Aunglan Media Group
22/06/2023
အကွက်ရိုက်ရောင်းတဲ့ မြေကွက်လေးတွေ
တန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?
မဖြစ်မချင်းတော့ ဘာမှ မဖြစ်ဘူး...
ဖြစ်လာရင်လည်း ဘာမှ ပြန်မရဘူး...
တရားမဝင် မြေကွက်ရိုက်ရောင်းတဲ့ လုပ်ငန်းဟာ
ဥပဒေနဲ့ မလွတ်ဘူးဆိုပေမယ့် အမြတ် အရမ်းကျန်ပါတယ်။
ကိုယ်ရောင်းလိုက်တဲ့ မြေကွက်ဟာ ဈေးသက်သာလွန်းရင်လည်း ဝယ်သူ မယုံကြည်မှာစိုးတာကြောင့်
ဝယ်သူယုံကြည်လောက်တဲ့ ဈေးအထိ
ဈေးတင်ပြီး ရောင်းကြပါတယ်။
အဲ့ဒါကလည်း တရားမဝင် အကွက်ရိုက်ရောင်းတဲ့ ဈေးကွက်အတွက်
အမြတ်အစွန်းများစွာကို ရစေပါတယ်။
တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာ လောက်နဲ့ ပေးဝယ်ရတဲ့မြေဟာ
အိမ်ဝိုင်းကွက်ရိုက်ပြီး ပြန်ရောင်းရင်
မြေအနေအထားနဲ့ လမ်းအနေအထားပေါ် မူတည်ပြီး
၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိ ရတာဆိုတော့
တွက်လိုက်ရင် အိမ်ဝိုင်းတစ်ဝိုင်းစာအတွက်
မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်းလောက်ပဲ ရှိတာပါ။
အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်းလောက်နဲ့ ပြန်ရောင်းတယ်ဆိုရင် ဝယ်သူတွေအတွက်
"ဈေးချိုလွန်းတယ် ဟုတ်မှ ဟုတ်ပမလား" ဆိုပြီးတော့ သံသယဝင်စရာ ဖြစ်လာပါမယ်။
မယုံကြည်တော့ပါဘူး။
အဲ့ဒီတော့ ဝယ်တဲ့သူတွေ ယုံကြည်အောင် သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် သိန်းရာကျော်ထိ စသဖြင့် ဈေးတင်ရောင်းကြတာပါ။
အဲ့ဒီလိုရောင်းတဲ့အတွက်
အမြတ်လည်း အရမ်းရပါတယ်။
အဲ့လိုအမြတ်များတော့ တစ်ချို့ စီးပွားရေးသမားတွေက ကိုယ်တိုင် မလုပ်တော့ပါဘူး။
ဥပဒေနဲ့မလွတ်လို့ ပြဿနာအရှုပ်အရှင်းဖြစ်ရင်
ရှောင်ထွက်လို့ ရအောင်လို့ပါ။
အဲ့ဒီတော့ ပွဲစားတွေကို ပါးပါးနပ်နပ်
အသုံးချလာကြပါတယ်။
ဘယ်လိုအသုံးချသလဲဆိုရင်
အဲ့ဒါမျိုးလုပ်ဖို့ လူလေးငါးယောက်လောက်
စုပြီး အဖွဲ့ဖွဲ့လိုက်ပါတယ်။ ခေါင်းဆောင်မပါပါဘူး။ မြေကို စုဝယ်လိုက်ပါတယ်။
အမည်ပေါက် မပြောင်းပါဘူး။
ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ။
အခြားနည်း အသုံးပြုခွင့် လျှောက်ပြပါတယ်။
ခွင့်ပြုမိန့် ကျစရာမလိုပါဘူး။
သက်ဆိုင်ရာလူတွေသိရင် ရပါပြီ။
ဒါမှ မကျေနပ်တဲ့သူတွေက တိုင်ရင် အခြားနည်း အသုံးပြုခွင့်လျှောက်ထားတာလို့
ဆင်ခြေပေးလို့ ရအောင်လို့ပါ။
ရောင်းတော့လည်း ပြောအားရှိပါတယ်။
ခွင့်ပြုမိန့်သာ မပါတာ။
