Atar
28/02/2023
Online မှတရားမဝင်လုပ်ငန်းများလုပ်ကိုင်သူ ၇၁ ဦးအား ဖမ်းဆီးထားပြီးငွေသိန်း၅၀၀၀ခန့်ရှိဘဏ်အကောင့်များပါယာယီပိတ်ထား
Online အသုံးပြု၍ တရားမဝင်လောင်းကစားလုပ်ငန်းများလုပ်ကိုင်သူ ၇၁ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက ဇန်နဝါရီ ၂၉ ရက်ညပိုင်းမှစတင်ကာ အသီးသီးဖမ်းဆီးရမိခဲ့သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များသည် Online အသုံးပြု၍ လောင်းကစားလုပ်ငန်း၊ကံစမ်းမဲဖောက်လောင်း ကစားလုပ်ငန်းနှင့်တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် ဇန်နဝါရီ ၂၉ ရက်ည ၇ နာရီ၌ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ငွေနှင်းဖြူသစ်ခွလမ်းရှိ အမှတ်(O-178)နေအိမ်မှ TTbet Online Game လောင်းကစားလုပ်ငန်းများလုပ်ကိုင်နေသည့် မို့မို့စံ(ခ)Yuki အပါအဝင် ၉ ဦးအား ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်များအရ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ FMI CITYI ၊ ချင်းတွင်းလမ်းရှိ အိမ်အ မှတ်(FG-98)တွင် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)အား စီမံခန့်ခွဲလုပ်ကိုင်သူ အောင်ဖုန်းကျော်၊ထင်အောင်ကျော်(ခ)အယ်လစ် တို့အပါအဝင် ၁၉ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ချင်းတွင်းလမ်းရှိ အိမ်အမှတ်(FG-95)မှ TTbet Online Game လောင်းကစားလုပ်ငန်းအား ကြီးကြပ်/စာရင်းကိုင်အဖြစ် လုပ်ကိုင်သူ အေးငြိမ်းသူ၊စိုင်းသီဟဇော် တို့အပါအဝင် ၁၉ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဇန်နဝါရီ ၃၀ ရက်နံနက် ၂ နာရီခွဲတွင်လည်း TTbet Online Game လောင်းကစားလုပ်ငန်းနှင့် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)များအား ဦးစီးစီမံခန့်ခွဲလုပ်ကိုင်သူ ရန်နိုင်ကျော်(ခ)အားဖု၊ ဖေဖော်ဝါရီ ၄ ရက်နေ့လည် ၃ နာရီခွဲတွင် ကျော်ဆန်းလင်း(ခ)အားချန် အပါအဝင် ၂၂ ဦး၊ ဖေဖော်ဝါရီ ၅ ရက်မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ကျော်မျိုးအောင် တို့အားထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်များတွင် Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် အမှုပေါင်း ၅ မှုမှ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး(စုစုပေါင်း ၇၁ ဦး)အား ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ၎င်းတို့အသုံးပြုသည့် လက်တော့ ၁၆၄ လုံး၊လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 65-8888 Mercedes Benz အနက်ရောင် ၁ စီးနှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင် ၁ စီးတို့အားသိမ်းဆည်းရမိခဲ့သည်။
