Prelude

Prelude

Share

Photos from Prelude's post 07/07/2026

ခင်ဗျားတို့ကျွန်တော်တို့ အားလုံးရဲ့ရင်ထဲက ဒွေး

အပိုင်း ၂

အိပ်မက်ကလေးလှတဲ့ ကမ္ဘာတခြမ်း...ညသို့
----------------------------------------
ယနေ့ဟာ လွန်ခဲ့တဲ့(၁၉)နှစ်က
"ကမ္ဘာတစ်ခြမ်းည"ကို ရှုတင်စတည်သည့်နေ့ကလေးတနေ့ပါပဲ။

ဒါရိုက်တာချိုတူးဇော်နဲ့ကိုသားကြီးတို့က
စွယ်တော်တောမှထွက်လာခဲ့တဲ့သူတွေ ။
အာရ်အိုင်တီရဲ့ ဦးလူပေါဂိတ်ကို ဖြတ်သန်းသွားလာနေကြသူတွေ။

"ဦးလူပေါ"ဂိတ်ဆိုသည်ကား
ကာတွန်းဆရာကြီးဦးအောင်ရှိန်ရဲ့ဇာတ်ကောင် ဦးလူပေါခေါင်းနဲ့အာရ်အိုင်တီထဲကိုဝင်ဖို့အတွက် အထင်ကရတည်ဆောက်ထားသည့် မိန်းဂိတ်ကြီးမှာ တူနေခြင်းကြောင့်ပင် အမည်တွင်နေခြင်းဖြစ်၏ ။

အများဆုံး ဖြတ်သန်းသွားလာလေ့ရှိတဲ့ နေရာကပစ္စည်းမဲ့ဂိတ်၊ပစ္စည်းမဲ့ဂိတ်မှာ ဘတ်စ်ကားဂိတ်နှင့်နီးသည့်အတွက်
သူတို့အပါအဝင် ကျောင်းသားအများစုက အသုံးအများဆုံးလမ်းဖြစ်နေသည်။

ကိုသားကြီးက အာရ်အိုင်တီတတိယနှစ်ရောက်တဲ့အချိန်မှာကိုချိုတူးဇော်က ပထမနှစ်ကျောင်းသား၊
သို့သော် အာရ်အိုင်တီကျောင်းဝန်းထဲတွင် တစ်ခါတရံလမ်းသွားလမ်းလာဆုံမိတဲ့အခါ နှစ်ယောက်စလုံးက ပြုံးရုံသာပြုံးပြကာ နှုတ်ဆက်လေ့မရှိ၊ မျက်မှန်းတန်းမိရုံ ။

ကိုချိုတူးဇော် ဒါရိုက်တာလုပ်တော့ ကိုသားကြီးနဲ့ဆရာမင်းလူရဲ့ ဝတ္ထုကိုရိုက်ဖို့စီစဥ်တယ်။

"ချစ်မြှားရှင်"ဆိုတဲ့ဆရာမင်းလူရဲ့ဝတ္ထုကို
ဆရာမင်းလူကိုယ်တိုင်ကပဲ ဇာတ်ညွှန်းပြန်ခွဲပေးတယ်၊ဒါပေမဲ့ အဲ့ဒီဇာတ်ကားရိုက်ကူးရန် အကြောင်းအမျိုးမျိုးကြောင့်
သူတို့နှစ်ယောက် မရိုက်ဖြစ်ခဲ့ကြပါဘူး။
ကိုချိုတူးဇော်ကလည်း ရုပ်ရှင်လောကနဲ့ဝေးသွားခဲ့တယ်။

၂၀၀၆ခုနှစ်မှာ ရုပ်ရှင်လောကထဲ ကိုချိုတူးဇော်
ဇာတ်ကားတွေပြန်ရိုက်တော့ ဝမ်းဖိုးဖိုက်ကုမ္မဏီကိုအကြောင်းပြုပြီး သူတို့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။

ကိုချိုတူးဇော်က ကိုသားကြီးရဲ့ မျက်လုံးအိပ်စ်ပရက်ရှင်တွေ၊ အိုက်စ်တင်တွေကို အရင်ကတည်းကကြိုက်ပြီးသား။

