Second Books

Second Books

Share

02/08/2022

ကြားနေလူတန်းစား များလာရင်
နိုင်ငံမတိုးတက်တော့ဘူး...

- ဦးသန့်

31/07/2022

🌻ဘာသာပြန်စာပေကို ဘာကြောင့် ဖတ်သင့်သလဲ🌻

ဘာသာပြန်စာအုပ်လေးတွေကို ဖတ်ရတာ နှစ်သက်သလား။ ကိုယ်ဖတ်ဖူးရင်လည်း ဘာကြောင့် ဖတ်မိတာလဲလို့စဉ်းစားဖူးလား။ ဆက်ဖတ်ကြည့်ပါနော်...

၁. မတူညီသောခြားနားချက်များ

ဘာသာပြန်စာပေတွေကို ဖတ်ရှုကြည့်တိုင်း တိုင်းတစ်ပါးနိုင်ငံတွေရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေလေးတွေကို ဝတ္ထုထဲမှာပါတဲ့ သရုပ်ဆောင်တွေမှတစ်ဆင့် ဖော်ပြလေ့ရှိပါတယ်။

“အင်နာကာရန်နီနာ” စာအုပ်ကို ဖတ်ကြည့်မယ်ဆိုရင် ရှရှားနိုင်ငံရဲ့ ၁၈၀၀ ပတ်ဝန်းကျင်လောက်က လူမျိုးရေးခွဲခြားပုံတွေ၊ ဆင်းရဲ ချမ်းသာ လူနေမှုအဆင့်အတန်းတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ နဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေအပေါ်မှာ အမျိုးသမီးတွေမှာသာ ပိုပြီး အပြစ်ရှိတယ်ဆိုတဲ့ အယူအဆတွေကို ထင်ဟပ်နေမှာပါ။ ဒီလိုပါပဲ။ ခြားနားမှုတွေထဲမှာ အတွေးအခေါ်ပိုင်းတွေ၊ အယူအဆပိုင်းတွေနဲ့ လူနေမှုပုံစံလေးတွေလည်း ပါဝင်ပါသေးတယ်။

ဥပမာအားဖြင့် အင်္ဂလိပ်ဝတ္ထုတွေကို ကြည့်မယ်ဆိုရင် ၁၆၀၀ခုနစ် ကနေ ၁၉၀၀ခုနစ် အတွင်းမှာ အမျိုးသမီးတွေကို အိမ်ထောင်အမြန်ဆုံးပြုဖို့ တိုက်တွန်းချက်ပါဝင်တာတွေကိုသိရှိနိုင်ပါတယ်။ ၁၈၅၀ခုနစ် ကနေ ၁၉၅၀ခုနစ် အတွင်းလောက်မှာလည်း Women Rights အတွက် အထူးကြိုးစားခဲ့ကြတဲ့ ခေတ်ပုံရိပ်တွေကိုလည်း အဲ့ခေတ်တုန်းက ရေးသားခဲ့တဲ့ စာရေးဆရာများဟာဝတ္ထုတွေမှာဖော်ပြပေးခဲ့ပါတယ်။ Feminism ကို အဓိကထားပြီး ရေးသားခဲ့ကြပါတယ်။ ဒီလိုခြားနားမှုတွေကို လေ့လာနိုင်ခြင်းဟာလည်း စာဖတ်သူတို့ကို အမြင်ကျယ်စေတယ်။ သမိုင်းအကြောင်းတွေကိုလည်း သိရှိနိုင်ပါတယ်။

၂. စာပေအမျိုးအစား

စာပေအမျိုးအစား (Genre) တွေကို လေ့လာကြည့်တဲ့အခါမှာ ဘာသာပြန်ဝတ္ထုတွေဟာ အမျိုးအစားတစ်မျိုးတည်းကို အာရုံစူးစိုက်ပြီးရေးသားတာထက် နှစ်မျိုးသုံးမျိုးကို ပေါင်းစပ်ပြီး ရေးသားလေ့ရှိပါတယ်။ ဥပမာအားဖြင့် “ကြောင်တွေမရှိတဲ့ ကမ္ဘာ” (If Cats Disappeared from the World” စာအုပ်ဟာ Fantasy/ Drama/ Death တွေပါဝင်ပါတယ်။ တခြားဝတ္ထုတွေကို လေ့လာကြည့်ရင်လည်း အမျိုးအစားနှစ်မျိုးလောက် အနည်းဆုံးပါလေ့ရှိပါတယ်။ တစ်ချို့ အမျိုးအစားလေးတွေဟာဆိုရင် ဆန်းသစ်တာမျိုးတွေပါဝင်ပါတယ်။ Dystopia, Utopia, Speculative Fiction နဲ့ Folklore အစရှိသဖြင့်ပေါ့။ George Orwell ရေးသားခဲ့တဲ့ 1984 and Animal Farm ဟာဆိုရင် Dystopia Fiction အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

