Savory Culinary

Savory Culinary

Share

Professional Chef with over 20 years of experience in culinary life. Passionate about Italian cuisine, Continental cuisine, Oriental cuisine and Polynesian Cuisine.

16/06/2026

Fiery and Tangy Salad (Morning Glory, Ong Choy, Water Spinach, KangKong)
ချဥ်ငံစပ် တခုခုစားဖို့စဥ်းစား ဘာစားရင်ကောင်းမလဲတော့ ဟင်းချက်စရာတွေထဲက ဘာတွေလက်ကျန်ရှိလဲကြည့်မိတယ်။ အဲ့ဒါနဲ့ပဲ အကြံရသွားတယ်။ လေးမည်ရ ကန်စွန်းရွက် 😆ပဲ ဝယ်ရမှာ ကျန်တာရှိတာပဲဆိုပြီး ကန်စွန်းရွက်ဝယ်ပြီး ကန်စွန်းရွက်သုတ်စားလိုက်တယ်။ ကုန်ကျစရိတ်လည်းသက်သာ ချဥ်ငံစပ်စားချင်နေတဲ့ အာသီသလည်းပြေသွားတယ်။ အဲ့ဒါနဲ့ပဲ ကန်စွန်းရွက်သုတ်ဖြစ်တယ်ဆိုပါတော့။

14/06/2026

Traditional Burmese "Nga Oh-Kat" with Mango (Keski Fish)

Myanmar Farmer Cuisine ကို Cooking Science, Pillar 7 တို့နဲ့ ချဥ်းကပ်ကြည့်ခြင်း

ဒီချက်နည်းမှာ ထူးခြားတာက Blooming

Blooming ဆီသတ်ခြင်း

မြန်မာ့ရိုးရာဟင်းချက်နည်းအတော်များများက ဂျင်း ၊ ကြက်သွန်ဖြူကို အရင်ဆီသတ်ကြတယ်။ ခုချက်တဲ့ ငါးအိုးကပ်မှာက သရက်သီးစိမ်းကို ထည့်ချက်ထားတယ်။ သရက်သီးစိမ်းကို အရင်ဆီမသတ်ပဲ စမ်းကြည့်ခဲ့ချိန်က သရက်သီးတွေအရည်ပျော်သွားတယ်။ အနံ့လည်း မမွှေးလာဘူး။ အဲ့ဒါနဲ့ အရင်ဆီသတ်တဲ့နည်းလမ်းသုံးကြည့်တယ်။ ဘာထူးခြားတာသွားတွေ့လဲဆိုတော့ သရက်သီးစိမ်းမှာပါတဲ့သဘာဝအချိုဓာတ်က အပူနဲ့ ထိတွေ့တဲ့အချိန်မှာ Maillard Reaction ဖြစ်စဥ်ကို အကောင်းဆုံးဖြစ်လာတယ်။ နောက်ပြီး အနံ့က Caramel အနံ့လိုမျိုး ပြင်းရှရှကို ခံစားရစေတယ်။ အဲ့ဒီ Flavor တွေကပဲ ဆီထဲမှာ ပျော်ဝင်သွားပြီး ငါးဟင်းစားတဲ့အချိန်မှာ တိုက်ရိုက်သတိမထားမိအရသာတမျိုးကို ခံစားရစေတာပါပဲ။