ဒီတော့ ကိုသားကြီးအတွက် ဇာတ်ကိုစတင်ရှာရတော့တယ်။
ဒါရိုက်တာနဲ့မင်းသား လူချင်းဆုံဖြစ်ကြတော့
ကိုသားကြီးက ကိုးရီးယားမင်းသား"လီဗြောင်ဟွန်း"ရဲ့မားဖီးယား ဇာတ်လမ်းတစ်ပုဒ်ကို ကိုချိုတူးဇော်ကိုပြောပြတယ်။
ကိုချိုတူးဇော်ကလည်း အဲ့ဒီဇာတ်ကားကိုကြည့်ထားဖူးပြီးသား၊(သို့ပေမယ့် လီဗြောင်ဟွန်းကားကို ပြန်ရိုက်ထားတာမဟုတ်သလို ဇာတ်ကျောရိုးကိုလည်း ယူထားခြင်းမဟုတ်)
သနားစရာကောင်းတဲ့ လူဆိုးတစ်ယောက်
မိမိနဲ့သွေးမတော်သားမစပ်တဲ့
ဟိုတယ်ကဘားမယ်မိန်းကလေးတစ်ယောက်ကို
ကာကွယ်ပေးရတဲ့ လူဆိုးတစ်ယောက်

အဲ့ဒီမိန်းကလေးကို သူ့ဆရာမားဖီးယားဂိုဏ်းခေါင်းဆောင်က
သူ့အိပ်ခန်းထဲကိုခေါ်သွင်းတဲ့အခါ မလွန်ဆန်နိုင်ဘဲ ရပ်ကြည့်နေခဲ့ရတဲ့ လူတစ်ယောက်

ထိုလူဆိုးတယောက်ရဲ့မိခင်ကရောဂါသည်အဖြစ် ကိုချိုတူးဇော်က ဇာတ်ကိုဖန်တီးလိုက်ကာ ကိုသားကြီးထံကို အခန်းစဥ်ပို့ပေးလိုက်တယ်
နောက်တော့ သူ့ရဲ့မန်နေဂျာကိုဆာမိကနေတဆင့်အခန်းစဥ်ကို ဘာမှပြန်ပြင်စရာမလိုကြောင်း
ကိုသားကြီးက အကြောင်းပြန်လာခဲ့သည်။

ကိုချိုတူးဇော်က ဇာတ်လမ်းရဲ့ အခန်းစဥ်တွေမှာ
ကင်မရာဘောင်တွေရော၊အခန်းကူးအခန်းချိန်းအတွက် ထရမ်စီးရှင်းတွေရော ထည့်ထားကြောင်းကိုလည်း​ထပ်ပြောတော့ ကိုသားကြီးကလည်းလက်ခံသဘောတူသည်။

ဇာတ်လမ်းရဲ့ တိုင်တယ်အား အထပ်ထပ်ပြောင်းတတ်တဲ့အကျင့်ရှိတဲ့ ကိုချိုတူးဇော်က
မူလအကြမ်းပေးထားတဲ့ "အိပ်မက်ကလေးလှပါတယ်"ကနေ"ကမ္ဘာတစ်ခြမ်းည"လို့ ပြင်လိုက်ပြီး
အားလုံးစိတ်တိုင်းကျသွားတဲ့ အခါရောက်တော့
ဂျူလိုင် (၆)ရက်နေ့မှာ ရှူတင်ကိုစတည်မယ်လို့
ကိုချိုတူးဇော်ကပြောပြီး
ကိုသားကြီးကို ဂျူလိုင်(၇)ရက်နေ့မှာရိုက်ရက်တောင်းလိုက်ပါတော့တယ် ။ ။

အိပ်မက်ကလေးလှတဲ့ကမ္ဘာတစ်ခြမ်းညသို့(၂)
-------------------------------------------------
ကမ္ဘာတစ်ခြမ်းည ဇာတ်ကားအားရိုက်ကူးဖို့အတွက်ဝမ်းဖိုးဖိုက်ကုမ္မဏီက သီးသန့်ဆက်တင်ဆောက်ဖို့ ကိုသားကြီးနှင့်ကိုချိုတူးဇော်အတွက် သိန်း(၂၀)အကုန်အကျခံပေးသည် ။