ပြစ်မှုကျုးလွန်ရာတွင် ဖွင့်လှစ်အသုံးပြုခဲ့သည့် ဘဏ်အကောင့်များနှင့် KBZ Pay ၊ Wave Pay အကောင့်တို့ရှိ ငွေကျပ် ၄၈၀၅ သိန်းခန့်နှင့် KBZ Pay အကောင့် ၁၄ ခုတို့ကိုလည်း ယာယီတားဆီးထိန်း သိမ်းထားကာ အကောင့်များအတွင်းရှိ ငွေများအား စိစစ်လျက်ရှိသည်။
ပြစ်မှုကျူးလွန်သူများအား ဥပဒေအရအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
23/02/2023
( #ယဉ်တိုက်မူများတွင် လူသေဆုံးမူရှိပါက၊ သေဆုံးသူမိသားစုဝင်များ ၏ ကျေးအေးပေးမူ(ဥပဒေသဘော/ရုပ်သိမ်းပေးမူ) ကြောင့်၊ ယဉ်မောင်းသူသည် ပြစ်ဒဏ်လုံးဝ မကျနိုင်ဟု တစ်သက်မှက်ထဲ ယူဆရန် မဟုက်ပါ။
ယဉ်တိုက်မူ ဖြစ်စဉ် ၊ ယဉ်းမောင်း၏ အရမ်း(သို့)ပေါ့လျော့မူ မည်မျှ အတိုင်းအတာထိ ရှိ/မရှိပေါ် မူတည်ကာ ဉပဒေအရ ဆုံးဖြက်ပါသည်။
#ယခုအမူတွင် မူလတရားစွဲဆိုသည့် ရုံးက တရားခံကို၊ အပြီးပြက်လွတ်ပေး သည့် အမိန့်ကို ၊ ဉပဒေချုပ်ရုံးမှ အယူခံတင်သွင်းခဲ့ရာ ယဉ်မောင်းသည် ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံခဲ့ရသော အမူမျိုးဖြစ်ပါသည်။)
#ယာဉ်မောင်းတစ်ဦးအနေဖြင့် ယာဉ်မမောင်းခင် ယာဉ်ကိုသေချာစွာစစ်ဆေးမှုမရှိဘဲ မောင်းနှင်ခဲ့ခြင်းမှာ ပေါ့လျော့သော ပြုလုပ်မှုဖြစ်ခြင်း။
အမူဖြစ်စဉ်-
ဘုတလင်မြို့နယ်တရားရုံး၏ ၂၀၁၆ ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၂၄ တွင် တရားခံဖိုးလုံး (ခ) သန့်ဇင်ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈(၁) အရ အမှုမှအပြီးအပြတ်လွှတ်သည့်အမိန့်ချမှတ် ခဲ့သည်။ အဆိုပါအမိန့်ကို စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်ရုံးက စစ်ကိုင်းတိုင်းဒေသကြီးတရား လွှတ်တော်သို့ ၂၀၁၆ ခုနှစ်၊ ရာဇဝတ်အယူခံမှုအမှတ် ၂၁၂ ဖြင့်အယူခံရာ အောင်မြင်မှုမရရှိသဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဤအယူခံမှု တင်သွင်းခြင်းဖြစ်သည်။
အမှုမှာ ၁၃-၁၁-၂၀၁၅ ရက်နေ့ ၂၀:၃၀ အချိန်ခန့်တွင် မုံရွာ-ရေဦးကားလမ်း မိုင်တိုင်အမှတ် ၉၈/၁ နှင့် ၉၈/၂ အကြား တောင်မှမြောက်သို့ ဖိုးလုံး (ခ) သန့်ဇင်ဦး မောင်းနှင်လာသော 6G/8460 ခရီး သည်တင် အဖြူရောင်အံစာတုံးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ထိုးကျကာ လမ်းဘေးရှိ သစ်ပင်ကို တိုက်မိ၍ ယာဉ်ပေါ်ပါလာသူ ဒေါ်မူမူကြည်မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ဦးကိုဦး၊ ဦးချစ်ဦး၊ မငြိမ်းငြိမ်းစိုး၊ လှိုင်ဝင်းထွဋ်နှင့် တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးတို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိ သောကြောင့် ယာဉ်မောင်း ဖိုးလုံး (ခ) သန့်ဇင်ဦးအပေါ် ဥပဒေအရ အရေးယူပေးရန် ရဲအုပ်မျိုးကျော်က တိုင်တန်းသော အမှုဖြစ်သည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးက