Sar Pay Guide
01/10/2022
"ကျွန်တော်ကြိုးစားရဦးမယ်"
ကိုယ့်အပေါ် ကြင်နာသူတွေကို
ပြန်ဂရုစိုက်တတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
ကိုယ့်အပေါ် ခွင့်လွှတ်သည်းခံပြီး
နားလည်ပေးသူတွေကို
ပြန်ပြီး နားလည်ပေးတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ
ရှားပါးလာတဲ့ ခေတ်ကြီးမှာ
အပေါ်ယံမဟုတ်တဲ့ သူငယ်ချင်းအပေါင်းသင်းတွေကို
တန်ဖိုးထားတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
အချစ်စစ် မဟုတ်တဲ့
အတုအယောင်အချစ်မျိုးတွေနဲ့တွေ့တဲ့အခါ
ဘဝပါယိုင်နဲ့မသွားအောင် တည်ငြိမ်နိုင်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
ငွေမရှိလို့ အနှိမ်ခံရတဲ့ဘဝကနေ
လွတ်မြောက်ဖို့အတွက် ချွေတာသင့်တာချွေတာဖို့
ကျွန်တော် ကြိုးစားရဦးမယ်။
လူတွေရဲ့ ကဲ့ရဲ့မှုတွေ အပြစ်တင်ဝေဖန်မှုတွေကို
လိုက်ပြီး ဂရုမစိုက်တတ်တဲ့
လူတစ်ယောက်ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့
နာကျင်စရာတွေကို ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့
လူတစ်ယောက် ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို
အပြုံးနဲ့ကျော်လွှားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။
ဘဝကို လွယ်လွယ်နဲ့
အရှုံးပေးသူ တစ်ယောက်မဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရမယ်။
ကျွန်တော် ကြိုးစားမှ ဖြစ်မယ်။
ကြိုးစားပါအပျင်းမထူပါနဲ့။
06/09/2022
#ဘဝဆိုတာ ဘာလဲ
တံငါသည်က ပြောတယ်
-ဘဝဆိုတာ လှိုင်းတံပိုးတစ်ခုလိုပါပဲ။
နိမ့်တစ်ခါ မြင့်တလှည့်နဲ့တဲ့။
ခရီးသည်က ပြောတယ်
-ဘဝဆိုတာ များစွာသော ဝန်ထုပ်တွေကို
ထမ်းပိုးရင်းနဲ့ သွားနေရတဲ့ ခရီးတိုတစ္ခုတဲ့။
မုဆိုးက ပြောတယ်
-ဘဝဆိုတာ ဆူးခင်းလမ်းတစ်ခုပါပဲ။
ဆူးများတဲ့လမ်းနဲ့ ဆူးပါတဲ့လမ်းပဲ ကွာတယ်တဲ့။
စစ်သားက ပြောတယ်
-ဘဝဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်
ကျော်လွှားနေရတဲ့ စစ်မြေပြင်တစ်ခုပါပဲတဲ့။
ကျောင်းဆရာက ပြောတယ်
-ဘဝဆိုတာ အဖြေရှာရခက်တဲ့ ပုစ္ဆာတစ်ပုဒ်လို ပါပဲ။
ကိန်းဂဏန်းတစ်ခုလိုလည်း ပုံသေနည်းနဲ့
တွက်ချက်လို့ မရပါဘူးတဲ့။
လေယာဉ်မှူးက ပြောတယ်
-ဘဝဆိုတာ တိမ်တိုက်တစ်ခုလိုပါပဲ။
အချိန်တန်ရင်တော့ လေနှင်ရာ လွင့်မျောသွား ရမြာပါတဲ့။
ပြဇာတ်မင်းသားက ပြောတယ်
ဘဝဆိုတာ ပြဇာတ်အတစ်ပုဒ်လိုပါပဲ။
ငိုတစ်ခါ ရယ်တစ်လှည့်နဲ့တဲ့။
လက်ဝှေ့သမားက ပြောတယ်
-ဘဝဆိုတာ သုခနဲ့ ဒုက္ခတို့ရဲ့အလဲထိုးရာ
ကြိုးဝိုင်းတစ်ခုတဲ့။
ဖဲသမားက ပြောတယ်
-ဘဝဆိုတာ ဝှက်ဖဲတစ်ချပ်လိုပါပဲ။
မနက်ဖြန်ဆိုတဲ့ နေ့ရက်တွေကိုကြိုတင်ကာမမြင်နိုင်ဘူးတဲ့။
သူခိုးက ပြောတယ်
-ဘဝဆိုတာ ညတစျညလိုပါပဲ။
ကြယ်ရောင်စုံရှိတဲ့ အခိုက်အတန့်ဆိုတာရှိသလို တိမ်ရိပ်ဖုံးတဲ့ အခိုက်အတန့်လည်းရှိတယ်တဲ့။
သုဘရာဇာက ပြောတယ်
ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့ကြားမှာရုန်းကန်လှုပ်ရှားရခြင်းပါပဲတဲ့။
Original Writer
#မေတ္တာများစွာဖြင့်ပြန်လည်မျှဝေသည်
05/09/2022
ဘဝအောင်မြင်ရေး နည်းလမ်း ( ၅၀ )
_______________
၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။
၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။
၃။ ရေချိုးစဉ် သီချင်းဆိုပါ။
၄။ စတီရီယိုစက် ကောင်းကောင်းတစ်လုံး ပိုင်နိုင်အောင်လုပ်ပါ။
၅။ ရန်မဖြစ်မနေ ဖြစ်ရတော့မယ်ဆိုရင် ကိုယ်ကဦးအောင် အပြင်းဆုံး ထိုးနှက်ပါ။
၆။ လှို့ဝှက်ချက်လေးတွေ ထားပါ။
၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။ ဆန်းကြယ်မှုဆိုတာ နေ့စဉ် ဖြစ်တာမျိုးပါ။
၈။ ကမ်းလာတဲ့ လက်တိုင်းကို လက်ခံပါ။
၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ်သူမှ ဒီသတ္တိ အစစ်လားအတုလား မခွဲတတ်ပါ။
၁၀။ လေချွန်ပါ။
၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။
၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ။ ဒီတစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။
၁၃။ လူမမြင်သာတဲ့ ကောင်းမှုကုသိုလ်လေးတွေ လုပ်တတ်အောင် အလေ့အကျင့် လုပ်ပေးပါ။
၁၄။ ကိုယ် လုံးဝ ပြန်မမြင်ချင်တော့တဲ့ စာအုပ်တွေကိုပဲ ထုတ်ငှားပါ။
