Your Health

Your Health

Share

01/05/2020

အလုပ်သမားများ၏ ဂုဏ်ရည်နှင့်ကြိုးစားမှုကို မမေ့အပ်သော ကမ္ဘာ့အလုပ်သမားနေ့

ဒေါက်တာမောင်ဖြေ

ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူသားအလုပ်သမားများကို အမျိုးအစားခွဲခြားကြည့်လျှင် ကာယအလုပ်သမားနှင့် ဥာဏအလုပ်သမားဟူ၍ နှစ်မျိုးနှစ်စားတွေ့ရမည်ဖြစ်သည်။
ကိုယ်ပိုင်အလုပ်ကို ကိုယ်တိုင်လုပ်ခြင်းနှင့် သူတစ်ပါးအလုပ်ကို လုပ်အားခယူ၍ လုပ်ခြင်းစသော အလုပ်နှစ်မျိုးရှိပေသည်။ မည်သို့ပင်ဖြစ်စေ၊ ကာယ၊ ဥာဏ အလုပ်သမားများသည် မိမိတို့ဘဝရပ်တည်ရှင်သန်ရေးအတွက် ကာယအား၊ ဥာဏအားများကိုရင်းကာ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စေတနာတို့ဖြင့် လုပ်ငန်းရှင်တို့အား လုပ်အားကိုပေးဆပ်နေသူများဖြစ်သည်ဟု ဆိုနိုင်သည်။ အလုပ်သမားဟူသည် "မိမိအသက်မွေးမှုအတွက် ကာယအား၊ ဥာဏအားကို အသုံးပြု၍ အလုပ်လုပ်သူ'' ဟူ၍ မြန်မာအဘိဓာန်က ဆိုထားပါသည်။ စက်မှုတိုးတက်သည့်နိုင်ငံဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ပင်ဖြစ်စေ၊ စီးပွားရေး၊ ကြီးပွားရေး၊ နိုင်ငံရေးရာစသည်တို့ လုပ်ဆောင်ကြရာတွင် ကာယ၊ ဥာဏအလုပ်သမားဖြစ်သော အခြေခံလူတန်းစားသည် အဓိကပါဝင်လျက်ရှိနေသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် ခေတ်မီ ဆန်းသစ်တီထွင်ထားသောလူသားတို့၏ လုပ်အားမပါဘဲ ဆောင်ရွက်နိုင်မည့် စက်ကိရိယာများကိုလည်း လူသားများက ဖန်တီးတည်ဆောက်ထားလာခြင်းပင်ဖြစ်သည်။ ထို့နည်းတူ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ တိုးတက်လာသော ခေတ်မီနည်းပညာများအပေါ်တွင် လူ့စွမ်းအားအရင်းအမြစ်များကို အသုံးပြုမှသာ လုပ်ငန်းတစ်ခု၊ ယန္တရားတစ်ရပ်လည်ပတ်နိုင်မည်ဖြစ်သည်။ လူဟူသော အလုပ်သမားများ၏ ချွေးစက်ဖြင့်သာ ကမ္ဘာကြီးရှင်သန်ရပ်တည်နေနိုင်သည်ဟု ဆိုလိုပါသည်။