မုံရွာမြို့မှ ပင်လယ်ဘူးမြို့သို့ တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦး မောင်းနှင်သော 6G/8460 အံစာတုံးအဖြူရောင် ခရီးသည်တင်ယာဉ်သည် ဘုတလင်မြို့နယ်၊ ကံသစ်ရွာအနီးအရောက် လမ်းကွေ့ဂငယ်ကွေ့နေရာတွင် ကွေ့ရမည်ဖြစ်သော်လည်း ယာဉ်ကိုမကွေ့နိုင်ဘဲ တဖြောင့်တည်းမောင်းနှင်လာသောကြောင့် လမ်းဘေးတွင်ရှိသော ကုက္ကိုပင်ကို တိုက်မိခဲ့သဖြင့် ကား၏ဦးခေါင်းပိုင်းကြွေမွပျက်စီးခဲ့သည့်ပြင် ယာဉ်ပေါ်ပါသော ဒေါ်မူမူကြည်၊ မငြိမ်းငြိမ်းစိုး၊ ဦးချစ်ဦးနှင့် ကိုလှိုင်ဝင်းထွဋ်တို့ လေးဦးသေဆုံးခဲ့ကြောင်း၊ ဦးကိုဦးတွင် ယာလက်ကောက် ဝတ်ကျိုး၊ ဂုတ်ရိုးကျိုးကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တရားခံဖိုးလုံး (ခ) သန့်ဇင်ဦး ဘယ်လက် မောင်းကျိုး၊ ယာပေါင်ကျိုးသည့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းပေါ်ပေါက်သဖြင့် တရားခံသည် ယာဉ်ကို ထိုက်သင့်သည့် သတိပြုမှုမရှိဘဲ အရှိန်ပြင်းမောင်းနှင်ခဲ့ခြင်း၊ ပေါ့လျော့စွာမောင်းနှင်ခဲ့ခြင်းကြောင့် ဖြစ်ပွားရသည်ဟု ပေါ်ပေါက်ကြောင်း၊ တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးက ယာဉ်ကို ပုံမှန်ကီလိုမီတာ ၄၀ ခန့်သာ မောင်းနှင်ခဲ့ရာ တိုင်းရော့ပြုတ်၍ စတီယာရင်ထိန်းမရချိန်တွင် ၎င်းအနေဖြင့် ခုန်ထွက်၍ရနိုင်ပါ လျက် ခုန်မထွက်ဘဲ ခရီးသည်များ၏ အသက်အန္တရာယ်ကိုစောင့်ရှောက်ရန် စတီယာရင်ကို ဆက်လက် ထိန်းထားကြောင်း ထုချေတင်ပြသော်လည်း နောက်မှအကြံရ၍ ထုချေချက်သာဖြစ်ကြောင်း၊ ကား တိုင်းရော့ပြုတ်၍ ထိန်းမရဘဲ သစ်ပင်ဝင်တိုက်ခြင်းဖြစ်ကြောင်း ထုချေတင်ပြသော်လည်း ယာဉ်မောင်းသူ တစ်ဦးအနေဖြင့် ယာဉ်မထွက်ခွာမီ ယာဉ်ကြံ့ခိုင်မှုအတွက် စစ်ဆေးရန်တာဝန်ရှိပါလျက် စစ်ဆေးမှုမပေါ် ပေါက်ကြောင်း၊ ဦးကိုဦး၏ ထွက်ချက်အရပင်အချင်းမဖြစ်မီက ကားမှာရမ်းခါနေ၍ အရှိန်လျော့ရန် ပြောခဲ့ ရကြောင်း တွေ့ရှိရသဖြင့် ကားမှာအရှိန်ဖြင့်မောင်းနှင်ခဲ့ကြောင်း၊ ထိုက်သင့်သည့်သတိဖြင့် မောင်းနှင် ခဲ့ခြင်းမရှိကြောင်း ပေါ်ပေါက်နေလျက် တရားခံဖိုးလုံး (ခ) သန့်ဇင်ဦးကို အမှုမှအပြီးအပြတ်လွှတ်သည့် အမိန့်မှာ ဥပဒေအရလည်းကောင်း၊ အကြောင်းခြင်းရာအရလည်းကောင်း၊ မှန်ကန်မှုမရှိသဖြင့် ပြင်ဆင် တည့်မတ်ပေးရန် စီရင်ထုံးအကိုးအကားဖြင့် လျှောက်လဲတင်ပြသည်။
အယူခံတရားခံ၏ရှေ့နေက မူလရုံးတရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦး၏ အရမ်း(သို့မဟုတ်) ပေါ့လျော့စွာ ပြုလုပ်မှုကြောင့် ယာဉ်ပေါ်ပါသူ ၄ ဦးသေဆုံးပြီး ကျန်သူမှာ ပြင်းထန်ဒဏ်ရာများ ရရှိခြင်း ဖြစ်ကြောင်း၊ ဆင်ခြင်တုံတရားရှိသည့် သာမန်အသိဉာဏ်ရှိသောသူ၏ ပြုလုပ်မှုမျိုးမဟုတ်ဘဲ ပျက်ကွက်ကြောင်း၊ တရားခံမှာ ကားအားပုံမှန်ကီလိုမီတာ ၄၀ ခန့်သာမောင်းနှင်ရာမှ တိုင်းရော့ပြုတ်၍ စတီယာရင်ထိန်းမရကာ လမ်းဘေးရှိ သစ်ငုတ်တိုအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်စဉ် တရားခံမှာ ခုန်ထွက်လျှင်ရပါလျက် ခုန်မထွက်ဘဲ ခရီးသည်များ၏ အသက်အန္တရာယ်အား စောင့်ရှောက် ပေးရန်အတွက် စတီယာရင်အား ဆက်လက်ထိန်းထားခဲ့သေးကြောင်း၊ အရက်သေစာသောက်စားခြင်း လည်းမရှိကြောင်း၊ ကားပေါ်ပါ သေဆုံးသည့်ခရီး ၄ ဦး၏ ဆေးကုသမှုကိစ္စအဝဝအား တာဝန်ယူခဲ့ ကြောင်း၊ ၎င်းတို့ဂိတ်မှ IKBZ ဘဏ်သို့ အသက်အာမခံပေးသွင်းခဲ့သည့်အတွက် တစ်ဦးလျှင် ကျပ်သိန်း ၃၀ စီကို အသက်အာမခံကြေးပေးခဲ့ကြောင်း၊ တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးသည် သေဆုံးသူများနှင့် ဒဏ်ရာရသူများအပေါ် သေစေရန် အရမ်း သို့မဟုတ် ပေါ့လျော့သော ပြုလုပ်မှုမျိုးပြုလုပ်ခဲ့ခြင်း မရှိ ကြောင်း၊ ကံဆိုး၍သာဖြစ်ခဲ့ရကြောင်းနှင့် ပြစ်မှုမကင်းသောအကြံနှင့် ပြုလုပ်ခြင်းမဟုတ်သဖြင့် ဤအယူခံမှုအား ပလပ်ပေးရန် လျှောက်လဲတင်ပြသည်။
အမှုတွဲအား စိစစ်ကြည့်ရှုရာတွင် အချင်းဖြစ်သည့်နေ့ ၁၂:၃၀ အချိန်တွင် မုံရွာမြို့၊ အာကာမန်း ခရီးသည်ပို့ဆောင်ရေးကားအသင်းဝင် 6G/8460 ခရီးသည်တင် အံစာတုံးအဖြူရောင်ယာဉ်ကို တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးက ခရီးသည် ဦးကိုကိုဦး၊ ဦးချစ်ဦး၊ ဒေါ်မူမူကြည်၊ မငြိမ်းငြိမ်းစိုး နှင့် ကိုလှိုင်ဝင်းထွဋ် တို့ကို တင်ဆောင်လျက် မုံရွာ- ရေဦးကားလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဉ် ဘုတလင် မြို့နယ်၊ ကံသစ်ကျေးရွာအနီးအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရှိသော ကုက္ကိုပင်ကို တိုက်မိ ခဲ့သဖြင့် ကားဦးခေါင်းပိုင်း ကြေမွပျက်စီးခဲ့ပြီး ကားပေါ်တွင်ပါလာသော ဒေါ်မူမူကြည်၊ မငြိမ်းငြိမ်းစိုး၊ ဦးချစ်စိုးနှင့် ကိုလှိုင်ဝင်းထွဋ်တို့ လေးဦးသေဆုံးကာ ဦးကိုကိုဦး (လိုပြ-၆) တွင် ယာလက်ကောက်ဝတ် ကျိုး၊ ဂုတ်ကျိုးသည့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးတွင် ဘယ်လက် မောင်းကျိုး၊ ယာပေါင်ကျိုးသည့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းမှာ အငြင်းမပွားပေါ်ပေါက်နေသည်။
တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးက ကားကိုပုံမှန် ၄၀ ကီလိုမီတာခန့်သာ မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မောင်းနှင်လာစဉ် ကားတိုင်းရော့ပြုတ်၍ စတီယာရင်ထိန်းမရသောကြောင့် လမ်းဘေးရှိ သစ်ငုတ်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း၊ ၎င်းမှာ သစ်ပင်ကိုဝင်တိုက်စဉ် ကားအပြင်သို့ ခုန်ထွက်ရန် အချိန်ရသော်လည်း ထိုသို့မပြုလုပ်ဘဲ ကား၏ စတီယာရင်ကို ကြိုးစားထိန်းသော်လည်းမရဘဲ ဝင်တိုက် မိခြင်းဖြစ်ကြောင်း၊ ယာဉ်ကိုမဆင်မခြင်ပေါ့ဆစွာဖြင့် အရှိန်ပြင်းစွာမောင်းနှင်ခဲ့ခြင်းမရှိသဖြင့် အပြစ်မရှိ ကြောင်း ထုချေတင်ပြသည်ကို တွေ့ရသည်။