၃. အရေးအသား

ဒီအချက်လေးဟာ အရေးကြီးပါတယ်။ ဘာသာပြန်စာပေတွေကိုလေ့လာကြည့်တဲ့အခါ ဘာသာပြန်သူရဲ့ အရေးကြီးဆုံးတာဝန်ဟာ စာရေးဆရာရဲ့ အာဘော်မပျက်ရပါဘူး။ စာရေးဆရာရဲ့ ရေးသားထားတဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးရပါမယ်။ ဒါကြောင့် ဘာသာပြန်တဲ့အခါ စာရေးဆရာရဲ့ ဆိုလိုရင်းကိုလည်း စေ့စေ့စပ်စပ် ဘာသာပြန်ရသလို မြန်မာလူမျိုးများ နားလည်နိုင်အောင်လည်း သင့်တော်တဲ့စကားလုံးတွေနဲ့ရေးသားရပါတယ်။ တစ်ခါတလေ ကိုးကားသင့်တာလေးတွေရှိရင်နောက်ဆုံးစာမျက်နှာမှာ စုစည်း ဖော်ပြပေးရတာမျိုးတွေ ရှိတယ်။ Vocabulary List လေးတွေ ထည့်ပေးရတဲ့ နေရာမျိုးတွေ ရှိတယ်။ ဘာသာပြန်စာပေကို ကြည့်ရင်းပဲ ဘာသာပြန်သူရဲ့ ကျွမ်းကျင်မှုကိုပါ လေ့လာနိုင်ပါတယ်။

၄. မတူညီသော ပုံပြင်ပြောခြင်း

ဘာသာပြန်စာပေများကို ဖတ်တာများလာရင် ပုံပြင်တစ်ပုဒ်ကို ပုံစံအမျိုးမျိုးနဲ့ ပြောပြနိုင်တယ်ဆိုတဲ့ အချက်ကို သိသိသာသာမြင်လာပါလိမ့်မယ်။ ဥပမာအားဖြင့် ရွှေဥဒေါင်း ရေးသားခဲ့တဲ့ “ရူပနန္ဒီ” ဝတ္ထုဟာဆိုရင် Adaptation ပုံစံနဲ့ ရေးသားထားခြင်းဖြစ်ပါတယ်။ မူလစာအုပ်ဖြစ်တဲ့ “She” (H.G. Haggard) ရေးသားခဲ့တုန်းက ဝတ္ထုထဲမှာပါဝင်တဲ့ နေရာလေးတွေ ဇာတ်ကောင်လေးတွေကို ဆရာကြီး ရွှေဥဒေါင်းဟာ မြန်မာမှုပြုပြီး ရေးသားထားပါတယ်။

ဘာသာပြန်စာပေများများဖတ်တာကြောင့် ပုံပြင်တစ်ပုဒ်ကိုပဲ ရှုထောင့်အမျိုးမျိုးကနေ မြင်နိုင်တယ်။ ဇာတ်ကောင်တည်ဆောက်ပုံတွေ၊ ဇာတ်လမ်း ပြောပုံတွေ၊ တစ်ဦးတည်းပြောတဲ့ Monologue တွေ၊ ဇာတ်ကောင်တွေပြောတဲ့ Dialogue တွေနဲ့ ထူးခြားတဲ့ ပုံပြင်လေးတွေကို သိရှိနိုင်ပါတယ်။ တစ်နေ့တစ်ချိန်မှာ စာဖတ်သူတို့လည်း စာရေးဆရာတစ်ယောက် အနေနဲ့ ရပ်တည်မယ်ဆိုရင် ဘာသာပြန်စာပေလေးတွေကို လေ့လာထားခြင်းဟာ အသုံးဝင်ပါတယ်။