သရက်သီးရဲ့ အရောင်နဲ့ အနံ့ပြောင်းလဲသွားပြီးတဲ့နောက်တော့ ကြက်သွန်နီထည့်ပြီး ဆီသတ်တယ်။
ကြက်သွန်နီက Maillard Reaction ဖြစ်ပြီး အရောင်ရဖို့အတွက် အချိန်အတော်ကြာတယ်။ ရေဓာတ်ပါဝင်မှုများတဲ့အတွက် Evaporation ဖြစ်ဖို့အချိန်တခုထိတယ်။ ရေဓာတ်ကုန်သလောက်ဖြစ်သွားချိန်မှသာ Maillard Reaction ဖြစ်စဥ်သက်ရောက်မှုကြောင့် အရောင်ရလာမှာပါ။ ဒီနေရာမှာ သတိထားမိရမှာက စတင်ထည့်လိုက်တဲ့ ကြက်သွန်နီတွေက Evaporation ဖြစ်စဥ်ကြောင့် Volume လျော့ကျသွားတာကို မြင်တွေ့ရမှာပါ။ Evaporation ကြောင့် အလေးချိန်လျော့ကျခြင်း အရွယ်အစား ကြုံ့သွားခြင်းကို Pillar 2 မှာ မျှဝေပြီးသားဖြစ်ပါတယ်။ ကြက်သွန်နီ နွမ်းပြီး Maillard Reaction ဖြစ်စဥ်ကြောင့်အရောင်ရစပြုလာတဲ့အခါမှာ ငရုတ်သီးအနီခွဲခြမ်းထည့်ပြီး ဆီသတ်ပါတယ်။ Maillard Reaction ကြောင့် သရက်သီးစိမ်း ၊ ကြက်သွန်နီတို့ အရောင်နဲ့ အနံ့ပြောင်းလဲလာတဲ့နောက် ငရုတ်ကိုထည့်လိုက်တဲ့အခါ ရုတ်တရက်ရလိုက်တဲ့ အနံ့ဆိုက ကိုယ်ဘာလုပ်နေတယ်ဆိုတာကို စိတ်ကျေနပ်စေတာပဲ။ ဆီ နဲ့ အပူရဲ့ ဓာတ်ပြုမှုကအနံ့တမျိုးထပ်ပေါင်းသွားတာကို ခံစားရစေတယ်။

Spice Blooming
ငရုတ်သီး အစိမ်းနံ့ဆီသတ်ပြီး အချိန်အနည်းငယ်အကြာမှာပဲ ဆနွင်းမှုန့် အရောင်တင်မှုန့်လိုက်တယ်။ ဒါဟာ Spice တွေကို Blooming လုပ်လိုက်တာဖြစ်ပါတယ်။ ဘာ့ကြောင့် ရိုးရာဟင်းချက်သူတွေက Spice တွေကို အရင် Blooming လုပ်ကြတယ် နောက်မှ Blooming လုပ်ကြတယ်ဆိုတာကလည်း Cooking Science ဖြစ်စဥ်ကြောင့် မတူတဲ့ ရလဒ်တွေအပေါ်မှာ ချက်ပြုတ်သူ အကြိုက်အလိုက် ပြောင်းလဲအသုံးပြုကြတာဖြစ်ပါတယ်။ Spice တွေက အပူကြောင့် ဒြပ်ပေါင်းတွေအဖြစ် ဆီမှာပျော်ဝင်သွားပြီးနောက် Aromatic Flavor တွေက ပျံ့နှံ့နေပြီ။ ဒီနေရာမှာ Spice တွေကို အရင် ဆီသတ်တာမျိုး ၊ ဂျင်းနဲ့ ကြက်သွန်ဖြူကို အရင်ဆီသတ်တာမျိုး ၊ ကြက်သွန်အနီကို အရင်ဆီသတ်တာမျိုး ဘယ်ဟာက မှားတယ် မှန်တယ်ဆိုတာမျိုူး မရှိပါဘူး။ ဘယ်လိုရလဒ်ကို လိုချင်တာကြောင့် ပြောင်းလဲအသုံးချတယ်ဆိုတာပဲ ကွာသွားတာပါ။ တခုတော့ ရှိတာပေါ့ ဆီသတ်တဲ့နေရာမှာ ကျက်အောင်သတ်ရဲ့လားဆိုတာကတော့ ချက်တဲ့ဟင်းအပေါ်မှာ အပြောင်းလဲအများကြီး ဖြစ်သွားနိုင်တာပါပဲ။
အဲ့ဒီနောက် ခရမ်းချဥ်သီးထည့်ပါ။ အပူကြောင့် ခရမ်းချဥ်သီးအရည်ပျော်ခြင်း အငွေ့ပျံခြင်းဖြစ်စဥ်တွေကို မြင်တွေ့ရမှာပါ။ အစိမ်းနံ့ပျောက်ပြီး ခရမ်းချဥ်သီး ကျက်တဲ့နောက် အရသာနှပ်ထားတဲ့ ငါးထည့်ပါတယ်။ ငါးအိုးကပ်ချက်တဲ့အခါမှာတော့ ခရမ်းချဥ်သီးကို ကျေနေအောင်အနှစ်ဖြစ်တဲ့အထိ ချက်ဖို့မလိုပါဘူး။ ငါးဟင်းချက်တာနဲ့ ငါးအိုးကပ်ချက်တာရဲ့ ကွာဟမှုက ငါးအိုးကပ်မှာ ခရမ်းချဥ်သီးက အနှစ်ဖြစ်သွားဖို့ မလိုပါဘူး။
ပြီးတဲ့နောက်တော့ ဂျင်း ကြက်သွန်ဖြူ ကြိတ်ထားတာထည့်လိုက်တယ်။

