AShin Nanda Thara
17/05/2023
#ဝေဘူဆရာတော်ဘုရားကြီး၏ တရား အနှစ်သာရများ
===================================
သီလ ဆောက်တည်ပြီးလျှင် ပြည့်စုံအောင် ဖြည့်ကြ၊ ဖြည့်လို့ ပြည့်စုံပြီ ဆိုလျှင် မိမိစိတ်အလို တောင့်တတဲ့အတိုင်း ပြီးမယ်၊ ယခုလည်း ချမ်းသာမယ်၊ နောင်လည်း ချမ်းသာမယ်။
ပစ္စုပ္ပန် ချမ်းသာ၊ သံသရာ ချမ်းသာ ၂-ဖြာကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင် အဆုံးအမတော်က လွဲလို့ တခြားမရှိဘူး။
ဘုရားရှင် အဆုံးအမဆိုတာ ပိဋက ၃-ပုံပဲ၊ ပိဋက ၃-ပုံ ဆိုတာ အလွန် ကျယ်၀န်းတယ်။
ပိဋက ၃-ပုံကို အဆီ ထုတ်ပါလျှင် “ဗောဓိပက္ခိယ ၃၇-ပါး” ရတယ်၊ ဗောဓိပက္ခယ တရား ၃၇-ပါးကို အဆီ ထုတ်လျှင် “မဂ္ဂင်ရှစ်ပါး” ရတယ်။ မဂ္ဂင် ရှစ်ပါးကို အဆီထုတ်လျှင် “သိက္ခာ သုံးပါး” ရတယ်။
သိက်ခာ သုံးပါးဆိုတာ အဓိသီလ၊ အဓိစိတ်တ၊ အဓိပညာပါပဲ။
သိက္ခာသုံးပါးကို အဆီထုတ်လျှင် “ဧကောဓမ္မော” တစ်ခု ရတယ်။
ရုပ်ပေါ် နာမ်ပေါ်မှာ နေပြီး ယခုလို ဆောင်ထားတော့ (ရှုမှတ်နေတော့) ကာယကံ သောင်းကျန်းမှု၊ ၀စီကံ သောင်းကျန်းမှု မရှိဘူး။ ဒါ “အဓိသီလ” လို့ ခေါ်တယ်။
အဓိသီလ အားကောင်းလျှင် စိတ်တွေ သောင်းကျန်းမှု မရှိဘဲ ငြိမ်၀ပ် ပိပြားပြီး တည်နေတော့တယ်။ အဲဒါ “အဓိစိတ္တ” လို့ ခေါ်တယ်။
အဓိစိတ္တ (သမာဓိ) အားကောင်းလို့ အချိန်ကြာလျှင် ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ ဖန်တီးလို့ မဖြစ်ဘူး၊ လျှပ်တစ်ပြတ်အတွင်း ကုဋေတစ်သိန်း ဖြစ်ပြီး ပျက်နေတယ်။ ရုပ်ကို နာမ်က သိနေလျှင် ဖြစ်ပျက်ကို သိတော့တာပဲ၊ ဖြစ်ပျက်ကို သိတာ “အဓိပညာ” လို့ ခေါ်တယ်။
အများနားလည်အောင် ပြောရမယ်ဆိုလျှင် ခန္ဓာကိုယ်မှာ ထင်ရှားတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ နှာဖျား နှာ၀တွင် ထွက်လေ ၀င်လေ နှစ်ရပ်ဟာ အမြဲ တိုက်၀င်၊ တိုက်ထွက် နေတယ်။
နှာဖျား နှာ၀မှာ ကာယပသာဒ အကြည်က အထိခံ၊ ထွက်လေ ၀င်လေဖြစ်တဲ့ လေနှစ်ရပ် ဝါယော ဖောဋ္ဌဗ္ဗက ထိတယ်၊ ထိုအထိခံနဲ့ ထိတာက ရုပ်၊ သိတာက နာမ်ဆိုတော့ ဒကာကြီး၊ ဒကာမကြီးတို့ သူများ မေးမနေနဲ့၊ ကိုယ့်နှာ၀ကို ဉာဏ်နဲ့ စောင့်ကြည့်၊ ၀င်တော့ ထိ၀င်မယ်၊ ထွက်တော့လည်း ထိထွက်မယ်။ ထိတာကို သိလျှင် သိနေလျှင် လောဘ၊ ဒေါသ၊ မောဟ ဖြစ်ခွင့် မရလို့ လောဘမီး၊ ဒေါသမီး၊ မောဟမီး ငြိမ်းတယ်၊ ငြိမ်းတော့ အေးတယ်။
မထိခင်ကလည်း သိလို့ မဖြစ်ဘူး၊ ထိပြီး ပြန်တော့လည်း သိလို့ မဖြစ်ဘူး၊ ထိတုန်းကိုသာ သိဖြစ်တယ်၊ အဲဒါကို “ပစ္စုပ္ပန် တည့်တည့်” လို့ ဆိုတယ်။
အဲသလို တစ်ထိတည်း(ထဲ) ထိနေတာကို တစ်ဆက်တည်း(ထဲ) သိနေအောင် ဆောင်ကြဗျ။ တစ်ရက် ၂၄-နာရီ တစ်စပ်လောက် ရလျှင် အလွန် သိသာပါတယ်။ အဲသလို ထိတာကို မသိမှတ် နိုင်ရင် လျှပ်တစ်ပြတ် အတွင်းတွင်ပဲ ကုဋေတစ်သိန်း ကြွေးတင် သွားရောဗျ။
ထိတာကို သိနေလျှင် “ရုပ်နှင့် နာမ်သာ ရှိပါကလား” လို့ သိလိမ့်မယ်။ ရုပ်နာမ်မှ တစ်ပါး ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ မရှိဘူးဆိုတာ “ဘုရားရှင်၏ တရားတော် အမှန်ပါလား” လို့ ကိုယ့်ဟာကိုယ် သိလိမ့်မယ်။ သူများကို မေးနေဖို့ မလိုပါဘူး၊ နှာ၀မှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာ အတ္တဆိုတဲ့ ကိုယ်မရှိဘူး။
ထို သိနေတဲ့ အချိန်မှာ ဉာဏ်အမြင် စင်ကြယ်တယ်၊ သမ္မာဒိဋ္ဌိ ဖြစ်တယ်။ ထိတာကို သိနေတဲ့ အချိန်မှာ “ရုပ်နာမ်မှတစ်ပါး ဘာမျှ မရှိပါကလား” လို့ သိတာကို နာမ်ရုပ် ပိုင်းခြားပြီး သိလို့ “နာမရူပ ပရိစ္ဆေဒဉာဏ်” လို့ ခေါ်တယ်။