နိဂုံးချုပ်ပြောရရင်တော့ ဘာသာပြန်စာပေတွေဟာ ရသမျိုးစုံကို ခံစားစေသလို သုတစာပေကောင်းထဲမှာ ပါဝင်ပါတယ်။ မတူညီတဲ့ ရှုထောင့်တွေကို လေ့လာခြင်းအားဖြင့် စာဖတ်သူတို့ရဲ့ လောကအမြင်ကိုပါ သိသိသာသာ ပြောင်းလဲစေတယ်။ ဘာသာပြန်စာပေကို ဖတ်ရှုခြင်းဟာ ကိုယ်နဲ့မတူတဲ့ တခြားသူတို့ရဲ့ လောကကို ထိတွေ့နိုင်တဲ့ အတွေ့အကြုံလေးဖြစ်တာကြောင့် ဒီစာပေတွေကိုလည်း ဖတ်ရှုဖို့ အားပေးတိုက်တွန်းပါတယ်။

P.S. ကိုယ့်ရဲ့ အကြိုက်ဆုံးဘာသာပြန်စာအုပ်လေးရှိရင် ကော်မန့်မှာ Share ပေးခဲ့ပါနော်။

27/07/2022

🌻 မိသားစု စာဖတ်ဝိုင်း 🌻

စာပေကို နှစ်သက်ကြတဲ့ စာဖတ်ပရိသတ်တို့စီမှာ ပြင်းပြတဲ့ဆန္ဒတစ်ခု ရှိတတ်ပါတယ်။ အဲ့ဒါလေးကတော့ ကိုယ်စာဖတ်သလို ကိုယ့်မိသားစုဝင်တွေကိုလည်း စာဖတ်စေချင်တဲ့ဆန္ဒလေးပါ။ ဒီဆန္ဒလေးကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် မိသားစုဝင်အချင်းချင်း အတွေးအခေါ်တွေ အယူအဆတွေကို ဆွေးနွေးဖလှယ်နိုင်ကြမယ်။ ကိုယ့်အမြင် သူ့အမြင်ကို သိမြင်လာလိမ့်မယ်။ အချင်းချင်းနားလည်မှုတွေ ညှိယူုနိုင်လိမ့်မယ်။ ဒါကြောင့် မိသားစု စာဖတ်ဝိုင်းလေးကို ဖန်တီးနိုင်အောင် မင်မင် tips လေးတွေ ရေးပေးထားပါတယ်။ ကိုယ်ပိုင် အတွေးအခေါ်တွေကိုလည်း ကော်မန့်မှာ ဝေမျှပေးကြပါနော်။

၁. စံပြ

မိသားစုထဲမှာ ကိုယ်တစ်ဦးတည်းသား စာဖတ်တဲ့အလေ့အကျင့်လေးရှိတယ်ဆိုရင် စိတ်အားမငယ်ပါနဲ့နော်။ မိသားစုဝင်တွေစီမှာလည်း စာဖတ်ချင်တဲ့စိတ်လေးပေါ်ပေါက်လာဖို့ဆိုရင် ကိုယ်ကိုယ်တိုင်သာ ဥပမာကောင်းအနေနဲ့ လမ်းညွှန်ပေးရမှာပါ။ အဲ့ဒါကြောင့် မိသားစုဝင်တွေကို “စာဖတ်ကြပါ” လို့ ပြောပြတာထက် ကိုယ်ဟာ အမြဲတမ်း သူတို့အရှေ့မှာ စာဖတ်နေပေးဖို့ လိုအပ်ပါတယ်။ စာဖတ်ချိန်တစ်ခုကို သတ်မှတ်ပြီး စာဖတ်ပေးပါ။ တစ်နေ့ကို မိနစ် ၂၀ လောက် သူတို့ရှေ့မှာ စာဖတ်ပေးပါ။ ဒါမှသာ သူတို့ကိုယ်တိုင်လည်း မိမိကိုယ်အတုယူပြီး အလိုလိုစာဖတ်ချင်စိတ်ဟာ တဖြည်းဖြည်း ပေါ်လာပါလိမ့်မယ်။

