Chel
ကိုယ့်အလုပ်ကို လုပ်မယ်ဆိုတဲ့ စိတ်နဲ့ နေတာ သုံးရက် ရှိပြီ..
စာသင်တာက ကိုယ့်အလုပ်..
စာရခြင်း၊မရခြင်းက ကိုယ်နဲ့ မဆိုင်..ကိုယ် ကျက်ပေးလို့ မရ။
သင်တန်းစုံစမ်းသူတွေ လာတယ်..သေချာပြောပြပေးတာ ကိုယ့်အလုပ်..သင်တန်းအပ်ခြင်း၊မအပ်ခြင်း သင်တန်းအပ်ပြီး စာကြည့်ခြင်း၊မကြည့်ခြင်း ကိုယ် ပူစရာ မဟုတ်။
မောင်နှမတွေကို လိမ်မာစေချင်တယ်..အတတ်နိုင်ဆုံး ဖေးမ ပေးရတာ ကိုယ့်အလုပ်..ကျန်တာ ကိုယ်နဲ့ မဆိုင်။
ဒီစာလေးကို အကြမ်းရေးပြီး save ထားတုန်း သတင်းတစ်ခုက ရောက်လာပြန်တယ်..ချက်ခြင်းတော့ သူ့အလုပ်၊ကိုယ့်အလုပ် မခွဲနိုင်ပါဘူး..ရင်ဝမှာ အလုံးကြီးတစ်ခု ဝင်လာသလို ခံစားရတယ်။😅😅
မနေ့က တစ်ညနေလုံးပါပဲ..စိတ်က ယောက်ယက် ခတ်သေးတယ်။ ဒီနေ့ မနက်တော့ အတော် အဆင်ပြေသွားပါပြီ။
ဘာတွေ ဖြစ်ဖြစ်..ကိုယ့်အလုပ်ကို လုပ်ရုံပါပဲ။ ဘဝဆိုတာ ကိုယ့်ပန်းချီကားကိုတောင် တစ်ပိုင်း တစ်စပဲ ဆွဲချိန်ရတာတဲ့..သူများကိစ္စ ဝင်ပါနေရင် တစ်ပိုင်းတစ်စတောင် ပြီးမှာ မဟုတ်ဘူးတဲ့။(ညောင်တုန်းဆရာတော် ဟောထားတာပါ)
ဒီနေ့တော့ ကိုယ့်အလုပ်ကို ပြန်လုပ်နေပါပြီ...ttမှာ vlog လေးတွေ တင်မလို့ စမ်းကြည့်နေတာ.. တစ်ယောက်ထဲ သောက်လည်း အရသာ ရှိတဲ့ ကော်ဖီ ခါးခါး တစ်ခွက် video ပေါ့😂😂
10/12/2025
ဒီရက်ပိုင်းမှာ မနာလိုစိတ် ရှိနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ရတယ်..
မနာလိုစိတ် ဖြစ်တယ်ဆိုတာ အစကတော့ လက်မခံပါဘူး..ငါ သူတော်ကောင်း ဖြစ်ချင်တာလေ..စိတ်ကို စောင့်ကြည့်ရင်း စောင့်ကြည့်ရင်းကနေမှ မနာလိုစိတ်ဆိုတာ သိသွားပြီး ဖြည်းဖြည်းချင်း လက်ခံရတာပါ။
တစ်ခါတစ်လေ အကျင့် ယုတ်ချင်တယ်..တစ်ခါတစ်လေ အတ္တက ရှေ့ရောက်နေတယ်..တစ်ခါတစ်လေ ဘီလူးဆိုင်း တီးချင်တယ်..သတိသာ မရှိရင် အသိတရားသာ မရှိရင် လူဆိုးမ ဖြစ်တာ ကြာပေါ့။
ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ ကြိုးစားပါတယ်...အလင်းဘက်ခြမ်းက ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ပါတယ်..အမှောင်ဘက်ခြမ်းက ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ပါတယ်။
Photo Pinterest
04/12/2025