တစ်ထိတည်း(ထဲ) ထိ၊ တစ်သိတည်း(ထဲ) သိနေလျှင် အတ္တစင်၍ ဉာဏ်အမြင် စင်ကြယ်တဲ့ အကျိုးရတယ်၊ ဒါဟာ တဒင်္ဂပဟာန် ခဏ အချိန်လေးမှာ ရတဲ့ အကျိုး၊ နည်းတယ်လို့ မမှတ်ကြနဲ့။ “ကမ္မဋ္ဌာန်း ထိုင်ရတာများ ဘာမှလည်း မတွေ့ပေါင်၊ ဘာမှလည်း မရပေါင်” လို့များ မမှတ်လိုက်ကြ ပါနဲ့။ ဘုရား သာသနာနဲ့ ကြုံကြိုက်တဲ့ အခါမှာ ဒီလို အကျိုးထူးများ ရနိုင်တယ်။ စားဖို့ သောက်ဖို့ အသာထားပြီး အထူး ကြိုးစားကြဟု ဆရာတော် ဘုရားကြီး ဟောကြားတော် မူသည်ကို ကောက်နုတ် ဖော်ပြလိုက် ပါကြောင်း။
သီလကို ပြည့်စုံအောင်
စေတိယင်္ဂဏ၀တ်၊ ဗောဓိယင်္ဂဏ၀တ်၊ ဆရာသမား မိဘ၀တ်၊ သားမယား၀တ် ဒါတွေ လုပ်ရတာက စရဏကုသိုလ် သီလဘက်ကဗျ။ ဒါတွေ လုပ်ရင်းနဲ့ ဆောင်လုိ့၊ ရှုမှတ်လို့ကော မရဘူးလား။ ဒီ၀တ်တွေ မဖြည့်ဘဲနဲ့ သီလ ပြည့်စုံပါ့မလား၊ သီလ မပြည့်စုံရင် လိုလား တောင့်တတဲ့ ချမ်းသာကော ရပါ့မလားဗျာ။ ချမ်းသာမှု မရှိရင် သမာဓိ မရဘူး၊ သမာဓိ မရတော့ ပညာလည်း မရနိုင်ဘူးဗျ။
Credit
🙏ဓမ္မဒါန🙏ပြန်လည်မျှဝေကုသိုလ်ပြုပါ၏🙏
21/04/2023
၀၂/၀၃/၂၀၂၃ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်မြို့နယ် အောင်ချမ်းသာရွာ ရှိ ဓမ္မသဟာယသာသနစင်တာ တွင် ရပ်ဝေးရပ်နီး တရားနာပရိတ်သတ်တို့ကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြားချီးမြှင့်သည့် ဝိပဿနာ တရား အားထုတ်နည်း ကို ဖေါ်ပြအပ်ပါသည်။
🔹🔹🔹🔹🔹🔹
ဒီကနေ့ ဝိပဿနာတရားနဲ့ပတ်သတ်ပြီးတော့ ဘုန်းဘုန်းဟောပြမယ်နော်။
ဝိပဿနာတရားဆိုတာကိုတော့ သတိတစ်ခုတော့ ထားပေါ့။ မဟာစည် ဆရာတော်ကြီးက ငယ်ငယ်တုန်းက ဘုန်းကြီးကို မိန့်သွားတဲ့ စကားလေး မှတ်မိနေတာ တစ်ခုရှိတယ်။ “ခုခေတ် ကမ္မဌာန်းတွေ အားထုတ်ကြတယ်တဲ့၊ များသော အားဖြင့် သမာဓိတော့ဖြစ်တယ်၊ အသိဉာဏ်မဖြစ်ဘူး၊ အသိဉာဏ်ဖြစ်တာ နည်းတယ်” လို့ပြောသွားဖူးတယ်။ ငယ်ငယ်တုန်းကတော့ ဒီလောက်ကြီး နားမလည်ဘူးပေါ့နော်။ ပြီးတော့ ဆရာတော်ကြီးပြောလိုရင်းက ကမ္မဌာန်းထိုင် ကမ္မဌာန်းထိုင်ဆိုပြီး ထိုင်တဲ့ သူတွေဟာ များသောအားဖြင့် သမာဓိပဲထိုင်တာ။ ဘုန်းဘုန်းတို့ငယ်ငယ်က မဟာစည် ရိပ်သာမှာ အသက် ၃၀ ကျော်လောက်တုန်းက သွားတရားထိုင်ဖူးတယ်။ အဲ့တုန်းက ဆရာတော်ကြီးမိန့်တဲ့ ဩဝါဒက “ပေါ်ရာပေါ်ရာ ရှုမှတ်” လို့ ဆိုတဲ့ ဩဝါဒအတိုင်း စိတ်ထဲ ပေါ်လာတာလေး လိုက်မှတ်တဲ့ အခါကျတော့ ကိုယ့်စိတ်ထဲမှာ ဘယ်လိုဖြစ်သတုန်းဆိုတော့ စိတ်ကပြေးသလို အာရုံတွေကလည်း ပေါ်နေတာ၊ ပေါ်တဲ့အာရုံတွေနောက် စိတ်တွေကလည်း လိုက်ပြေးနေတော့
ကိုယ့်စိတ်ထဲမှာ သမာဓိမရဘူး လို့ ခံစားရတယ်။ ကိုယ်ကလည်း ကမဌာန်းအားထုတ်တယ်ဆိုရင် ငယ်ငယ်တုန်းက အလေ့အကျင့်ကတော့ ထွက်လေ ဝင်လေပေါ်မှာ မှတ်ဖူးတာ ထွက်လေဝင်လေမှတ်ပြီးတော့ ထွက်လေဝင်လေပေါ်မှာပဲ စိတ်ကလေး ငြိမ်သွားတာကိုပဲ သဘောကျတာ။ သဘောကျတော့ မဟာစည်ရောက်တဲ့အခါကျတော့ ပေါ်ရာပေါ်ရာ အာရုံကို မှတ်ရမယ်ဆိုတော့ လိုက်မှတ်နေရတဲ့အခါကျတော့ စိတ်ကပြေးနေသလို အာရုံတွေနောက် စိတ်ကလိုက်နေရတဲ့အခါကျတော့ စိတ်ထဲမှာ သဘောမကျခဲ့ဘူးပေါ့။
🔹နောက်ပိုင်းကျတော့ သဘောပေါက်လာတယ်။ စိတ်ငြိမ်ဖို့ မဟုတ်ဘူး သိဖို့ မှတ်တာ။ စိတ်ငြိမ်တာက အာရုံတစ်ခုတည်းကို စိတ်ကိုငြိမ်အောင်ထားတာက သမာဓိ၊ ဖြစ်သမျှကိုသိတာ ပညာ။ အဲ့တော့ ငယ်ငယ်က သမာဓိနဲ့ပညာ မကွဲတာပေါ့နော်၊ သမာဓိနဲ့ပညာ မကွဲတော့ စိတ်ထဲမှာအားမရခဲ့ဘူးပေါ့ ။ ဉာဏ်ဖြစ်တယ်ဆိုတဲ့သဘောတရားကို နားမလည်ခဲ့တာ ပြောရမယ်ဆိုရင် သမထနဲ့ ဝိပဿနာကို နားမလည်ခဲ့တာ။ဟုတ်တယ် အာရုံတစ်ခုထဲပေါ်မှာ စိတ်ကို ငြိမ်အောင် ထည့်ထားတာက သမထ။