၂. စာအုပ်စင်

ကိုယ့်မှာ စာအုပ်လေးတွေကို ဝယ်စုတတ်တဲ့အကျင့်လေးရှိတယ်ဆိုရင် ကိုယ့်အခန်းထဲမှာ စာအုပ်စင်လေးရှိတတ်ပါတယ်။ ဒီစာအုပ်စင်လေးကို နေရာရွှေ့ပေးလို့အဆင်ပြေတယ်ဆိုရင် မိသားစုဝင်တွေမြင်နိုင်မယ့် သိသာတဲ့ နေရာတစ်နေရာရာမှာ ရွှေ့ပေးထားကြည့်ပါ။ နောက်တစ်နည်းလေးကတော့ မိသားစုဝင်တွေမြင်နိုင်မယ့် ဘောင်တစ်နေရာရာမှာလည်း စာအုပ်လေးတွေကို စီထားပေးပါ။ ကိုယ့်စာအုပ်စင်လေးကို လှလှပပလေး ထားမယ်ဆိုရင် သူတို့တွေလည်း စိတ်ဝင်စားကြပါမယ်။ သူတို့ရဲ့ ပင်ကိုယ်စိတ်ထဲမှာ စာဖတ်ချင်စိတ်လေး ဖြစ်လာနိုင်ပါတယ်။ စာအုပ်စင်လေးလုပ်ပေးထားပြီးရင်လည်း မိသားစုဝင်တွေကို “စာဖတ်လို့ရတယ်နော်” လို့ ပြောထားပေးဖို့လည်း မမေ့ပါနဲ့။

၃. စာပေ ထမင်းဝိုင်းလေး

မိသားစု ထမင်းဝိုင်းဆိုတာဟာ အရေးကြီးပါတယ်။ အခုခေတ်မှာဆိုရင် ကိုယ့်အလုပ်နဲ့ကိုယ် မအားကြတော့ ထမင်းဝိုင်းမှာသာ မိသားစုဝင်တွေ စုံစုံလင်လင် ရှိနိုင်တာပါ။ ဒီလိုအခွင့်အရေးမျိုးကိုလည်း အသုံးချတတ်ပါစေ။ မိသားစု ထမင်းဝိုင်းလေးမှာ ကိုယ်ဖတ်ထားတဲ့စာအုပ်တွေနဲ့ပတ်သက်ပြီး အကြောင်းတိုက်ဆိုင်မှုရှိတယ်ဆိုရင် ဗဟုသုတလေးတွေကို မျှဝေပေးပါ။ ဥပမာ နည်းပညာနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုနေရင် ကိုယ်ဖတ်ထားတဲ့ နည်းပညာစာအုပ်လေးတွေထဲက ဗဟုသုတလေးတွေကို ပြောပြပေးပါ။ ထမင်းဝိုင်းမဟုတ်ရင်လည်း အကြောင်းတိုက်ဆိုင်မှုတွေရှိတိုင်း နည်းနည်းလေးဖြစ်ဖြစ် ပြောပြပေးပါ။ ကိုယ်ပြောပြပေးတဲ့အကြောင်းအရာလေးတွေဟာ စိတ်ဝင်စားစရာလေးတွေဖြစ်ရင် သူတို့လည်း စာဖတ်ပြီး သိချင်စိတ်ပိုများလာနိုင်ပါတယ်။ စိတ်ဝင်စားမှုလေးတွေတူနေရင် ပိုပြီးရင်းနှီးသွားကြတတ်ပါတယ်။

၄. ပုံပြင်ဖတ်ပေးခြင်း

ကိုယ့်မိသားစုဝင်ထဲမှာ ကလေးလေးတွေရှိတယ်ဆိုရင် ဒီနည်းလေးကို သုံးလို့ရပါတယ်။ ကလေးလေးတွေရဲ့ သဘာဝဟာ စူးစမ်းတတ်တဲ့သဘော၊ မိသားစုဝင်တွေနဲ့ ရင်းရင်းနှီးနှီး နေချင်တဲ့သဘောရှိပါတယ်။ အသစ်အသစ်တွေကို အမြဲတမ်း စိတ်ဝင်စားကြတယ်။ ဒါကြောင့် ကလေးလေးတွေကို စာဖတ်တဲ့အကျင့်လေး ဖန်တီးပေးဖို့ အလွယ်ကူဆုံးပါ။ ညတိုင်း ကလေးလေးတွေကို ၁၅ မိနစ်လေးပဲ ပုံပြင်ဖတ်ပေးပါ။ ဒီ ၁၅ မိနစ်လေးဟာ ကိုယ့်အတွက်တော့ ဘာမှမဟုတ်ပေမယ့် ကလေးလေးတွေအတွက်တော့ တန်ဖိုး အရမ်းရှိပါတယ်။ သူတို့အတွက် Bonding Time လေးပါ။ ကိုယ်ဖတ်ပြပေးတဲ့ ပုံပြင်နဲ့ ကြီးပြင်းလာတဲ့အလျှောက် တချိန်ကျရင် သူတို့ကိုယ်တိုင် စာအုပ်ဝယ်တာမျိုး၊ ကာတွန်းအမြဲဖတ်တာမျိုး၊ ကာတွန်းပုံတွေ ဆွဲတာမျိုး၊ ကိုယ်ပိုင်ပုံပြင်လေးတွေ ပြောပြတာမျိုး၊ စာပေ အမျိုးမျိုးကို ဖတ်တာမျိုးတွေဟာ အလိုလို အကျင့်ရပြီးသားဖြစ်သွားပါမယ်။

