖွဲ့တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ နဲ့ ဖိတ်ကြားထားတဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြတယ်။

ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့က ကွတ်ခိုင်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး၊ သမားတော်ကြီးဒေါက်တာဗညား နဲ့ အထူးဒေသ (၁) ပညာရေးကော်မတီဝင် ဆရာတိုးဇော်သန့် တို့တက်ရောက်ပြီး ရှင်းလင်းပြောကြားခဲ့ကြတယ်။

ဆေးတက္ကသိုလ်နဲ့ ပတ်သက်ပြီး ဒေါက်တာဗညား ကနေပြီး ရှင်းလင်းပြောကြားခဲ့တယ်။ အခြေခံပညာရေးကျောင်း နဲ့ အသက်မွေးပညာကျောင်း တွေနဲ့ ပတ်သက်ပြီး ဆရာတိုးဇော်သန့် ကရှင်းလင်းပြောကြားခဲ့ပါတယ်။ ကွတ်ခိုင်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ကတော့ ကွတ်ခိုင်မြို့မှာ ဇူလိုင်လအမီ မီးရရှိမယ့်အကြောင်း၊ မြို့မစျေး (၃) ထပ်တည်ဆောက်မယ့်အကြောင်း နဲ့ ဟိုတယ် KTV တွေ တည်ဆောက်မယ့်အကြောင်းတွေ ပြောခဲ့တယ်။ လူထုတွေဘက်က မေးခွန်းမေးတာတွေကိုလည်း သက်ဆိုင်ရာ အကြောင်းရင်းပေါ်မူတည်ပြီး ပြန်လည်ဖြေကြားပေးခဲ့ကြပါတယ်။” ဟု ပြောဆိုသည်။

အထူးဒေသ (၁) ပညာရေးကော်မတီမှ လောက်ကိုင်မြို့တွင် ကမ္ဘာ့အဆင့်မီ ဆေးတက္ကသိုလ်ကို ယခုနှစ်အတွင်း စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဆေးတက္ကသိုလ်ကို စတန်းဖို့စ်တက္ကသိုလ်ကဲ့သို့သော ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များနှင့် ဆက်သွယ် ဖွင့်လျစ်မည်ဖြစ်ကြောင်း၊ ဆေးတက္ကသိုလ် တက်ရောက်သော ကျောင်းသူ၊ကျောင်းသားများ (၄ နှစ်ခွဲ) တက်ရောက်ရုံဖြင့် ဘွဲ့ရရှိမည်ဖြစ်ကြောင်း၊ နှင့် ဆေးတက္ကသိုလ်သို့ မည်သူများတက်ရောက်နိုင်မည်ကိုမူ ဇူလိုင်လတွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းတို့ကို ဒေါက်တာဗညားမှ ရှင်းလင်းတင်ပြခဲ့သည်ဟု ဆိုသည်။ ထို့အပြင် Nursing University ကိုမူ (၄ နှစ်) တက်ရောက်ပြီးနောက် ဘွဲ့ရရှိမည်ဖြစ်ကြောင်း ဆက်လက်ရှင်လင်းပြောကြားခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ကို Laukkai University of Medicine, Nursing and Health Sciences ဟု အမည်နာမပေးမည်ဖြစ်ပြီး ယင်းတက္ကသိုလ်၌ပင် ကာလတိုကျောင်းများဖြစ်သည့် School of Medicine, School of Nursing, School of Health Sciences ကျောင်းများ ဌာနအလိုက်တွဲဖက် ဖွင့်လှစ်မည်ဖြစ်ကြောင်းကိုလည်းသိရသည်။ ဆေးတက္ကသိုလ် တက်ရောက်မည့် ကျောင်းသူ ကျောင်းသားများအတွက် အထူးပညာသင်စရိတ် ထောက်ပံ့ရေး အစီအစဉ်များလည်းရှိမည်ဟု သိရသည်။

သိန္နီမြို့တွင် ဆရာအတတ်သင် ပညာရေးကောလိပ် ဖွင့်လှစ်မည်ဖြစ်ပြီး ကွတ်ခိုင်မြို့၌မူ နည်းပညာအထက်တန်းကျောင်းများကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆရာတိုးဇော်သန့် မှ ရှင်းလင်းပြောကြားခဲ့သည်ဟု ဆိုသည်။