၁၅။ လူတစ်ဖက်သားရဲ့ မျှော်လင့်ချက်ကို မဆန့်ကျင်ပါနဲ့။ သူတို့ဘဝမှာ ချမ်းသာတာဆိုလို့ ဒါပဲ ရှိခဲ့ရင် သင် စိတ်ကောင်းမှာ မဟုတ်ဘူး။
၁၆။ ကလေးတွေနဲ့ များများကစားပေးပါ။ ကစားတိုင်း အနိုင်ပေးပါ။
၁၇။ လူတိုင်းကို ဒုတိယ အခွင့်အရေး ပေးပါ။ ဒါပေမယ့် တတိယ အခွင့်အရေးကို ဘယ်တော့မှ မပေးနဲ့။
၁၈။ အနုပညာဆန်ဆန် ချစ်တတ်ပါ။
၁၉။ စိတ်ကောင်းနိုင်သမျှ/ စိတ်တက်ကြွနိုင်သမျှ ကောင်းနေ/ တက်ကြွနေတဲ့ လူတစ်ယောက် ဖြစ်အောင် နေပါ။
၂၀။ လက်လွှတ်ပါ။ ပေါ့ပေါ့ပါးပါးနေပါ။ သေရေးရှင်ရေးကလွဲလို့ ဘယ်အရာမှ သင်ထင်သလို သေရေးရှင်ရေးတမျှ အရေးမကြီးပါဘူး။
၂၁။ ဘဝရဲ့ အရေးကြီးတဲ့ အချိန်လေးတွေမှာ ဖုန်းခေါ်သံတွေက နှောင့်ယှက်နေရင် ကိုင်မနေပါနဲ့။ ပိတ်ထားလိုက်ပါ။ ကိုယ်အဆင်ပြေဖို့ ဖုန်းဆိုတာ ကိုယ့်အနားထားတာ။ ခေါ်သူကိုယ်တိုင် ကိုယ့်အနားရောက်လာတာမဟုတ်။
၂၂။ အကောင်းဆုံးအရှုံးသမားဖြစ်အောင်နေပါ။
၂၃။ အကောင်းဆုံးအနိုင်သမားလဲ ဖြစ်အောင် နေပါ။
၂၄။ တစ်စုံတစ်ယောက်ကို လှို့ဝှက်ချက် မပြောပြခင် နှစ်ခါစဉ်းစားပါ။ ဝန်လွှဲသလို ဖြစ်တတ်တယ်။
၂၅။ တစ်ယောက်ယောက်က ဖက်ထားရင် သူအရင်လက်လွှတ်ပါစေ။
၂၆။ ဂုဏ်မမက်ပါနဲ့။ ကိုယ်ကောင်းတဲ့ဆိုးတဲ့ အပေါ်မှာပဲ ဂုဏ်တပ်ချင်တပ်ပါစေ။
၂၇။ ရိုးရိုးရှင်းရှင်းလေးနေပါ။
၂၈။ ဘာမှရှုံးစရာမရှိတော့တဲ့ လူတစ်ယောက်ကို သတိထား ဆက်ဆံပါ။
၂၉။ တံတားတွေကို မီးမရှို့ပါနဲ့။ ဒီတံတားကနေ သင် အံ့သြဖို့ကောင်းလောက်အောင် အကြိမ်များစွာ ထပ်ဖြတ်ရဦးမယ် ဆိုတာ ရှေ့လျှောက်တွေ့လာပါလိမ့်မယ်။
၃၀။ သေရင် အုတ်ဂူမှာ "နောင်တစိုးစဉ်းမျှ မရဖူးသူ" လို့ ရေးခြစ်နိုင်အောင် နေထိုင်ပါ။
၃၁။ ကြီကြီးကြံ မြင့်မြင့်တွေး ရဲရဲလှမ်းပါ။ အသက်ကြီးလာခဲ့လို့ ဘဝမှာ ဘာတွေ လုပ်ခဲ့သလဲ ပြန်တွေးတိုင်း များများမလုပ်ခဲ့မိတာကိုပဲ နောင်တရလေ့ရှိတယ်။
၃၂။ အခွင့်အရေးရတိုင်း ချစ်တဲ့သူကို ချစ်ကြောင်း အသိပေးပါ။
၃၃။ ဘယ်အောင်မြင်မှုမှာမှ တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ မရှိ။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ကူညီပေးနေသူများကို အသိအမှတ်ပြုပါ။
၃၄။ ကိုယ့် အကျင့်ကို ကိုယ်တာဝန်ယူပါ။ ဘယ်သူကမှ ဒီအကျင့်ကို သင့်ထံ လာပေးသွားတာ မခံပါနဲ့။
၃၅။ ဆွေမျိုးမိတ်ဆွေတွေ ဆေးရုံတက်ရတာပဲ ဖြစ်ဖြစ် နာမကျန်းဖြစ်တာပဲ ဖြစ်ဖြစ် မရောက် ရောက်အောင် သွားပါ။ ခဏလေးနေပေးရုံနဲ့တင် သူတို့ကို ပျော်ရွှင်မှု ဖြစ်စေပါတယ်။
၃၆။ ကိုယ်အနှစ်သက်ဆုံး သီချင်းလေးတွေကို နေ့စဉ် ရွေးဖွင့် နားထောင်ပေးပါ။
၃၇။ ကျေးလက်ဒေသ တောတောင်တွေဘက်ကို ရံဖန်ရံခါ အလည်အပတ်သွားပါ။
၃၈။ ချစ်သူများနေ့ ပို့(စ်)ကဒ် တွေ အမြောက်အများကို "သင့်အလှအပကို မြင်တတ်သူ တစ်စုံတစ်ယောက်" လို့ ရေးပြီး မသိတဲ့လူတွေဆီရော သိတဲ့လူတွေဆီပါ ပို့ပေးပါ။
၃၉။ ဖုန်းကိုင်တိုင်း တက်တက်ကြွကြွ အာဏာပါပါနဲ့ ကိုင်ပါ။
၄၀။ မှတ်စုလေးတစ်အုပ် နှင့် ခဲတံလေးတစ်ချောင်းကို အိပ်ယာဘေးမှာ ထားအိပ်ပါ။ ရွှေချထားဖို့ ကောင်းတဲ့ အကြံတွေဟာ မနက် ၃:၀၀ နာရီမှာ ပေါ်လာတတ်တယ်။
၄၁။ ဘဝရုန်းကန်ဖို့ လှုပ်ရှားနေသူတွေကို ဘယ်လောက်ပဲ နိမ့်ကျနေပါစေ လေးစားတတ်ပါ။
၄၂။ ချစ်သူဆီကို ပန်းပို့ပါ။ ဘာကြောင့်ပို့တယ်ဆိုတာ နောက်မှ စဉ်းစားပါ။
၄၃။ ဂိတ်ဝင်ကြေးတွေပေးရင် ကိုယ့်အနောက်က ကားအတွက်ပါ ထုတ်ပေးခြင်းဖြင့် သူတို့ ပျော်ရွှင်ပါစေ။
၄၄။ တစ်စုံတစ်ယောက်ရဲ့ လူစွမ်းကောင်းအဖြစ် နေပါ။
၄၅။ ချစ်မှ လက်ထပ်ပါ။ မချစ်ရင် မထိပါနဲ့။
၄၆။ ကိုယ့်နားမှာ ပျော်ရွှင်နေတဲ့ သူတိုင်းကို အလေးထားပါ။ ရေတွက်ပါ။ စူးစမ်းပါ။
၄၇။ တစ်စုံတစ်ယောက်အိမ်ကို ရုတ်တရက် အလည်အပတ်သွားတိုင်း စားစရာ သောက်စရာ လက်ဆောင် ဝယ်သွားပါ။
၄၈။ ကျောင်းကားတစ်စီး ကိုယ့်ဘေးကဖြတ်တိုင်း ကလေးတွေကို လက်ပြနှုတ်ဆက်ပါ။
၄၉။ အလုပ်တစ်ခုမှာ အောင်မြင်ရင် ၂၀% က သက်ဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ဖြစ်ပြီး ၈၀% က လူမှုဆက်ဆံရေး ကြောင့် ဖြစ်တယ်ဆိုတာ သတိရပါ။
၅၀။ ဘဝမှာ တရားမျှတဖို့ ဘယ်တော့မှမမျှော်လင့်ပါနဲ့
#ဘဝအောင်မြင်ရေးနည်းလမ်းများ
28/08/2022
ဒီခေတ် ကလေးတွေ ဘယ်သိမလဲ...