ရှေးအခါက ကမ္ဘာပေါ်ရှိ အလုပ်သမားများသည် မိမိတို့ပေးဆပ်ရသော လုပ်အားအတွက်ရသင့်ရထိုက် သော လုပ်အားခရပိုင်ခွင့်များကို မရကြသည့်အတွက် ကျွန်လူတန်းစားဘဝဖြင့် အရင်းရှင်တို့၏ အဖိနှိပ် ကိုခံရသည်။ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်တွင် ကျရောက်စဉ်အခါက အလုပ်သမားများအား အဖိနှိပ် ခံကြရကာ လူတန်းစားခွဲခြားခြင်း၊ မျှတသည့်လုပ်ခလစာမရရှိခြင်းစသည့် အရင်းရှင်များက အဆီကိုစား၊ အသားကိုမြိုသည့် အနိုင်ကျင့်မှုများ တစ်ခန်းရပ်စေရန် ၁၉၃၈ ခုနှစ်တွင် ချောက်ရေနံမြေအလုပ်သမား သပိတ်ကြီး ပေါ်ပေါက်လာလေသည်။ မြန်မာနိုင်ငံ၏အလုပ်သမားလှုပ်ရှားမှုသမိုင်းကို ၁၃ဝဝ ပြည့်အရေးတော်ပုံ ဟု မှတ်တမ်းရေးထိုးခဲ့ကြသည်။ ထို့အတူ ရုရှားနိုင်ငံ၏ အောက်တိုဘာတော်လှန်ရေး၊ အိန္ဒိယနိုင်ငံ၏ အခွန်မပေးရေးတိုက်ပွဲ၊ တရုတ်နိုင်ငံ၏ လက်သီးပုန်း တော်လှန်ရေးများသည်လည်း ထင်ရှားသော အလုပ်သမား သမိုင်းမှတ်တမ်းရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အလုပ်သမားလူတန်းစားများ၏ သမိုင်းဝင်မှတ်တမ်းဖြစ်သော ၁၃ဝဝ ပြည့်အရေးတော်ပုံရှိခဲ့သည်။
အင်အားကြီးနိုင်ငံများဖြစ်သော အင်္ဂလန်၊ အမေရိကန်နိုင်ငံတို့၏ စက်မှုနိုင်ငံကြီးများတွင် ခရစ်နှစ် ၁၈၈ဝ ဝန်းကျင်ခန့်က အလုပ်သမားတို့ကို နံနက် ၅ နာရီမှ ည ၈ နာရီအထိ တစ်နေ့လျှင် ၁၅ နာရီမျှ အလုပ်ခိုင်းခဲ့ကြသည်။ အလုပ်သမားများ ထိခိုက်ဒဏ်ရာရလျှင်လည်း လစ်လျူရှုကာ ဆေးကုသမပေးဘဲ လုပ်ခကိုပင် ဖြတ်ယူခဲ့ကြသည်။ ထိုမှတစ်ဖန်တီထွင်ဆန်းသစ်မှုများ စက်မှုထွန်းကားခဲ့
သည့်အခါ စက်များကို အစဉ်မပြတ် လည်ပတ်နေစေရန် လူသားများကို အသုံးပြု၍ ခိုင်းစေပြန်သည်။ သက္ကရာဇ် ၁၈ဝ၆ ခုနှစ်ခန့်တွင် အရင်းရှင်လူတန်းစားများက အလုပ်သမားများကို တစ်နေ့လျှင် နာရီ ၂ဝ လုပ်ရန် စေခိုင်းခဲ့ကြသည်။ ၁၈၄ဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စုအစိုးရက တစ်နေ့လျှင် ၁ဝ နာရီသာ လုပ်ရမည်ဟု သတ်မှတ်ပေးခဲ့သော်လည်း အလုပ်သမားများသည် ဖိနှိပ်ခံရသော ခံစားရမှုများကြောင့် မခံမရပ်နိုင်ရှိရာမှ အလုပ်ချိန်သည် တစ်နေ့လျှင် ၈ နာရီသာ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုတောင်းဆိုချက်များအတိုင်းတိုက်ပွဲဝင်ခဲ့ကြသည်။ ယင်းသို့သော တိုက်ပွဲများကြောင့် ၁၈၈၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော အမေရိကန် အလုပ်သမား ညီလာခံကြီးက ယင်းတောင်းဆိုချက်ကို လိုက်လျောဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပေါ်စေရန် ရှေ့ပြေးနိမိတ်ဟု ဆိုနိုင်သည်။ ၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့တွင် အလုပ်သမားတို့သည် အလုပ်ရှင်၊ အရင်းရှင်များကို မတရားဖိနှိပ်မှုများ၊ မတရားခိုင်းစေမှုများအတွက် သပိတ်မှောက်ခဲ့ကြသည်။ အလုပ်ရုံများသည်လည် ရပ်ဆိုင်းခဲ့သည်။ ထိုဆန္ဒပြပွဲကြီးသည် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။ ကမ္ဘာအရပ်ရပ်ရှိ အလုပ်သမားများနှင့် အရင်းရှင်များ၏ ပဋိပက္ခသည် မတရားဖိနှိပ်စေခိုင်းမှု များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပွားခြင်းဖြစ်သည်။ မေလ ၃ ရက်နေ့၌ အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့၌ အလုပ်သမားများ၏ ဆန္ဒပြမှုကို ပုလိပ်များက အကြမ်းဖက်နှိပ်နင်းခဲ့သဖြင့် အလုပ်သမားများ၏ သွေး များသည် မြေကျခဲ့ရသည်။