(ဂျင်းနဲ့ကြက်သွန်ဖြူကို အရင် Blooming မလုပ်ရတဲ့ရည်ရွယ်ချက်က ဂျင်းနဲ့ကြက်သွန်ဖြူကို အရင်ဆုံး Blooming လုပ်လိုက်တဲ့အခါကျရင် ဂျင်း ကြက်သွန်ဖြူ အနံ့က လွှမ်းမိုးနေပါလိမ့်မယ်။ ခုချက်နေတဲ့ ငါးအိုးကပ်က သရက်သီးအချဥ်ဓာတ်ပါးပါးနဲ့ အနံ့ကို အဓိကထားတာကြောင့် သရက်သီးကို အရင်ဆုံး Blooming လုပ်ထားတာပါ။ ဂျင်း ကြက်သွန်ဖြူကို ငါးထည့်ပြီးနောက် လိုက်ထည့်တာဖြစ်တဲ့အတွက် ငါးရဲ့ ညှီနံ့ကိုလည်း ဂျင်း ကြက်သွန်ဖြူရဲ့ ဆီပူနဲ့မထိတွေ့ရသေးခင် အနံ့အပြင်းဆုံးအချိန်ဖြစ်တာကြောင့် အညှီနံ့ကထိန်းညှိပြီးသားဖြစ်သွားတယ်။)

(Fish Marination: ငါးကို ငံပြာရည် ၊ Vinegar ၊ အရသာမှုန့် ၊ ဆနွင်းမှုန့် ၊ အရောင်တင်မှုန့်တို့နဲ့ ကြိုတင်နှပ်ထားပါ။ ငါးကို ငံပြာရည်ထဲမှာပါတဲ့ ဆားဓာတ်ကြောင့် Osmosis ၊ Diffusion ဖြစ်စဥ်သက်ရောက်မှုက Vinegar ၊ အရသာမှုန့် ၊ ဆနွင်းမှုန့် ၊ အရောင်တင်မှုန့် ၊ ဆီတို့နဲ့ Seasoning လုပ်ထားတာကြောင့် ငါးအသားထဲမှာ Seasoning, Spice Infusing , Flavoring ဆိုတာတွေ ပြည့်ဝနေပြီ။ ငါးကအကောင်သေးပြီး နူးညံ့တဲ့အတွက် Osmosis ကြောင့် အသားထဲက ရေဓာတ်တွေ ထွက်သွားပြီး Curing process သက်ရောက်မှုပုံစံကြောင့် ငါးအသားတွေက နဂိုထက်ပိုကျစ်သွားတယ်။ ဒါဟာ ချက်တဲ့အခါ ငါးကြေမသွားအောင် ထိန်းပေးတဲ့အတွက် "ငါးအိုးကပ်" ဟင်းအတွက် နည်းစနစ်ပါပဲ။ ဒီနေရာမှာ သံပရာရည်လိုမျိုး Citric Acid ကို မသုံးပဲ Vinegar ကို ဘာလို့သုံးလဲဆိုတာတော့ PILLAR 5: ACID & BALANCE ဆိုတဲ့ နောက်တင်ဆက်မယ့် Pillar ဆက်လက်ဖော်ပြပါ့မယ်။)