တိုက်ဆိုင်မှု ရှိခဲ့လျှင်
--------
1980 မှ 1995 ခုနှစ်ကြားထဲမှာမွေးတဲ့ သူငယ်ချင်းတွေများရှိရင်
ခဏလောက်ချိန်ပေးပြီး ဖတ်ကြည့်ပါလား...
ခဏလောက် လွမ်းတာပေါ့😢🎁
2000 ခုနှစ်ပတ်ဝန်းကျင်ဟာ ကျွန်တော်တို့လို 1990 နှစ်ကာလအနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေ အတွက်တော့အရာရာထက်ပိုလွမ်းရတဲ့ နှစ်ကာလတွေပါပဲ။
အထူးသဖြင့် မြို့ကြီးပြကြီးတွေထက် နယ်မြို့သေးသေးလေးဆီမှာ ကြီးပြင်းခဲ့ရသူတွေ အတွက်လွမ်းရတဲ့ရနံ့က ပိုပေါနိုင်ပါတယ်။
အဲ့ဒီတုန်းက နွေဟာနေလိုမပူသေးပဲ ဆောင်းဟာနှင်းတွေနဲ့လင်းပွင့်နေတုန်းပါပဲ။
ညနေကျောင်းဆင်းတဲ့အခါ ဘောလုံးကန်ကြ တဲ့လူငယ်တွေလိုတာထက်ပိုများနေကြပြီး ကျူရှင်ချိန်တွေကလည်းအခုလောက် မပိသေးတဲ့နှစ်ကာလတွေပါပဲ။
ကျွန်တော်တို့ဟာ ခေတ်ပေါင်းများစွာကို ငြင်းခုန်ရင်း
သတ်ပုတ်ရင်း စည်းလုံးရင်း ဟိုဘက်ရက်ကွက် ဒီဘက်ရက်ကွက်တွေ အားကစားတစ်ခုခု ချိန်းကန်ရင်း ဖြတ်သန်းခဲ့ကြတယ်။
လိပ်ပြာတွေ ပုစဉ်းရင်ကွဲတွေတအားဖြတ်ပျံနေတဲ့ ကာလဆိုကုတင်အောက်က ဖုန်တက်နေတဲ့ ရစ်လုံးတွေထုတ်ကြမယ်။
ဆီစိမ်စက္ကူနဲ့လုပ်ထားတဲ့ခုတ်စွန်တွေ ကျန်ကျောင်းပုံပါ တဲ့အမြီးဖွါးဖွါးနဲ့ကလေးတွေ လွှတ်တဲ့အပျော်တမ်းစွန်တွေမှန်စာတွေ
သူ့ထက်ငါအပြိုင်တိုက်ရင်း စွန်ခေတ်ဆိုတာကိုဖြတ်သန်းကြမယ်။
သားရေပင်တွေကို သားရေပင်ဂိုင်ကြီး
တွေနဲ့ပစ်တာဖြစ်ဖြစ် ဒိုးပြားတွေနဲ့ပစ်တာပဲဖြစ်ဖြစ်
ထုတ်သတ်ကစားရင်းသားရေပင်ခေတ်ကို
ဖြတ်ကြမယ်။
အရုပ်တွေမျိုးစုံထောင်ထားရင်း ခေါင်မှန်ကုန်ပစ်တာပဲဖြစ်ဖြစ် နှစ်ဘက်ကမ်းပစ်တာပဲဖြစ်ဖြစ် ဂေါ်လီလုံးတွေနဲ့
ပစ်ရတဲ့ အရုပ်ခေတ်ကိုဖြတ်သန်းကြမယ်။
ဒီလိုပါပဲ။
ပုံခေတ်။ကော်သေနတ်နဲ့စစ်တိုက်တမ်း ကစားရတဲ့ခေတ်။
မိုးရေထဲခုန်ဆင်းရင်း ကမ္ဘာကြီးကို ဘောလုံးနဲ့စစ်မျက်နှာဖွင့်ရတဲ့ခေတ်။
အို လွန်ခဲ့သောနှစ်ကာလတွေမှာ ကျွန်တော်
တို့အနေနဲ့ပြန်ပြောပြစရာတွေဟာ ဘာလို့များစိမ့်စိမ့်ဝင်ဝင်များနေခဲ့ရတာပါလိမ့်။
အဲ့ဒီတုန်းက တူတူပုန်းတမ်းဆိုတာခေတ်စားတယ်။
အဲ့ဒီတုန်းက ကျောင်းမုန့်ဖိုးငါးဆယ်လောက်ရ တဲ့ကောင်ဆိုတာအကောင်ပဲ။ (ကျွန်တော်က ဆယ်တန်းရောက်မှတနေ့လုံးစာ မုန့်ဖိုး တစ်ရာပဲရပါတယ်)။
သားရေပင်တွေအများကြီးကို ကြိုးလိုဆက်ပြီး ခါးမှာရှည်ရှည်ပတ်ထားနိုင်တဲ့ ကောင်က အကောင်ပဲ။
အဲ့ဒီတုန်းက ကြီးနိုင်ငယ်ညှဉ်းဆိုတာ
တစ်ချို့ကစားပွဲတွေမှာ ကလေးတွေကို ထည့်မသွင်းတာပဲရှိတယ်။
အဲ့ဒီတုန်းက မိုးရွာရင်ဇိမ်ကျဖို့ထက် မိုးရေထဲပြေးဆင်းလိုက်ဖို့ကို ပိုအာရုံကျကြတယ်။အဲ့ဒီတုန်းက အသာစီးရ
တယ်ဆိုတာ အိမ်ပြန်လက်ဆောင်ဆိုပြီး ကျောကိုဦးအောင်ရိုက်ပြီး အမြန်ပြန်ပြေးရတဲ့ ဖီလင်ပဲ။
အဲ့ဒီတုန်းက မီးခဏခဏပျက်တယ်။ဒါပေမယ့် အစိုးရကိုဆဲရကောင်းမှန်းမသိသေးဘူး။
ဖယောင်းတိုင်အတုတ်ကြီးတွေနဲ့ လမ်းမီးတိုင်တွေဟာ ကျွန်တော့တို့ရဲ့ဆွတ်ပျံ့ဖွယ်ရာလက်နက်ပဲ။
အဲ့ဒီတုန်းက အရသာရှိခြင်းဆိုတာ သရက်သီးကိုငရုပ်သီး စပ်စပ်နဲ့သုတ်ထားပြီး အားလုံးဝိုင်းလုစားရတဲ့ အခိုက်အတန့်ပဲ။
အဲ့ဒီတုန်းက ပျော်ရွှင်မှုဆိုတာ
