Life cycle

Life cycle

Share

27/08/2020

ကိုယ်ခံအားကောင်းဖို့ သောက်နေကြတဲ့ ကွမ်းရွက် ပြုတ်ရည် ဘာတွေ ဆေးဖက်ဝင်သလဲ

Covid-19 ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ ဘာနည်းတွေလဲဆိုတော့ ဆရာဝန်တွေဆီက အကြံပြုချက်တွေရယ်၊ အွန်လိုင်းပေါ်က ဟိုလူညွှန် ဒီလူညွှန်တာတွေရယ်၊ တိုင်းရင်းဆေးနည်း အယူအဆတွေရယ်၊ သဘာဝဆေးဖက်ဝင် အစားအသောက်တွေရယ် အကုန်ပါပဲ။

ဒီထဲမှာ မဖြစ်မနေ လိုက်နာသင့်တာက ဆရာဝန်တွေရဲ့ အကြံပြုချက်တွေဖြစ်ပေမယ့် တခြားနည်းလမ်းတွေမှာလည်း အမှားနဲ့ အမှန် ခွဲခြား လက်ခံဖို့သင့်ပါတယ်။ ဘာလို့ဆို လူ့ကျန်းမာရေးကို အကျိုးပြုစေတဲ့ စားသောက်နည်းတွေ လည်း အဲဒီအထဲ ပါဝင်နေလို့ပါပဲ။ အမှန်အမှားကတော့ သတင်းရင်းမြစ်ကို သေချာလေ့လာပြီးမှ ယုံစေချင်ပါတယ်။

ကွမ်းရွက် ပြုတ်ရည် ဆေးဖက်တကယ်ဝင်သလား
Covid-19 ဗိုင်းရပ်စ် အတွက် ဆိုင်မဆိုင် လေ့လာတွေ့ရှိမှု မရှိပေမယ့် ကွမ်းရွက်က ကိုယ်ခံအားကောင်းစေတာ အပါအဝင် အသက်ရှူလမ်းကြောင်းပြဿနာတွေနဲ့ ဖျားနာခြင်းကိုတော့ ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ လူကြီးသူမတွေ အသုံးများတဲ့နည်းကတော့ ကွမ်းရွက်ကို ထန်းလျက်ခဲလေးနဲ့ပြုတ်ပြီး ကလေး၊ လူကြီး အအေးခံ သောက်သုံးကြတာပါပဲ။ ငယ်ငယ်တုန်းက နေမကောင်းဖြစ်ရင် ဒါမှမဟုတ် နေမကောင်းချင်သလိုလိုဖြစ်ရင် ကွမ်းရွက်ပြုတ်ရည် သောက်ခဲ့ကြဖူးသူ များမှာပါ။

ကွမ်းရွက် ရဲ့ ဆေးဖက်ဝင်ပုံလေးတွေ ဆက်လေ့လာကြည့်ရအောင် …

ဆီးချို ထိန်းတယ်
ကွမ်းရွက်က သွေးတွင်းသကြားဓာတ်ကို ကျစေနိုင်ပါတယ်။ သူ့မှာ ဆီးချိုအတွက် ကောင်းကျိုးရှိတဲ့ tannins ခေါ် မော်လီကျူးလေးတွေ ပါဝင်ပါတယ်။ အယ်ကာလွိုက်ကြောင့်လည်း အူတွင်း ဂလူးကို့စ်စုပ်ယူမှုကို ဟန့်တားပေးတာမို့ သွေးတွင်းသကြားကို ထိန်းပေးစေနိုင်ပါတယ်။

ရောဂါပိုး ခုခံကာကွယ်နိုင်စွမ်းရှိတယ်
ကွမ်းရွက်က ရောဂါပိုးမွှား သေစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ သူ့မှာ ကိုယ်ခံအား မြှင့်တင်ပေးတဲ့ အာနိသင်နဲ့ ကင်ဆာ ကာကွယ်တဲ့ အာနိသင်လည်း ရှိပါတယ်။

အနာကျက် မြန်စေတယ်
အနာကျက် မြန်စေတဲ့ သူ့ရဲ့ အာနိသင်ကြောင့် အနာမှာ ကွမ်းရွက်အုံပေးတာမျိုး ရှေးတည်းက ကုသနည်းတွေ ရှိခဲ့ပါတယ်။

ချောင်းဆိုး၊ ရင်ကျပ် သက်သာစေတယ်
ချောင်းဆိုးပြီဆို ကွမ်းရွက်ကို အရည်ကြိတ်ပြီး သောက်ရတာမျိုး လူကြီးသူမတွေ သုံးလေ့ ရှိပါတယ်။ မုန်ညင်းဆီ ထဲ နှစ်ပြီး နည်းနည်း နွမ်းအောင် မီးအပူပေးထားတဲ့ ကွမ်းရွက်ကို ရင်ဘတ်မှာ ကပ်ရင် အဆုတ်ထဲ ချွဲကျပ်တာ သက်သာတယ်လို့ ဆိုကြပါတယ်။

ကလေးတွေ ချောင်းဆိုး၊ ချွဲထနေရင် ကွမ်းရွက် ကြိတ်ရည်ကို ပျားရည် နည်းနည်း ထည့်ပြီး တိုက်လို့ရပါတယ်။ ဒါ့ကြောင့်ပဲ ပန်းနာရင်ကျပ် အတွက်လည်း သက်သာစေနိုင်တာ ဖြစ်ပါတယ်။

ကင်ဆာ ကာကွယ်တယ်
ကွမ်းရွက် မှာ ကင်ဆာကာကွယ်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ အများကြီးပါဝင်ပါတယ်။ ကွမ်းရွက်ကို ဝါးစားပေးမယ်ဆိုရင် ခံတွင်းထဲမှာ ရှိတဲ့ ascorbic acid ပမာဏကို ထိန်းညှိပေးပြီး ခံတွင်းကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကွမ်းရွက် ၁၀ ရွက်၊ ၁၂ ရွက်လောက်ကို ရေနွေးဆူဆူထဲ ထည့်ပြုတ်ပြီး ပျားရည်နည်းနည်းထည့် သောက်သုံးပေးမယ် ဆိုရင် ကင်ဆာကာကွယ်ဖို့ အထောက်အပံ့ ဖြစ်စေမှာပါ။

ဆိုးကျိုး ဘာတွေ ရှိနိုင်သလဲ
ကွမ်းရွက်ကို ဝါးစားလိုက်တဲ့အခါ ထွက်ရှိလာတဲ့ ဓာတ်ပစ္စည်းတွေက ကွမ်းသီး၊ ထုံး တို့နဲ့ ပေါင်းစပ်လိုက်ရင် ဓာတ်ပြုနိုင်ပါတယ်။ အဲဒီအခါ ကွမ်းစားတတ်တဲ့သူတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိလာပါလိမ့်မယ် –