ရေထည့်ပါ။ ဂျင်း ၊ ကြက်သွန်ဖြူကိုကြိတ်ပြီး ဆီစိမ်ထားတာကြောင့် ဆီထဲမှာ ဂျင်း ကြက်သွန်ဖြူအနံ့တွေက ပျော်ဝင်နေပြီးဖြစ်ပါတယ်။ ရေထည့်လိုက်တဲ့နောက် အိုးထဲနှံ့သွားအောင် အရမ်းမွှေစရာမလိုတာကြောင့် ငါးကြေသွားမလားဆိုပြီး စိုးရိမ်စရာမလိုတော့ပါဘူး။ ငါးသေးသေးလေတွေဖြစ်တဲ့အတွက် နူးညံပြီး ကျက်လွယ်ပါတယ်။ ဆီထဲမှာ ပျော်ဝင်နေပြီးသား သရက်သီး ၊ ကြက်သွန်နီ ၊ ငရုတ်သီးနဲ့ Spice တွေရဲ့ အနံ့တွေ ၊ ငါးနှပ်ထားတဲ့အချိန်က ထည့်ထားတဲ့ အနံ့အရသာ‌ပျော်ဝင်ရည်တွေကြောင့် ငါးညှီနံ့ပျောက်သွားဖို့က မကြာလိုက်ပါဘူး။ ရေကျခါနီး အရသာမြည်းပြီး လိုအပ်တာထပ်လိုက်ပါမယ်။ ငါးကို အရသာနှပ်ပြီးချက်ထားတာဖြစ်တဲ့အတွက် အရသာအရင်မြည်းဖို့လိုပါတယ်။ Layering Salt ဆိုတာကို သတိမမေ့ဖို့ပါပဲ။ ဒါကပဲ လိုအပ်နေတဲ့အရသာကို ဘယ်လောက်ထပ်လိုက်ပြီး ဖြည့်ရမယ်ဆိုတာကို လွယ်လွယ်ကူကူနားလည်စေတာပါ။ အရသာဖြည့်စွပ်ပြီးတဲ့နောက် ရေခန်းခါနီးမှာ အရသာထပ်မြည်းပြီး သံပရာရည် ညှစ်ထည့်ပါတယ် ပြီးတဲ့နောက် နံနံအနည်းငယ်ထည့်ပြီး အသာမွှေပါတယ်။ မီးအပူချိန်လျော့ပြီး အိုးကပ်လာသည်အထိ တည်ထားလိုက်ပါ။ ရေခမ်းခါနီးလေ ဆီပျံလေပါပဲ။ ထည့်ထားတဲ့ဆီနည်းတာကြောင့် ဆီပျံတာကို ပိုပြီး သတိထားမိစေတယ်။ ဆီအများကြီးထည့်ချက်ပြီး ဆီပျံဆိုပြီး ချက်တာတွေက ရေတကယ်မကုန်ပဲ ဆီတွေနဲ့ ချက်တဲ့ဟင်းတွေအပေါ်မှာ ပြည့်နေတတ်ပါတယ်။ အိုးကပ်လာတဲ့အခါ ဟင်းအိုးထဲကကြားရတဲ့အသံဟာလည်း ပိုကျယ်လာပါတယ်။ အနံ့ကလည်း Caramel မီးသင်းနံ့ကို ခံစားမိနေပြီ။ မီးလျှော့ထားတာဖြစ်တဲ့အတွက် ငါးနဲ့ပါဝင်ပစ္စည်းတွေကအိုကပ်သွားတဲ့နောက်မှာတော့ မီးကိုလုံးဝပိတ်လိုက်လို့ရပါပြီ။ အိုးထဲက လက်ကျန်အပူချိန်နဲ့ပဲ ငါးကို အိုးပိုကပ်စေပါတယ်။