ဧကဂတာ ဆိုတာ ဧကဆိုတာက “တစ်” ဂတာဆိုတာ အာရုံပေါ့။ ဧကဂဆိုတာ အာရုံတစ်ခုတည်းပေါ်မှာ ရှိနေတဲ့စိတ်ကို ဆိုလိုတယ်။ ထွက်လေဝင်လေဆိုတာ ထွက်လေဝင်လေ အာရုံတစ်ခုပဲ ကျန်တာ ဘာဖြစ်ဖြစ်မသိဘူး။
ကျန်တဲ့အာရုံတွေကို မစဉ်းစားဘူး။ထွက်လေဝင်လေတစ်ခုတည်း မှတ်တယ် အဲ့တာက သမထ၊ ဝိပဿနာ မဟုတ်ဘူး။အဲ့တာက ပညာမဖြစ်ဘူး။ စိတ်ငြိမ်တာပဲ ရှိတယ် စိတ်ငြိမ်တာက rest လုပ်တာပဲ အနားယူတဲ့သဘောတစ်ခုပဲရှိတယ် စျာန်အထိအောင် ခိုင်မြဲတဲ့အရာမဟုတ်ဘူး ထိန်းနေတုန်းလေးပဲ စိတ်က ငြိမ်တာ။ အဲ့တော့ ဝိပသနာကြတော့ အဲ့လို မဟုတ်ဘူး။ စိတ်ကို ငြိမ်အောင်ထားဖို့ အရေးမကြီးဘူး သူက။ ဖြစ်လာတဲ့အာရုံ ၁၀ ခုရှိရင် ၁၀ ခုလုံးသိနေဖို့ပဲ အရေးကြီးတာ လိုတာ စိတ်ကို လွှတ်ထားတာလဲ မဟုတ်ဘူး ဒါက အာရုံတစ်ခုတော့ရှိတယ် အဲ့တော့ ဘုန်းဘုန်းတစ်ခုပြောပြမယ်
မြတ်စွာဘုရားက ဝိပသနာ ရှုဖို့ ဆိုပြီးတော့ အာရုံပေါင်း သုံးဆယ်နဲ့ခြောက်မျိုး(၃၆) မျိုး ဟောထားတယ်။အဲ့ ၃၆ မျိုးထဲက ၃၀ ပဲပါတာ တစ်ခုကတော့ တဏှာထည့်ထားလို့၊ ဆဆက္ကသုတ်မှာ ဆဆက္ကဆိုတာ ခြောက်ခြောက်လီ ကို ပြောတာ တရားရှု့မှတ်ရမယ့် ဝိပသနာတရားရူမှတ်ရမယ့် အာရုံပေါင်းကို ဆဆက္က သုတ်ထဲမှာ သုံးဆယ်နဲ့ခြောက်(၃၆) မျိုး ပြထားတယ်။ အဲ့တာကိုယ်ရဲ့ ဘဝမှာ ဒါတွေက အင်မတန် မှ အရေးကြီးတယ်။ ဆဆက္က သုတ်ထဲမှာ ဟောပြီးတိုင်း ဟောပြီးတိုင်း ရဟန်း ခြောက်ဆယ် ခြောက်ဆယ် ရဟန္တာ ဖြစ်တယ် ။ ၊ ဆဆက္က သုတ် ကို နာဖူးလိမ့်မယ် ။ အဲ့တော့ အဲ့ဒီ့ သုတ္တံ ရဲ့ အနှစ်ချူပ်တွေကို မှတ်ထား ။
ဒွါရ ခြောက်ပါး နော် စာထဲကဟာတွေမတွေးနဲ့ ဒွါရခြောက်ပါးဆိုတာ ကိုယ့်မှာရှိတဲ့ဟာပြောတာ မျက်စိ၊နား၊နာခေါင်း၊လျှာ၊ကာယ၊မန (၆) ခုရှိတယ်။မျက်စိမှာ လာပြီးတော့ ပေါ်တာက အဆင်းအာရုံ၊ နားမှာလာ ပေါ်တာက အသံ၊တစ်ခုနဲ့တစ်ခု မတူဘူး၊ နှာခေါင်းမှာ ပေါ်တာက အနံ့၊ လျှာမှာသိတာက အရသာ၊ ခန္ဓာကိုယ်နဲ့ထိက အထိအတွေ့၊ စိတ်ထဲမှာ ဖြစ်လာတာက စိတ်ကို ကျစေတဲ့အာရုံ ဓမ္မလို့ခေါ်တဲ့ အာရုံ အမှန်တော့ ဓမ္မလို့ခေါ်လိုက်တာက သဘာဝလို့ပဲ ပြောတာ ပဲ၊ အဆင်း၊အသံ၊အနံ့၊အရသာ၊အထိအတွေ့ ကျန်တဲ့ဟာတွေကို ဓမ္မအာရုံလို့ ပြောလိုက်တာ၊ အဲ့တော့ ခုမှတ်ရမှာ ဘာတုန်း မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကာယ၊မန။
အဲ့ဒီ ၆ ခုမှာ လာထင်တဲ့အာရုံက အဆင်း၊အသံ၊အနံ့၊အရသာ၊အထိအတွေ့၊ ကြံတွေးစိတ်ကို အဲ့ဒီနောက်မှာ ဘာဖြစ်တုန်းဆိုတော့ စိတ် ၆မျိုး၊ အဲ့ဒီအာရုံနဲ့ ဒွါရနဲ့ ထိတွေ့တဲ့အခါမှာ စိတ် ၆ ခုပေါ်မယ်။ မျက်စိနဲ့ထိတွေ့တဲ့အခါမှာ မြင်သည့်စိတ်၊မျက်စိမှာ မြင်သည့်စိတ်၊ နားမှာကြားသည့်စိတ်၊နှာခေါင်းမှာ အနံ့ရသည့်စိတ်၊လျှာမှာ အရသာသိသည့်စိတ်၊ ကာယမှာ ထိသိစိတ်၊မန မှာကျတာ့ ကြံသိစိတ် (၆) မျိုးပါတယ်။
စိတ်ပေါ်လိုက်တာနဲ့တပြိုင်နက် အာရုံနဲ့ဆက်သွယ်မှု ဖဿ ဆိုတဲ့ စွမ်းအားတစ်ခု ပါလာတယ်။ စိတ်နှင့် အတူ ပါလာတယ် နော် ။ ဖဿ ဆိုတာ သဗ္ဗစိတ္တသာဓာရဏ စေတသိတ်
စိတ်အားလုံးမှာရှင်သန်တာ ၊ အဲ့ထိပဲ ပါတဲ့ ဖဿ ၊ စိတ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ဖဿ ၊ အဲ့ ဒီ့ ဖဿ ကို အကြောင်းပြုပြီး ဝေဒနာ ၊ စိတ် ဖဿ ဝေဒနာ ၊ အဲ့တော့ ဖဿ ကလည်း ခြောက်မျိုးပဲ ။