၅. လက်ဆောင်ပေးခြင်း

ကိုယ့်မှာ စာဖတ်မိတ်ဆွေတွေရှိရင် စာအုပ်လေးတွေကို လက်ဆောင်ပေးတတ်ကြတယ်။ ထိုနည်းအတိုင်းပါပဲ။ ကိုယ့်မိသားစုဝင်လေးတွေကို စာဖတ်စေချင်ရင် သူတို့မွေးနေ့မှာဖြစ်ဖြစ်၊ သူတို့အတွက် အမှတ်တရဖြစ်စေတဲ့ နေ့ရက်မှာ ဖြစ်ဖြစ် စာအုပ်လက်ဆောင်ပေးကြည့်ပါ။ ကိုယ့်မိသားစုဝင်လေးရဲ့ ကြိုက်နှစ်သက်တဲ့နယ်ပယ်နဲ့ ဆက်စပ်တဲ့ စာအုပ်လေးကို ဝယ်ပေးပါ။ ဥပမာအားဖြင့် သူက အလှအပစိတ်ဝင်စားရင် Skin Care စာအုပ်လေးတွေ ဝယ်ပေးတာမျိုး၊ အင်္ဂလိပ်စာ စိတ်ဝင်စားရင် Short Stories, Novels လေးတွေ ဝယ်ပေးတာမျိုးလေးတွေပါ။ သူ့ရဲ့ စိတ်ဝင်စားတဲ့နယ်ပယ်အကြောင်းတွေကို ဖတ်ရင်း စာဖတ်ချင်စိတ်ပိုပြီးများလာပါလိမ့်မယ်။

နိဂုံးအနေနဲ့ ကိုယ်စာဖတ်သလို ကိုယ့်မိသားစုဝင်တွေကို စာဖတ်စေချင်ရင် ကိုယ့်ဘက်က ခွန်အားတော့စိုက်ပေးရပါမယ်။ အမျိုးမျိုးတော့ ကြိုးစားပေးရပါမယ်။ ကိုယ့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုလာတဲ့အခါ သူတို့ကိုယ်တိုင် စာဖတ်ဝါသနာ ပါကောင်းပါလာနိုင်ပါတယ်။ သတိပြုရမှာကတော့ တစ်ပါးသူရဲ့ လွတ်လပ်ခွင့်ကိုတော့ ထိန်းချုပ်လို့တော့ မရပါဘူး။ ဒါကြောင့် ကိုယ်ကြိုးစားပေမယ့် စာမဖတ်ချင်ကြသေးဘူးဆိုရင် ကိုယ်ကိုယ်တိုင်တော့ အမြဲ စံပြအနေနဲ့နေပေးဖို့ တိုက်တွန်းပါတယ်။

20/07/2022

🌻စာအုပ်လေးတွေကို စုဆောင်းဖူးလား🌻

လူတိုင်းဟာ ကြိုက်နှစ်သက်တဲ့အရာဝတ္ထုလေးတွေကို မြင်ရင် ဝယ်တတ်ကြပါတယ်။ ကိုယ်ရဲ့ အပိုင်ပစ္စည်းလေးဖြစ်တဲ့အတွက် တန်ဖိုးထားတတ်ကြပါတယ်။ ထိုနည်းတူပါပဲ။ စာအုပ်လေးတွေကို ဝယ်ယူတဲ့နေရာမှာ စာဖတ်ရုံအတွက်သာမဟုတ်ပါဘူး။ ဝယ်ပြီး သေသေချာချာ သိမ်းဆည်းထားတတ်ကြပါတယ်။ ဒီလိုဝယ်စုတဲ့နေရာမှာ ပုံစံအမျိုးမျိုးနဲ့ ဝယ်စုတတ်ကြပါတယ်။ ကိုယ်ကိုယ်တိုင်လည်း စာအုပ်လေးတွေကို ဝယ်စုတတ်တယ်ဆိုရင် ဆက်ဖတ်ကြည့်ပါနော်…