(သတိထားရမှာက မီးပြင်းပြင်းနဲ့ချက်ပြီး ကျက်တဲ့နောက် မီးပိတ်ပြီး အိုးထဲမှာပဲထားရင်တော့ တူးတတ်ပါတယ်။)

အရသာ ၊ အပေါ်ယံအ‌ရောင် ၊ အိုးကပ်ဆိုတဲ့အတိုင်း လိုချင်တဲ့ အိုးကပ်တဲ့ Caramelized အနံ့ နဲ့ အရောင်အချို့ရပြီဆိုရင်တော့ ပန်းကန်ထဲပြောင်းထည့်ပြီးလက်ကျန်ဗမာနံနံကို အုပ်လိုက်ပါတယ်။ သုံးဆောင်နိုင်ပါပြီ။

ဒါက ငယ်ငယ်က အမေကြီးရှိတဲ့ရွာ (အဖွားကိုဆိုလိုတာပါ။ ဘာလို့မှန်းမသိ ငယ်ငယ်ကတည်းက အိမ်က အမေကြီးလို့ခေါ်ဖို့ပဲ သင်ခဲ့တော့ အဖွားလို့ မခေါ်တက်ပါ။ အဖွားလို့ခေါ်ရတာလဲ စိတ်ထဲမှာသူစိမ်းဆန်သလို ခံစားရတယ်။ ကိုယ့်ခံစားချက် ကိုယ်ပြောတာပါ။ ) သွားလည်တဲ့အချိန်က စားခဲ့ရတာကို အမှတ်ရပြီး ချက်နည်းချက်ပုံပြင်ဆင်ပြီး ပြန်ချက်ထားတပါ။

တကယ်တော့ ဒါဟာ မြို့ကြီးတွေပေါ်က ဆိုင်ကြီးတွေမှာ ဆိုင်တွေမှာ ရှာလို့မတွေ့နိုင်တဲ့ အဖိုး အဖွားတွေလက်ဆင့်ကမ်းခဲ့တဲ့ လက်ရာပါပဲ။

မိုးခိုးနံ့သင်းသင်း ၊ ရှိတာနဲ့ကောင်းအောင်ချက်တယ်၊ ရာသီပေါ်ထည့်ချက်တယ်။
မြန်မာအစားအစာချက်နည်းတွေအများကြီးထဲကမှ တခုတ်တရစားခဲ့ဖူးတဲ့ Farmer Cuisine ဆိုလည်း မမှားပါဘူး။

အညာဒေသက အမေ့လျော့ခံ ဦးလေး ၊ ဦးကြီး ၊ ဒေါ်လေး ၊ ‌ဒေါ်ကြီးနဲ့ အဖိုး အဖွားတို့ကို အစဥ်လေးစား ဦးညွှတ်လျက်ပါ။

ရန်သူမျိုးငါးပါးဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေ။

လွတ်လပ်စွာမျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။

13/06/2026

Osmosis & Diffusion
ကြက်တကောင်ကို ကင်ဖို့အတွက် BBQ Sauce ၊ လိမ္မော်သီး ၊ Celery ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီသုံးပြီး Marinated လုပ်ပါလို့ ပါးစပ်နဲ့ပြော တာဖြစ်ဖြစ် Recipe ချပေးလိုက်တာဖြစ်ဖြစ် ညွှန်ကြားချက်ရလာတဲ့အခါ ဆားကိုအသုံးပြုပြီး ကြက်ရဲ့အတွင်း ပိုင်းတွေကိုအရင်နယ်လိုက်ပါတယ်။ ပြီးတဲ့နောက် BBQ Sauce နဲ့ အတွင်းအပြင်နှံ့စပ်အောင် နယ်ပါတယ်။ အဲ့ဒီနောက် ညွှန်းကြားချက်အတိုင်း လိမ္မော်သီး ၊ Celery ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီတို့ကို ဗိုက်ထဲထည့် အဆာသွပ်ပြီး စနစ်တကျ ကြိုးနဲ့ချည်နှောင်ပါတယ်။ အဲ့ဒါဟာ ကြက်ကိုမကင်ခင်ကြိုတင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