သူ့ဒွါရနဲ့ သူပဲ ။ ဖဿ ကလည်း မျက်စိမှာ တွေ့တဲ့ ဖဿက တစ်ခု ၊ နားနဲ့ ပတ်သတ်တာကလည်း ဖဿတစ်ခု ၊ နှာခေါင်းနဲ့ ပတ်သတ်တာ လျာ နဲ့ပတ်သတ်တာ အဲ့တာလည်း ဖဿတစ်ခု ၊ ဖဿ တစ်ခုစီ အဲ့ ဒီ ဖဿ ကြောင့် ဖြစ်တဲ့ ဝေဒနာ ကလည်း သာမန် ဝေဒနာတစ်ခုကို ထပ်ခွဲမယ်ဆိုရင် သုခ ဒုက္ခ နော် ၊ အဲ့ဒီမှာ မခွဲဘဲနဲ့ဆိုရင် ဖဿဖြစ်လာရင် စိတ်ခံစားချက်ဝေဒနာ၊ အဲ့တော့ ဒွါရတစ်ခုမှာ ၅ ခု ၅ ခု ရှိတယ် ဟုတ်လား ဒွါရတစ်ခုမှာ ၅ ခု ၅ ခု ရှိတယ် ဒွါရ ၆ ခုဆိုတော့ အားလုံး ၃၀ ဖြစ်သွားတယ်။ အဲ့ဒါကို ရှုမှတ်ဖို့ပဲ။
အဲ့တော့ ရှုမှတ်ဆိုတာ အကုန်လုံးမှတ်ရမှာ မဟုတ်ဘူး ဆိုပါစို့ မျက်စိက အဆင်းအာရုံတစ်ခုကို မြင်လိုက်တယ်။ မျက်စိနဲ့အဆင်းနဲ့တွေ့ဆုံတယ် နော် ဆုံလိုက်တဲ့အခါမှာ မျက်စိက ကောင်းတယ် ပေါ်လာတဲ့ ရုပ်ကလေးက မျက်စိမှာ လာထင်ဟပ်တယ်။ထင်ဟပ်လို့မြင်တယ်ဆိုတာ ဖြစ်တယ် အဲ့တော့ မျက်စိကလည်းပဲ ပုံမှန်ဖြစ်တယ် အဆင်းဟာလည်းပဲ လာထင်တယ် အဲ့ဒီနှစ်ခု ထင်လိုက်တဲ့အခါကျ မြင်သည့်စိတ်က ဘွားကနဲ့ပေါ်လာတယ် နဂိုက ရှိတာမဟုတ်ဘူး မျက်စိကတော့ ရှိနေတာ သေချာတယ် အဆင်းအာရုံကလည်း ရှိနေတယ် ရှိနေတယ်လို့ ပြောနိုင်တယ်ပေါ့နော် သူလည်းရှိတယ်ဆိုတဲ့ ဖြစ်စဉ်အနေနဲ့ ရှိနေတယ် အဲ့တော့ စိတ်ဆိုတာတော့ ရှိတာမဟုတ်ဘူး စက္ခုဝိဉာဏ်စိတ်က ရှိတာ မဟုတ်ဘူး။ မျက်စိနဲ့အဆင်အာရုံ ကိုက်လိုက်တဲ့အခါမှာ မြင်သိစိတ်တွေ ပေါ်လာတယ်။
မြင်သည့်စိတ်ပေါ်လာတဲ့အခါမှာ ဖဿ ရယ် စိတ်ခံစားချက်ဝေဒနာတွေေပေါ်လာတယ်၊ ဒါဘယ်သူဖြစ်ဖြစ် ဘုရားဖြစ်ဖြစ် ရဟန္တာ ပဲဖြစ်ဖြစ် ဒီစိတ် ၅မျိုးပေါ်တယ် သဘာဝတရား ၅မျိုး အဲ့ဒီ ၅မျိုးထဲမှာ မျက်စိ နဲ့ အဆင်းက ရုပ်တရား။မြင်သိစိတ်က နာမ်တရား။ ဖဿကလည်း နာမ်တရား ဝေဒနာကလည်း နာမ်တရား ရုပ်နဲ့နာမ် ၂ ခုတည်းပဲရှိတယ် အဲ့ဒီမှာဘုန်းကြီးတို့တတွေက ဘာသွားတွေ့တုန်းဆိုတော့ သွားမြင်တဲ့ ရုပ်မှာ သူမြင်တယ်၊ ငါမြင်တယ် ဖြစ်သွားတယ်။အဲ့တော့ ငါဆိုတာ ဘယ်သူ ခေါ်တာလဲ စက္ခုမျက်စိကို ခေါ်တာလား၊အဆင်းကိုခေါ်တာလား၊နော် မြင်သိစိတ်ကို ခေါ်တာလား၊ ဖဿခေါ်တာလား ဝေဒနာခေါ်တာလားဆိုတာ ဘယ်ဟာမှမဟုတ်ဘူး အဲ့တာ သဘာဝတရားတွေသာဖြစ်တယ်။ ဒီသဘာဝတရား၅ခုဆောက်ထားတာကိုပဲ မြင်တယ်လို့ပြောတာ ငါမြင်တာမဟုတ်ဘူး ရုပ်တရားနာမ်တရားတွေရဲ့ အဖြစ်အပျက် သာဖြစ်တယ်။ ဒိဌေဒိဌမတ္တံ ဆိုတာ အဲ့ဒါကို ပြောတာ ကိုယ်မြင်တဲ့အချိန်လေးမှာာ ဒီထဲမှာသတ္တဝါဆိုတာ မပါဘူး။ ဒီတရား ၅ ခုမှတပါး ဘာမှမရှိဘူး မြင်တယ်ဆိုတဲ့အခိုက်လေးမှာ အဲ့ဒီတရား ၅ ခုဖြစ်တာ သိနေအောင်လုပ်ဖို့လိုတယ် သတ္တဝါမဟုတ်ဘူး သတ္တဝါဆိုတာ ဖျောက်ရမယ်။သတ္တဝါမရှိဘူး ဒီထဲမှာ။
အဲ့ထဲမယ် မျက်စိကိုလည်း ငါခေါ်တာမဟုတ်ဘူး။ အဆင်းကိုလည်း ငါခေါ်တာမဟုတ်ဘူး။ မြင်သိစိတ်ကိုလည်း ငါမဟုတ်ဘူး။ လူတွေစွဲတာက မြင်သိစိတ်ကို စွဲပြီးတော့ ငါလို့ ပြောနေတာ။အဲ့ဒီ မြင်သိစိတ်က ငါမဟုတ်ဘူး။ စိတ်ပဲလေ ဖဿကလည်း ငါမဟုတ်ဘူး ဝေဒနာကလည်း ငါမဟုတ်ဘူး ဘယ်ဟာမှ ငါမဟုတ်ဘူး ရုပ်နဲ့နာမ် သဘာဝတရားဖြစ်တယ်။ မျက်စိမရှိဘူးဆို မြင်တာမဖြစ်ဘူး နော် စက္ခုဝိဉာဏ်စိတ်ကိုမဖြစ်တာ အဲ့တော့ ငါအခုရှိနေတာကို လူတွေက ရှိတယ်ထင်တာ သတ္တဝါတော့ရှိနေတာပဲ ဒါပေမယ့် မျက်စိထဲမှာ မြင်သေးလား မမြင်တော့ဘူး အဲ့တော့ကို ငါတို့ သတ္တဝါလို့ထင်နေတာဟာ အမှန်မြင်တာမဟုတ်ဘူး အမှားမြင်နေတာလို့ခေါ်တယ် အဲ့တော့ဘယ်နေရာဖြစ်ဖြစ် ကိုယ်မျက်စိကမြင်နိုင်ရင် ဒီတရား ၅ခုဖြစ်တယ်လို့မှတ်ထား အဲ့တော့ မထင်ရှား ထင်ရှားအောင်…စဉ်းစားပြီးေတာ့ ရှုမှတ်ပါ။