ခံတွင်းကျန်းမာရေး ပြဿနာ
စိတ်ပိုင်းဆိုင်ရာ ပြဿနာ
အာရုံကြော စနစ် ပြဿနာ
ခံတွင်းကင်ဆာ နဲ့ အစာရေမျို ကင်ဆာ
အူတွင်း အကျိုးပြုဘက်တီးရီးယား ပြဿနာ
ကိုယ်ဝန်နဲ့ ကလေးဖွံ့ဖြိုးမှု ကို ဆိုးကျိုးသက်ရောက်မှု (မိခင် ကွမ်းစားရင်)
ကွမ်းစွဲလမ်းခြင်း ပြဿနာ တို့ အပါအဝင် ဆိုးကျိုးတွေရှိနိုင်ပါတယ်။
ဒါ့ကြောင့် သဘာဝပစ္စည်း တွေမှာ ဘယ်လောက်ပဲ ဆေးဖက်ဝင် အာနိသင်တွေ ရှိနေပါစေ၊ သုံးစွဲပုံ မမှန်ကန်ရင်၊ မှားယွင်း အသုံးချရင် အကျိုးကျေးဇူး မရနိုင်ပါဘူးနော်။ ကွမ်းရွက်က ဆေးဖက်ဝင်တယ်ဆို ကွမ်းစားတာ ကောင်းတယ်လို့ မတွေးလိုက်ဖို့ လိုပါတယ်။

13/08/2020

ရာသီ ပုံမှန်မလာခြင်း ကို ဖြစ်စေနိုင်သော အကြောင်းအရင်းအရင်းများ

အမျိုးသမီးတွေ အားလုံးမှာ အပျိုဖော်ဝင်တဲ့ အချိန်ကစပြီး သွေးမဆုံးခင်အချိန်ထိ ဓမ္မတာ (သို့) ရာသီ သွေး ဆင်းကြပါတယ်။ အချို့သော အမျိုးသမီးတွေက ပုံမှန် တစ်လတစ်ခါ သွေးဆင်းကြပေမယ့် တချို့ကတော့ တချို့လတွေ ရာသီမလာတာ၊ လာတဲ့ ပမာဏက ပုံမှန်ထက် နည်းလွန်း၊ များလွန်းတာ ၊ လာတဲ့ ရက်က တိုလွန်း ရှည်လွန်းတာ စတဲ့ အခြေအနေတွေကို ကြုံတွေ့နေကြရပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာတော့ ရာသီပုံမှန်အတိုင်းမလာဘဲ တစ်လ၊ နှစ်လ စသည်ဖြင့် ရာသီပျောက်သွားရခြင်းဟာ ဘယ်လိုအခြေအနေတွေကြောင့် ဖြစ်နိုင်လဲ ဆိုတာလေးကို ပြောပြပေးသွားပါမယ်။

ပုံမမှန်တဲ့ အကြောင်းမပြောခင်မှာ ဘယ်ဟာက ပုံမှန်အခြေအနေလဲ ဆိုတာလေးကို အရင် ရှင်းပြပေးပါမယ်။

ပုံမှန်ကျန်းမာတဲ့ သူတစ်ယောက်မှာ ရာသီ သွေးဟာ အလွယ်ပြောရရင်တော့ တစ်လတစ်ခါ ပေါ်ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဖွဲ့စည်းပုံမတူညီတဲ့အတွက် ဘယ်နှရက်နေရင် တစ်ခါပေါ်သလဲဆိုတာတော့ အတိအကျ မရှိပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ၂၁ရက်မှ ၃၅ ရက်အတွင်း မှာ တစ်ကြိမ်စီ ပုံမှန် ရာသီသွေးဆင်းကြပါတယ်။ အဲလို မဟုတ်ဘဲ တစ်လ၊ နှစ်လ စသည်ဖြင့် ပျောက်သွားတယ်ဆိုရင်တော့ အောက်ပါ အခြေအနေတွေထဲက တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။

ရာသီသွေးပုံမှန်မဆင်းခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။

၁။ သဘာဝအရ ရာသီမလာခြင်း။

ကိုယ်ဝန်ရှိနေခြင်း။
ကလေးကို နို့တိုက်နေခြင်း။
သွေးဆုံးသွားခြင်း။
စတဲ့အခြေအနေတွေမှာ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်အရ ရာသီမလာတာမျိုးဖြစ်နိုင်ပါတယ်။

၂။ သန္ဓေတားဆေး(သို့) ကိုယ်ဝန်တားဆေး တွေကြောင့် ရာသီမလာခြင်း။

ကိုယ်ဝန်တားတဲ့ သောက်ဆေး၊ ထိုးဆေးတွေအပြင် လက်မောင်း၊ သားအိမ်ထဲထည့်တဲ့ တားဆေးတွေ အသုံးပြုရင်လည်း ရာသီမမှန်တာမျိုး ဖြစ်နိုင်ပါတယ်။

၃။ ဆေးဝါးများ။

အချို့သော စိတ်ကျဝေဒနာကို ကုသတဲ့ဆေး၊ ကင်ဆာကုထုံး တွေကလည်း ရာသီပုံမမှန်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းထဲမှာ ပါဝင်ပါတယ်။

၄။ အချို့သော နေထိုင်မှုပုံစံများ။

အားကစားသမားတွေလို လေ့ကျင့်ခန်းတွေကို အလွန်အကျွံလုပ်ရတဲ့ သူတွေ၊ ကိုယ်အလေးချိန်နည်းလွန်းသော သူတွေ နဲ့ စိတ်ဖိစီးမှု များသောသူတွေမှာလည်း ရာသီပုံမှန်မလာတာတွေ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု အရမ်းများတဲ့ သူတွေမှာ ရာသီနောက်ကျတာက အင်မတန်အဖြစ်များပါတယ်။ ဒ့ါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျှော့ချဖို့က အရေးကြီးပါတယ်။

၅။ ဟော်မုန်းအပြောင် လို့ခေါ်တဲ့ သားဥအိမ်မှာ အရည်အိတ်များ ဖြစ်ခြင်း၊ ဦးနှောက်တွင်ရှိသော Pituitary gland လေးတွင် အကျိတ်ဖြစ်ခြင်း၊ လည်ပင်းရှိ thyroid gland ကြီးခြင်း၊ အချိန်မတိုင်ခင် သွေးဆုံးခြင်း (early menopause) စတဲ့ အခြေအနေတွေမှာ ပုံမမှန်တာ ဖြစ်နိုင်ပါတယ်။