အခြားနည်း အသုံးပြုခွင့်
လျှောက်ထားပါတယ် ဆိုပြီးတော့လေ။
မြေယာပုံစံ-၁၀၅ က မြေပိုင်ဆိုင်ခွင့်မှ မဟုတ်တာ။
အဲ့ဒီလို လုပ်ပြီးပြီဆိုရင်
မြေထိုးတဲ့ စက်သမားကိုခေါ်
တစ်ဧက တစ်သိန်းနှုန်း ပေးမယ်။
ပွဲစားလုပ်တဲ့သူတွေကိုလည်း ခင်ဗျားရောင်းပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ်။
လူရှာပေးတဲ့သူတွေကိုလည်း ခင်ဗျားလူရှာပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ် ... စသဖြင့် လူရှာပြီး ရောင်းပါတယ်။
အဲ့ဒါကြောင့် အဲ့လိုအကွက်ရိုက်ရောင်းတဲ့ နေရာသွားလိုက်တာနဲ့ ဘယ်ကနေထွက်လာမှန်း မသိတဲ့သူတွေ... online ကနေ လူရှာပေးတဲ့သူတွေ ပွစိတက်လာတာပါ။
အဲ့လိုလူတွေကလည်း သူတို့နဲ့ရင်းနှီးတဲ့သူတွေ
ခင်မင်တဲ့သူတွေကို စပ်ပေးပြီး
"မြေကွက်တွေ ဘယ်နားမှာ ရှိတယ်
ငါက ဘယ်အကွက်ယူထားတာ နင်လည်း ယူအုံးမလား တန်တယ်နော်။ နောက်ဆို အဲ့ဈေးနဲ့ ရမှာ မဟုတ်ဘူး" စတဲ့စကားတွေနဲ့ သူ့လူတွေကို ဝယ်ချင်လာအောင် စည်းရုံးပါတော့တယ်။
တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းရတာဆိုတော့ မနည်းဘူးလေ။ အဲ့ဒီလို စည်းရုံးလို့ ရပြီဆိုတာနဲ့
ပိုင်ရှင်အမည်ခံပြီး ရောင်းပေးမယ့်သူဆီကို
ပိုင်ရှင်ဆိုပြီး ခေါ်သွားတော့တာပါပဲ။
ဟိုကလည်း ပိုက်ဆံရတော့ ပိုင်ရှင်ယောင်ဆောင်ပြီး စာချုပ်ချုပ်ပေးလိုက်ရော။
တစ်ချို့ပွဲစားတွေဆို စာချုပ်မှာ
ပိုင်ရှင်ကိုယ်စားဆိုပြီး လက်မှတ်ထိုး ရောင်းပေးလိုက် တာတွေလည်း ရှိပါသေးတယ်။
လတ်တလော ပိုက်ဆံရလို့ လုပ်ပေးလိုက်တာပါ။
တစ်ချို့က မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမိတ္တူတွေနဲ့ လုပ်ပေးတာတွေလည်း ရှိပါသေးတယ်။
နာရီပိုင်းအတွင်း ပိုက်ဆံ သိန်းနဲ့ချီရတာကိုး...
တစ်ချို့ကြတော့လည်း ပွဲစားတွေကို ခင်ဗျားက
ဒီအကွက်တွေ ရောင်းပေး။
ခင်ဗျားက သင့်သလိုဈေးခေါ် သိန်း အစိတ်ဝန်းကျင်နဲ့ ဈေးညှိရောင်း
ဈေးအရမ်းမတင်နဲ့ ရေရှည်လုပ်လို့ရအောင်လို့။
ကျုပ်တို့အဖွဲ့ကို တစ်ဝိုင်းရောင်းထွက်ရင် ၂၃ သိန်းသွင်း ဆိုပြီး အဲ့ဒိလို လုပ်ရောင်းတာတွေလည်း ရှိပါတယ်။ ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် အကွက်ရိုက်သူက လွတ်အောင်လုပ်တဲ့ သဘောမျိုးပါ။
ပြီးမှ ပိုက်ဆံခွဲယူကြတာပါ။
ဝယ်သူတွေက အဲ့ဒါတွေကို မသိကြပါဘူး။
သိန်းနှစ်ဆယ် အစိတ်လောက်နဲ့
သိန်းရာကျော်လေးနဲ့ မြေကွက်အပိုင်ရမှာဆိုတာရယ်...