၁. စာရေးဆရာ

ကိုယ်ကြိုက်နှစ်သက်တဲ့စာရေးဆရာရဲ့ စာပေလက်ရာတွေကို ဝယ်စုတတ်လား။ ဥပမာ ဆရာမြသန်းတင့်ကို အရမ်းလေးစားတယ်ဆိုရင် သူရေးဖူးသမျှစာအုပ်လေးတွေကို ဝယ်ဖတ်တာမျိုး၊ စုထားတာမျိုးပေါ့။ ဒါဆိုရင် ကိုယ်က ဒီအမျိုးအစားထဲမှာ ပါပါတယ်နော်။

အများအားဖြင့် ဒီပုံစံလေးနဲ့ စာအုပ်လေးတွေကို ဝယ်စုကြတာများပါတယ်။ စာအုပ်ဆိုင်တွေကို ရောက်ပြီဆိုလည်း အရင်ဆုံးဦးဆုံး ကိုယ်ကြိုက်နှစ်သက်တဲ့ စာရေးဆရာရဲ့ စာအုပ်ထားထားတဲ့ နေရာကို သွားတတ်ကြတယ်။ ကိုယ့်မှာမရှိသေးတဲ့ စာအုပ်ဖြစ်စေ၊ ဖတ်ဖို့ကျန်သေးတဲ့ စာအုပ်လေးတွေကို ရှာတတ်ကြပါတယ်။

၂. စာပေအမျိုးအစား

ကိုယ်က စိတ်ကူးယဉ်ဆန်တဲ့ Fantasy လောကကို အရမ်းစိတ်ဝင်စားတယ်ဆိုရင် Fantasy Genre နဲ့ ပတ်သက်တဲ့ စာအုပ်လေးတွေကိုပဲ ဝယ်စုတာမျိုးဖြစ်တတ်ပါတယ်။ Romance ကို နှစ်သက်ရင် Romance Novels လေးတွေ Romance Short Stories လေးတွေ Romance နဲ့ပတ်သက်တဲ့ ကဗျာစာအုပ်လေးတွေ ဝယ်စုတာမျိုးပေါ့။ အဓိကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ Genre လေးရှိရင် အဲ့စာအုပ်လေးတွေကို ဦးစားပေးပြီး စုထားတာပါပဲ။

Genre လို့ပြောတဲ့နေရာမှာလည်း လူသိပ်မသိတဲ့ Genre လေးတွေကို ဝယ်စုတာမျိုးလည်း ရှိပါတယ်။ အကြောင်းရင်းကတော့ လူအများစု မသိကြတာဖြစ်တဲ့အတွက် ဒီ Genre လေးဟာ ထူးခြားတယ်လို့ ခံစားရလို့ပါ။ Science fiction, Magical Realism, Dystopia, True crime, LGBTQ+, Historical Fiction လေးတွေက ဒီအမျိုးအစားထဲမှာ ပါဝင်ပါတယ်။

၃. First Edition

First Edition စာအုပ်လေးတွေဆိုတာ စာရေးဆရာရဲ့လက်ရာကို Publisher တွေက ပထမဆုံးအကြိမ်ထုတ်ဝေပေးတာမျိုးပါ။ ကိုယ်ဝယ်ထားတဲ့စာအုပ်လေးတွေက ပထမအကြိမ်လား၊ ဒုတိယအကြိမ်လား၊ တတိယအကြိမ်လား ဆိုတာလေးတွေကို စာအုပ်အဖုံး Cover ပေါ်မှာဖြစ်ဖြစ်၊ စာအုပ်ဈေးနှုန်းကိုရေးပေးထားတဲ့ ရှေ့စာမျက်နှာဘက်မှာ ရေးထားလေ့ရှိပါတယ်။ နိုင်ငံခြားမှာဆိုရင် First Edition စာအုပ်လေးတွေကို လေလံတင်ပြီး ရောင်းချတာမျိုးတွေရှိပါတယ်။ ဒီလိုဝယ်စုရတဲ့ရည်ရွယ်ချက်က စာရေးဆရာရဲ့ လက်ရာအစစ်အမှန်ကို ပြင်ဆင်မှုတွေမပါဘဲဝယ်ယူရတဲ့အတွက် တန်ဖိုးရှိတယ်လို့ ယူဆကြလို့ပါ။ နောက်ပိုင်း Edition တွေရောက်မှသာ ပထမအကြိမ်ပေါ်မူတည်ပြီး စာလုံးပေါင်း ပြင်ဆင်စရာလေးတွေ၊ ထပ်ပြီး ဖြည့်စွက်စရာလေးတွေ မှတ်သားပြီး ပြင်ဆင်ထုတ်ဝေကြပါတယ်။