အဲ့ဒါ ဝိပသနာပဲ ဟိုး အနိစ္စ ဒုက္ခ အနတ္တတွေမလုပ်နဲ့ဦး ဒါအရင်လုပ် နော် ဒါအရင်လုပ်ရမယ် ဒါကိုသတ္တဝါပျောက်သွားတဲ့ထိအောင် သတ္တသညာ ပျောက်တယ်လို့ခေါ်တယ် ငါ ဘယ်သူဆိုတဲ့ မှားနေတဲ့အတွေးတွေပျောက်အောင်လုပ် မြင်တယ်ဆိုတာ ဒီတရား၅ခုဖြစ်တာ ဟုတ်လား ငါလည်းမဟုတ်ဘူး မြင်တဲ့သူလည်းမရှိဘူး ဒီသဘာဝတရား ၅ခု ၅ခုကလည်း ပေါင်းစပ်ထားလို့ဖြစ်တယ် ၁ခုတည်းမြင်တာမဟုတ်ဘူး အဲ့တော့ မျက်လုံးကိုလည်း ငါလို့ပြောလို့မရဘူး အဆင်းအာရုံကိုလည်း ငါလို့ပြောလို့မရဘူး မြင်သည့်စိတ်ကိုလည်း ငါလို့ပြောလို့မရဘူး မှတ်ထားတဲ့အာရုံလည်းငါလို့ပြောလို့မရဘူး ဝေဒနာကိုလည်း ငါလို့ပြောလို့မရဘူး သူတို့ ၅ခုပေါင်းမှ မြင်တယ်ဆိုတာဖြစ်တာ ဟုတ်တယ်မလား ၁ခု မရှိရင် မဖြစ်ဘူး အဲ့တော့ ငါဆိုတာသည် မြင်တယ်ဆိုတဲ့ကိစ္စအား ဒီသဘာဝတရား ၅ခု ဘယ်သူ့ကို နာမည်တပ်မလဲ တပ်လို့မရဘူး ၅ခုထဲက ၁ခု မပါရင် မရဘူး။
ဥပမာ ကားပြေးနေတာကို လူတွေက ပြောကြတယ် Driver က ကားမောင်းတာလို့ပြောတယ် သေချာစဉ်းစားကြည့်လိုက်လို့ရှိရင် Driver လုပ်နိုင်တာက စတီယာယင်ကိုင်တာနဲ့ စက်နှိုးတာပဲ ရှိတယ် နော် ဟုတ်လား။သူက ဓာတ်ဆီမရှိရင် မောင်းလို့ရမလား သူမောင်းလို့မရဘူး ။ ဘက်ထရီအိုးမရှိရင် ဘီးကျွတ်နေရင်ရော ဝါယာလေးတစ်ချောင်းပြုတ်နေရင်တောင် သူ့မောင်းလို့မရဘူးလေ အဲ့ဒါတွေအားလုံးဟာ တညီတည်းရှိနေမှ ကားကပြေးတာ ဘယ်သူ့ရဲ့အစွမ်းမှမဟုတ်ဘူး အားလုံးရဲ့အစွမ်းလို့ခေါ်တယ် ဟုတ်တယ်မလား။
အခုလည်းပဲ မြင်တယ် ဆိုတာ ဒီ၅ခုရဲ့ အစွမ်းပဲ။ဒီထဲမှာ သတ္တဝါဆိုတာ မပါဘူး မျက်စိနှုတ်လိုက်ရင်လည်း မဖြစ်တော့ဘူး နော် အဆင်းအာရုံကလာမထင်ဘူးဆိုလည်း မဖြစ်ဘူး
မြင်သည့်စိတ် မရှိဘူးဆိုလည်း မဖြစ်ဘူး အဲ့တာတွေက သူ့အကြောင်းနဲ့သူ ဆက်ပြီးတော့ ပေါ်လာတာတွေပဲဖြစ်တယ်။ အဲ့ဒါကို မြင်မှ ဒိဌိဝိသုဒ္ဓိဆိုတာဖြစ်တယ် ဒိဌိဝိသုဒ္ဓိဆိုတာ နာမရူပါနံ ရဌာဝဒဿနာ ဒိဌိဝိသုတဒ္ဓိနာမံ အဲ့တော့ ဒီရုပ်တွေ နာမ်တွေ သတ္တဝါမပါတော့ဘူး နာမ်နဲ့ရုပ်ကိုပဲ သိတာ တကယ်ဖြစ်တဲ့ ရုပ်နာမ်ကိုသိတာကိုက ဒိဌိ ဝိသုဒ္ဓိလို့ခေါ်တယ် အဲ နို့မို့ဆိုရင် ဒီတိုင်း တရားအားထုတ်နေရင် ဒိဌိဝိသုဒ္ဓိတောင် ဖြစ်ဖို့မလွယ်ဘူး ငါတရားထိုင်နေတာ ငါသမာဓိရတယ် ငါဘယ်နနာရီထိုင်နိုင်တယ်ဆိုတဲ့ အတ္တ ငါစွဲစွဲနေရင် မရဘူး ဟုတ်တယ်မလား။
ငါလုပ်တယ် ငါထိုင်တယ် ငါတရားမှတ်နေတယ် ဆိုရင် ဝိပဿနာနဲ့ ဝေးနေပြီ။ အဲ့တော့ သဘာဝတရားတွေဖြစ်နေတယ် ဆိုတာ သိကို သိရမယ်။
အဲ့ဒီမှာ အကြောင်းတရားမှာ ဆက်ပြီးတော့ သိတဲ့ခါ မျက်စိဆိုတာ ကံကြောင့်ဖြစ်တာ၊ကံပေးလို့ရတာ အဆင်းအာရုံဆိုတာဟာ အကြောင်းလေးပါးကြောင့်ဖြစ်တာ။ မြင်သိစိတ်ဆိုတာ ဒီနှစ်ခု စုံလို့ဖြစ်တာ။အကြောင်းတရားကြောင့် ဒီနှစ်ခု မစုံမချင်း မြင်သည့်စိတ် ဖြစ်ကို မဖြစ်ဘူး မျက်စိနဲ့အဆင်းစုံလို့ဖြစ်တာ
အတ္တဆိုတာ မြင်သည့်စိတ်ဖြစ်လို့ဖြစ်တာ။ ဝေဒနာဆိုတာ ဘာဖြစ်လို့ဖြစ်တာလို့ ဒီအချိန်မှာပဲ သိလိုက်ရတာ နဲ့ တစ်ပြိုင်နက် ပစ္စယပရိဂ္ဂဟ ဉာဏ် ကိုရတယ် ဟုတ်တယ်မလား ။မြင်သည့်စိတ်နဲ့ သူ့ဟာသူပေါ်လာတာလားဆိုတော့ မဟုတ်ဘူး မျက်စိနဲ့ အဆင်း ဆုံလို့ပေါ်တာ။ စည်ကိုလက်နဲ့တီးလိုက်တဲ့အခါမှာ စည်နဲ့ လက်နဲ့ ထိသွားလို့ စည်သံထွက်လာတာ ၊ စည် မျက်နှာပြင်ကြီးပဲထားရင်လည်း အသံမထွက်ဘူး၊ လက်ကြီးပဲထားရင်လည်း အသံမထွက်ဘူး ။ နှစ်ခုပေါင်းလိုက်တဲ့ အခိုက်လေးမှာ အသံထွက်တယ် ။ အဲ့ဒါလိုပဲ မြင်သိစိတ်တွေက မျက်စိနဲ့ အဆင်းစုံလိုက်တဲ့ အခိုက်တွေမှာ ထိတယ် ။ ပြီးရင်ပျောက်သွားတယ်၊
စိတ်ဆိုတာလည်း တစ်ခဏလေးပဲဖြစ်တယ် ဖဿလည်းထို့အတူပဲ ဝေဒနာလည်း ထို့အတူပဲ။ အဲ့တော့ မြင်တဲ့ အခိုက်တန့်မှာ ဒီ ၅ မျိုးကို သတိထား။နားကကြားပြီဆိုလို့ရှိရင်လည်း နားရယ် အသံရယ်၊ကြားသည့်စိတ်ရယ်၊ ဖဿရယ် ၊ ဝေဒနာရယ် ဒီ ၅ ခုပဲနော် ဒါက သုတေသုတမတ္တံ၊