အဲ့လိုလုပ်လိုက်တဲ့အတွက် ဆားနဲ့ထိတွေ့တဲ့အခါ ဆားဓာတ်ကြောင့်ရေဟာအပြင်ထွက်လာပါတယ်။ ဆားက လည်း အသားထဲကိုစိမ့်ဝင်သွားပါတယ်။ သဘောတရားကတော့ ဘေးချင်ယှဉ်ရပ်ရှိနေတဲ့ အဝင်နဲ့အထွက် တံခါးပေါက်နှစ်ချပ်ကနေ အဝင်အထွက်လုပ်သွားသလိုပါပဲ။ ဆားဓာတ်စိမ့်ဝင်သွားပြီးနောက် BBQ Sauce အရသာတွေနဲ့ အခြားအနံ့တွေပါ စိမ့်ဝင်သွားပါတယ်။ အဲ့ဒါကို အသေးစိတ်နားလည်ဖို့အတွက် ဖြစ်စဥ်တခု ခြင်းဆီပြောရရင်..

Osmosis
ဆားနဲ့အသားကိုထိတွေ့တဲ့အခါ အသားထဲကဆဲလ်နံရံကိုဖြတ်ပြီး အရည်စိမ့်ထွက်လာတယ် ဒါကို Osmosis ဖြစ်စဥ် လို့ခေါ်ပါတယ်။ ဆဲလ်အတွင်းထဲက ရေမော်လီကျူးတွေဟာ ပြင်ပက ဆားဓာတ်နဲ့ မျှညှိဖို့အတွက် ဆဲလ်နံရံကို ဖြတ်ပြီး အပြင်ကို ထွက်လာကြပါတယ်။ ဆားနဲ့အသားထဲက အရည်တွေ ထိတွေ့ပြီးနောက် ဆားဟာအရည်ပျော်သွားပါတယ်။

(ဆက်မသွားသေးပဲ ဒီအခြေနေမှာရပ်ထားလိုက်ပြီး ဒီအပိုင်းလေးကိုပဲ သုံးသပ်ကြည့်လိုက်ရင် ခုရောက်နေတဲ့ အဆင့်က Dehydration ဆိုတဲ့ဖြစ်စဥ် အခြေနေပါပဲ။ Osmosis ဖြစ်စဥ်ကြောင့် အသားထဲကအရည်တွေကို ဆားကဆွဲထုတ်လိုက်တဲ့အတွက် ရေဓာတ်ခမ်းခြောက်မှု (Dehydration) ကို ဖြစ်စေပြီး ဘတ်တီးရီးယားပေါက် ပွါးများဖို့ခက်စေပါတယ်။ ဆားနဲ့နယ်ပြီးနေလှန်းတဲ့ အသားခြောက်ပြုလုပ်တဲ့အခါ သုံးတဲ့ Technique မှာ Osmosis reaction ဖြစ်စဥ်ပါဝင်နေတာကို နားလည်သွားစေ မယ်လို့ သုံးသပ်မိပါတယ်။)