၁၉၃၈ကာလက ရန်ကုန်မြို့ပြရဲ့တရုတ်တန်းနေရာကိုနောက်ခံထားဇာတ်အိမ်ဖွဲ့ထားခြင်းအတွက်ကြောင့်ဆက်တင်ကိုလည်း အဲဒီကိုလိုနီခေတ်က တရုတ်တန်း အခင်းအကျင်းအတိုင်း
ပုံစံယူတည်ဆောက်လိုက်ကြသည်။

၂၀၀၇ ဂျူလိုင် (၇)ရက်နေ့တွင် ကိုသားကြီး
ရှုတင်ရှိရာသို့ ရောက်လာခဲ့သည်။
ကိုသားကြီးက ကိုချိုတူးဇော်ဆောက်ထားတဲ့
တရုတ်တန်းပုံစံဆက်တင်ကြီးကို ကြည့်ကာကျေနပ်မဆုံး။
သူ့ပါးစပ်ကလည်း ...
"ဒီလိုလုပ်လုပ်ရမှာကွ
ဒီလိုဖြစ်နေရမှာ"

ထို့နောက် မီးထိုးမှန်ထိုးအဖွဲ့ထဲက ကိုစိုးကြီးကို
"ငါထမင်းစားချင်တယ်
တစ်ခါတည်း နယ်လာပေးခဲ့ပါ"လို့ ကိုသားကြီးကထမင်းမှာလေသည်။
ဒီတော့ ကိုစိုးကြီးက
အစ်ကို ကျွန်တော့်လက်က ညစ်ပတ်နေတယ်လို့
အားနာနာနဲ့​ပြန်ပြောတော့

ကိုသားကြီးက
"ဆေးလိုက်ပေါ့ကွာ ငါမရွံတတ်ပါဘူး"

ကိုစိုးကြီးက ထမင်းနှင့်ဟင်းကို
နယ်လာ၍ ကိုသားကြီးကိုပေးသည်။

ကိုသားကြီး ထမင်းစားပြီးတော့မှ ရိုက်ကူးရေးစတင်သည်။

အမှန်က ကိုချိုတူးဇော်စိတ်ထဲမှာ
ကိုသားကြီးက ရိုက်နေရင်း ဘာများစောဒကတတ်လိမ့်မလဲလို့ တွေးထားသည်။

ကိုသားကြီးကိုယ်တိုင်ကလည်း ဒါရိုက်တာကအက်တင်လုပ်ခိုင်းရင် မေးခွန်းတွေပြန်မေးလေ့ရှိ၏။
ဒီနေရာမှာဒီအက်တင်ကို ဘာလို့လုပ်ခိုင်းတာလဲ၊
သူနဲ့ရိုက်တဲ့ဒါရိုက်တာက ဇာတ်နဲ့လျော်ညီတဲ့အကြောင်းပြချက်ကိုမပေးနိုင်လျှင် သူကမလုပ်တတ်။
ဇာတ်နဲ့လျော်ညီတဲ့အကြောင်းပြချက်ပေးနိုင်ရင် သူလုပ်သည်။
ဒါကို ကိုချိုတူးဇော်က ပထမတစ်ကြိမ်ရုပ်ရှင်လောကထဲဝင်လာကတည်းက သိထားခဲ့၏။

သို့သော် ကိုသားကြီးက ဘာတစ်ခွန်းတစ်ပါဒမျှစောဒကမတက်
"ချိုတူးဇော် အဆင်ပြေရဲ့လား"ဟူ၍သာ မေးခွန်းထုတ်သည်။

အဲဒီမြင်ကွင်းကိုမြင်တဲ့ မှတ်တမ်းရေးတဲ့ကိုသိန်းဝင်းအောင်က
"ချိုတူးဇော် သားကြီးကိုခုလိုပုံစံမျိုးမမြင်ခဲ့ရတာဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီလို့"မှတ်ချက်ပေးလေ၏။

ကိုချိုတူးဇော်ကိုယ်တိုင်ကလည်းမြင်လိုက်ရတာက သူထင်ထားတာနဲ့ တက်တက်စင်အောင်လွဲသွားသည်။
သူ့အပြင် တခြားဒါရိုက်တာတချို့ကိုလည်း
ကိုသားကြီးက ငါ့လိုပဲ ရက်စ်ပွန်းရှိလိမ့်မည်၊
သူဘာလိုချင်လည်းဆိုတာကိုသိရင်
ဒါရိုက်တာဘာလိုချင်လည်းဆိုတာကို
ပြန်ပေးနိုင်သည့် မင်းသားတစ်လက်ဖြစ်ကြောင်းယုံကြည်လိုက်သည် ။