၆။ မိန်းမကိုယ် ပုံစံမမှန်ခြင်း၊ သားအိမ်မှာ အနာရွတ်ဖြစ်နေခြင်း နဲ့ မွေးရာပါ လိင်အင်္ဂါ မပါလာခြင်း စတာတွေကလည်း ဓမ္မတာ မမှန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

တကယ်လို့ သင့်မှာ အခက်အခဲတွေရှိနေရင် ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ပါ အကြံကောင်းဉာဏ်ကောင်းလည်းတောင်းဆိုနိုင်ကြပါစေ။

28/07/2020

အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ

သင်ဟာ သင့်ရဲ့ကျန်းမာရေးထက် ကားတွေ၊ သင်ပိုင်ဆိုင်တဲ့ဖုန်းတွေ၊ ကွန်ပျူတာစတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ဂရုစိုက်တဲ့ အမျိုးသားတစ်ယောက် ဖြစ်နေပါသလား။ မပူပါနဲ့။ သင်တစ်ယောက်တည်း မဟုတ်ပါဘူးနော်။

ကျန်းမာရေးကို အလေးမထားခြင်း၊
မိမိကိုယ်ကို ဂရုစိုက်ရန်မေ့လျော့နေတတ်ခြင်းနဲ့
ကျန်းမာရေးနှင့်မညီညွတ်တဲ့ အပြုအမူ၊ နေထိုင်မှုပုံစံတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုတွေ့ရတတ်တဲ့ အလေ့အထတွေပါ။ ဒီလိုအနေအထိုင်တွေကြောင့် ကျန်းမာရေးဟာ တစ်နေ့တခြား ဆုတ်ယုတ်လာတတ်ပါတယ်။
နှလုံးကျန်းမာရေးနှင့် သွေးတိုးရောဂါ။ ။ သွေးပေါင်ချိန်တက်ခြင်း၊ သွေးတိုးရောဂါဟာ အသက်(၄၅)နှစ်ကျော်တဲ့ အမျိုးသားတွေမှာ ပိုတွေ့ရတဲ့ ရောဂါပါ။ ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန် ပြုလုပ်ဖို့ စိတ်မပါကြတဲ့အခါ မိမိမှာ ရောဂါရှိလို့ ရှိနေမှန်းလည်း မသိကြပါဘူး။ ဒါကြောင့် ဆေးရုံဆေးခန်းကို သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။

ဆရာဝန်တွေဟာ သင့်ရဲ့ ကိုလတ်စထရောပမာဏ၊ သွေးပေါင်ချိန်နဲ့ ဆေးလိပ်သောက်ခြင်း/ မသောက်ခြင်း အလေ့အထပေါ်မူတည်ပြီးတော့ နှလုံး သွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်မှုနှုန်းကို တွက်ချက်ပေးနိုင်ပါတယ်။

အဆုတ်နှင့်ပတ်သက်တဲ့ရောဂါများ။

ဆေးလိပ်သောက်ခြင်း အလေ့အထဟာ အမျိုးသား တွေမှာ ပိုတွေ့ရပါတယ်။ အဆုတ်ကင်ဆာ၊ အဆုတ်လေပြွန်ရောင်ရောဂါ၊ COPD နဲ့ တီဘီရောဂါ တွေဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဒါဟာ ဆေးလိပ်သောက်လို့ ဖြစ်ရတာပါ။ တီဘီ ရောဂါ၊ ကိုရိုနာဗိုင်းရပ်စ်လို ကူးစက်ရောဂါတွေဟာလည်း ဆေးလိပ်သောက်သူတွေ ကူးစက်ခံရပါက ပိုအထိနာမှာပါ။

ဒါ့အပြင် ကျောက်ဂွမ်းမှုန့်၊ Silica ဒါမှမဟုတ် မီးခိုးမီးလျှံတွေနဲ့ ထိတွေ့လုပ်ကိုင်နေရတဲ့ စက်ရုံ/အလုပ်ရုံ အလုပ်တွေဟာ အမျိူးသားတွေ လုပ်ကြရတဲ့ အလုပ်တွေဖြစ်ပါတယ်။ အမျိုးသမီးတွေက ဒီအလုပ်တွေကို သိပ်မလုပ်ကြပါဘူး။ ဒီအလုပ်တွေဟာ အဆုတ်ကင်ဆာ ဒါမှမဟုတ် အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေပါပဲ။

အရက်သေစာသောက်သုံးခြင်း။ ။

အရက်ကြောင့်ဖြစ်တဲ့ ရောဂါတွေကြောင့် ဆေးရုံတက်ရခြင်းနဲ့ သေဆုံးရခြင်းတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အရက်စွဲလမ်းသောက်သုံးခြင်းမှာ အမျိုးသားဦးရေဟာ အမျိုးသမီးဦးရေထက် နှစ်ဆပိုများပါတယ်။

အရက်သောက်ခြင်းကြောင့် စိတ်တိုစိတ်ဆတ်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတွေ ပြုလုပ်လာနိုင်ပါတယ်။ ဒါ့အပြင် အရက်သောက် သုံးမှုများခြင်းကြောင့် ခံတွင်းကင်ဆာ၊ လည်မျိုကင်ဆာ၊ အသည်းကင်ဆာ စတာတွေ ဖြစ်ပွားနိုင်ပြီး ဟော်မုန်း ထုတ်လုပ်မှုတွေကိုလည်း ထိခိုက်နိုင်ပါသေးတယ်။

စိတ်ကျရောဂါနဲ့ မိမိကိုယ်ကိုသတ်သေခြင်း။ ။

ဒါဟာ အရက်သောက်သုံးခြင်းရဲ့ အကျိုးဆက်ပါ။ မိမိကိုယ်ကို သတ်သေခြင်းကိစ္စကို ကြည့်ပါက အမျိုးသားတွေဟာ ပိုမိုသတ်သေလေ့ရှိကြောင်း သုတေသနပြုစုချက်တွေက ဖော်ပြထားပါတယ်။

မတော်တဆမှုများ အဖြစ်များခြင်း။ ။
ရေနစ်ခြင်း၊ မတော်တဆမှုကြောင့် ဦးနှောက် ထိခိုက်ရခြင်း၊ ယာဉ်မတော်တဆမှုစတဲ့ မတော်တဆမှုတွေကြောင့် ထိခိုက်ရခြင်းတွေဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ မတော်တဆမှုတွေဟာ အမျိုးသားတွေ သေဆုံးရခြင်းရဲ့ ထိပ်တန်းအကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အန္တရာယ်များတဲ့ အလုပ်တွေကို ဦးဆောင်လုပ်ကိုင်နေရသူတွေမို့ ထိုအလုပ်တွေကြောင့် ထိခိုက်နစ်နာမှုတွေ ပိုခံစား ရသူတွေပါပဲ။

