Candy Choco

Candy Choco

Share

14/05/2026

ကလေးနှင့်လက်ဖက်

📌ကလေးနှင့်လက်ဖက်

ကျွန်မတို့မြန်မာလူမျိုးတွေက လက်ဖက်သိပ်ကြိုက်ကြပါတယ်။ လက်ဖက်သုပ်ဆိုရင် အသည်းစွဲပေါ့။

လက်ဖက်နှပ်ကိုလူကြီးတွေစားရင် များသောအားဖြင့် ပြဿနာသိပ်မရှိပေမယ့် ကလေးတွေ (အထူးသဖြင့် အသက်ငယ်တဲ့ကလေးတွေ)မှာတော့ သတိထားရမယ့်အချက်တွေရှိတယ်။

လက်ဖက်မှာ အဓိကအားဖြင့် Caffeine နဲ့ tannins ပါဝင်တာကြောင့် ကလေးတွေအတွက် အောက်ပါဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

▪️အိပ်မပျော်ခြင်း၊ အိပ်ရေးပျက်ခြင်း
▪️နှလုံးခုန်မြန်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း
▪️Hyperactivity အလှုပ်ရှားလွန်ခြင်း
▪️ဗိုက်အောင့်၊ အစာမကြေ၊ အစာအိမ်မအီမသာဖြစ်ခြင်း
▪️သံဓာတ်စုပ်ယူမှုလျော့စေပြီး iron deficiency anemia ဖြစ်နိုင်ခြင်း
▪️ရေဓာတ်ခန်းခြောက်နိုင်ခြင်း (mild diuretic effect)
▪️အငန်၊ အဆီများတဲ့ လက်ဖက်သုပ်ဆိုရင် ကလေးကျောက်ကပ် နဲ့ အစာအိမ်အူလမ်းကြောင်းကို ဝန်ပိစေနိုင်ခြင်း စတဲ့ဆိုးကျိုးတွေရှိတတ်ပါတယ်။ ADHD ရှိတဲ့ကလေးများနဲ့ ညအိပ်မပျော်တတ်တဲ့ကလေးတွေမှာဆိုရင် caffeine effect ပိုပြနိုင်ပါတယ်။

တစ်ခါတလေ နည်းနည်းစားမိတာလောက်နဲ့ အန္တရာယ်ကြီးမဟုတ်ပေမယ့် ပုံမှန်ကျွေးသင့်တဲ့အစားအစာအနေနဲ့တော့ မသင့်တော်ပါဘူး။

လက်ဖက်ထဲက caffeine နဲ့ tannins ပမာဏကတော့

▪️လက်ဖက်အမျိုးအစား
▪️လက်ဖက်စို/လက်ဖက်ခြောက်
▪️စားတဲ့ပမာဏပေါ်မူတည်ပြီး ကွာနိုင်ပါတယ်။ ဒါပေမယ့် research တွေမှာ ယေဘုယျ ခန့်မှန်းထားတာတွေရှိပါတယ်။

လက်ဖက်အစိုတွေမှာ caffeine အကြမ်းဖျင်းအားဖြင့် လက်ဖက် 1 gram ကို 15-35mg ခန့်ရှိနိုင်ပါတယ်။ လက်ဖက်သုပ်တစ်ပွဲဆိုရင် လက်ဖက်က 10-25g လောက်ပါနိုင်လို့ caffeine က 50ကနေ150mg လောက်ထိဖြစ်နိုင်ပါတယ်။

ကလေးတွေမှာ safe caffeine limit အနေနဲ့ကတော့ American Academy of Paediatrics က ၁၂ နှစ်အောက်အထိ လုံးဝမပေးတာကောင်းတယ်လို့ဆိုထားပါတယ်။ ၁၂ ကနေ ၁၈ နှစ်အတွင်းမှာ Caffeine ကို 100mg အောက်သာပေးသင့်တယ်လို့ သတ်မှတ်ထားပါတယ်။ ( လက်ဖက်သုပ်သာမက ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ အားဖြည့်အချိုရည် အကုန် Caffeine ပါပါတယ် )

ကနေဒါနိုင်ငံကတော့ Caffeine ကို
▪️အသက် 4 – 6 နှစ် 👉45 mgs
▪️Ages 7 – 9 နှစ် 👉62.5 mgs
▪️Ages 10 – 12 နှစ် 👉85 mgs
▪️ဆယ်ကျော်သက် 👉85 – 100 mgs လို့ကန့်သတ်ပါတယ်။

ဒါကြောင့် လက်ဖက်သုပ်ကတော့ ခြုံကြည့်ရင် ကလေးငယ်တွေအတွက် မကျွေးလေကောင်းလေထဲပါပါတယ်။ ကလေးတွေမှာ သံဓာတ်လိုအပ်မှုများချိန်မို့ အများကြီးစားရင် သွေးအားနည်းခြင်း ဖြစ်နိုင်ခြေ Risk လည်းရှိပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕

ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။

#ကလေးနှင့်လက်ဖက်
#လက်ဖက်သုပ်

Photos from Dr.မာမီ's post 28/04/2026
26/04/2026

ကလေးငယ်ရဲ့နားရွက်ကို သန့်ရှင်းရေးဘယ်လိုလုပ်ပေးရမလဲ?