၄. အကြောင်းအရာတစ်ခု

ကိုယ်က Topic တစ်ခုကို အင်မတန်စိတ်ဝင်စားတယ်ဆိုရင် အဲ့ Topic အကြောင်းကိုပဲ ဆွေးနွေးထားတဲ့ စာအုပ်လေးတွေဝယ်တတ်ကြပါတယ်။ ဒါလေးလည်း စာအုပ်စုဆောင်းနည်းတစ်မျိုးပါပဲ။ ဥပမာအားဖြင့် ကိုယ်က မြန်မာနိုင်ငံရဲ့ သမိုင်းအကြောင်းကို အရမ်းစိတ်ဝင်စားတယ်ဆိုရင် ခေတ်အဆက်ဆက် နိုင်ငံရေးရဲ့ အခြေအနေအကြောင်းကို ရေးထားတဲ့စာအုပ်လေးတွေ၊ နိုင်ငံရဲ့ ယဉ်ကျေးမှုပြောင်းလဲလာပုံကို ရေးထားတဲ့ စာအုပ်လေးတွေ၊ တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ စာအုပ်လေးတွေကို ဝယ်စုဆောင်းထားတာမျိုးပါနော်။ ကိုယ့်ရဲ့ စုဆောင်းထားတဲ့စာအုပ်လေးတွေကို ကြည့်ပြီး ကိုယ့်ရဲ့ စိတ်ဝင်စားမှု Level ကို သုံးသပ်ကြည့်လို့ရပါတယ်။

၅. ပုဂ္ဂိုလ်တစ်ဦး

ဒီ အမျိုးအစားကျတော့ Non-fictions လေးတွေ Biography လေးတွေ ဖတ်တဲ့စာဖတ်ချစ်သူတို့နဲ့ ရင်းနှီးကြပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ လေးစားတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်လေးတွေ ဝယ်စုမိတယ်ဆိုရင် ဒီ အမျိုးအစားထဲမှာ ပါဝင်ပါတယ်နော်။ ဥပမာ ကိုယ်က ဗိုလ်ချုပ်အောင်ဆန်း၊ အမေစု၊ Abraham Lincoln၊ Gandhi စတဲ့ သမိုင်းမှာ အထင်ကရ ဖြစ်ခဲ့သူတွေ၊ ဖြစ်နေသူတွေကို သိချင်တယ်ဆိုရင် သူတို့အကြောင်းတွေကို ရေးထားတဲ့ စာအုပ်တွေကို လိုက်ရှာပြီး ဝယ်စုကြပါတယ်။ တစ်ချို့က Auto Biography လေးတွေကို ဝယ်ယူကြသလို တစ်ချို့ကျတော့ စာရေးဆရာတွေကနေ တစ်ဆင့်ရေးသားထားတဲ့ Biography လေးတွေကိုလည်း ဝယ်ယူစုဆောင်းတတ်ကြပါတယ်။

နိဂုံးချုပ်ရင် စာအုပ်လေးတွေကို ဝယ်ယူစုဆောင်းခြင်းဟာ ထူးခြားတဲ့ ဝါသနာလေးပါ။ ကိုယ်လည်း စုဆောင်းရတာမျိုးကို နှစ်သက်တယ်ဆိုရင် ကိုယ်စုဆောင်းလေ့ရှိတဲ့ အမျိုးအစားလေးနဲ့ အတွေ့အကြုံလေးတွေ ကော်မန့်မှာ ဝေမျှပေးခဲ့ပါနော်…

Want your business to be the top-listed Shop in Bago?
Click here to claim your Sponsored Listing.

Category

Website

Address


Bago
6101