မြေယာဥပဒေတွေကို မသိနားမလည်တဲ့
အတွက်ကြောင့်ရယ် ရှိစုမဲ့စုနဲ့ ဝယ်ကြပါတယ်။
ဝယ်သူအများစုက သူတို့ဝယ်တဲ့ မြေနဲ့ ပတ်သက်ပြီး မူရင်းအမည်ပေါက်က ဘယ်သူလဲ။
ရောင်းတဲ့သူက ဘယ်သူလဲ။
ဒီပစ္စည်းက ရောင်းသူလက်ထဲ
ဘယ်လိုနည်းနဲ့ ရောက်ရှိ ပိုင်ဆိုင်လာတာလဲ။
သူ့ပိုင်ဆိုင်မှုက တရားဝင်ပိုင်ဆိုင်မှုလား။
မြေရောင်းတဲ့ တောင်သူနဲ့ အရောင်းအဝယ်သဘောအရ အရပ်စာချုပ်ချုပ်ထားလို့ ပိုင်ဆိုင်မှု ရနေတာလားဆိုတာ နားလည်တာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် ဂျင်းထည့်ရောင်းကြတာပါ။
*** တတ်သိနားလည်တဲ့သူနဲ့ သွားဝယ်ရင်
အရောင်းအဝယ် ပျက်တာ များပါတယ်။ ***
မဟုတ်တာ လုပ်ရောင်းတာဆိုတော့
နားလည်တဲ့သူကြ လိမ်ရောင်းလို့ မရလို့ပါ။
နားမလည်တဲ့သူတွေကတော့
မျက်ကန်းတစ္ဆေ မကြောက်မို့ ဝယ်ပါတယ်။
တစ်ချို့အကွက်ရိုက်ရောင်းတဲ့သူတွေဆို တောင်သူတွေဆီက ဝယ်တုန်းက
စာချုပ်ထဲမှာက ဈေးတစ်မျိုး။
အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့စာချုပ်ထဲ
မိတ္တူဆွဲထည့်ပေးဖို့ လုပ်ထားတဲ့
စာချုပ်အတုက ဈေးတစ်မျိုး။
အဲ့ဒီလို ဂျင်းထည့်တာတွေလည်း ရှိပါသေးတယ်။
ဒီမြေယာဟာ ဘယ်လောက်ပဲ တန်တယ်ဆိုတာ
ဝယ်သူအများစုက မသိကြပါဘူး။
အဲ့ဒီတော့ လိမ်ရောင်းလို့ ရပါတယ်။
ပြီးတော့ တရားမဝင် အကွက်ရိုက်ပြီး
ပြန်ရောင်းတဲ့သူတွေက စာချုပ်ထဲမှာ
ဘယ်လိုပဲ တာဝန်ယူပေးတယ်ပြောပြော
တစ်ကယ် ပြဿနာ ဖြစ်လာရင်
စာချုပ်မှာ အမည်ခံပြီး ရောင်းတဲ့သူရယ်
သက်သေအနေနဲ့ လက်မှတ်ထိုးတဲ့သူရယ်
ဝယ်သူရယ် အမည်ပေါက်ပိုင်ရှင်ရယ်ပဲ ရှင်းရတာပါ။
မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာ
အရောင်းအဝယ်လုပ်ရင်
ကျသင့်တဲ့ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်တွေ
ထမ်းဆောင်ပြီး
သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ
မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ရပါတယ်။
အရပ်စာချုပ်နဲ့ ပြီးစလွယ် အရောင်းအဝယ်တာတွေဟာ တရားရုံးမှာ သက်သေခံ မဝင်တော့
မြေကို အဖွဲ့ဖွဲ့ပြီး ဝယ်တာက
သူတို့အတွက် ဂျင်းထည့်ဖို့ ဂွင်ဖြစ်နေပါတယ်။
ပြဿနာဖြစ်လာရင် သူတို့ကို ဆွဲထည့်လို့