သို့သော် ဘုန်းကြီးတို့ တတွေ က ငါကြားလိုက်တယ် ကြားတဲ့ပေါ်မှာလည်း ငါကြားတယ် အသံကျတော့လည်း ဒါခွေးဟောင်သံ ဒါဘာသံ ညာသံနဲ့ ပြောကြတယ် ဟုတ်တယ်မလား အဲ့တော့ အသံကိုလည်း သူက လိုက်ပြီးတော့ သတ်မှတ်လိုက်တယ် အဲ့တော့ အသံကို အသံလိုပဲထားလိုက်လို့ရှိရင် ဘာသံညာသံမခွဲတော့ဘူး နော် အဲ့တော့ ကြားတယ်ဆိုတာ ငါကြားတာလည်း မဟုတ်ဘူး ဒီ ၅ ခုဖြစ်တာပဲ
အဲ့တော့ ကော်ဖီသောက်ပြီဆိုလို့ရှိရင် သဘာဝတရားဘယ်နှစ်ခုဖြစ်လဲ။ကော်ဖီပဲပြောကြပါစို့ အစာစားရင်လည်း ဒီတိုင်းပဲ နော် သေချာစဉ်းစားကြည့်ရင် ကော်ဖီသောက်တော့မယ် ကော်ဖီလေးဖျော်နေတုန်း ကော်ဖီသောက်တော့မယ်ဆိုရင် ဘယ်ဟာကအရင်ဖြစ်သလဲ အနံ့ကအရင်ဖြစ်တယ် ဟုတ်လား အဲ့ဒီအနံ့က နှာခေါင်းက တိုက်တဲ့အခါကျတော့ အနံ့သိတဲ့စိတ်ဖြစ်တယ် ပြီးတဲ့ခါ ပါးစပ်ထဲထည့်တဲ့ ဝေဒနာဖြစ်တယ် ဒါပါးစပ်ထဲမရောက်သေးဘူးနော် အနံ့သိပြီးတော့ တရားသဘော ဖြစ်လာတယ် နောက်တခါ ကော်ဖီကို ပါးစပ်ထဲထည့်ပြီးတော့ တစ်ကျိုက်လောက်သောက်လိုက်တယ်ဆိုရင် ဘာဖြစ်မလဲ ပူတာ အေးတာ အထိအတွေ့ကို သိတာဖြစ်တော့ ပူတယ်အေးတယ်လို့သိတာက အဲ့ဒါ ကာယပဿဒ နဲ့ ဖောဋ္ဌဗ္ဗရုံ နဲ့ဆုံတာဖြစ်တယ် ပြီးတော့မှသာ….ဒီဖြစ်စဉ်ဖြစ်တာဖြစ်တာ .
ဟော နံသည့်စိတ်ဖြစ်တာက သုတ် ၅ခု၊ ထိသိစိတ်ဖြစ််တာက ၅ခု။ ၁၀ ခုဖြစ်သွားပြီနော် သောက်လိုက်ပြီဆိုတော့မှ ဟာ ကော်ဖီတွေက ခါးလိုက်တာ သို့မဟုတ် ကော်ဖီတွေက စိမ့်တယ် ကော်ဖီက ချိုတယ်ဆိုတာ လာတယ် အဲ့ဒါကျ ဘာတုန်း ဇီဝပဿာဒရယ် အရသာရယ် အဲ့တော့ အရသာသိတဲ့စိတ်ရယ် ဖဿရယ် ဝေဒနာရယ်၊
အဲ့ဒါ ဝိပသနာတရားဆိုတာ ရိုးရိုးရှင်းရှင်းလေး ဒါ ချပြတာမဟုတ်ဘူး ဒါတွေမသိဘဲလုပ်နေလို့ သိအောင် လုပ်ရမယ်၊ အဲ့ဒီက ၅ ခုဖြစ်တယ် ဖြစ်မသွားဘူးလား အဲ့တော့ ၅ ခု ပေါင်းလိုက်တဲ့အခါကော်ဖီသောက်တဲ့အခါ သဘာဝတရားက ဘယ်နှခုဖြစ်သွားလဲ ၁၅ ခုဖြစ်သွားတယ်
အဲ့ဒါကို မုတေမုတမတ္တံ လို့ မြတ်စွာဘုရားဟောတာ မု လို့ဟောခိုင်းတာ တလုံးတည်းနဲ့သုံး မျက်စိမြင်တာကျတော့ ဒိဌေဒိဌမတ္တံ၊ နားက ကြားတာကျတော့ သုတေသုတမတ္တံ။
ခုနကအစားစားတာရယ် နောက်ပြီး အဲ့ဒါနဲ့ပတ်သတ်တဲ့အခါကျတော့ မုတေမုတမတ္တံ အနံ့ရယ် အရသာရယ် အထိအတွေ့ရယ် အဲ့ဒီ ၃ ခုပေါ့ အဲ့တော့ စားတိုင်းစားတိုင်းမှာဒီတရားတွေဖြစ်တယ်လို့ စိတ်ထဲမှာ သေချာကွဲကွဲပြားပြားသိအောင်လုပ်ဖို့ လှုံ့ဆော်ထားတယ် ဒါတွေဖြစ်တယ်ဆိုတာ ပထမသိထားရမှာ၊ သိထားပြီးတော့ ကိုယ့်ဉာဏ်ထဲမှာ တွေ့အောင်ရှာ ဟုတ်တာမဟုတ်တာ တွေ့အောင်ရှာ နော် ခုကိုယ့်ကိုယ်ကို စဉ်းစားကြည့်ရင် ကော်ဖီသောက်ပြီဆိုရင် အနံ့ကအရင်သိတယ်ဆိုရင် ဒါသိတာပဲ ပြီးတော့မှ ပူတယ်အေးတယ် သိတယ် အဲ့ဒါတွေက ဇီဝနဲ့မဆိုင်သေးဘူး နော် အနံ့သိတာက ဃာနနဲ့ နှာခေါင်းနဲ့ဆိုင်တယ်။ပူတယ်အေးတယ်သိတာက ကာယနဲ့ဆိုင်တယ်။ပြီးတော့မှ ချိုတယ်ခါးတယ်သိတာက ဇီဝပဿာဒ နဲ့ဆိုင်တယ်။ အဲ့ဒါကို ဘုရားက မုတေမုတမတ္တံ လို့ ခေါ်လိုက်တာ နော် ဖြစ်စဉ်နဲ့ပြောမယ်ဆိုရင် ပထမ၊
ကျန်တဲ့အစာတွေစားလည်း ဒီတိုင်းပါပဲ ဟင်းရည်သောက်တယ်ဆိုရင် ဟင်းရဲ့အနံ့ကအရင်သိတာပဲ ထမင်းက စားတာ ပုံမှန်ပဲ အနံ့ကအရင်သိတာ ဟုတ်တယ်မလား အဲ့တော့ စားတော့မယ်ဆို အနံ့ကအရင်သိတာ ဒူးရင်းသီးတို့ဆို ပိုမဆိုးဘူးလား ဒူးရင်းသီးအနံ့ကအရင်ရတယ် ပြီးတော့မှ ထိတယ် ပြီးတော့မှ အရသာ။