အသည်းရောဂါများ။ ။ အရက်သောက်ခြင်းနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်းကြောင့် အသည်းခြောက်ခြင်း၊ အသည်းရောင်အသားဝါရောဂါ နဲ့ အသည်းကင်ဆာတွေ ဖြစ်ပွားနှုန်းများရပါတယ်။

ဆီးချိုရောဂါ။ ။ အမျိုးသားတွေမှာ ဆီးချိုရောဂါ ဖြစ်ပွားတဲ့အခါ ဆေးကုသမှုမခံယူဘဲ ပစ်စလက်ခတ် နေတတ်ကြပါတယ်။ အဲ့ဒီအခါ ဆီးချိုရောဂါကနေ

အာရုံကြောပျက်စီးခြင်း၊
ကျောက်ကပ်ပျက်စီးခြင်း၊
နှလုံးရောဂါနှင့်လေဖြတ်ခြင်း၊
အမြင်အာရုံဝေဝါးခြင်း နဲ့
ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းတွေ အလွယ်တကူ ဆက်လက်ခံစားရပါတော့တယ်။
ဆီးချိုရောဂါနဲ့ အမျိုးသားတွေဟာ ကျားဟော်မုန်း ပမာဏတွေ ကျဆင်းလာပြီး လိင်မှုပိုင်းဆိုင်ရာမှာ အစွမ်းဆောင်နိုင်တော့ခြင်းနဲ့ မျိုးပွားမှု ပြဿနာ တွေခံစားရတတ်ပါတယ်။ သင့်မိသားစုမျိုးရိုးမှာ ဆီးချိုရောဂါရှိပါက သင်လည်း စစ်ဆေးမှုပြုလုပ် ပေးသင့်ပါတယ်။

ရာသီတုပ်ကွေးရောဂါ နှင့် နမိုးနီးယား အဆုတ်ရောင်ရောဂါ။ ။ အမျိုးသားတွေဟာ ဆေးလိပ်သောက်တဲ့အတွက် အဆုတ်ပြဿနာတွေကို ခံစားထားရသူများမို့ အဆုတ်ရောင် ရောဂါပိုးတွေ ပိုမိုကူးစက်လွယ်ပါတယ်။ ရာသီတုပ်ကွေးရောဂါနဲ့ နမိုးနီးယားရောဂါကို ကာကွယ်ချင်ရင်တော့ ကာကွယ်ဆေးထိုးထားပါ။

အရေပြားကင်ဆာ။ ။ Melanoma ဆိုတဲ့ အရေပြားကင်ဆာဟာ အသက်(၅၀)ကျော် အမျိုးသား တွေမှာ အဖြစ်များပါတယ်။ ဒါဟာ အမျိုးသားတွေဟာ အမျိုးသမီးတွေလို နေလောင်ခရင်မ်တွေ၊ အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုဖို့ စိတ်မဝင်စားလို့ပါ။ ဒါကြောင့် သင်ဟာ အမျိုးသာတစ်ဦး ဖြစ်သည့်တိုင် နေပူထဲသွားတဲ့အခါ နေလောင်ကာခရင်မ် (Sunscreen)တွေ လိမ်းခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ အင်္ကျီလက်ရှည် ဝတ်ဆင်ခြင်းနဲ့ ဦးထုပ်ဆောင်းခြင်းတွေ ပြုလုပ်သင့်ပါတယ်။ ဒါဟာ သင်ကြိုက်တဲ့ ဖက်ရှင်နဲ့ မကိုက်ညီသည့်တိုင် ကျန်းမာရေးအတွက် ပြုလုပ်သင့်တဲ့ အလေ့အထပါ။

HIV ​ရောဂါပိုးနှင့် AIDS ​ရောဂါ။ ။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ခုခံအားကျဆင်းမှု HIV ဗိုင်းရပ်စ်ပိုး ပိုမိုကူးစက်တာကို တွေ့ရပါတယ်။ ဒါဟာ အမျိုးသားတွေမှာ လိင်တူဆက်ဆံခြင်း ဦးရေများလာလို့ပါပဲ။ ရောဂါပိုးရှိသူ အမျိုးသားတစ်ဦးနဲ့ လိင်တူဆက်ဆံလိုက်တဲ့ အမျိုးသား တစ်ဦးဟာ HIV ​ရောဂါပိုးကူးစက်ပြီး AIDS​ ရောဂါကို ခံစားရမှာပါ။ HIV ​ရောဂါပိုးတင်မဟုတ်ပါဘူး လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေ (STD) ​တွေလည်း ပိုခံစားတတ်ပါတယ်။

အမျိုးသားတွေမှာ ပိုဖြစ်ပွားနိုင်တဲ့ ရောဂါအခြေအနေတွေကို သိရှိပြီးသွားပြီမို့ သင့်ရဲ့အသုံးအဆောင်တွေကိုသာ ဂရုစိုက်မနေဘဲ မိမိကိုယ်ကိုချစ်မြတ်နိုးတဲ့အနေနဲ့ မိမိရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ နေထိုင်စားသောက်မှုပုံစံကိုလည်း ကျန်းမာတဲ့ဘက်ကို ဦးတည်ပြောင်းလဲလိုက်ပါ။

24/07/2020

သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု

သားဥအိမ် ရေအိတ်တည်တဲ့ ရောဂါစုကို ဆေးပညာလို Polycystic o***y syndrome (PCOS) လို့ ခေါ်ပါတယ်။ ဟော်မုန်းရောဂါတစ်မျိုးပါပဲ။ ရောဂါစုလို့ ပြောတဲ့အတွက် သားဥအိမ်မှာ ရေအိတ်တည်တာအပြင် တခြားရောဂါတွေနဲ့ပါ တွဲတတ်ပါသေးတယ်။ ရာသီမမှန်တာ၊ အမွေးအမျှင်တွေ များတာ၊ ကိုယ်ဝန်မရတာ၊ ဝက်ခြံတွေထွက်တာ စတဲ့ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် တခြားသော နောက်ဆက်တွဲ ရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်အမျိုးသမီးမှာမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ ဘယ်လိုရောဂါလဲ။ ကုသလို့ရလား။ အန္တရာယ်ရှိလားဆိုတာ ဆက်ကြည့်ရအောင်။