ကိုသားကြီးက သူအက်တင်စမလုပ်ခင်မှာ
ကိုချိုတူးဇော်အား သူလုပ်ရမယ့် အိပ်စ်ပရက်ရှင်နဲ့မုဒ်ကိုမေး၏။
ဂျူလိုင်လ (၈)ရက်နေ့ ရှုတင်စတော့
ကိုသားကြီးက လူဆိုးအဖွဲတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ကိုကြိုရတဲ့အခန်းရိုက်ရသည့်အခါ
ပုံစံယူတည်ဆောက်ထားတဲ့ တရုတ်တန်းနောက်ခံလမ်းမထက်မှာ ဖြတ်လျှောက်သွားသူတွေတရုတ်နဂါးကတဲ့အဖွဲ့တွေရယ် ၊ လူကြမ်းတွေရယ်ဗျောက်အိုးဖောက်သံတွေဆူဆူညံညံဖြင့်ပင် ......။

#မူရင်းရေးသူသင်ရိုးရာအားCreditပေးပါတယ်
၇ ၊ ၇ ၊ ၂၀၂၆
၈:၁၁

#အမေ့ခြေရာရဲ့ခြေရာ.....မှ

ဓာတ်ပုံ - ကမ္ဘာတစ်ခြမ်းည...ရိုက်ကွင်းပေါ်မှဒွေး

ကမ္ဘာတစ်ခြမ်းည ရိုက်ကွင်းပေါ်မှ...ဒွေး ၊ဆုရွှန်းလဲ့

to သင်ရိုးရာ
၆ ၊ ၇ ၊ ၂၀၂၆
#ဒွေး
#ကိုသားကြီး
#ကမ္ဘာတစ်ခြမ်းည
#အိပ်မက်ကလေးလှပါတယ်
#နောကိဆုံးရိုက်ကွင်း

07/05/2026

ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးရဲ့ရင်ထဲက ဒွေး

အပိုင်း ၁

ဒွေးနဲ့ကျွန်တော် (သို့) ဟင်းလင်းပြင်အခန်းငယ်ရဲ့ရင်ခုန်သံပုံရိပ်ပြပွဲအကြောင်း ရင်ဖွင့်ရေးသားထားသော အကြောင်းအရာကို ပြန်လည် တင်ဆက်လိုက်ရပါတယ်။

Friday, July 13, 2007

ဒွေးနဲ့ကျွန်တော် (သို့) ဟင်းလင်းပြင်အခန်းငယ်ရဲ့ရင်ခုန်သံပုံရိပ်ပြပွဲ

တကယ်တမ်းတော့ ကျွန်တော်နဲ့ဒွေးဘာမှမဆိုင်ပါဘူး။ သူက မင်းသား ကျွန်တော်ကပရိတ်သတ်။
မတူတူတာညှိရင်တော့ သူလည်းစမ်းချောင်းသား၊ ကျွန်တော်လည်းစမ်းချောင်းသား။ သူလည်း စနေနေ့မှာမွေးတယ် ကျွန်တော်လည်း စနေနေ့မှာမွေးတယ်။ ဒီလောက်ပါပဲ။ ကျွန်တော်ပြောချင်တာက သူ့ရဲ့သရုပ်ဆောင်မှုအပိုင်းပါ။ သူ့ဇာတ်ကား ပထမဦးဆုံးကြည့်ရတာ ကျော်ဟိန်းရယ်၊ ဒွေးရယ်၊ ပိုးဒါလီသိန်းတန် ရယ်။ ကျွန်တော်ငယ်ငယ်တုန်းကပါ။ ဇာတ်ကားနာမည်လည်းမမှတ်မိတော့ပါဘူး။ အဲဒီတုန်းက မင်းသားသစ်ဆိုပေမယ့် သူသရုပ်ဆောင်သွားတာ သဘာဝကျပါတယ်။