Osmosis အပိုင်းကို မျှဝေပြီးနောက် Diffusion အပိုင်းကို ဆက်ပါမယ်။

Diffusion
ဆားနဲ့အသားကိုထိတွေ့တဲ့အခါ အသားထဲကထွက်လာတဲ့အရည်နဲ့ဆားတို့ ထိတွေ့အရည်ပျော်နေချိန်မှာပဲ ဆားမော်လီကျူးလေးတွေကလည်း အသားရဲ့ကြွက်သားမျှင်တွေကြား စိမ့်ဝင် (Diffuse) သွားနေကြပြီ ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ ဆားမော်လီကျူးတွေရဲ့ ဓာတ်ပြုမှုကြောင့် ကျစ်လစ်နေတဲ့ ကြွက်သားမျှင်တွေဟာ ပွဟသွားပြီး နေရာလွတ်တွေဖြစ်ပေါ်လာတယ်။ အဲ့ဒီလို အသားမျှင်တွေ ပွဟပြီး နေရာလွတ်တွေဖြစ်သွားတဲ့ အချိန်မှာ အသားရဲ့အတွင်းပိုင်းထဲက ရေမြှုပ် (Foam) သို့မဟုတ် နေရာလွတ် (Intercellular spaces) လိုဖြစ်သွားပြီး ပြင်ပမျက်နှာပြင်မှာကျန်ခဲ့တဲ့ အရည်ဓာတ်တွေကို အတွင်းထဲပြန်လည်စုပ်ယူခြင်း ၊ ပြန်လည်စိမ့်ဝင်ခြင်း စတဲ့ဖြစ်စဉ်တွေကို ဖြစ်ပေါ်လာ စေတာပါ။ ဒါကို Diffusion ဖြစ်စဥ်လို့ ခေါ်ပါတယ်။ အသားထဲကို ဆားတွေဝင်ရောက် ပျံ့နှံ့သွားတဲ့အတွက် အသားတစ်ရှူးတွေအထိပါ ပိုးမွှားမ ဝင်အောင် ကာကွယ်ပေးနိုင်တဲ့ Curing (ဆားဓာတ်တည်သွားခြင်း) ဖြစ်စဉ် အောင်မြင်သွားတာ ဖြစ်ပါတယ်။ ဆားက အသားတစ်ရှူးတွေထဲ စိမ့်ဝင်သွားတဲ့အခါ ပိုးမွှားတွေ မပေါက်ပွားနိုင်တော့တဲ့ လျှို့ဝှက်ချက်ကတော့ အသားထဲမှာရှိတဲ့ ဘက်တီးရီးယားတွေ မှီခိုအသက်ရှင်ရမယ့် Active Water စံနှုန်းအမှတ်က ၀.၈၅ (0.85) အောက်ရောက်အောင် ရေဓာတ်တွေထွက်သွားစေတဲ့ ဆားရဲ့ ဂုဏ်သတ္တိကြောင့် ဖြစ်ပါတယ်။ အဏုဇီဝဗေဒ စံနှုန်းအရ Water Activity ၀.၈၅ အောက် ရောက်သွားတဲ့ အသားထဲမှာ ဘက်တီးရီးယားဆိုးတွေဟာ ပေါက်ပွားခွင့် လုံးဝ မရှိတော့ဘဲ ကျဆုံးသွားရခြင်း ဖြစ်ပါတယ်"

ရေခဲသေတ္တာထဲမှာ တရက်လုံး အသားကိုဘာမှမလုပ်ပဲ ထားတာနဲ့ အသားကိုအရသာနယ်ထားလိုက်တာက အရောင်ရော အနံ့ပါကွာဟသွားစေပါတယ်။ အဲ့ဒီအခြေနေက Curing အဆင့်ကို ဖြတ်ကျော်ပြီးဖြစ်လို့ ပိုးမွှား ပေါက်ပွားခြင်းကို တားစီးပေး လိုက်တာကြောင့် အရည်သွေးကွာဟသွားတာဖြစ်ပါတယ်။

ခုလေ့လာခဲ့ပြီးသလောက် Osmosis နဲ့ Diffusion အပိုင်းကို ဆွေးနွှေးလိုတာရှိရင် Comment မှာ ရေးသားခဲ့လို့ရပါတယ်။ နောက်ရက်မှာတော့ Marinated အပိုင်းထိ ရောက်ရှိပုံကို ဆက်လက်မျှဝေပါ့မယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါ။

Want your school to be the top-listed School/college in Abu Dhabi?
Click here to claim your Sponsored Listing.

Website

Address


Abu Dhabi
000000