ဘာကြောင့် PCOS ဖြစ်ရတာလဲ။
ဖြစ်ရတဲ့ အကြောင်းရင်းကတော့ သေချာမသိရသေးနိုင်ဘူး။ ပြောကြတာတော့

အင်ဆူလင်များလို့
အင်ဆူလင်ဆိုတာ ပန်ကရိယက ထုတ်ပြီး ခန္ဓာကိုယ်က သကြားတွေကို ယူသုံးစေချင်တာကြောင့် စွမ်းအင်ရအောင် လုပ်ပေးတဲ့ ဟော်မုန်းပါ။ ဆဲလ်တွေက အင်ဆူလင်ကို ခံနိုင်ရည်ရှိလာတဲ့အခါ သွေးထဲမှာ သကြားပိုများလာပြီး အင်ဆူလင် ပိုထွက်ပါတယ်။ အင်ဆူလင် ထွက်လာရင် အင်ဒရိုဂျင် (Androgen) တွေ ပိုထွက်လာပြီး သားဥကြွေဖို့ အခက်အခဲ ဖြစ်လာပါတယ်။

ရောင်ရမ်းခြင်း (low grade inflammation)
PCOS မှာ low grade inflammation ဖြစ်တဲ့ အတွက် ရေအိတ်တည်တဲ့ သားဥအိမ်ကနေ အင်ဒရိုဂျင် ထွက်တာကြောင့် နှလုံးနဲ့ သွေးကြော ရောဂါတွေ ဖြစ်လာတာပါ။

မျိုးရိုးဗီဇ
တချို့ ပညာရှင်တွေက PCOS ဖြစ်ရတာ မျိုးရိုးဗီဇကြောင့်လို့ ဆိုပါတယ်။

အင်ဒရိုဂျင် (Androgen)
သားဥအိမ်ကနေ အင်ဒရိုဂျင် (Androgen) တွေ အများကြီးထွက်တာကြောင့် အမွေးထူတာ၊ ဝက်ခြံပေါက်တာ ဖြစ်လာတာပါ။

PCOS ရဲ့ လက္ခဏာတွေက ဘာလဲ။
လက္ခဏာတွေက ပျိုဖော်ဝင်စ ပထမဆုံး ရာသီစလာတဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ နောက်ကျမှ လက္ခဏာ ပြတာလည်း ရှိပါတယ်။ ဥပမာ ဝလာတဲ့ အချိန်မှာပေါ့။

လက္ခဏာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူတတ်ပါဘူး။ ဒါပေမယ့် PCOS မှာ အောက်က လက္ခဏာတွေကတော့ အတွေ့ရများပါတယ်။

ရာသီမမှန်တာ
ရာသီမမှန်တာ၊ ထိန်တာ၊ ရက်ကြာတာ စတာတွေက PCOS ရဲ့ အဓိက လက္ခဏာတွေပါပဲ။ ဥပမာပြောရရင် တစ်နှစ်ကို ရာသီ ၉ခါလောက်ပဲ လာမယ်။ ရာသီတစ်ခုနဲ့ တစ်ခုကြားလဲ ၃၅ရက်လောက် ခြားတယ်။ ရာသီလာတာလည်း များတယ်ပေါ့။

အင်ဒရိုဂျင် (Androgen) များတာ
အင်ဒရိုဂျင် (Androgen) ဆိုတာ အမျိုးသား ဟော်မုန်းပါ။ သူများလာတဲ့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွေးထူတာ၊ ဝက်ခြံတွေ အများကြီးထွက်တာ၊ အမျိုးသားတွေလိုမျိုး ထိပ်ပြောင်တာ ဖြစ်တတ်ပါတယ်။

သားဥအိမ်မှာ ရေအိတ်တည်တာ
သားဥအိမ်တွေက ကြီးလာပြီး မျိုးဥ ပတ်ပတ်လည်မှာ ရေအိတ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် သားဥအိမ်က ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး။

တခြား လက္ခဏာတွေကတော့

အဝလွန်တာ
အသားမည်းလာတာ (အထူးသဖြင့် လည်ပင်း၊ ပေါင်ခြံနဲ့ ရင်သားအောက်)
ဟော်မုန်း အပြောင်းအလဲကြောင့် ခေါင်းကိုက်တာ
ဆီးစပ်ကိုက်တာ
စိတ်အပြောင်းအလဲ မြန်တာတွေပဲ ဖြစ်ပါတယ်။
နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်လဲ။
PCOS ကြောင့် မျိုးဥကြွေတာ အခက်အခဲ ရှိတဲ့ အတွက် ကလေးရဖို့ ခက်ပါတယ်။
(သားဥကြွေခြင်းကို ဤနေရာ တွင် တွက်ချက်နိုင်သည်။)

ရခဲ့ရင်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ နောက်ဆက်တွဲတွေ ဖြစ်တတ်ပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင် ဆီးချိုတို့ သွေးတိုးတာတို့
ကိုယ်ဝန်ပျက်တာ၊ လမစေ့ကလေး မွေးတာ
အသည်းရောင်တာ
Metabolic syndrome လို့ ခေါ်တဲ့ သွေးတိုးတာ၊ သွေးတွင်း သကြားဓာတ်များတာ၊ သွေးတွင်း မကောင်းတဲ့ အဆီဓာတ်တွေ များတာ။ ဒါတွေကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်ချေ များတာ
အမျိုးအစား ၂ ဆီးချိုရောဂါ ဒါမှမဟုတ် ဆီးချို အကြိုအဆင့် ဖြစ်တာ
အိပ်ဟောက်ရှူရပ်ရောဂါ ဖြစ်တာ
စိတ်ကျတာ၊ စိတ်ရှုပ်တာ၊ အစားအသောက်မမှန်တာ
သွေးဆင်းမမှန်တာ
သားအိမ်ကင်ဆာဖြစ်နိုင်တာ စတာတွေ ဖြစ်နိုင်ပါတယ်။
လူဝလေလေ နောက်ဆက်တွဲ ပိုဆိုးလေလေပါပဲ။

ကုသနည်းများ
ကုသနည်းတွေကတော့

သောက်ဆေးတွေပေးတာ
ဟော်မုန်းညီမျှအောင်လို့ ဟော်မုန်းဆေးတွေ ပေးတာ၊ အင်ဆူလင် ပမာဏ ထိန်းနိုင်အောင် Metformin ပေးတာ၊ သားဥကြွေဆေးတွေ ပေးတာမျိုး လုပ်လို့ရပါတယ်။