ကျောက်ရုပ် ကျောက်ပျက် ကစားတာဖြစ်ပြီးညစ်ပတ်တယ်ဆိုတာ တစ်ယောက်ထဲကိုကွက်ပြီးငြိုးဖမ်းရတာပဲ။
ကျယ်ပြောတဲ့လမ်းဆုံရဲ့လမ်းမီးတိုက် အောက်မှာထုပ်စည်းတိုးနေကြတဲ့ မိန်းကလေးတွေရှိပြီး အဲ့ဒီနားမှာပဲ လက်သီးထိုးတမ်းကစားနေတဲ့လူငယ်တွေ
ရှိကြပါတယ်။
အဲ့ဒီတုန်းက ထူးဆန်းတဲ့သတင်းဆိုတာ အိမ်ချင်းကပ်ရက်နှစ်အိမ် အကြီးအကျယ်ရန်ဖြစ်တာဖြစ်ပြီး ကြောက်စရာ
ကောင်းတဲ့ကောလဟာလဆိုတာ ကလေးတွေကိုလိုက်ဖမ်းနေတဲ့ ခေါင်းဖြတ်ဂိုဏ်းဆိုတာပဲ။
အဲ့ဒီတုန်းက ကမ္ဘာကြီးကို ဘာနဲ့မှချောင်းကြည့်လို့မရသေးဘူး။တရုတ်သိုင်းကားထဲခြေစုံပစ်ဝင်ရင်း TV ထဲမှာလည်းအခုထက်ပိုပြီး အစိမ်းတွေ တာက်ပနေတဲ့ကာလတွေပါပဲ။
အဲ့ဒီတုန်းက ထင်းခြောက်လေးတွေအိမ်တိုင်း အိမ်တိုင်းမှာရှိနေကြပြီး မီးသွေးမီးဖိုဟာ အမေတွေကိုထမ်းပိုးပေးနေတဲ့
အထောက်အပံ့ကောင်းတစ်ခုပါပဲ။
ကျွန်တော်တို့ဟာ နွေနေ့လည်ရဲ့အပူဒဏ်ကိုခုခံဖို့
အိမ်အောက်မှာ ရေဖြန်းထားနှင့်မယ်။ မြက်ဖျာလေးခင်းဘေးမှာ သဲရေအိုးလေးထားပြီး ကာတွန်းဖြစ်ဖြစ် ဝတ္ထုစာအုပ်နဲ့ဖြစ်ဖြစ် ကမ္ဘာကြီးဆီက အပူလှိုင်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှောင်တိမ်းမယ်။
အပူတွေများတယ်ဆိုရင်တောင် အခုလောက်ထိ တမြေ့မြေ့မပူသေးတဲ့တစ်ချိန်တုန်း
က တရေးတမောအိပ်ရတဲ့ နွေနေ့လည်ခင်းတွေပါပဲ။
လွန်ခဲ့တဲ့နှစ်တွေလို့ပြန်တွေးကြည့်တဲ့အခါ အခုရောက်ရှိနေတဲ့ တိုးတက်မှုယန္တရား ခေတ်ကြီးထဲမှာ မပျော်ပဲကျန်နေ
ရတဲ့နောက်ကျလူသားအဖြစ် ကျွန်တော့ကိုယ် ကျွန်တော်ပြန်တွေ့မိပါတယ်။
လိပ်ဥဖွက်တမ်းဟာ သေဆုံးသွားခဲ့ပြီလား။ သြဇာစေ့လေးတွေနဲ့ဇယ်တောက်ရတဲ့ကစားနည်း တွေကရော။
ပြီးတော့မိန်းကလေးတွေရဲ့အီစပ်ကြိုးခုန် ရတဲ့ပျော်ရွှင်မှုကရော။
ကလေးတွေကို အရောင်တွေစွန်းပေတာ
ဘာလို့ပိုမြန်လာခဲ့ပါသလဲလို့ လန့်ဖြတ်စွာ ကျွန်တော်စဉ်းစားနေမိပါတယ်။
တစ်ခုခုကစားမယ်ဆိုတာနဲ့တကူးတက လူစုစရာမလိုတဲ့ နှစ်ကာလတွေကို ဘယ်အမှောင်ထဲဘယ်သူတွေအကွက်
လှမ်းရွှေ့လိုက်ပါသလဲ။
" တူသံ တစ်ချက်ပေး " ဆိုတဲ့
အသံတွေကို ကျွန်တော်လှမ်းပြီးလွမ်းနေမိပါတယ်။
"" တစ် နှစ် သုံး တစ် နှစ် သုံး တစ် "" ဆိုတဲ့အသံတွေကို ပြန်ကြားနေမိပါတယ်။
" ရုပ်ရှင်ရုံမှာ ဘာကားလဲ " လို့တစ်စုံ
တစ်ယောက်က စကားစလိုက်တာနဲ့ ဝေလုကျော် ဆိုပြီးလုပြေးကြလို့ပွဲပျက်သွားတဲ့ ကစားနည်းတွေကိုလည်း တခုတ်တရလွမ်းဆွတ် နေမိပါတယ်။
ဘယ်ပျော်ရွှင်မှုကိုမှ ပိုက်ဆံနဲ့ပေးဝယ်စရာမလိုခဲ့ပဲ နာကျင် ဖွယ်ရာဟာသတစ်ခုအနေနဲ့ကတော့ ပျော်ရွှင်မှုတွေ ရိုက်သတ်လို့မကုန်ဘူးဆိုပြီး ကြွေးကြော်လို့ရခဲ့တဲ့နှစ်ကာ လတွေပါပဲ။
အဲ့ဒီတုန်းက ကောင်မလေးတွေကလည်း ဘိုကေနဲ့ဘောင်းဘီတိုနဲ့ဖြစ်ပြီး ကျွန်တော်တို့ယောင်္ကျားလေး တွေကလည်းဘိုကေနဲ့ဘောင်းဘီတိုနဲ့ပါပဲ။
အရာရာရောထွေးနေတဲ့ ခေတ်ကြီးထဲမှာ ပျော်ရွှင်မှုရဲ့အရောင်ကတော့ ဘယ်ထောင့်ကကြည့်ကြည့် ထင်းခနဲလင်းနေတဲ့ နှစ်ကာလတွေပါပဲ။
အဲ့ဒီတုန်းက ဆိုင်ကယ်တွေဒီလောက်မပေါ
သေးဘူး။
အဲ့ဒီတုန်းက စကပ်အကွဲတွေမရှိသလောက် နီးပါးအထိ မရှိဘူး။
အဲ့ဒီတုန်းက ခရမ်းလွန်ရောင်ခြည်နဲ့ကာဗွန်ဒိုင် အောက်ဆိုဒ်ဟာ ဒီလောက်မများသေးဘူး။
အဲ့ဒီတုန်းကအရိပ်ရတဲ့သစ်ပင်တွေဒီလောက်