ပညာရေးကောလိပ်၌ မူလတန်း/အလယ်တန်း ဆရာအတတ်ပညာသင်တန်း၊ ဘွဲ့လွန် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း (အထက်တန်း) နှင့် ပညာရေးဒီပလိုမာသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းများ၌ MEd/ MA/ MSc ဘွဲ့ရရှိသော ဆရာ ဆရာမများမှ ဦးဆောင်သင်ကြားပေးသွားမည်ဟု ဆိုသည်။

အထူးဒေသ (၁) ပညာရေးကော်မတီမှ အခြေခံပညာသင်ကျောင်း ၈၀ ကျော် ကိုဖွင့်လှစ်ထားပြီဖြစ်ပြီး ကျောင်းဆရာဆရာမ ၈၀၀ ကျော်ဖြင့် သင်ပြနေခြင်းဖြစ်ကြောင်း မူလတန်းပညာရေးမှာ အခမဲ့ ပညာရေးဖြစ်ကာ အလယ်တန်း ကျောင်းသူ ကျောင်းသား တစ်ဦးလျှင် တစ်နှစ်တာ ပညာသင်စရိတ် မြန်မာကျပ်ငွေ ၇,၀၀၀ ကျပ် (ခုနှစ်ထောင်ကျပ်) ပေးဆောင်ရမည်ဖြစ်ပြီး အထက်တန်း ကျောင်းသူ ကျောင်းသားတစ်ဦးလျှင် တစ်နှစ်တာပညာသင်စရိတ် မြန်မာကျပ်ငွေ ၁၀,၀၀၀ ကျပ် (တစ်သောင်းကျပ်) ပေးဆောင်ရန်သာလိုကြောင်း ဆရာတိုးဇော်သန့် မှ ဆက်လက် ရှင်းလင်းပြောကြား ခဲ့သည်ဟု သိရသည်။

ထို့အပြင် အသက်မွေးဝမ်းကျောင်းပညာရပ် ဖြစ်
သည့် နည်းပညာအထက်တန်းကျောင်းကို တက်ရောက်သော ကျောင်းသူကျောင်းသားများ အတွက် အဆောင်နေစရိတ် နှင့် ပညာသင်စရိတ်များ ကင်းလွတ်ခွင့်ရမည် ဖြစ်ကြောင်းကိုလည်း ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်ဟု ဆိုသည်။

အထူးဒေသ (၁) အတွင်း ပညာရေး နှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ဒေသအတွင်း ယခုကဲ့သို့သော တက္ကသိုလ်၊ ကောလိပ် နှင့် သက်မွေးပညာကျောင်းများ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကိုးကန့်အထူးဒေသ (၁) အတွင်းရှိ မြို့နယ် ကျေးရွာဒေသတိုင်း၌ MNTJP ပညာရေးဌာနမှ မနက်ပိုင်းတွင် တရုတ်စာသင်ကျောင်းများသာ ပညာသင်ကြားရမည်ဖြစ်ပြီး ညနေပိုင်း၌သာ မြန်မာပညာရေးကျောင်းများ သင်ကြားရမည်ဟု အချိန်ခွဲခြား သတ်မှတ်လိုက်သဖြင့် ပညာသင်ကြားချိန် မလောက်ငှမှုကြောင့် အခြေခံပညာသင်ကျောင်းများ၌ ကျောင်းသင်ခန်းစာများကို ဆုံးခန်းတိုင် သင်ကြားပေးနိုင်ခြင်း မရှိမည်ကို ဆရာ ဆရာမ များနှင့် မိဘများ စိုးရိမ်ပူပန်လျက် ရှိနေကြသည်။

#ကိုးကန့်အထူးဒေသ_၁_ပညာရေး
#ဆေးတက္ကသိုလ်_ပညာရေးကောလိပ်_နည်းပညာအထက်တန်းကျောင်း_အခြေခံပညာသင်ကျောင်း
#လောက်ကိုင်မြို့_သိန္နီမြို့_ကွတ်ခိုင်မြို့

ဓာတ်ပုံ။ ။ CJ

Want your business to be the top-listed Media Company in Mu-se?
Click here to claim your Sponsored Listing.

Telephone

Address


Pyi Daung Hsu Road, Homon Quater
Mu-Se
06403