မရတော့ဘူးလေ။
သူတို့ကို ဆွဲထည့်ရင်တောင် ငြင်းမယ် ရှောင်မယ်
ဝေ့လည်ကြောင်ပတ်လုပ်မယ်။
ဥပဒေကို လက်တလုံးခြားပြီး လွတ်အောင်လုပ်မယ်။ ဘယ်လောက်ကောင်းလဲ။
စာချုပ်ထဲမှာ အမည်ပါတဲ့သူတွေ
လက်မှတ်ထိုးတဲ့သူတွေ လက်ဗွေနှိပ်တဲ့သူတွေ ရှင်းကြပေါ့။ အဲ့ဒီလို လုပ်ကြတာပါ။
အမြတ်ကြတော့လည်း တွက်ကြည်ဦး။
တစ်ဝိုင်းကို သိန်းအစိတ်နဲ့ ရောင်းရင်တောင်မှ
ရောင်းပေးတဲ့သူ တစ်သိန်း
လူရှာပေးတဲ့သူ တစ်သိန်း
လက်မှတ်ထိုး သက်သေလုပ်ပေးတဲ့သူ တစ်သောင်းစီ သက်ဆိုင်ရာ ဘာညာသာရကာက ၅ သောင်း
မြေကွက်အတွက် အရင်းက ခုနှစ်သိန်း
စုစုပေါင်း ၁၀ သိန်း နှုတ်လိုက်ရင်
မြေကွက်တစ်ကွက်ကို ၁၅ သိန်း အသားတင် အမြတ်ကျန်ပါတယ်။
ပေ ၂၀ လမ်းနဲ့ ၁၆ ဝိုင်း ရိုက်ထားတဲ့ တစ်ဧကဆို တွက်ကြည့်လိုက်ပါ။
သိန်း ၂၅၀ အသာလေး မြတ်သွားတာပါ။
ငါးယောက်လောက်စုပြီး တစ်ယောက် နှစ်ဧက လောက်ပဲ လုပ်ဦး။
အနည်းဆုံး တစ်ယောက် သိန်း ၅၀၀ လောက်
မြတ်သွားပါတယ်။
ဒါတောင် တစ်ဝိုင်း သိန်း အစိတ်နဲ့ပဲ ဥပမာထားပြီး
တွက်ပြသေးတာပါ။
တစ်ဝိုင်း သိန်း သုံးဆယ် လေးဆယ်ဆို
ဘယ်လောက်မြတ်မလဲ
စဉ်းစားကြည့်လို့ ရပါတယ်။
အဲ့ဒါကြောင့် အခုချိန်မှာ တရားမဝင်
အိမ်ဝိုင်းကွက်တွေကို ပိုင်ရှင်အမည်ခံရောင်းသူတွေ ပွဲစားတွေနဲ့ ဂျင်းထည့် ရောင်းကြတာပါ။
တစ်ချို့ဆို နိုင်ငံတော်ကပဲ တရားဝင်ခွင့်ပြုထားလို့
မီးရတော့မှာလိုလို ဓာတ်တိုင်တွေဟန်ပြစိုက်
ကြိုးတွေသွယ်ပြီး ဂျင်းထည့်တာတွေလည်း ရှိပါတယ်။ မီတာသွားလျှောက်မှ ဓာတ်တိုင်တွေက
ဂျင်းထည့်ထားမှန်းသိရတာတွေလည်း ရှိပါတယ်။
တရားမဝင် အကွက်ရိုက်ရောင်းသူတွေက
သူတို့ အဲ့ဒီလို ဂျင်းထည့်ထားတာတွေ ပေါ်မှာစိုးလို့
သူတို့ဆီကရောင်းတဲ့ မြေကွက်တွေကို ဝယ်ရင်
မြေစာရင်းရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ရင်
မချုပ်စေချင်ပါဘူး။
ချုပ်ရင်လည်း သိန်းနှစ်ဆယ် အစိတ်နဲ့
ဘယ်လိုမှ မလောက်ပါဘူး။
မြေစာရင်းရုံးမှာ စာချုပ်ချုပ် မှတ်ပုံတင်ရင်
ကိုယ့်ဟာကိုယ် ကုန်ကျစားရိတ်ခံရမယ်
အခွန်တွေ ဆောင်ရမယ်။
ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်လဲ တရားဝင်တာပဲ...