နောက်ပိုင်း ကျွန်တော်မှတ်မိသမျှ ဒုက္ခကိုအရောင်ဆိုးထားတယ်၊ ဘယ်ပန်းချီရေးလို့မမှီ၊ သူအကယ်ဒမီရသွားတဲ့ အမေ့ခြေရာ၊ ပြုံးနေရင်သတိထား၊ ကျွန်တော်ရန်ကုန်ပြန်တုန်း သူငယ်ချင်းတွေနဲ့ အကြောင်းကြောင်းကြောင့် တစ်ရက်တည်း နှစ်ရုံခွဲပြီးနှစ်ခါပြန်ကြည့်လိုက်ရတဲ့ ကက်ကင်း။ နောက်ဆုံးဟိုနေ့ကမှကြည့်လိုက်ရတဲ့ အနီရောင်မျက်စောင်း။ ရုပ်ရှင်၊ ဗီဒီယိုပေါင်းများစွာရိုက်ပြီး လောကဇာတ်ခုံမှာ ကပြခဲ့ပါတယ်။ ဇာတ်ကားတိုင်းမှာသူ့ရဲ့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်တတ်ပါတယ်။ အရူးဆိုလည်းအရူးနေရာ၊ သူခိုးဆိုလည်းသူခိုး၊ ဟာသဆိုလည်းဟာသ၊ အကြမ်းဆိုရင်အကြမ်း၊ အလွမ်းဆိုရင်လည်းအလွမ်း သူ့အိုက်တင်တွေက အပိုအလိုမရှိ ကိုယ်ပိုင်ဟန်နဲ့ပေါ့။ �နောက်ပြီးသူကိုယ်တိုင် သီချင်းတွေလည်းဆိုခဲ့ပါသေးတယ်။

လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့။ ကျွန်တော်အကြိုက်ဆုံးဒွေးရဲ့ ဗီဒီယိုက ဒါရိုက်တာလူမင်းခေါင်ရိုက်တဲ့ ဟင်းလင်းပြင်အခန်းငယ်ရဲ့ရင်ခုန်သံပုံရိပ်ပြပွဲပါ။ သူကမိဘမဲ့။ သူ့မွေးစားအဖေဇင်ဝိုင်းက သူ့ကိုဗဟန်းမိဘမဲ့ကလေးထိန်းကျောင်းကနေ ခေါ်ယူမွေးစားခဲ့။ သူအရွယ်ရောက်လာတော့ သူချစ်တဲ့ကောင်မလေး အိန္ဒြာကျော်ဇင်ကတော့ပြန်ချစ်ပါရဲ့ သူမအဖေက မွေးစားသားမို့သဘောမတူ။ မိဘမဲ့ကလေးကျောင်းကကျောင်းနေဖက် သူ့သူငယ်ချင်း မျိုးစန္ဒီကျော်က သူ့ကိုအားပေး။ သူကသီချင်းရေးသူဆိုတော့ ခံစားလွယ်။ နောက်ဆုံးစိတ်တ္တဇလိုဖြစ်ပြီး လုံးပါးပါးသွားတဲ့ဇာတ်ကားပါ။
အဲဒီဗီဒီယိုစကြည့်တုန်းက ကျွန်တော်ကလည်း (၁၀)တန်းပြီးခါစ ဆိုင်ကယ်တစ်စီးနဲ့လမ်းသလားလို့ကောင်းတုန်း။ ဇာတ်ကားထဲက ဒွေးရဲ့ဆိုင်ကယ်စီးလက်အိတ်နဲ့ ဆိုင်ကယ်ဦးထုပ်မှာ ပိုင်းလော့ခ်မျက်မှန်တပ်ထားတာကို ရူးပြီး ကျွန်တော်အိပ်မက်တောင်မက်ခဲ့ဘူးပါတယ်။ နောက်ပြီးဇာတ်ကားထဲက တစ်ချို့ဇာတ်ဝင်သီချင်းတွေကအရမ်းကောင်းလွန်းလို့ ကျွန်တော်အခုထိအမြဲနားထောင်ပါတယ်။ အဲဒီဗီဒီယိုအခွေကို လည်း စမ်းချောင်းထဲကအခွေဆိုင်ကနေ တောင်းတောင်းပန်ပန်နဲ့ ကျွန်တော်ဝယ်ပြီး ဒီအထိသယ်လာပါတယ်။ ကျွန်တော်ပျင်းရင်လည်း ခဏခဏပြန်ကြည့်ဖြစ်ပါတယ်။ သီချင်းတွေကလည်းကောင်း ဒါရိုက်တာလူမင်းခေါင်ရဲ့ ရိုက်ကွင်းရိုက်ကွက်တွေကလည်းကောင်း ဒွေးရဲ့အိုက်တင်ကလည်းမိဆိုတော့ အဲဒီဇာတ်ကားကကျွန်တော့်အတွက် မရိုးနိုင်ပါဘူး။ သူငယ်ချင်းတစ်ယောက်အဲဒီအခွေငှားကြည့်ပြီး ဖျောက်ပစ်လိုက်မှ ကျွန်တော်မကြည့်ရတော့ပါဘူး။
အဲဒီသီချင်းတွေကတော့ အခုထိနားထောင်ဆဲပါ။