မရှားသေးဘူး။
အဲ့ဒီတုန်းကဘုန်းကြီးတွေကိုလည်းအတုတွေ ရောသိပ်မခံရသေးဘူး။
အဲ့ဒီတုန်းက K POP လှိုင်းလုံးကလည်း ကျွန်တော်တို့ဆီ လာရောက်မဖုံးလွှမ်းသေးဘူး။
လက်နဲ့လှည့်ရတဲ့ ကြံရည်ဆိုင်လေးထဲမှာ ရေခဲတုံးပိုထည့်ခိုင်းတာဟာ လောဘဖြစ်ပြီး
မာလကာသီး ဒါမှမဟုတ်သရက်သီးတွေဆိုရင် ပိုကောင်းပြီး ပိုကြီးတဲ့အသီးကို ရွေးယူထားတာဟာ အဲ့ဒီနှစ်ကာလတွေရဲ့အတ္တပါပဲ။
ကျွန်တော်တို့က တွတ်ပီထဲကနေ ကမ္ဘာကြီးကိုရပြီး ဘိုဘိုတို့အီးတီတို့ထဲကနေတော့ စိတ်ကူးယဉ်မှု
ရဲ့အရသာကိုရပါတယ်။
အဲ့ဒီတုန်းကရဲ့အမြင့်မားဆုံးမကောင်းမှုဆိုတာ လေးခွတစ်လက်နဲ့ ဟိုပစ်ဒီပစ်လုပ်တာဖြစ်ပြီး
အမြင့်ဆုံးဒဏ်ကြေးဆိုတာ အိမ်ရှေ့ထွက်ပြီး ဘောင်းဘီချွတ်ရိုက်ခံရတာပါပဲ။
ပြန်တွေးကြည့်တော့ အသားနာလို့ငိုပြီး ဘောင်းဘီချွတ်ရိုက်ခံရတာကိုမရှက်ခဲ့တဲ့ အဖြူရောင်စက်ဝန်းထဲကအလွမ်းတွေဟာ
သတိရစိတ်ဟာ ကွက်ပြီးအုံ့နေတဲ့မိုးသားတွေပဲ။
အဝေးကြီးကနေလာပြီး စိတ်တည့်တည့်မှာ ရွှဲပါတယ်။
အဲ့ဒီတုန်းကကောင်းကင်ကိုပစ်ဖမ်းဖို့ရော ဘာတွေလိုအပ်ပါသလဲ။ ကျွန်တော်မြင်နေရတဲ့ကောင်းကင်နောက်မှာ
ပုန်းနေတဲ့နောက်ထပ်ကောင်းကင်တစ်ခုရှိနေတယ်လို့ကျွန်တော်အကြိမ်ကြိမ်ခံစားရတယ်။
သိပ်လွမ်းလာတဲ့အခါအဲ့ဒီကောင်းကင်ကို ကျွန်တော်ပြန်မိပါတယ်။အလွမ်းတွေနဲ့ ဒါမှမဟုတ် အကွက်ရရင်အသံပြန်လာပေးတဲ့ ငယ်တုန်း
က ပုံရိပ်တွေနဲ့ပေါ့။
တစ်ကယ်လို့များ အခုနေတစ်ယောက်ယောက်က 2000ခုနှစ်တွေရဲ့အလွမ်းရဆုံး အစိတ်အပိုင်းကဘာလဲလို့မေးရင် ရပ်ကွက်ထဲလှည့်ပတ်လာရောင်းတဲ့
စျေးသည်တွေရဲ့အသံလို့ ကျွန်တော်ကဖြေမှာပါပဲ။
သားရည်စာကမ္ဘာကြီးကို အိမ်ထဲကနေပြီး အလွယ်တကူထိုင်မျှားလို့ရနေတဲ့နှစ်ကာလကြီးပေါ့။
အဲ့ဒီတုန်းက ရာသီစာအစားအစာမှန်သမျှဟာ ခေါင်းထိုးဗျပ်ရွက်အသည်တွေဆီကနေတစ်ဆင့် ကျွန်တော်တို့ကမ္ဘာကိုစီးထားခဲ့ကြတယ်။
အခုအချိန်ထိ ကျွန်တော့ရဲ့တစ်ချို့ညတွေမှာ အိပ်မက်အဖြစ်ကိုယ်ထင်လာလာပြတတ်တဲ့ သေဆုံးမသွားသေးတဲ့အသံတွေပါပဲ။
လွမ်းမိလို့နာကျင်ရတယ်ဆိုပေမယ့်လည်း အဲ့ဒီနာကျင်မှုကိုတော့ ဘယ်တော့မှ လှီးထုတ်မရအောင် ကျွန်တော်
တပ်မက်မိပါတယ်။
ဆောင်းမနက်ခင်းတွေဆို အိမ်ရှေ့ကသစ်ရွက်ခြောက် တွေကိုလှဲပြီးပုံ မီးရှို့အဖွါးရဲ့မာဖလာထဲကနေ နှင်းစက်တွေရဲ့အအေးဓါတ်ကိုလှမ်း လှမ်းအန်တုရတာ။
ကမ္ဘာကြီးကို နှုတ်ခမ်းထဲကထွက်လာတဲ့
အငွေ့တွေကြားကနေ ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်တာ။
ရှေ့ကိုသဲသဲကွဲကွဲမမြင်ရတဲ့မြူထုကြီးထဲကနေ အသံနဲ့လှမ်းပြီးပုတ်နှိုးတဲ့ စျေးသည်တွေရဲ့နှလုံးသားကို နားစွင့်ရ တာ။
ပျော်ရွှင်ခြင်းရဲ့အခြားတစ်ဘက်မှာလည်း ပျော်ရွှင်မှုကိုပဲအများဆုံးနှိုက်ထုတ်ယူလို့ရခဲ့တဲ့ နှစ်ကာလတွေပါပဲ။
အဲ့ဒီတုန်းက မုန့်စိမ်းပေါင်းထဲမှာ အုန်းသီးများများ
ပါဖို့နဲ့ပဲပြုတ်ပူပူလေးကို မကြော်သေးခင် ဒီအတိုင်းနှိုက်စားဖို့ဆိုတာငယ်ဘဝရဲ့သိပ် တောက်ပတဲ့အသံပဲ။
အဲ့ဒီတုန်းက ဘောလုံးကွင်းဆိုတာကလည်း ဘောလုံးကွင်းသိပ်ဆန်ခဲ့ပါတယ်။
နှစ်ကာလတွေဆိုတာ လူကိုသာမက မှတ်ဉာဏ်ကိုပါ တရိရိဝါးမြိုနေတဲ့လွှစက်တွေပဲ။