စသဖြင့် မဟုတ်မမှန်တဲ့စကားတွေနဲ့
ဝယ်သူကပဲ အပိုအလုပ်တွေလုပ်သလို
ဂျင်းထည့်တာပါ။ တစ်ချို့ဝယ်သူတွေကြတော့လည်း ဘာမှ နားမလည်ကြပါဘူး။
သူတို့လုပ်ပေးတာတွေကို
အမှန်ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ်။
အမှန်တစ်ကယ် ဥပဒေအရ တစ်သိန်းနှင့်အထက်
တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ
ဝယ်ရင် သက်ဆိုင်ရာမြေစာရင်းရုံးမှာ
စာချုပ်ချုပ်ပြီး မှတ်ပုံတင်မှ တရားဝင်တာပါ။
အဲ့ဒါမှ နောင်တစ်ချိန် ပြဿနာဖြစ်လာရင်လည်း စာချုပ်ကို မှတ်ပုံတင်ထားတာဆိုတော့
ရှင်းလို့လွယ်တာပါ။
တရားမဝင်အိမ်ဝိုင်းကွက် ရိုက်ရောင်းတဲ့လူတွေက
သူတို့ရောင်းတဲ့ မြေကွက်တွေကို
တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဝယ်ရင်
သူတို့ လိမ်ထားတာတွေ ဂျင်းထည့်ထားတာတွေ
ပေါ်မှာကြောက်လို့ အဲ့လို အလုပ်မခံကြပါဘူး။
မသိနားမလည်တဲ့သူတွေကို မိတ္တူကူးထားတဲ့
စာရွက်တွေသာပါတဲ့ အရပ်စာချုပ်တွေနဲ့ ဂျင်းထည့် လိမ်ရောင်းကြတာပါ။
ပွဲစားတွေ ပိုင်ရှင်အမည်ခံရောင်းပေးတဲ့သူတွေက
ဘာမှမဟုတ်တဲ့ ငွေလေးနဲ့ ပြဿနာဖြစ်လာရင်
ခေါင်းခံဖြေရှင်းရမှာကိုလည်း
သူတို့ကိုယ်တိုင် မသိကြပါဘူး။
တရားမဝင်အိမ်ခြံမြေကဏ္ဍမှာ
နားမလည်တဲ့သူတွေကို အဲ့ဒီလိုအသုံးချ ဖားရိုက်နေကြလို့
မသိသေးတဲ့သူတွေ မခံရအောင်လို့
တင်ပေးလိုက်တာပါ။
မဟုတ်ဘူးဆိုပြီးတော့ ဖင်ပိတ်ပြီး လာမငြင်းကြပါနဲ့...
ကိုယ်တိုင်ခံရမှ
အစိုးရ မတရားဘူး တို့...
တရားမျှတမှု မရှိဘူး တို့...
ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ထားတာတို့...
မျိုးစုံအော်ကြ ဆန္ဒပြကြ...
အဲ့ဒါတွေမြင်ရင်
သနားရုံအပြင် ဘာမှ မလုပ်ပေးနိုင်ဘူး...
စာများများဖတ်ကြ...