အမွေးအမျှင်များတာ
လိမ်းဆေးတွေ လိမ်းတာ၊ လေဆာနဲ့ ဖယ်တာတွေ လုပ်လို့ ရပါတယ်။

ခွဲစိတ်ကုတာ
အပေါ်က နည်းလမ်းတွေနဲ့ အဆင်မပြေဘူး ဆိုရင်တော့ သားဥပြန်ကြွေဖို့အတွက် သားဥအိမ်ကို ခွဲစိတ်တာမျိုး လုပ်ရပါမယ်။

လူနာအနေနဲ့ လုပ်နိုင်တာကတော့ ဝိတ်ချတာပါပဲ။ အစားအသောက် ဆင်ခြင်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေနဲ့ ကိုယ်အလေးချိန်ထိန်းပါ။ အဝလွန်တာက ရောဂါရဲ့ လက္ခဏာတွေကို ပိုဆိုးစေပါတယ်။

PCOS ရောဂါက အမျိုးသမီးတွေကို တော်တော် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ရာသီမမှန်တာ၊ ကလေးမရတာတွေကြောင့် စိတ်ရှုပ်ရသလို ရုပ်ပိုင်းဆိုင်ရာမှာလည်း အမွေးအမျှင်များတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါကြောင့် အပေါ်က လက္ခဏာတွေ ရှိနေပြီဆိုရင် ဆရာဝန်နဲ့ ပြဖို့ မမေ့ပါနဲ့။ ဆေးကုတာအပြင် ကိုယ်တိုင်ကြိုးစားပြီး ကိုယ်အလေးချိန် ထိန်းတာကလည်း ရောဂါကုသရာမှာ အထောက်အကူဖြစ်တယ်ဆိုတာကို သတိရပါ။

20/07/2020

ရာသီသွေး က သွေးပုပ်တွေလား။ ရာသီသွေးကျန်ရင် ဘာဖြစ်တတ်လဲ။

ရာသီသွေး နဲ့ ပတ်သတ်ပြီး တော်တော်များများ ယူဆထားကြတာက သွေးက မသန့်ဘူး။ သွေးပုပ်တွေ။ ရာသီလာတယ်ဆိုတာ ယုတ်ညံ့တယ်ကိစ္စ ဒီလို သတ်မှတ်ထားကြတာပါ။ အထူးသဖြင့် လူကြီးတွေကပေါ့။ ဒါပေမယ့် ခုခေတ်က တိုးတက်လာတော့ ရာသီလာတယ်ဆိုတာကို ကျန်းမာရေး ကိစ္စတစ်ခုအနေနဲ့ သတ်မှတ်လာကြပါပြီ။ ပိုပြီးလည်း ပွင့်ပွင့်လင်းလင်း ဖြစ်လာကြပါပြီ။ ဒါပေမယ့် လူငယ်တွေ စိတ်ထဲမှာ ရာသီသွေးဆိုတာ အိမ်က အဘွားပြောသလို တကယ်ပဲ မသန့်ဘူးလား။ ရာသီသွေးတွေ ကျန်ရင် အပုပ်ဆန်တတ်တယ်ဆိုတာ တကယ်လားဆိုပြီး တွေးနေကြမှာပါ။ ဒီpageမှာ ဒီပြဿနာကို ဖြေရှင်းပေးပါမယ်။

ရာသီသွေး ဘယ်ကဖြစ်လာတာ။
ရာသီသွေးဆိုတာ ပုံမှန်တွေ့နေကြ သွေးကြောထဲက သွေးနဲ့ နည်းနည်းကွဲပါတယ်။ ရာသီသွေးမှာ သွေးအပြင် သားအိမ်နံရံအမြှေးပါး၊ အချွဲနည်းနည်းနဲ့ ဘက်တီးရီးယားပါပါတယ်။ အချွဲဆိုတာက မိန်းမကိုယ်က အဖြူဆင်းသလို ထွက်တဲ့ အချွဲပါ။ ဘက်တီးရီးယားဆိုတာလည်း မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားနဲ့ တခြားသော ဘက်တီးရီးယား အချို့ပါ။ ဒါကြောင့် ရာသီသွေးမှာ အတုံးအခဲတွေ ပါတာပေါ့။ သာမန်သွေးနဲ့ မတူတာက သူ့မှာ သွေးဆဲလ်တွေ ပိုနည်းပါတယ်။

တကယ်က ရာသီသွေးဆိုတာ သန္ဓေသားကို ကိုယ်ဝန်မဆောင်ရလို့ သွေးဆင်းလာတာပါ။ သားဥကြွေပြီးရင် ဟော်မုန်းကြောင့် သားအိမ်နံရံတွေထူပြီး အချွဲတွေနဲ့ ပွပွလေး ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတာက မတော်တဆများ သားဥနဲ့ သုက်ကောင်နဲ့ ပေါင်းခဲ့ရင် ဖြစ်လာမယ့် သန္ဓေသားလေးအတွက် ကြိုပြီး နေရာထိုင်ခင်း စီစဉ်ထားတာပါ။ ၁၄ရက်ပြည့်လို့မှ သန္ဓေမအောင်ရင် အလိုလို သားအိမ်နံရံတွေ ကွာကျပြီး ရာသီသွေးအဖြစ် ဆင်းလာတာပါ။ ပညာရှင်တွေက ဒါကို သန္ဓေသားလေး မလာလို့ သားအိမ်က ငိုကြွေးတာ (Weeping of uterus)ဆိုပြီး ကဗျာဆန်ဆန် နာမည်ပေးထားကြပါတယ်။ ကလေးနေဖို့ ပြင်ထားတဲ့နေရာဆိုတော့ လူတွေ ထင်သလို ပုပ်နေတာ မဟုတ်ဘူးဆိုတာ မှန်းကြည့်လို့ရပါတယ်။

ဒါဆို ရာသီသွေး ဘယ်ကဖြစ်လာတာလဲ သိလောက်ပါပြီ။ ရာသီသွေးက တခြားကိုယ်တွင်း အစိတ်အပိုင်းတွေနဲ့ တူတူပါပဲ။ သန့်တယ် မသန့်ဘူးဆိုတာထက် ထင်ထားသလို သွေးပုပ်တွေ မဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ ဆေးပညာမှာတော့ ရောဂါပိုး မရှိ၊ အဆိပ်အတောက်မရှိတဲ့ သွေးဟာ သွေးသန့်ပါပဲ။