အမေရိကန်ပြည်ထောင်စုတွင် အလုပ်သမားအရေးတော်ပုံကြီးဖြစ်ပွားခဲ့ပြီးနောက် ၁၈၈၉ ခုနှစ်တွင် ပြင်သစ် ပြည် ပါရီမြို့တွင် ကမ္ဘာ့အလုပ်သမားအသင်းချုပ်ကြီးကို ဒုတိယအကြိမ်အဖြစ် အစည်းအဝေးကျင်းပခဲ့သည်။ ယင်းအစည်းအဝေးကြီးတွင် ၁၈၈၆ ခုနှစ်၊ အလုပ်သမားအရေးတော်ပုံကြီးက အသက်ပေးကာ စတေးခံခဲ့ရသော အလုပ်သမားများအတွက် ဂုဏ်ပြုသောအားဖြင့် တိုက်ပွဲစတင်ဝင်ခဲ့သော မေ ၁ ရက်နေ့ကိုကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ ထိုနေ့မှစ၍ ယနေ့ထက်တိုင် အလုပ်သမားနေ့ကို ကမ္ဘာနှင့်အဝန်းဆင်နွှဲနေ၍ အောင်ပွဲခံလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုမှအစပြုခဲ့သော အလုပ်သမားများနှင့် အရင်းရှင်တို့၏တိုက်ပွဲသည် ကမ္ဘာ့နေရာအနှံ့အပြားသို့ပင်ရောက်ရှိခဲ့လေသည်။ထိုအချိန်ကာလ မြန်မာနိုင်ငံတွင် အင်္ဂလိပ်နယ်ချဲ့တို့၏ လက်အောက်တွင် အဖိနှိပ်ခံနေရသော ကာလဖြစ်သည်။ ၁၉၃၈ ခုနှစ် မေလတွင် ရေနံချောင်းမြို့၌ အလုပ်သမားကြီးများက ရေနံပိုင်သပိတ်စတင်မှောက် ခဲ့ကြသည်။