လေးစားစွာကူးယူဖော်ပြသည်
မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုစိတ် မရှိပါ
27/05/2023
အောင်လံမြို့မှ ညာဘက်လက်မောင်း ပြတ်တောက်သွားသည့် အသက် (၃) နှစ်အရွယ် ကလေးငယ်၏ ခွဲစိတ်ကုသမှု အောင်မြင်
အောင်လံမြို့မှ ညာဘက်လက်မောင်း ပြတ်တောက်သွားသည့် အသက် (၃) နှစ်အရွယ် ကလေးငယ်၏ လက်အား ပြန်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း ကျန်းမာရေး၀န်ကြီးဌာနထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် နေထိုင်သည့် အသက် (၃)နှစ်အရွယ် ကလေးငယ်သည် ၂၀၂၃ ခုနှစ်၊ မတ်လ (၂၀) ရက် နံနက် (၉) နာရီအချိန်ခန့်တွင် မိဘများနှင့် ဆိုင်ကယ်စီးလာရာ မျက်နှာချင်းဆိုင်မှ ထွေလာဂျီနှင့်တိုက်မိသောကြောင့် ညာဘက်လက်မောင်း ပြတ်တောက်သွားသည့် ဒဏ်ရာ (Amputated Right Arm) ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အောင်လံပြည်သူ့ဆေးရုံ မှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ယင်းနေ့ ညနေ (၄) နာရီအချိန်တွင် ရောက်ရှိလာခဲ့ပြီး ကလေးငယ်၏ ပြတ်တောက်သွားသောလက်အား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို ညနေ (၅) နာရီအချိန်မှ စတင်ခဲ့ရာ ည (၁၀)နာရီ (၂၀ ) မိနစ်အချိန်တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သည်။
အဆိုပါ လူနာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အရေးပေါ် ကုသမှုဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ အရေးပေါ်ပြုစုကုသမှုများ ပြုလုပ်ပြီးနောက် လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခြင်းကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဒေါက်တာတင်ထွန်းအောင် နှင့် အထူးကုဆရာဝန် (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဒေါက်တာဖြိုးမောင်မောင်တို့ ဦးဆောင်သည့် လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (မေ့ဆေး) ပါမောက္ခ ဒေါက်တာမူမူနိုင်၊ ပါမောက္ခ ဒေါက်တာမြစိုးတို့ ဦးဆောင်သည့် မေ့ဆေးအထူးကု ဆရာဝန်ကြီးများအဖွဲ့နှင့် သူနာပြုကြီး ဒေါ်အေးအေးခိုင်တို့ ပါဝင်သော သူနာပြုများအဖွဲ့တို့ ပူးပေါင်း၍ ပြတ်တောက်သွားသော လက်အား ပြန်လည်ဆက်ခြင်း (Replantation) ခွဲစိတ်ကုသမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖော်ပြပါလူနာသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ မှတ်တမ်းများအရ အသက်အငယ်ဆုံး လက်မောင်းပြန်ဆက်သည့် လူနာဖြစ်ပြီး၊ လက်မှာ ခွဲစိတ်ပြီးချိန်မှစတင်၍ သွေးကြောများ ဖြည်းဖြည်းချင်း ပြန်လည်လှည့်ပတ်စီးဆင်းလာပြီဖြစ်သဖြင့် ပြန်လည်သန်စွမ်းရေးအဆောင်သို့ ပြသကာ လေ့ကျင့်ခန်းများ ဆောင်ရွက်စေခဲ့ပြီး ဧပြီလ (၂၄) ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေလ (၁၀) ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံ ပြန်လည်တက်ရောက်စေ၍ မေလ (၁၆) ရက်တွင် နောက်ဆက်တွဲကုသမှုဖြစ်သည့် ပြတ်တောက်သွားသော အာရုံကြောများ ဆက်ခြင်း (Sural Nerve Graft) ခွဲစိတ်ကုသမှုကို ဆောင်ရွက်နိုင်ခဲ့ကာ လေ့ကျင့်ခန်းဆက်လက် ပြုလုပ်လျက်ရှိပြီး ကလေးငယ်၏ လက်အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အထက်ဖော်ပြပါ လက်ပြတ်တောက်သွားသည့်လူနာကဲ့သို့ ပြတ်တောက်သွားသော လက်ကို ခွဲစိတ်ကုသမှုဆောင်ရွက်ရန်အတွက် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးပို့မည်ဆိုပါက ပြတ်တောက်သွားသောလက်အား ရေသန့်သန့် သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate) ဖြင့် ဆေးပြီးနောက် အကြောဆေးရည်ဖြင့် စိုစွတ်အောင်စိမ်ထားသော ခွဲစိတ်ခန်းသုံး အဝတ်စ (Gauze) ဖြင့် ပတ်၍ သန့်ရှင်းသော ပလပ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍ လည်းကောင်း အကြောဆေးရည်ထည့်ထားသော သန့်ရှင်းသော ပလပ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ ထည့်၍လည်းကောင်း လုံခြုံစွာပိတ်ပြီးနောက် ရေခဲထည့်ထားသော ရေခဲပုံးအတွင်း ထည့်၍ အမြန်ဆုံး လွှဲပြောင်းပေးပို့နိုင်ကြောင်း ကျန်းမာရေး၀န်ကြီးဌာနက အသိပေးထားသည်။