နားသန့်ရှင်းရေးပုံမှန်ဂရုစိုက်ခြင်းက ကလေးငယ်တွေရဲ့ တကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းဖို့ အထောက်အကူပြုပါတယ်။ ဒါပေမယ့် ကလေးရဲ့ နားတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ညင်သာစွာ သန့်ရှင်းရေးလုပ်ဖို့ အရေးကြီးပါတယ်။ ကလေးအနေနဲ့ ယားယံမှုမဖြစ်အောင် စိုစွတ်ပြီး နူးညံ့တဲ့အဝတ်စကို အသုံးပြုရပါတယ်။ နားပြွန်ကို ထိခိုက်စေနိုင်တဲ့အတွက် ဂွမ်းစ၊ ဂွမ်းတုတ်တံ သို့မဟုတ် တခြားပစ္စည်းတွေကို မထည့်ရပါဘူး။

ကလေးကို နေ့တိုင်းရေမချိုးပေးရင်တောင် နေ့တိုင်းတော့ တကိုယ်ရည်သန့်ရှင်းရေးလုပ်ပေးဖို့ အရေးကြီးပါတယ်။ ကလေးငယ်တွေမှာ မွေးကင်းစကစပြီး ပထမလအနည်းငယ်အတွင်းမှာ ကြီးထွားနေဆဲဖြစ်တဲ့ နူးညံ့လှတဲ့အရေပြားရှိပါတယ်။ နားရွက်လိုမျိုး ပြင်ပခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုတော့ ညင်သာစွာ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။ လူကြီးတွေလိုပဲ ကလေးငယ်တွေဟာ နားဖာချေး ဒါမှမဟုတ် နားပိုးဝင်ခြင်းကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

💠နားဖာချေး ဖယ်ရှားပေးဖို့ အရေးကြီးသလား?

နားဖာချေးဟာ နားပြွန်ထဲက ဂလင်းငယ်လေးတွေကနေ ထုတ်လုပ်တဲ့ သဘာဝနားချောဆီပါ။ ဒီလိုအကာအကွယ်အလွှာတစ်ခု ပေးခြင်းအားဖြင့် ကလေးရဲ့ နားတွေမှာ ယားယံမှုနဲ့ ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။ ပုံမှန်အားဖြင့် နားဖာချေးဟာ နားထဲကနေ သူ့အလိုလို ထွက်လာပြီး သုတ်ပစ်ဖို့ပဲ လိုပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ နားထဲမှာ စုပုံလာပြီး မသက်မသာဖြစ်ခြင်း၊ နားပိတ်ဆို့ခြင်းနဲ့ အကြားအာရုံချို့ယွင်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

💠ကလေးရဲ့ နားရွက်တွေကို သန့်ရှင်းရေးလုပ်ဖို့

ကလေးငယ်ကို နေ့စဉ်သန့်ရှင်းရေးလုပ်တဲ့အခါ သူတို့ရဲ့နားရွက်တွေကိုလည်း သန့်ရှင်းရေးလုပ်ဖို့ အချိန်အနည်းငယ်ယူပေးပါ။ ရေမချိုးခင် ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်အောင် ကြိုးစားပေးရပါမယ်။ ကလေးငယ်ဟာ အစပိုင်းမှာ သိပ်သက်တောင့်သက်သာမရှိနိုင်ပေမယ့် စကားပြောခြင်း သို့မဟုတ် သီချင်းဆိုခြင်းနဲ့ သူတို့ကို ချော့မော့ပေးပြီး အကျင့်ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။