တရား ၁၅ မျိုး ဖြစ်တယ် နောက် စိတ်ထဲဖြစ်တာရော မနဆိုတဲ့ ဘဝင်စိတ်နဲ့ အဝွန်းဇန်း ရယ် စိတ်ကူးတဲ့အာရုံရယ် ပေါင်းစပ်လိုက်တဲ့အခါမှာ တွေးသိစိတ် ဖြစ်တယ် ဖဿဖြစ်တယ် ဝေဒနာ ဖြစ်တယ် ဒီ ငါးခုဖြစ်လာတယ်၊
ဒါကတော့ ဒီမျက်စိ၊နား၊လျှာ၊ကာယ မပါဘဲနဲ့ သက်သက်တွေးနေတာ နော်
ဆဆက္ကသုတ်ဆိုတာ ဝိပသနာရှုဖို့ ဟောကြားတဲ့သုတ်။အဲ့တော့ မျက်စိကမြင်တိုင်း မြင်တိုင်း နားက ကြားတိုင်း ကြားတိုင်း အနံ့ရယ် အရသာရယ် အထိအတွေ့ရယ် ကြုံတိုင်း ကြုံတိုင်း၊ အစာ စားတိုင်း စားတိုင်း ၊နောက်တခါ စိတ်ကူးတိုင်း စိတ်ကူးတိုင်း အားလုံးပေါင်းလိုက်တဲ့အခါမှာ တရား ၃၀၊ အဲ့ဒါကို သိပြီဆိုရင် ဘယ်လိုသိရမတုန်းဆို ဒီတရား ၃၀ ဖြစ်တာပဲရှိမယ်။
အဲ့ဒီ့ထဲမယ် ငါသိတာ ငါကြားတာ ငါမြင်တာ ငါအနံ့ရတာ မဟုတ်ဘူး။ ငါတွေးတာလည်း မဟုတ်ဘူး။ ဒီသဘာဝတရားတွေဖြစ်ခြင်းင်းမျှသာ ဖြစ်တယ် ဒီထဲမှာ ငါဆိုတာမပါတော့ဘူး ငါဆိုတာ သတ္တဝါကိုပြောတာနော် ငါဆိုတာမပါဘူး။ ပြုလုပ်တာလည်းမရှိဘူး ဒီ ၅ ခုပေါင်းစပ်တာပဲလေ ဘယ်သူလုပ်တာတုန်း သူတို့ပဲ အဲ့တော့ ငါလုပ်တာမရှိဘူး နော်
ငါလုပ်တာမရှိဘူးဆိုတာကြည့် Covid တုန်းက အနံ့ပျောက်နေတဲ့သူက နှာခေါင်းက ရှုလို့ရသေးလား။ မရတော့ဘူး။အဲ့တော့ ငါမှမဟုတ်တာ သူ့သဘာဝတရားတွေဖြစ်တာပဲလေ။ သဘာဝတရားသက်သက်ဖြစ်နေတာအဲ့ဒါတွေကို ဆင်ခြင်ပြီးတော့ ဝိပဿနာရှုတယ်ဆိုတာ contemplation ဆိုတာ သတိရယ် ၊ သမ္ပဇဉ် ရယ် အဲ့ နှစ်ခုနဲ့ ကြည့်တာ နော်၊ သတိ သမ္ပဇဉ်က သိအောင်ကြိုးစားတာကသမာဝါယမ။ ဒီအာရုံနဲ့ဆိုင်တဲ့ ဒဲ့ဆုံပေးနေတာက သတိ၊ အမှန် သိတာက ပညာ၊ အဲ့တော့ ကြိုးစားတာက သမာဝါယာမ၊အာရုံနဲဆိုင်တဲ့ ဆုံပေးနေတာ သမ္မာသတိ ၊ အမှန်သိတာက သမ္မာဒိဌိ
ဒီ ၃ ခုဟာ အလုပ်လုပ်နေတာ။
ဒီ ၃ ခုပဲ အလုပ်လုပ်နေတာ ဒါဖြင့် သမာဓိတို့ စိတ်ကူးနေတာတွေ မပါဘူးလာဆိုတော့ ပါတယ်။ တစ်ခုက ဦးဆောင်နေရင် နောက်ကဟာတွေက ပါလာတယ်။ တကယ်ထင်ရှားတာ ဒီ ၃ ခုလို့ မှတ်ထား အလုပ်လုပ်တာ မဂ္ဂင်ရှစ်ပါးထဲက ဒီ ၃ ခုကအဓိက လုပ်တာ။ မဂ္ဂင်ရှစ်ပါးထဲမှာဒီ သမ္မာဒိဌိ၊သမ္မာသင်္က္ကပ၊ သမ္မာဝါယာမ၊သမ္မာသတိ၊သမ္မာသမာဓိ ဒီ ၅ ခုပဲ။ အဲ့ဒါကို အလုပ်လုပ်တဲ့ မဂ္ဂင် ၅ ပါးလို့ခေါ်တယ်။ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ တို့က သီလပိုင်း သူတို့က support လုပ်ပေးတာ၊ အခြေခံလုပ်ပေးတာဖြစ်တယ် ဒီထဲမယ် သူတို့ပါဝင်လုပ်ပေးတာမရှိဘူး၊
လုပ်နေတာ ဒီ ၅ ခုပဲ အဲ့ဒီ ၅ ခုက ဝိပသနာရှုနေတယ်လို့ ပြောတာ၊ ဝိပသနာရှုတယ်ဆိုတာ ငါရှုတာ မဟုတ်ဘူး ဒီ ၅ ခု ဖြစ်တာ။ အဲ့ဒါ ၅ ခုမဖြစ်ဘဲနဲ့ ငါရှုနေတယ်ဆိုရင် ဝိပဿနာ မဟုတ်တော့ဘူး။ ငါ တရား အားထုတ်နေတယ်ဆိုရင် ဝိပဿနာ မဟုတ်တော့ဘူး။ သတ္တဝါက အားထုတ်တာ မဟုတ်ဘူး။ ဒီ ၅ ခုက အားထုတ်တာ ဒီတရား ၅ ခု ဖြစ်လေခြင်းသာ ဖြစ်တယ်။အဲ့ဒီထဲမှာ သတ္တဝါဆိုတာ လုံးဝ မပါဘူး။ သေချာအောင် ကိုယ့်ကိုကိုယ်စစ်ဆေးကြည့်ရှု့နေတာ အဲ့ဒါကို တရားအားထုတ်နေတယ်လို့ခေါ်တယ်။ မသေချာသေးရင် ထပ်ကြည့်၊ သေချာပြီဆိုအောင်ကြည့်။ ဒီထဲမှာ သတ္တဝါပျောက်သွားပါစေ ဒီ တရား ၅ မျိုးက လွဲပြီး သတ္တဝါဆိုတာ မရှိဘူး။
အဲ့ဒါ မြင်အောင်ကြည့်မှ ဝိပဿနာရဲ့အခြေခံဖြစ်မယ် နော်။ဒါမှ ဝိပဿနာရဲ့ foundation လို့ခေါ်တာ အဲ့တာက နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ဒီဉာဏ်နှစ်ခုပဲရှိမယ်
နောက်ပြီးတော့မှ တဆင့်တက်တဲ့အခါကျတော့ အဲ့ဒီ မျက်စိအဆင်း စက္ခုဝိဉာဏ်စိတ် မျက်စိကလည်း မမြဲဘူး။အဆင်းကလည်း မမြဲဘူး။ မမြဲတာ ၂ ခုကြောင့်ပေါက်ဖွားလာတဲ့ မြင်သိစိတ်တွေကလည်း မမြဲဘူး။ မမြဲတဲ့စက္ခုဝိဉာဏ်စိတ်ကို အကြောင်းပြုပြီးအပေါ်လာတဲ့ ဖဿကလည်း မမြဲဘူး။ဖဿမမြဲရင် ဖဿကြောင့်ဖြစ်တဲ့ ဝေဒနာကလည်း မမြဲဘူး။