အဲ့ဒီတုန်းက လူမျိုးရေးခွဲခြားမှုမရှိဘူး။ ဘာသာရေးခွဲခြားမှုမရှိဘူး။
ကျွန်တော်တို့ကစားဖော်ကစားဖက်ထဲက သိပ်ပြီးအသားမည်းတဲ့ကောင်ဟာ ကုလားလေးလို့အမည်ပေးခံရပြီး အသားသိပ်ဖြူတဲ့ကောင်ဆိုတရုတ်ကြီးလို့အမည်ပြောင်ရပါတယ်။ပိန်လွန်းတဲ့ကောင်ဆိုရင်
တော့ ဗလကြီးလို့ရွဲ့ခေါ်ခံရနိုင်ပြီး ဖက်တီးတွေကိုတော့ ဝက်ကြီးလို့အချိန်မရွေးအမည်ပေးလို့ရနေတဲ့ နှစ်ကာလထူထူ ထဲထဲကြီးပါပဲ။
ငယ်ဘဝဆိုတာ ပြန်တိုက်ယူလို့မရတော့ ပေမယ့်လည်း
ဖြူစင်စွာတိုက်ဖူးခဲ့တဲ့တိုက်ပွဲတွေကို ကြီးပြင်းချိန်မှာတိုက်ခိုက်နေရတဲ့ လောကဓံတိုက်ပွဲတွေကြားကနေ
တမျှော်တခေါ်ငေးကြည့်ရခြင်းမျိုးပဲ။
ကျွန်တော်တို့က ငယ်ကတည်းက တိုက်ခိုက်ခဲ့ကြတာပဲမဟုတ်လား။ အရုပ်ထောင်ပစ်တဲ့အခါ အနိုင်ရဖို့ရည်ရွယ်
ချက်နဲ့တိုက်ခိုက်ကြတယ်။
စွန်ဖြတ်တဲ့အခါ ကိုယ့်စွန်မပြတ်ရေးအတွက် အကောင်းစားမှန်စာလုပ်ပြီးတိုက်ခိုက်ကြတယ်
ဘောလုံးကန်တဲ့အခါ ဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက်ချိန်းပြီး စစ်တိုက်တမ်းဆော့ရတဲ့အခါ
အဖွဲ့လိုက်မင်းသားမင်းသမီးဖွက်တမ်းကစားရတဲ့ အခါ တိုက်ပွဲတွေဆိုပေမယ့်လည်း အဲ့ဒီတုန်းကချွေးစက်တွေရဲ့ရင်ခုန်သံဟာ သိပ်ဖြူ
တာပဲလိုအခါပေါက်မြောက်များစွာကျွန်တော် တွေးတောမိပါတယ်။
အခုတော့ရော အဲ့ဒီအစုအဖွဲ့ကြီးကို ဘယ်သူတွေကတရိရိလက်စ ဖျောက်လိုက်တာပါလဲ။
စျေးသည်တွေရဲ့စျေးလာရောင်းသံထက် နှိုးစက်နဲ့ပွင့်လာရတဲ့မနက်ခင်းတွေများ
လာတိုင်း ဘာကိုမှန်းမသိ ကျွန်တော်တွေဝေငေးမောနေမိ
ပါတယ်။
ဘာကိုမှန်းမသိနာကျင်နေခဲ့ရပါတယ်။
တစ်ကယ်လို့များ ကမ္ဘာကြီးဆီက တစ်စုံတစ်ခုပြန်တောင်း
ပါဆိုရင်တော့ အဲ့ဒီစျေးသည်တွေရဲ့ရပ်ကွက်ထဲလှည့်ပတ်အော်ရောင်းမယ့် အသံကိုကျွန်တော်သေချာပြန်တောင်းမိမယ်
ပဲထင်ပါတယ်။
ပဲကြားပြုတ်သည်ကြီးဒေါ်ရဲ့နောက် အချိန်အနည်းငယ်
အခြားမှာ " ကြော်စုံ ပူပူလေးတွေနော် " လို့စီးစီးပိုင်ပိုင်အော်တတ်တဲ့ အကြော်သည်အန်တီကြီး။
သူ့နောက်မှာ ကောက်ညှင်းပေါင်းသည်။ သူ့နောက်ခပ်လှမ်းလှမ်းမှာ တို့ဟူးသည်အန်တီ။ သူတို့နောက်မှာ ဘုရားပန်းလာရောင်းတဲ့ အန်တီတွေ။
နေ့လည်နေ့ခင်းဆ်ုလည်း
သာကူကအစ အာပူလျှာပူအထိ အိမ်ထဲကနေအရသာလှမ်းရှိနေလို့ရသေးတာကို ကျွန်တော်အခုချိန်မှာ ပြန်လည်ငတ်မွတ်နေခဲ့မိတယ်။
ငယ်ဘဝကို ပြန်တပ်ဆင်ကြည့်တဲ့အခါ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် အဲ့ဒီအသံတွေကို ကျွန်တော်လွမ်းရပါတယ်။
သူတို့တွေဘယ်ရောက်သွားခဲ့ ကြပါပြီလဲ။
ကော်ပစ္စည်းအစုတ်တွေ ပုလင်းခွံတွေပေးရင် ပဲကြီးလှော်တလှေကြီးထုတ်ပေးတတ်တဲ့
ကုလားအဖိုးကြီးရောဘယ်ရောက်သွားပါပြီလဲ။
ဂျုံမှုန့်လေးတွေကိုလုံးပြီး မျောက်ကလေးငါးမျှားနေပုံ
စွန်းဝူခုန်းပုံ စသဖြင့် ဂျုံရုပ်ပုံတွေလုပ်ရောင်းတဲ့ ဦးလေးကြီးတွေရောဘယ်မှာပါလဲ။
ပဲကြီးလှော်ကိုမိုးပေါ်မြှောက်ပြီး
ပြန်အကျကိုပါးစပ်နဲ့လှမ်းလှမ်းဖမ်းစားနေတဲ့ ကလေးလေးတွေရော ဘယ်ပျောက်သွားခဲ့ပြီလဲ။
ဘယ်ပျောက်သွားခဲ့ကြပါပြီလဲ။
တစ်ယောက်နဲ့တစ်ယောက်မခေါ်မပြောဘူးဆိုတာ နာရီခြားလောက်ပဲရှိမယ့်နှစ်ကာလအဆွေးတွေ။