နှလုံးသားကိုရင်းပြီး အလုပ်လုပ်ရတဲ့အနုပညာရှင်တွေမှာ နှလုံးရောဂါပဲအဖြစ်များတတ်ပါတယ်။ အခုလည်းကိုသားကြီးတစ်ယောက် သူ့မိသားစု၊ သူ့ပရိတ်သတ်တွေကို အနိုင်နဲ့ပိုင်းပြီး သူ့ဇနီးရဲ့ မွေးနေ့နောက်တစ်နေ့ (၁၁.၀၇.၂၀၀၇)မှာ ဒီလောကကိုကျောခ်ိုင်းသွာပါပြီ။
သူချစ်တဲ့ သူ့ကိုချစ်တဲ့ပရိတ်သတ်တွေအားလုံးကတော့ သူ့အတွက်ဆုတောင်းပြီး တသသဖြစ်နေမှာတော့ မြေကြီးလက်ခတ်မလွဲပါဘူး။

#ဒွေး
#ကိုသားကြီး
#သတိရခြင်း၁၉နှစ်ပြည့်
#အမှတ်တရများ
#ခင်ဗျားတို့ကျွန်တော်တို့အားလုံးရဲ့ရင်ထဲကဒွေး
#ဘယ်တော့မှမမေ့ဘူး
#အပိုင်း၁

Sharing is Caring I Immortal Ayeyarwaddy (ထာ၀စဥ် ရှင်သန်ခြင်း အနုပညာ) 06/14/2026

Sharing is Caring I Immortal Ayeyarwaddy (ထာ၀စဥ် ရှင်သန်ခြင်း အနုပညာ)

Sharing is Caring Program မှ ယခုတစ်ခါ ဧရာ၀တီ မြစ်ကြီး အကြောင်း ကို ရှေးယခင်သမိုင်းအစဥ်အလာက နေ ယခုအချိန် အနေအထားထိ သိရှိရန်ရှိသည်များကို Storytelling Ai Generated Video ဖြင့် ဖန်တီးပြုလုပ်ထားပါတယ်၊၊

နောက်ပိုင်း ယခုကဲ့ သို သမိုင်းစိတ်၀င်စားဖွယ်ရာ အစဥ်လာကြီးသော အကြောင်းအရာများကို Sharing is Caring Program မှ ဆက်လက် တင်ဆက်သွားမှာဖြစ်တာကြောင့် Prelude Universe Channel ကို ဆက်လက်ပြီး Stay Tune and Subscribe ပေးပါလို့ အမျိုးတို့ကို တောင်းဆိုလိုက်ပါတယ်၊၊

ယခု ဖော်ပြထားသော Reels သည်Ai video နဲ့အစဆုံးဖန်တီးထားတာလေး အမျိူးတို့ရေ
ဒါက Project တစ်ခု အနေနဲ့နောက်ပိုင်းလည်း ဆက်လက်ပြီး Sharing လုပ်သွားမှာပါ
အစဉ်တစ်စိုက်ကြည့်ရှု့ပေးလာတဲ့သူအားလုံး
Prelude ကနေ ကျေးဇူးတင်ပါတယ်။

Sharing is Caring I Immortal Ayeyarwaddy (ထာ၀စဥ် ရှင်သန်ခြင်း အနုပညာ) Sharing is Caring Program မှ ယခုတစ်ခါ ဧရာ၀တီ မြစ်ကြီး အကြောင်း ကိ...