ဥပမာ ဘာနဲ့တူတုန်းဆိုတော့ သေတတ်တဲ့အမေကမွေးတဲ့ဟာ သေမှာပဲ။ ကိုယ့်ရဲ့အမေ အဖေကိုက သေရမှာမဟုတ်လား။ အဲ့တော့ ကိုယ်က မမြဲတဲ့အရာ ကြောင့် ဖြစ်လာတဲ့အရာတစ်ခုသည် ဘယ်မှာမြဲမလဲ။ မမြဲတဲ့အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးတရားဟာ ဘယ်မှာ မြဲပါ့မလဲတဲ့ ။ရှင်းရှင်းလေး တွေးခိုင်းထားတာ ဒါ စဉ်းစားကြည့်လိုက် ဒါအသိဉာဏ်ပဲ။ မျက်စိကလည်း မမြဲဘူး အဆင်းကလည်း မမြဲဘူး မမြဲတာတစ်ခုကို အကြောင်းပြုပြီးဖြစ်လာတဲ့ မြင်သည့်စိတ်ဟာ ဘယ်လိုလုပ်မြဲမှာလဲ မြင်သည့်စိတ်ကြောင့်ဖြစ်လာတဲ့ ဖဿက ဘယ်လိုလုပ်မြဲမှာလဲ ဖဿပစ္စယာဝေဒနာ ဖဿကြောင့်ဖြစ်လာတဲ့ ဝေဒနာ ဘယ်လိုလုပ်မြဲမှာလဲ မမြဲဘူးလို့ ဆိုတာကို တဆင့်တက်လာတော့မှ အဲ့ဒါ ဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားတာ။
အဲ့ဒီတော့ အရေးကြီးဆုံးက ကမ္မဌာန်းထိုင်နေပြီ ဝိပဿနာတရားထိုင်နေပြီဆိုရင်သမာဓိ ရဖို့ထက် ဒီတရားတွေကို သိဖို့က လိုတယ် ။ ဓာတ်ကမ္မဌာန်းအားထုတ်တယ်ဆိုတာ မြတ်စွာဘုရားက နွားသတ်သမားနဲ့ ဥပမာပေးထားတယ် ။ နွားဆိုတဲ့ အမှတ်သညာပျောက်အောင် အားထုတ်ရမှာ
ဓာတ်ကြီးလေးပါး အပေါ်မှာပဲ စိတ်ရောက်သွားပြီး နွားပျောက်သွားသလို ခန္ဓာက လူ့ရဲ့ရုပ်ရည် ပုံသဏ္ဍာန်ပျောက်သွားပြီး တော့ ကပ်ကြီးလေးပါးပဲ မြင်နေမှာ အဲ့ဒီကျမှ တရားဖြစ်မှာ ။ ဓာတုကမ္မဌာန်းမှာ အဲ့လို ဟောထားတာ မြတ်စွာဘုရားက ။ မဟာသတိပဌာနသုတ် မှာလည်း အဲ့တိုင်းပဲ။
အဲ့ဒါကြောင့်မို့လို ဝိပသနာတရားအားထုတ်ပြီဆိုလို့ရှိရင် အဲ့တော့ မြင်ခိုက် ကမ္မဌာန်းရှု့၊ ကြားခိုက် ကမ္မဌာန်းရှု့၊မြင်နေတဲ့အချိန်မှာ မြင်တာနဲ့ရှု့ ၊ ကြားတဲ့ချိန်မှာကြားတာနဲ့ ရှု့၊ အနံ့ရတဲ့အချိန်မှာ အနံ့ရတာနဲ့ရှု့၊ အရသာသိရင် အရသာသိတာနဲ့ရှု့၊ သူ့နေရာလေးနဲ့သူ ရှု့ မြင်တယ်နေတာကို မရှု့ဘဲနဲ့ ကြားတာသွားရှု့မနေနဲ့ ။ ဒီကတစ်ခုသိ နောက်တစ်ခု သိ နောက်တစ်ခု သိမယ်။အခိုက်တန့်လေးတွေ အခိုက်အတန့်လေးတွေ ဖြစ်ဖြစ်သွားတာကို သိအောင် ရှုတာ အဲ့ဒါ ဝိပဿနာပဲ နော်။
အဲ့ဒါကျမှ ဝိပဿနာလမ်းကြောင်းပေါ်ကို ပထမက သတ္တဝါဆိုတာ ဖျောက်ရမယ်။ သတ္တဝါဆိုတာမရှိဘူး တရားသက်သက်သာ ဖြစ်တယ် လို့သိရမယ်။ ဝေဒနာနုပဿနာကို ရှု့ရင်လည်းဒီတိုင်းပဲ အဲ့ဒါကို ထပ်ချဲ့တဲ့အခါမှာ မြင်သိစိတ်ကို ရှု့မယ်ဆိုရင် စိတ္တ နုပဿနာဖြစ်တယ်။ ဖဿ ကို ရှုမယ်ဆိုရင် သို့မဟုတ် စက္ခုနဲ့အဆင်းအာရုံကို ရှုမယ်ဆိုလို့ရှိရင် ဓမ္မာနုပဿနာ ဖြစ်မယ် ။ဝေဒနာကို ရှုရင် ဝေဒနာ နုပဿနာဖြစ်မယ်။ ထပ်ခွဲထားတာ ဘုရားက အားလုံးက ဒါပဲ။ ဒီထဲကပဲ။ သတိပဌာန်တရား ၄ ပါးကဒီထဲက ကိုယ့်ဘက်ကို အာရုံစိုက်တာပဲ။ ဝေဒနာကို အာရုံစိုက်ပြီဆိုရင် ဒီ ၅ခုထဲက ဝေဒနာကို အာရုံစိုက်တာပဲနော်၊ ထပ်ခွဲတာ။အဲ့တော့ ဝိပသနာတရားအားထုတ်ပြီဆိုလို့ရှိရင် အဓိကအချက်ကတော့ သတ္တသညာလို့ခေါ်တဲ့ သတ္တဝါဆိုတဲ့ အထင်ကြီးကို ပျောက်အောင်အရင်ဖျောက်ပါ။ တရားပဲတွေ့အောင် မြင်ကြည့်ပါ။ကြည့်ပြီးတော့မှ မမြဲတဲ့သဘောကို ဆင်ခြင်သုံးသပ်ပါ။အဲ့ဒါတွေကို မှတ်ထားရင် ဒါ လမ်းကြောင်းပေါ်ရောက်သွားမှာ ။ နောက်ဉာဏ်စဉ် အဆင့်ဆင့် တက်တာက သူ့ပါသူတက်သွားမှာ။ အဲ့ဒါကြောင့်မို့ မြတ်စွာဘုရားဟောကြားတဲ့တရားကို မှတ်သားပြီး ကြိုးစားလိုက်နာကြပါစေကုန်သတည်း။
Transcript By STA, Seesar
Click here to claim your Sponsored Listing.
Category
Website
Address
Insein