ဘယ်နားကြည့်ကြည့် မီးခိုးငွေ့တွေပဲမြင်ရတော့မယ့် ခေတ်ကြီးထဲနေ အသံပေါင်းစုံလုံးထွေးနေတဲ့ ရပ်ကွက်လေးတွေကို ကျွန်တော်မြင်ယောင် ပုံဖော်နေမိဆဲပါပဲ။
မရှိတော့ဘူးဆိုရင်တောင် ဖန်ဂေါ်လီအကြည်လေးတွေကို
ကျွန်တော်လှမ်းမြင်နေရတယ်။
ငြင်းခုန်တာကအစ ချစ်ဖို့ကောင်းတဲ့ ဆူညံသံတွေကို စိတ်နဲ့လှမ်းကြားနေရတယ်။
အကြွေစေ့နဲ့ခေါင်းပန်းလှန်သူကလှန် စုံ မ ဖွက်သူကဖွက်နေတဲ့ကလေးတွေကို လှမ်းမြင်နေရတယ်။
အဖေ့ပုဆိုးကိုနင်ဂျာလိုဝတ်ပြီး တုတ်တစ်ချောင်းနဲ့ရပ်ကွက်ထဲပတ်ဆော့နေရတဲ့ ညတွေကိုလည်းလှမ်းတွေ့နေရတယ်။
လမ်းမီးတိုင်အောက်မှာ ပုရစ်လုဖမ်းနေတဲ့အချိန်တွေကိုလည်း ရနံ့တစ်ခုအနေနဲ့ပြန်ရနေမိပါတယ်။
ဝမ်းနည်းစရာတွေဟာ မျက်လုံးမှိတ်ပြီးဆွဲယူလိုက်ရင်တောင် စိတ်ထဲကိုတထွေးကြီးပါလာနိုင်တဲ့အထိ ကျွန်တော်တို့ကိုလွှမ်းခြုံထားခဲ့ပြီမဟုတ်လား။
နည်းပညာအားကိုးနဲ့ကမ္ဘာကြီးကိုချောင်းကြည့်လို့ရပြီဆိုပေမယ့်လည်း ကိုယ်တိုင်ကိုယ်ကျ ခုန်ဆင်းယူမှရမယ့်ပျော်ရွှင်မှုတွေကိုတော့ ကမ္ဘာကြီးကဖွက်ထားဆဲဖြစ်ပါတယ်။
တိတ်ဆိတ်နေတဲ့မနက်ခင်းတွေမှာ နိုးထလာရတိုင်း အိပ်ယာထဲကနေ နားစွင့်လို့ရတဲ့ ခြေလျင်စျေးရောင်းသူအန်တီကြီးတွေရဲ့အော်သံကိုကျွန်တော်လွမ်းနေမိတယ်။
ဘာအသည်ပြီးရင်တော့ ဘာအသည်လာတော့မယ်ဆိုပြီး
တွက်ဆစောင့်စားနေရတဲ့မနက်တွေ၊
တစ်ခါတစ်လေကျ
အသံသာကြားရပြီးကိုယ့်အိမ်ရှေ့မရောက်တဲ့ အသည်တွေအရှေ့ကိုသဲကွဲအောင်မမြင်ရတဲ့ နှင်းထုတွေ၊
ဟိုတစ်အိမ်ဒီတစ်အိမ်ဆီက ကိုယ်စီကိုယ်ငှမီးလှုံနေတဲ့သူတွေ
နွေကျောင်းပိတ်ရက်ရဲ့အရသာရှိမှုတွေ
မိုးရာသီကိုဖားတွေနဲ့အပြိုင်အော်ပြီး ကြိုနေတဲ့အသံတွေ။
ဆင်ကျယ်ဖိနပ်ကိုငြီးငွေ့လာတဲ့အထိ မိုးတွင်းတစ်ခုလုံးစီးခဲ့ ရတာတွေ။
အို တစ်ကယ်တမ်းကျ ကြေကွဲမှုဆိုတာ " ငါတို့ပျော်ခဲ့ဖူးတယ် " လို့ဘယ်သူ့ကိုရည်ရွယ်မှန်းမသိ တစ်ကိုယ်ထဲပြောနေရတဲ့အခိုက်အတန့်တွေပဲ။
အဲ့ဒီတုန်းက စမတ်ဖုန်းတွေမကျယ်ပြန့်သေးလို့ ဆယ်ဖီယဉ်ကျေးမှုဆိုတာ ခေတ်မစားဘူး။
ဒါပေမယ့် အခြားသူတိုင်းရဲ့မျက်နှာကနေ ကိုယ့်ကိုယ်ကိုပြန်ရှာလို့ရပါတယ်။
ဒါတွေအားလုံးဟာကျွန်တော်လွမ်းလို့လှမ်းပြီး ပြန်အော်ခေါ်ကြည့်တဲ့အသံပါ။
ဒါကျွန်တော့ဆီကနေပျောက်ကွယ်ချင်ယောင်
ဆောင်ပြီးအရိုးထဲဝင်ခွေနေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေပါ။
ဒါ မိုးတွေ့အုံ့လာတာနဲ့စိတ်ကိုမျက်ရည်စိုစေတဲ့ တစ်ကယ့်အစစ်အမှန်ပုံပြင်တွေပါ။
ဒါမှမဟုတ် " ကျွန်တော်တို့ဒီလိုပျော်ဖူးတယ် မဟုတ်လား ...... ခင်ဗျားတို့ကရော "လို့ စိတ်နဲ့ပြန်သွားရမယ့်အချိန်ကာလစက်ထဲကနေ
ခင်ဗျားတို့ကိုလှမ်းပြီးသေဖော်ညှိမိတဲ့
အလွမ်းတွေပါပဲ။
လတ်လွန်းဝေဦး
✔Facebook မရှိသေးဘူး
✔ဖုန်းတွေ Keypad ဘဝပဲရှိသေး
✔Sim card 1 ကဒ်ကို အနည်းဆုံး ဆယ့်ငါးသိန်းအောက် မရောက်သေးဘူး
✔ဖုန်းဆက်ချင်ရင် လမ်းဆုံက PCO ကိုသွားရတယ်
၁မိနစ် ငါးဆယ် ပေးပြောခဲ့ရတယ်
✔ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ ကလေးတွေ ဆူညံစွာ
ပြေးလွှား ဆော့ကစားနေတယ်
✔အိပ်ယာဝင်ချိန်တွေ စောတယ်
✔လမ်းထိပ်က စာအုပ်ဆိုင်မှာ စာအုပ်ငှါးတယ်
မိုးအေးအေးလေးမှာ ဖယောင်းတိုင်မီးနဲ့ ဖတ်တယ်