Photos from Prelude's post 05/27/2026

(သတိရခြင်းဆိုတာ ….. )
အယ်ဖြူ ၂၂ နှစ် လွမ်းဆွတ်အမှတ်တရများ

ကိုမျိုးဆွေသန်း(ဆရာကျောင်း)

“လွန်ခဲ့တဲ့ ၂၂ နှစ် ဒီနေ့က
ထိန်ပင် သုသာန်မှာ မိုးတွေက ရွာနေတယ်
အယ်ဖြူရဲ့ အလောင်းဘေးမှာ
ဘုန်းကြီး ၅ ပါးက သရဏဂုံတင်နေတယ်၊
ဧည့်ပရိတ်သတ်က နောက်မှာ။

ကျွန်တော်ရယ်၊ အယ်ဖြူ့မိန်းမ သဲနီရယ်
အယ်နောင်းရယ်က တရားနာနေတယ်။
မိုးစက်သေးသေးလေးတွေက
ခတ်စိပ်စိပ်ကျနေတယ်၊

ဘုန်းကြီးကမေးတယ် ဘာတော်စပ်ပါလဲတဲ့
တပည့်တော်က သူငယ်ချင်းပါ
ဒါက အယ်ဖြူ့ဇနီးပါ၊ ဒါက သူ့ညီပါဆိုတော့
ဘုန်းကြီးဟောတဲ့ တရားက
ဒါ သူငယ်ချင်းပဲ၊ ဒါ လင်ယောက်ျားပဲ၊
ဒါ ငါ့အစ်ကိုပဲလို့ ကိုယ်စားခံပေးလို့မှ
မရကြပဲတဲ့။

ဒီတရားကို နားလည်မိတယ်လို့ တွေးရင်း
မိုးရွာနေတဲ့ ပတ်ဝန်းကျင်ကို ငေးလိုက်တော့
ခန်းမ အပြင်ဖက်မှာ
ကိုငှက်ကြီး( ထူးအိမ်သင်) က
ကျေကွဲတဲ့ မျက်နာနဲ့ ကောင်းကင်ကြီးကို
မော့ကြည့်နေတယ်။
နောက် ဩဂုတ်လရောက်တော့
ကိုငှက်ကြီးလည်း ဆုံးပါလေရော၊

အဲဒါပါပဲ
၂၂ နှစ်ကြာလည်း သတိရတယ်။

(သတိရခြင်းဆိုတာ)

လွတ်လပ်တယ်
တိကျသေချာတယ်
သိုဝှက်ဟန်ဆောင်မှုကင်းတယ်
လုံခြုံတယ်
အချက်အလက်ပြည့်စုံတယ်

ဒါပေမယ့်
အထီးကျန်ဆန်တယ်
၀မ်းနည်းစရာကောင်းတယ်
မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်

အဆိုးဆုံးကတော့
တစ်ဖက်သတ်ဆန်တယ်။ ။

မမြတ်နီလာစိုး (ကိုမောင်မောင်ဇော်လတ် ဇနီး)
ရဲ့ တေးရေး ကိုအယ်ဖြူ နဲ့ အမှတ်တရ များ

မနေ့က ကိုအယ်ဖြူဆုံးတာ အနှစ်၂၀ပြည့်တယ်၊
သူများတွေ ရေးထားတာ တွေ့နေပေမယ့် မနေ့က ဘာမှ မရေးချင်နေမိဘူး၊
ဒီမနက်နိုးလာတော့ ကိုအယ်ဖြူ နဲ့ပတ်သက်ပီး စိတ်ထဲမှာ photographic memory လို စွဲနေတဲ့ အကြောင်းအရာတချို့ အတွေးထဲ ပြန်ရောက်လာတယ်၊ချရေးချင်စိတ်ပေါ်လာလို့ အခု ချရေးလိုက်တယ်၊ စာရေးကောင်းသူတော့ မဟုတ်ဘူး၊ မဖတ်ချင်တဲ့သူတွေလဲ ကျော်သွားကြပေါ့နော်၊ နောက်ကျ စိတ်ကူးပေါ်ရင် ပေါ်သလို only me လုပ်ရင်လဲ လုပ်မှာ၊