သပိတ်မှောက်ရခြင်းကား ကုမ္ပဏီကြီးများက မြန်မာလူမျိုးအလုပ်သမားများကို မတရားခိုင်းစေခြင်း၊ ရေနံတူးဖော်သော အလုပ်သမားကြီးများ နေပူဒဏ်လည်းခံစားရခြင်း၊ ခြေထောက်များကလည်း ပူလောင်ခြင်း၊ အလုပ်သမားဇနီးမောင်နှံနှင့် သားသမီးများကို အခန်းကျဉ်းထဲတွင် ထားကာ နေထိုင်စားကြရခြင်းစႁသော ဒဏ်တို့ကို မခံမရပ်နိုင်၍ဖြစ်သည်။ရေနံအခိုးအငွေ့များ၊ အဆိပ်ငွေ့များကြားတွင် အလုပ်လုပ်နေကြရသည်။ ရေနံများအထွက်ကောင်း၍ နယ်ချဲ့များသည် အဆီယစ်ဇိမ်ကျနေသော်လည်း မြန်မာရေနံအလုပ်သမားများ ဘဝသည် အဘက်ဘက်မှ ယိုယွင်းပျက်စီးနေခဲ့သည်ကို တွေ့ကြရမည်ဖြစ်သည်။ ထိုသို့ အဖိနှိပ်ခံဘဝကို မခံမရပ်နိုင်ဖြစ်နေကြ၍ အလုပ်သမားအုံကြွမှုကြီး ကလည်း ကြီးထွားပေါ်ပေါက်လာစေသည်။ ၁၉၃၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၌ ရေနံမြေသပိတ်ကြီးစတင်ခဲ့သည်။
ယင်းသပိတ်ကြီးသည် ဖိလေ ထလေ၊နှိပ်လေ ကြွလေဆိုသကဲ့သို့ နောက်ဆုံး၌ သပိတ်မှောက်သော အလုပ်သမား တို့သည် နိုင်ငံတစ်ဝန်းတွင် ''လှည်းနေလှေအောင်း မြင်းဇောင်းမကျန်'' အနှံ့အပြားဖြစ်ပွားခဲ့ပေသည်။ ချောက်မြို့တွင် အင်္ဂလိပ်အာဏာပိုင်များ၏ ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေအမိန့်များနှင့် လွတ်ကင်းသည့်တိုက်ကွက်တစ်ခု ဖြစ်သော ပန်းကပ်ဆုတောင်းပွဲတွင် အမျိုးသမီး ၃ဝဝ
ကျော်က ဦးဆောင်ခဲ့သည်။ အင်္ဂလိပ်တို့က တားမြစ်သောအခါ ပြောင်မြောက်စွာ ဆန့်ကျင်ခဲ့ပေသည်။
ရေနံမြေသပိတ်တပ်ကြီးချီတက်ရာလမ်းကြောင်းတွင် နယ်ချဲ့လက်ပါးစေ မြင်းစီးပလိပ်များကို ခဲ၊ ပုလင်း၊ တုတ်များဖြင့် လမ်းတစ်လျှောက်ရှိ မြို့သူ မြို့သားများက ပစ်ခတ်ကြသည်။ ရေနံချောင်း၊ မကွေး၊ အောင်လံ၊ပြည်၊ ရွှေတောင်၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ စစ်ကွင်း၊ လက်ပံတန်း၊ ဥက္ကံ၊ တိုက်ကြီး၊ မြောင်းတကာ၊မှော်ဘီ၊ အင်းစိန်၊ ရန်ကုန်မြို့များမှ ဆီးကြိုဂုဏ်ပြုခဲ့ကြသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း သပိတ်တပ်ကြီးအား အားပေးကူညီခဲ့သည်။ ခြေကျင်ခရီးရှည်ခရီးဆက်၍ ဆင်နွှဲလာခဲ့ကြသော ၁၃ဝဝ ပြည့်ရေနံမြေ အရေးတော်ပုံတပ်သားများအား မကွေးမြို့တွင် သပိတ်တားဆီးခြင်းခံခဲ့ကြသေးသည်။ ရေနံမြေသပိတ်မှောက် ကိစ္စကြီးစတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ တစ်တိုင်းတစ်ပြည်လုံး မခံမရပ်နိုင်အောင်ဖြစ်ပြီး စစ်ကူသပိတ်များနှင့်ပင် ရေနံမြေအလုပ်သမားတို့ကို ကူညီရန် လှုပ်လှုပ်ရွရွဖြစ်နေခဲ့သည်။ ရေနံမြေရှိ အလုပ်သမားတို့သည် မိမိတို့ရသင့်ရထိုက်သော အခွင့်အရေးများကိုရရှိရန် တစ်နှစ်ကျော်ကျော်ဇွဲသတ္တိနှင့်တိုက်လာခဲ့ကြသည်။မိုင်ပေါင်း ၄ဝဝ ကျော်မျှ ချီတက်လာခဲ့ကြပြီးနောက် ရန်ကုန်တွင် မိမိတို့ တောင်းဆိုချက်များရရန် ထောင်ကျခံ၊ အရိုက်ခံရသည်။