✔တစ်ဖက်သတ်ကြွေနေရတဲ့ ကောင်မလေးအတွက်
စာရွက်ပေါ်မှာ ချစ်တဲ့အကြောင်းတွေချရေးတယ်
✔ရုပ်ရှင်ဆိုတာ လမ်းဆုံက ဗီဒီယိုပြတဲ့ဆိုင်မှာပဲရှိသေး
နောက်ပိုင်းကာလတွေမှာ ကိုယ့်အိမ်မှာကိုယ်
ဗီဒီယိုခွေနဲ့ကြည့်နိူင်လာတယ်
✔သီချင်းတွေ ဒီလောက်မမြန်သေးဘူး
အဆိုတော်တွေလည်း ဒီလောက်မများသေးဘူး
✔TV ကြော်ငြာတွေ အရမ်းကြည့်လို့ကောင်းတုန်း
ဒွေးနဲ့ထက်ထက် လွင်မိုးနဲ့ခိုင်သင်းကြည်
✔TV Channel က MRTV နဲ့ MWD နှစ်ခုပဲရှိတယ်
၇နာရီမှာ ဝူခုန်းကား အာယားယားကား
၉နာရီမှာ ကျန်ကျောင်းကား လုရီကား
ရင်ခုန်စွာကြည့်ခဲ့ရတယ်
✔လသာတဲ့ညတွေဆို ကောင်းကင်ကြီးက သိပ်လှတာ
ကလေးတွေပျော်ရွှင်စွာ ကစားကြတယ်
လူကြီးတွေဝိုင်းဖွဲစကားပြောကြတယ်
လူငယ်တွေ ဂစ်တာတစ်လက်နဲ့ သမီးရည်းစားပိုးပန်းကြတယ်
✔ကျေးရွာတွေမှာ သူငယ်ချင်းတွေဆုံတွေချိန်က
ညဘက်ဗီဒီယိုရုံထဲမှာ၊ ပွဲလမ်းသဘင်တွေတူတူသွားကြတယ်
✔ကောင်လေးတွေ ချစ်သူဆီက အဖြေရဖို့
အချိန်တော်တော်စောင့်ကြရတယ်....
✔ဆယ်ကျော်သက်အရွယ်မှာ လွန်းထားထား၊လမင်းမို့မို၊့
ပုညခင်၊နိူကိုဇူးဇင် သူတို့စာတွေသိပ်ရင်ခုန်ဖို့ကောင်း
အကြည်တော် မင်းလူ တာရာမင်ဝေ မင်းခိုက်စိုးစန်
သူတို့စာတွေ ဖတ်နေရင်း လက်ကမချချင်
ဆရာအောင်သင်း ဆရာဖေမြင့် လယ်တွင်းသားစောချစ်
တက္ကသိုလ်ဘုန်းနိူင်သူတို့စာတွေ ခွန်အားသိပ်ဖြစ်စေတယ်
✔ကျောင်းသူလေးတွေက သနပ်ခါးလေးတွေနဲ့ သိပ်လှကျတာ.....ကျောင်းမှာ Crush ထားမိတဲ့သူက ကျောင်းအရမ်းပျော်ကြတာ
✔မုန့်စားဆင်းချိန်ဆို ယောက်ကျားလေးက ဘောလုံးကန်တယ် မိန်းကလေးတွေက ကြိုးခုန်တယ် ထုတ်ဆီးထိုးတယ်
သိပ်ချစ်ကြ သိပ်ပျော်စရာကောင်းတာ
ဘာဟန်ဆောင်မှုမှမရှိ
✔ဆင်းရဲ့ချို့တဲ့လွန်းတဲ့သူတွေမှာ အသိတစ်ချို့က
သိပ်လက်ရာမြောက်တာ
လ္ဘရည်ဆိုတာ လူမမာတို့ရဲ ဓာတ်စာလို့ မှတ်ယူကြရတယ်....
✔သစ္စာတရားတွေ ခွန်အားကောင်းတုန်း
အိမ်ထောင်ဦးစီးတွေ အိမ်ပြန်ချိန်စောတယ်
ဇနီးမယားတွေ စိတ်ချမ်းသာမှုပြည့်ဝနေကြတယ်
✔အိမ်နီးချင်းတွေ သိပ်ချစ်ခင်ကြတာ
ပြိုင်ဆိုင်လိုစိတ်နည်းတယ် ချောက်တွန်းဖို့ဆိုဝေးသေး
ယုတ်မာမှုမရှိဘူး တိုက်ခိုက်မှုကင်းတယ်
ဣဿမစ္ဆရိယစိတ် မမွေးဘူး...
✔ဟိရိေဩာတ္တပတရားတွေ အင်အားကြီးတုန်း
လူပျို၊ ၊အပျို စကားပြောရင် ခြေတုန်လက်တုန်ဖြစ်ကြတုန်း
သမီးရည်းစား တစ်ခါတွေဖို့ ၁၀ရက်လောက် ကြာတယ်
တွေ့ပြန်ရင်လည်း နာရီဝက်သာသာ သိပ်လွမ်းလို့ကောင်းတာ
တစ်ခါတစ်လေတော့လည်း အဲ့အချိန်တွေကို လွမ်းမောမိပါတယ်...
ပြန်သွားချင် ပြန်လိုချင်လို့ မဟုတ်ရင်တောင် စူးစူးနစ်နစ် သတိရမိတယ်
ဒါတွေက ငါတို့ရဲ့ ငယ်ဘဝတွေကို...
အဲ့ဒီအချိန်ကာလမှာ ကျွန်တော်အပါအဝင် လူတစ်ချို့ဆီကနေ
အရောင်မပါ စိတ်ထားဖြူစင်မှုတွေ ရိုးသာမှုတွေ ရှာဖွေတွေ့ရှိခဲ့တယ်.....
အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို
တစ်ခါပြန်ပီး ရချင်မိသေးပါ့ရဲ့
Credit:: (လတ်လွန်းဝေဦး)
Photo:: အထက ၁ တောင်ငူ (2004-2005 ) ကျောင်းသားဟောင်းများ
မူရင်းရေးသားသူအား credit ပေးပါသည်
Credit
Click here to claim your Sponsored Listing.
Category
Website
Address
Monywa