Popular News Journal
13/05/2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်အမှတ်စဉ် (၂၂/၂၀၂၃)
----------------------------------------------------------------------------
(၂၀၂၃ ခုနှစ်၊ မေလ (၁၃)ရက်နေ့၊မြန်မာစံတော်ချိန် (၂၂:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
===================================================
(က) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်မြောက်ဘက် ရေမိုင် (၂၂၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်-အနောက်မြောက်ဘက်ရေမိုင် (၂၀၅)မိုင်ခန့်၊ စစ်တွေမြို့ (Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား (Port Blair)၏ မြောက်-အနောက်မြောက်ဘက်ရေမိုင် (၃၅၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၇၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်း၏ လက်ရှိအခြေအနေကို အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe CyclonicStorm) “မိုခါ” (MOCHA)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
----------------------------------------------------------------------------
အဆိုပါအလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၇.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၀)ဒီဂရီတွင် ရှိပြီး၊ ဗဟို ချက်လေဖိအား (၉၄၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၂၀)မှ မိုင်(၁၃၀)နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်
--------------------------------------------------------
အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ (၁၄.၅.၂၀၂၃)ရက်နေ့ နံနက်ပိုင်းမှစ၍ ရခိုင် ကမ်းရိုးတန်းကို စတင်ဖြတ်ကျော်နိုင်ကာ၊ (၁၄.၅.၂၀၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် မုန်တိုင်း၏ ဗဟိုချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါ သည်။
(ဃ) သတိပေးနှိုးဆော်ချက်
--------------------------------------
(၁) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely SevereCyclonic Storm) “မိုခါ”(MOCHA)၏ အရှိန်ကြောင့် ယနေ့ညမှ (၁၅.၅.၂၀၂၃) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(၂) သို့ဖြစ်ပါ၍ ယနေ့ညမှ (၁၄.၅.၂၀၂၃)ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၁၁၀)မှ မိုင်(၁၂၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၁၆)ပေမှ ပေ(၂၀)ခန့် ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် မိုင်(၅၀)မှမိုင်(၇၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၄)ပေ ခန့် ရှိနိုင်ပါသည်။
(၃) ယနေ့ညမှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၁၁၀)မှ မိုင် (၁၂၀)ခန့်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၇၀)မှ မိုင်(၉၀)ခန့်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆)ပေမှ ပေ(၂၀)ခန့်အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းရပါသည်။
(၅) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)၏ အရှိန်ကြောင့် မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသူများအနေဖြင့် မုန်တိုင်းဒီရေအန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ လုံးဝ (လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Aunglan