လူသတ်မှုအရသော်လည်းကောင်း၊ လူသေမှုအရသော်လည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းမခံ ထိုက်သော အရမ်းပြုလုပ်မှု သို့မဟုတ် ပေါ့လျော့သော ပြုလုပ်မှုကိုပြု၍ လူကိုသေစေလျှင် ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က အရ အပြစ်ပေးနိုင်မည်ဖြစ်သောကြောင့် တရားခံ၏ ပြုမူချက်သည် အရမ်းပြုလုပ်မှု ဟုတ် မဟုတ် သို့မဟုတ် ပေါ့လျော့သော ပြုလုပ်မှု ဟုတ် မဟုတ် စီစစ်ရန်ဖြစ်သည်။
တရားခံ၏ပြုမူချက်မှာ အရမ်းပြုလုပ်မှု (သို့မဟုတ်) ပေါ့လျော့သောပြုလုပ်မှုဖြစ်ကြောင်း ပေါ်ပေါက်လျှင် ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အပြစ်ပေးနိုင်ပြီး ယင်းသို့ပြုလုပ်မှုကြောင့် ယာဉ်ပေါ် ပါသူများ အပြင်းအထန်နာကျင်စေမှုဖြစ်ကြောင်း ပေါ်ပေါက်လျှင် ယင်းဥပဒေပုဒ်မ ၃၃၈ အရ အပြစ် ပေးနိုင်မည်ဖြစ်သည်။
အမှုမှ ဝပ်ရှော့လုပ်ငန်းလုပ်ကိုင်သူ ကိုဖိုးချမ်း (ခံပြ-၆)က ၎င်း၏ စစ်ဆေးတွေ့ရှိချက်အရ ကား တိုင်းရော့ပြုတ်သည်ကိုသာတွေ့ရပြီး ကျန်စက်ပစ္စည်းအင်္ဂါရပ်များ လုံးဝပျက်စီးခြင်းမရှိကြောင်း၊ ကား တိုင်းရော့မှာ ယာဉ်ကိုမောင်းနှင်စဉ် အများဆုံးဖြစ်တတ်ပြီး တိုင်းရော့ကိုဆွဲထားသည့် ဝက်အူမကောင်း လျှင် သို့မဟုတ် လျော့နေလျှင် ပြုတ်ထွက်တတ်ကြောင်း ထွက်ဆိုထားသည်။
ကိုဖိုးချမ်း (လိုပြ-၆) ၏ ထွက်ဆိုချက်အရ တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦး မောင်းနှင်သော ယာဉ်သည် တိုင်းရော့ပြုတ်၍ သစ်ပင်အားဝင်တိုက်မိပြီး ကားပေါ်ပါခရီးသည် ၄ ဦးသေဆုံးကာ ၂ ဦးမှာ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်နေသည်။
ယာဉ်မောင်းတစ်ဦးအနေဖြင့် ယာဉ်မမောင်းမီ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ကြံ့ခိုင်မှု ရှိ မရှိ သေချာစွာစစ်ဆေးရန် တာဝန်ရှိမည်ဖြစ်သည်။ တရားခံဖိုးလုံး (ခ) သန့်ဇင်ဦးသည် မုံရွာမှပင်လယ် ဘူးသို့ ခရီးဝေးသွားရမည့်ယာဉ်ဖြစ်ပေရာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ကိုသေချာစွာ စစ်ဆေးပြီးမှ မောင်းနှင်ရန် လိုအပ်မည်ဖြစ်သည်။
တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးက ယာဉ်မောင်းတစ်ဦးအနေဖြင့် ယာဉ်မမောင်းခင် ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် ယာဉ်ကိုသေချာစွာစစ်ဆေးပြီးမှ မောင်းနှင်ရန်တာဝန်ရှိသည်ဆိုလျှင်မှန်ကြောင်း၊ အခင်းဖြစ်နေ့က ယာဉ်မမောင်းခင် ယာဉ်ကို သေချာစွာစစ်ဆေးခြင်းမရှိဆိုလျှင် မှန်ကြောင်း ပြန်လှန် မေးရာ၌ ဝန်ခံထွက်ဆိုထားရာ တရားခံသည် ၎င်း၏ပေါ့လျော့သောပြုမူချက်ကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်သေဆုံးရသည်မှာ ထင်ရှားသည်။