၁၃ဝဝ ပြည့်အရေးတော်ပုံကြီးက ညီညွတ်မှုရရှိလာသည်။ ညွန့်ပေါင်းအစိုးရပြုတ်ကျခဲ့ရသည်။ ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံကြီးကြောင့် ရေနံမြေတွင် အခွင့်အရေးများတိုးတက်ရရှိခဲ့သည်။ လုပ်ခတိုးတက်ရကြသည်။ နေအိမ် တန်းလျားများနှစ်ထပ်တိုးချဲ့ ဆောက်လုပ်ပေးသည်။
အလုပ်သမားများနှင့်တကွ ယင်းတို့ကိုမှီခိုနေသူများအား ဆေးဝါးအခမဲ့ကုသပေးသည်။ ၁၃ဝဝ ပြည့်အရေးတော် ပုံမှ အင်္ဂလိပ်နယ်ချဲ့တို့ကိုလည်းကောင်း၊ ဖက်ဆစ်ဂျပန်တို့ကိုလည်းကောင်း မြန်မာပြည်မှ မောင်းနှင်ထုတ်နိုင်သည်အထိ ထိုမှလွတ်လပ်ရေးတိုက်ပွဲအထိ မျိုးချစ်စိတ်၊ ဇာတိသွေး၊ဇာတိမာန်ကို ကိန်းအောင်းရင့်မာစေခဲ့သည်။
၁၃ဝဝ ပြည့်အရေးတော်ပုံကြီးတွင် အလုပ်သမားလူတန်းစား၏ ပြတ်သားမှု၊ စွန့်လွှတ်မှု၊ နယ်ချဲ့ဆန့်ကျင်မှု စသော လှုပ်ရှားမှုတို့သည် မြန်မာနိုင်ငံနယ်ချဲ့ဆန့်ကျင်ရေးဖြစ်စဉ်အား ကြီးမားစွာ တိုးတက်ပြောင်းလဲစေခဲ့ပေသည်။
၁၃ဝဝ ပြည့်အရေးတော်ပုံကြီး၏ သင်ခန်းစာရရှိသည်မှာ ညီညွတ်ရေးသည်သာ အင်အားဖြစ်ကြောင်း ကိုလိုနီနယ်ချဲ့သမားများအား တိုက်ပွဲမဆင်နွှဲဘဲ အောင်ပွဲမခံနိုင်ကြောင်း၊လွတ်မြောက်ရေးတိုက်ပွဲနှင့် လူတန်းစားတိုက်ပွဲ ခွဲခြား၍ မရနိုင်ကြောင်း တို့ကို လေးနက်စွာပြောဆိုခဲ့ခြင်းဖြစ်ပေတော့သည်။မြန်မာနိုင်ငံတွင် အလုပ်သမားနေ့ဖြစ်ပေါ်လာခဲ့သည်။ အကြောင်းရင်းဖြစ်သည့် ကမ္ဘာ့သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း အခက်အခဲပေါင်းများစွာနှင့် တိုက်ပွဲဝင် အဆင့်ဆင့်ကို ဖြတ်ကျော်လာခဲ့ရသည်ကို တွေ့ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် အလုပ်သမားများတို့၏ အသက်ပေါင်းများစွာဖြင့် ရင်းခဲ့၍ ရခဲ့သောနေ့တစ်နေ့ပင်ဖြစ် သည်။