ရာသီက ပြောင်းလာတယ်..မနက်ခင်းဆို တော်တော်အေးတယ်..ခုချိန် ကလောသွားချင်လားဆို မသွားချင်တော့ဘူးနော်..နွေရာသီတုန်းကတော့ တစ်နှစ်လုံး နေချင်သလိုလိုတွေ ဖြစ်ခဲ့သေးတာ..သတိရမိပါတယ်။
မအေးခင်တုန်းက ဒီနှစ်ဆောင်းက မဝင်တော့ဘူးလား..ပူလိုက်တာ* #* #
ဆောင်းဝင်တော့လည်း အေးတာ..မနက် မထချင်ဘူး..အသားတွေ ခြောက်လာပြီ* #* #
ဆောင်းကုန်လို့ နွေကူးသွားရင်လည်း ပူလိုက်တာလို့ ပြောအုံးမှာပါ။
စိတ်ဟာ အလိုမကျနေတဲ့အချိန် များပါတယ်..ကိစ္စ တစ်ခုခု အပေါ်မှာ မကောင်းမြင်တာက အရင်စပါတယ်။
လူတစ်ယောက်ကို မြင်လိုက်တာနဲ့ auto ဝေဖန်တတ်ပါတယ်..မျက်နှာတင်းတယ်..အကြည့်က ရိုင်းတယ်..ဝယ်သူကို ဘယ်လို ဆက်ဆံနေတာလဲ* #* #* #
သတိလေး ကပ်ထားရင်တော့ ကောင်းမွန်တဲ့အခြေအနေကို မြင်နိုင်ပါတယ်။ကျေးဇူးတင်စရာကောင်းတဲ့ အခြေအနေတွေ..ကြည်နူးရတဲ့ အခိုက်အတန့်တွေ မြင်အောင်ကြည့်လို့ ရပါတယ်။
ဆောင်းရာသီမှာ မီတာရေလေး လာနေလို့ ရေနွေးနွေးလေး ချိုးရတာ ကျေးဇူးတင်စရာပါပဲ။
လုံခြုံနွေးထွေးတဲ့ နေရာထိုင်ခင်းမှာ နေထိုင်ခွင့်ရတာကလည်း ကျေးဇူးတင်စရာပါပဲ။
အလုပ်အတွက် အပြင်ထွက်စရာမလိုဘဲ အိမ်ထဲမှာတင် စာသင်ခွင့်ရနေတာလည်း ကျေးဇူးတင်စရာပါပဲ။
(မီတာရေ လာနေလို့ စာပြီးမှ ဆက်ရေးမယ်..ရေချိုးမယ်ဆိုပြီး လုပ်လိုက်တာ..ရေ ပြန်ပြတ်သွားတယ်..ကဲ စာဆက်ရေးရတာပေါ့..)
Photo Pinterest
02/12/2025
စိတ်မကြည်တဲ့အခါ အိမ်ရှင်းတယ်..အဝတ် ေတွေ လျှော်တယ်..နောက်တစ်ခုက ဟင်းတစ်ခုခုကို အချိန်ပေး ချက်ဖြစ်ပါတယ်။
ပုံမှန်ဆိုရင် ဟင်းကို လွယ်တာတွေပဲ ချက်တယ်..အသုပ်ဆို သုပ်မစားဖြစ်ဘူး။အသီးအရွက် ပြုတ်ရတာ..ဆီချက်ရတာ..မြေပဲဆန် ကြော်ရတာ တွေ မလုပ်ချင်ဘူး။စိတ်မကြည်ဘူးဆိုရင်တော့ အသုပ်တစ်မျိုးမျိုးကို အာရုံလေး စိုက်ပြီး သုပ်လိုက်တယ်။ ချွေးထွက်အောင် သန့်ရှင်းရေးလေး လုပ်လိုက်တယ်။ ဒီလိုနဲ့ပဲ စိတ်က ပြန်ကြည်သွားတာ များပါတယ်။
အဓိကက အတွေးတွေ လွင့်လို့ စိတ်မကြည်တာမို့ အတွေးမများအောင် အလုပ်လေး လုပ်ရင်း အသုပ်လေး သုပ်ရင်း ကျော်ဖြတ်လိုက်တာပါပဲ။
ကိုက်လန်သုပ် ဖြစ်တဲ့ နေ့တစ်နေ့မှာ ဒီစာလေး ရေးထားတာ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Mandalay