ဦးကိုကိုဦး (လိုပြ-၆) ၏ ထွက်ချက်အရပင် အချင်းမဖြစ်မီကပင် ကားမှာရမ်းခါနေ၍ အရှိန်လျော့ ရန်ပင် ပြောခဲ့ရကြောင်း တွေ့ရှိရသဖြင့် တရားခံသည် ထိုက်သင့်သော သတိဖြင့် မောင်းနှင်ခြင်းမရှိသည် ကို တွေ့ရသည်။
ပြည်ထောင်စုမြန်မာနိုင်ငံနှင့် မောင်ဘိုကြည်ပါ ၂ အမှု (၁၉၆၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၅၆၅။) တွင် အရမ်း သို့မဟုတ် ပေါ့လျော့စွာ ပြုလုပ်ခြင်းဆိုသည်မှာ ဆင်ခြင်တုံတရားရှိသည့် သာမန် အသိဉာဏ်ရှိသောသူ၏ ပြုလုပ်မှုမျိုးမဟုတ်ဘဲ ပျက်ကွက်ခြင်း သို့တည်းမဟုတ် တစ်ခုခုကို လုပ်ကိုင် ဆောင်ရွက်ရာ၌ ထိုကဲ့သို့သောသူမျိုး ပြုလုပ်လိမ့်မည်မဟုတ်သည့် ပြုမူမှုများကို ပြုလုပ်ခြင်းကိုဆိုလို ကြောင်း လမ်းညွှန်ထုံးဖွဲ့ထားရာ ယခုအမှုတွင် တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦး သည် ယာဉ်၏ကြံ့ခိုင်ရေး ကို စစ်ဆေးခဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ထိုက်သင့်သည့်သတိဖြင့် မောင်းနှင်ခဲ့ခြင်းပြုရန်ပျက်ကွက်ခဲ့ပြီး ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့ဆစွာမောင်းနှင်ခဲ့၍ လမ်းဘေးသစ်ပင်ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါသူများ အသက်ဆုံးရှုံးကာ အပြင်းအထန်နာကျင်ဒဏ်ရာရရှိစေခဲ့ရကြောင်း ထင်ရှားပေါ်ပေါက်ပါလျက် ဘုတလင် မြို့နယ်တရားရုံးက တရားခံအား အမှုမှအပြီးအပြတ်လွှတ်ခဲ့ပြီး ယင်းအမိန့်ကို ဆက်လက်အတည်ပြု သည့် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၏ အမိန့်တို့မှာ ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရ သည်။
ထို့ကြောင့် ဤအယူခံမှုကို ခွင့်ပြုသည်။ အယူခံတရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၈(၁)အရ အမှုမှ အပြီးအပြတ်လွှတ်သော ဘုတလင်မြို့နယ်တရားရုံး၏ အမိန့်နှင့် ယင်းအမိန့်ကို ဆက်လက်အတည်ပြုသည့် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၏ အမိန့်တို့ကို ပယ်ဖျက်လိုက်သည်။ အယူခံတရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦး အား ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်၊ ယင်းဥပဒေပုဒ်မ ၃၃၈ အရ အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်ကျခံစေရန်နှင့် ထောင်ဒဏ်နှစ်ရပ်အား တစ်ပေါင်းတည်းကျခံစေရန်၊ ချုပ်ရက်ရှိပါက ထောင်ဒဏ်မှ ထုတ်နုတ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
#ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် ဖိုးလုံး (ခ) သန့်ဇင်ဦး(၂၀၁၈ ခုနှစ်၊ မတစ၊ စာ - ၁၁)
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Nan Oo Lwin Qtz, Pathein Gyi Township
Mandalay