ယခုအခါတွင် အလုပ်သမားနေ့ဟူ၍ ကမ္ဘာ့အလုပ်သမားထုကြီး ပူးပေါင်းပါဝင်ကြလျက် အလုပ်သမားတို့ကို ဂုဏ်ပြုချီးမြှင့်ပွဲများကို ကျင်းပလျက်ရှိလာခဲ့သည်ကို တွေ့ရှိရပေသည်။ ထိုစဉ်အခါက ကမ္ဘာ့အလုပ်သမားထုကြီး၏ ကာယ၊ ဥာဏအင်အားများဖြင့် လူ့အဖွဲ့အစည်းကြီး၏ မျက်နှာစာအချို့တွင် တရှိန်ရှိန်တိုးတက်နေပုံကို အသိအမှတ်ပြု၍ အလုပ်သမားများအား ထိုက်ထိုက်တန်တန်ဂုဏ်ပြုရန်၊ ယနေ့ ကမ္ဘာတစ်လွှား၌ တွေ့ကြုံနေရသော စားဝတ်နေရေးဆိုင်ရာ အခက်အခဲများ၊ လူမှုရေးအခက်အခဲများကို အလုပ်သမားတို့၏ စွမ်းပကားဖြင့် ဖြေရှင်းရာ၌ ပိုမိုလွယ်ကူ ချောမွေ့စေရန်၊ စီးပွားရေးတိုးတက်မှုတွင် အလုပ်သမားများသည်သာ အဓိကကျသော အစိတ်အပိုင်းဖြစ်ရာ ထိုအလုပ်သမားတို့၏ ဘဝအာမခံချက်ရရှိရေး၊ လုပ်ငန်းခွင်သာယာရေး၊ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ အလုပ်လုပ်နိုင်ရေးတို့ကို မျက်ခြည်ပြတ်မခံ သတိပြုမိပြီး အလုပ်သမားဘဝသာယာရေးကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် မြှင့်တင်ကြိုးပမ်းနိုင်ရန်စသော အဓိကရည်ရွယ်ချက်တို့ဖြင့် ဦးတည်၍ လူ့အဖွဲ့အစည်းကြီး၏ စာမျက်နှာကို ဖွင့်ခဲ့ကြသည်။ အတိတ်သမိုင်း၏ ဖြစ်စဉ်များကို သမိုင်းသက်သေတည်လျက် မေလ ၁ရက်(မေဒေး)နေ့တွင် မမေ့အပ်သော သင်ခန်းစာအဖြစ် ခံယူပြီး ကိုယ်စွမ်းရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှ ဆင်ခြင်တုံတရားများထားကြ၍ အေးချမ်းသာယာသော ဘဝတည်ဆောက်နိုင်ရန် စွမ်းဆောင်ကြရမည်ဖြစ်ပေသည်။

သို့ဖြစ်ပါသောကြောင့် အလုပ်ရှင်များသည် အလုပ်သမားများ၏ လုပ်အားများကြောင့် မိမိတို့ တိုးတက်ကြီးပွားလာရသည်ကို သတိပြုကာ အလုပ်သမားတို့အပေါ်တွင် ကျေးဇူးတရားများ၊ စာနာစိတ်များဖြင့် ထိုက်တန်သော လုပ်အားခများကိုပေးခြင်း၊ မိသားစုစိတ်ဓာတ်မွေးကြခြင်းဖြင့် အလုပ်သမားတို့၏ ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုသင့်ပါကြောင်း တိုက်တွန်းလိုက်ရပေသည်။ ။


photo credit:

15/04/2020

''နှစ်ဦးမင်္ဂလာ''

နှစ်ဦး သစ်မြူး၊ ခေတ်ဦးကောဇာ
ဆန်းစ ချမ်းမြ၊ စန်းလသော်တာ။
မြိုင်အောက်ကြိုင်လှောက်၊ ပိတောက်ပမာ
ကျန်းရွှင်ကြောင်း သွန်းလောင်းရေသီတာ။ ။

မင်းသုဝဏ်

Photo: Credit.

Want your practice to be the top-listed Clinic in Mandale?
Click here to claim your Sponsored Listing.

Category

Address


Mandale
05031

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00