ရာသီသွေးက အညိုရောင် ဖြစ်တတ်လား။
ရာသီသွေးက အညိုရောင်တင် မကပါဘူး။ အနီပုပ်ပုပ်၊ အနီရဲရဲ၊ ပန်းရောင်၊ လိမ္မော်ရောင်၊ မီးခိုးရောင်အထိ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အညိုရောင်က တွေ့ရများတော့ စိတ်ထဲမှာ သွေးပုပ်တွေလို့ ပိုထင်သွားတာပေါ့။ ရာသီလာလာချင်း အစမှာ ဖြစ်ဖြစ် ရာသီအဆုံးနားမှာ ဖြစ်ဖြစ် ရာသီသွေးက အညိုရောင် ဖြစ်တတ်ပါတယ်။

ရာသီစလာလာချင်းမှာ ဖြစ်တယ်ဆိုတာက အရင်ရာသီက သွေးတွေ ကျန်လို့ပါ။ သွေးကျန်တဲ့ ကိစ္စကို နောက်မှ ရှင်းပြပါမယ်။ သွေးဟောင်းတွေ ဖြစ်လို့ ညိုတာပါ။ ရာသီဆုံးခါနီးရင် အညိုရောင်ဖြစ်ရတာက သားအိမ်နံရံက ဖြည်းဖြည်းချင်း ကွာကျလို့ပါ။ ဖြည်းဖြည်းကွာတော့ သွေးထဲမှာ ပါတဲ့ သံဓာတ်က ဓာတ်တိုးပြီးညိုသွားတာပါ။ ဒါပါပဲ။ ရာသီသွေးညိုရတာက များသောအားဖြင့်တော့ အန္တရာယ်မရှိပါဘူး။ တစ်ခါတစ်လေမှာတော့ ကိုယ်ဝန်ရလို့ ဒါမှမဟုတ် ကိုယ်ဝန်ပျက်လို့ အညိုရောင်ဆင်းတာမျိုးတွေတော့ ရှိတတ်ပါတယ်။

ရာသီသွေး ကျန်တတ်လား။
ရာသီသွေးက ကျန်တတ်ပါတယ်။ ဒါမပြောခင် ရာသီသွေး ဘယ်လိုဆင်းတာလဲဆိုတာ ကြည့်ရအောင်။ ခုနက ပြောသလို ရာသီလာဖို့ သားအိမ်နံရံ ကောင်းကောင်းကွာကျဖို့ဆိုရင် သားအိမ်ကြွက်သားတွေက ညှစ်ပေးရပါတယ်။ ဒါမှ သားအိမ်နံရံကဆဲလ်တွေ သွေးမရဘဲ သေပြီး ကွာကျလာမှာပါ။ ဆဲလ်တွေ သေတဲ့ အခါ prostagladinsလို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ထွက်လာပါတယ်။ သူက နာကျင်ကိုက်ခဲမှုကို ဖြစ်စေပါတယ်။

သားအိမ်ညှစ်တာရော prostagladinsထွက်လာတာရော ပေါင်းသွားတဲ့အခါ ရာသီလာရင် ကိုက်ခဲတာ၊ ဗိုက်အောင့်တယ်ဆိုတယ် ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင်တွေလောက် သားအိမ်ညှစ်အား မပြင်းပေမယ့် သူ့မှာလည်း သူ့အားနဲ့ သူပါ။ ညှစ်တာကိုတော့ မခံစားမိပါဘူး။ ဒါကြောင့်လည်း ရာသီလာလာချင်းမှာ ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာပေါ့။ ဒီလိုနည်းနဲ့ ရာသီသွေးဆင်းတာပါ။

ရာသီသွေးဆိုတာ သဘာဝအရ အနည်းနဲ့ အများတော့ ကျန်တတ်ပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ရအောင်ပါ။ ရာသီတစ်ခါလာရင် ၈၀ မီလီလီတာလောက်ပဲ ဆင်းတာပါ။ တစ်လီတာရေသန့်ဘူးရဲ့ ၁၀ပုံ ၁ပုံတောင် မရှိပါဘူး။ ဒီတော့ ကျန်လည်း ဘယ်လောက်ကျန်နိုင်မှာလဲ။ နောက်ပြီး ခုနကပြောသလိုပဲ။ ရာသီသွေးက သွေးပုပ်တွေ မဟုတ်တဲ့အတွက် ကိုယ်ထဲမှာ ပမာဏ နည်းနည်းကျန်လည်း လူကို ဒုက္ခမပေးပါဘူး။ နောက်လကျရင် ပြန်ဆင်းသွားမှာပါ။ ပိုးတွေ၊ အဆိပ်တွေ မပါတဲ့အတွက် သွေးဆိပ်သင့်တာတို့၊ အပုပ်ဆန်တာတို့ မဖြစ်ပါဘူး။

ခုလောက်ဆို ရာသီသွေး သဘောသဘာဝကို နားလည်လောက်ပါပြီ။ ရာသီလာတယ်ဆိုတာ ကျန်းမာရေး ကိစ္စပါပဲ။ ထူးခြားဖြစ်စဉ်မဟုတ်ပါဘူး။ ရာသီသွေးဆိုတာလည်း ကိုယ်တွင်းက ဖြစ်လာတဲ့ သွေးပါပဲ။ သန့်တယ် မသန့်ဘူး ဆိုတာထက် သွေးပုပ်တွေ မဟုတ်ဘူး။ ရာသီသွေးကျန်လည်း ပြဿနာ ကြီးကြီးမားမား မဖြစ်ဘူးဆိုတာ သိစေချင်ရုံပါ။


#တရနာ

Photos from Life cycle's post 18/07/2020

ဓမ္မတာသွေးက ပြောပြပေးသော သင့်ကျန်းမာရေး

လစဉ် ဓမ္မတာသွေးကနေ သင့်ရဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်လေးတွေ ပေးတတ်ပါတယ်။ ရာသီလာတဲ့ ကြာချိန်၊ သွေးဆင်းသော ပမာဏ စတာတွေဟာ အမျိုးသမီးတိုင်း လစဉ် သတိထားစောင့်ကြည့်ရမယ့် လက္ခဏာတွေပါပဲ။ ဒါ့အပြင် ဓမ္မတာသွေးအရောင်လေးတွေလည်း မတူကွဲပြားကြတာကို သတိထားမိကြမှာပါ။