💠ကလေးငယ်ရဲ့ နားရွက်တွေကို သန့်ရှင်းရေးလုပ်ဖို့

▪️နူးညံ့တဲ့ ဂွမ်းစ ဒါမှမဟုတ် နူးညံ့တဲ့ အဝတ်စနဲ့ အရမ်းမပူတဲ့ ရေနွေးအနည်းငယ်ပဲလိုအပ်ပါတယ်။
▪️နူးညံ့တဲ့ အဝတ်စကို ရေနွေးထဲမှာ နှစ်ပါ။
ကလေးငယ်ရဲ့ နားရွက်အပြင်ဘက် အစိတ်အပိုင်းတွေအပါအဝင် နားရွက်တစ်ဝိုက်ကို ညင်သာစွာ သုတ်ပေးပါ။
▪️နားရွက်နောက်ဘက်ကိုလည်း သုတ်ပေးပါ။
▪️ဆပ်ပြာမသုံးပါနဲ့။
▪️ကလေးရဲ့ နားထဲကို ဘာမှ မထည့်ရပါဘူး။ ကလေးကို နာကျင်စေနိုင်တဲ့အပြင် နားစည်ကို ပျက်စီးစေပြီး ရောဂါပိုးဝင်နိုင်ခြေကို တိုးစေနိုင်ပါတယ်။
▪️နားသန့်ရှင်းရေးလုပ်တဲ့အခါ ဂွမ်းစ၊ လက်ချောင်း ဒါမှမဟုတ် ချွန်ထက်တဲ့ အရာတစ်ခုခုကို မထည့်ရပါဘူး။
▪️ဂွမ်းတုတ်တံတွေကိုလည်း မကြာခဏ ဒါမှမဟုတ် မှားယွင်းစွာ အသုံးပြုရင် နားခြောက်သွေ့ပြီး ယားယံတာ ဒါမှမဟုတ် အဖတ်လန်တာလိုမျိုး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဂွမ်းစကို အရမ်းနက်နက်ထည့်ရင် ကလေးရဲ့ နားစည် ဒါမှမဟုတ် အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။

💠နားပိုးဝင်ခြင်း

ကလေးတစ်ယောက် နားပိုးဝင်နိုင်ခြေ ပိုများစေတဲ့ အချက်များစွာရှိပါတယ်။

အဓိကအချက်ကတော့ အသက်ပါ။ အထူးသဖြင့် ၆ လကနေ တစ်နှစ်ကြားအရွယ်ပါ။ ကလေးတွေ ကြီးပြင်းလာပြီး စူးစမ်းလေ့လာလာတာနဲ့အမျှ ပိုးမွှားတွေနဲ့လည်း ထိတွေ့မိတတ်ပါတယ်။ ဒါ့အပြင် ကလေးက အအေးမိနေရင် သို့မဟုတ် ဆေးလိပ်ငွေ့ရှူမိနေရင် နားပိုးဝင်နိုင်ခြေ ပိုများပါတယ်။ နားပြွန်ထဲသို့ ဂွမ်းစ သို့မဟုတ် အခြားအရာဝတ္ထုများ အလွန်နက်ရှိုင်းစွာ ထည့်သွင်းခြင်းကနေလည်း ရောဂါပိုးများ ကူးစက်စေနိုင်ပါတယ်။

ကလေးများ နားပိုးဝင်ခြင်းကို ခံစားရတဲ့အခါ ဆရာဝန်နဲ့မပြသပါက နားစည်နောက်ကွယ်မှာ ကပ်ငြိနေတဲ့ဘက်တီးရီးယားများက ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပြီး ပြင်းထန်သော ရောဂါပိုးများ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ကလေးက အကြားအာရုံပြဿနာရှိပုံပေါ်ခြင်း၊ နားထဲ တခုခုဝင်သွားခြင်း၊ နားကိုက်ခြင်း၊ ဖျားနာခြင်း၊ အစားမစားခြင်း၊ နားမှအရည်များထွက်ခြင်းတို့ဖြစ်ပါက အမြန်ဆုံး ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

References:
1. Washing and bathing your baby [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.nidirect.gov.uk/articles/washing-and-bathing-your-baby
2. Cleaning your baby’s ears, eyes and nose [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.pregnancybirthbaby.org.au/cleaning-your-babys-ears-eyes-and-nose
3. Ear cleaning in kids [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.choa.org/parent-resources/caring-for-your-kid-at-home/ear-cleaning-in-kids
4. Ear problems in children [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.betterhealth.vic.gov.au/health/conditionsandtreatments/ear-problems-in-children
5. Glue ear [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.rch.org.au/kidsinfo/fact_sheets/Ear_infections_and_glue_ear/
6. How to protect your child from ear infection [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.nationwidechildrens.org/family-resources-education/family-resources-library/how-to-protect-your-child-from-ear-infections
7. Ear infections in babies [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.hopkinsmedicine.org/health/conditions-and-diseases/ear-infections-in-babies-and-toddlers

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕

ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။

Want your business to be the top-listed Shop in Mandale?
Click here to claim your Sponsored Listing.

Telephone

Website

Address


76 Street
Mandale