အမျိုးသမီးအများစုဟာ ရာသီလာလာချင်း ၂ရက်၊ ၃ရက် မှာ ရာသီသွေးဆင်းများတတ်ပြီး တဖြည်းဖြည်းနဲ့ နည်းသွားပြီး‌နောက် ၅ ရက်မြောက်လောက်ဆို ရပ်သွားမှာပါ။ ရာသီသွေးဆင်းတဲ့ ပမာဏကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။ စားပွဲတင်ဇွန်း ၄ ဇွန်းခန့်ကနေ အများဆုံး ၁၂ ဇွန်းခန့်အထိ ရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ဟာ ပုံမှန်ရာသီလာခြင်းကနေ လစဉ် သွေး ၃၀ – ၅၀ စီစီခန့် ဆုံးရှုံးရပါတယ်။ လွန်ရောကျွံရော ၈၀ စီစီ လောက်အထိ ဆုံးရှုံးခြင်းကလည်း ပုံမှန်လို့ သတ်မှတ်နိုင်ပါသေးတယ်။

ရာသီလာစဉ်တလျှောက်မှာ သွေးအရောင်ပြောင်းလဲသွားတာကို သတိထားမိသူရှိပါသလား။ အဲ့လိုပြောင်းလဲတာက ပုံမှန်ပဲဖြစ်ပြီး သွေးထဲမှာ ပါဝင်တဲ့ မ ဟော်မုန်း အီစထရိုဂျင် များလာတာကြောင့်လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်ပါတယ်။

ပန်းရောင် ဓမ္မတာသွေး

အချို့ အမျိုးသမီးတွေမှာ ရာသီလာခါနီးရက်တွေဆိုရင် ပန်းရောင်သွေး (spotting) ဆင်းတာမျိုး ဖြစ်တတ်ကြပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ သွေးပမာဏနည်းနည်းနဲ့ သားအိမ်ခေါင်းအချွဲတို့ ရောပြီးဆင်းတာပါ။ ဒီလို ပန်း‌ရောင် ဓမ္မတာသွေးဟာ ရာသီစက်ဝန်း အဆုံးမှာ မဟော်မုန်း (အီစထရိုဂျင် နဲ့ ပရိုဂျက်စတီရုန်း) တွေ နည်းသွားခြင်းကိုလည်း ပြပါတယ်။ ဒါဟာ စိုးရိမ်စရာမဟုတ်ပါဘူး။

အနီရဲရဲ ဓမ္မတာသွေး

ရာသီစစလာချင်းမှာ ဆင်းတဲ့ဓမ္မတာသွေးဟာ အနီရောင်ဖြစ်‌ပါတယ်။ အဲ့ဒီအချိန်မှာ သားအိမ်အတွင်းနံရံက အမြှေးပါးလေးဟာလည်း သားအိမ်ရဲ့ ညှစ်‌အားကြောင့် လျင်မြန်စွာ ကွာကျနေပါတယ်။ ဒါကြောင့်မို့ ရာသီလာစဉ် ပထမရက်တွေမှာ ဗိုက်အောင့်ခြင်း၊ ခါးကိုက်ခြင်းတို့ ခံစားရပါလိမ့်မယ်။ စိုးရိမ်စရာမလိုပါဘူး။ ဝမ်းဗိုက်အောက်ပိုင်းကို ရေနွေးအိတ်ကပ်ပေးခြင်း၊ အနာသက်သာအောင် ဆေးသောက်ခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။ အချို့အခြေအနေတွေမှာတော့ ဓမ္မတာကြောင့် မဟုတ်ဘဲ၊ ဓမ္မတာလာရမယ့်ရက် မဟုတ်ဘဲ မိန်းမကိုယ်ကနေ အနီရဲရဲ သွေးအများကြီးဆင်းခြင်းဟာ စိုးရိမ်ရတဲ့ အခြေအနေတွေဖြစ်ပါတယ်။ ဥပမာ- ကိုယ်ဝန်ပျက်ကျခြင်း၊ နေရာလွဲမှားသန္ဓေတည်ခြင်း၊ သားအိမ်မှာ အလုံးတည်ခြင်း၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်မှာ ရေအိတ်တည်ခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။

အညိုရောင် သို့မဟုတ် အနက်ရောင် ဓမ္မတာသွေး

ဓမ္မတာသွေးဟာ စစဆင်းချင်းပဲ အနီရောင်ဖြစ်ပြီး နောက်ပိုင်းရက်တွေမှာ တဖြည်းဖြည်းနဲ့ အညိုရောင် / အနက်ရောင် ပြောင်းလာတာကို သတိထားမိကြမှာပါ။ တချို့တွေက သွေးပုပ်လို့ပြောကြပါတယ်။ အလွန်မှားပါတယ်။ ဓမ္မတာသွေးဟာ သားအိမ်နံရံသွေးကြောလေးတွေထဲက ထွက်လာကြပြီးနောက် ခန္ဓာကိုယ်ပြင်ပမရောက်ခင် အောက်ဆီဂျင်နဲ့ တွေ့ပြီး oxidation (ဓာတ်တိုးခြင်း) ဖြစ်စဉ်ကြောင့် အရောင်ပြောင်းသွားခြင်းသာဖြစ်ပါတယ်။ အချို့အမျိုးသမီးတွေမှာ သားအိမ်နံရံအမြှေးပါးဟာ နှေးကွေးစွာ ကွာကျခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာမဟုတ်ပါဘူး။

ဓမ္မတာသွေး အတုံးအခဲအဖြစ် ဆင်းခြင်း

များသောအားဖြင့် ဓမ္မတာလာစဉ် နောက်ပိုင်းရက်‌တွေမှာ သွေးအတုံးအခဲလိုက် ဆင်းတာမျိုးဖြစ်တတ်ပါတယ်။ သွေးထဲမှာ သွေးဥမွှား (platelet) ပါဝင်တဲ့ ပမာဏများခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ သွေးခဲဟာ အကြွေစေ့အရွယ်ထက်မကြီးရင် စိုးရိမ်စရာမလိုပါဘူး။

ဓမ္မတာလာတာရှက်စရာမဟုတ်ပါဘူး။ အထက်မှာဖော်ပြခဲ့တာတွေနဲ့ လွန်ဆန်ပြီး သွေးဆင်းများလွန်းရင်သော်လည်းကောင်း၊ သွေးဟာ စေးကပ်ကပ် ဖြစ်နေရင်သော်လည်းကောင်း၊ အနံ့ဆိုးထွက်နေရင်သော်လည်းကောင်း သားဖွားမီးယပ်ဆရာဝန် သို့မဟုတ် မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သောဆရာဝန် များနဲ့ သွားရောက် ပြသတိုင်ပင် စစ်ဆေးပါလို့ တိုက်တွန်းရင်း မိမိpageလေးကို like& Shareလေးလုပ်ပေးပညဦးနော်။

ကျေးဇူးတင်ပါတယ်။

CRD

Want your business to be the top-listed Gym/sports Facility in Mawlamyine?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mawlamyine
��