မှတ်မိနေတဲ့ ပထမဆုံးတခုက ကိုအယ်ဖြူကို ပထမဆုံးအကြိမ် လူချင်းတွေ့တဲ့အချိန်။
အယ်ဖြူဆိုတဲ့ နာမည်ကို mmzlဆီကနေ ပထမဆုံးကြားဖူးတာ၊ ကျမနဲ့ mmzl ၁၉၉၄ ရီးစားဖြစ်ချိန်ကစပီး mmzlဟာ သူ့သီချင်းတွေ သူတို့တောင်ကြီးမြို့အကြောင်းတွေ ကျမကို ပြောပြရင် အယ်ဖြူ ဟာ အမြဲတမ်းပါတယ်၊ အညာသူ ကျမအတွက်တော့ အဲ့နာမည်က တမျိုး ထူးဆန်းနေပီး လူချင်းမတွေ့ဖူးခင်ကထဲက နာမည်ကို ကြိုတင်ရင်းနှီးနေခဲ့တယ်၊၁၉၉၅ -၉၆ မှာထင်တယ် The Ants 1st album စသွင်းတဲ့နေ့က ကိုအယ်ဖြူ နဲ့ Max studioမှာ ပထမဆုံးအကြိမ် လူချင်းတွေ့ဖူးတာပဲ၊ ခိုက် (အောင်ခန့်) ရောပေါ့၊mmzl က မိတ်ဆက်ပေးတယ် ဒါက အယ်ဖြူ ဒါက အောင်ခန့်တဲ့ ၊ အယ်ဖြူဆိုတာလူညိုညိုသေးသေးလေးပဲလို့တွေးမိတာကို ခုထိမှတ်မိနေတယ်၊

ဒုတိယ စွဲနေတဲ့ memoryက The Ants 2nd Album ထွက်တဲ့နေ့၊
အဲ့နေ့မနက်က သူတို့၃ယောက် ( El Phyu, အောင်ခန်, mmzl) ကျောက်မြောင်းစာပေလောကရှေ့မှာ ဂနာမငြိမ်ကြဘူး။ official coverနဲ့ သူတို့အခွေလေး နားထောင်ချင်လှပီတဲ့၊ အခွေဆိုင်တွေမှာ ရောင်းဖို့ရောက်မှ သွားဝယ်ပီး နားထောင်ဖို့ အဲ့လောက် အချိန် မစောင့်နိုင်တော့ဘူးတဲ့၊ နောက်ဆုံးကျ ထုတ်တဲ့ဆီမှာ ခွေသွားတောင်းမယ်ဆိုပီး Taxi ငှါး သူတို့ ၃ ယောက်သား မြို့ထဲကို ချီတက်သွားလိုက်ကြတာ နောက် ၂နာရီကျော်လောက်လဲ ကြာရော အခွေ၅ ခွေလား မသိ ကိုင်ပီး ပြန်ရောက်လာပါလေရော၊၊ အကျိုးအကြောင်းတွေမေးရင်းအဲ့အချိန်မှာ ကိုအယ်ဖြူပြန်ပြောပြတဲ့ စကားတခွန်းရယ်၊ ခံစားမှုအပြည့်နဲ့မျက်နှာတွေရယ်ကတော့ ခုထိ ဖျောက်မရ စွဲစွဲထင်ထင် ကျန်ရစ်နေတဲ့ အရာတွေထဲက တခုပေါ့။

တတိယ တခုက အယ်နောင်းရဲ့ တိုက်ခန်းမှာ၊
ထုံးစံအတိုင်း သူတို့ တောင်ကြီးသူငယ်ချင်းအုပ်စုကို ဆွမ်းက ဟော့ပေါ့ လုပ်ကျွေးတဲ့တည၊ အယ်နောင်း ကိုအောင် အောင်ခန့် ဘိုဖြူ တို့ပါတယ် ကိုဖြိုး ကိုဝပု ကိုနိုင်ထွေး တို့လဲ ပါတယ်ထင်တယ်၊ အားလုံးက စားကြသောက်ကြ စကားပြောကြ ဟာသတွေပြောရင်း ရီနေကြတာ၊ အဲ့အချိန် အယ်ဖြူနဲ့ mmzl အသံငြိမ်ပီး ပျောက်နေလို့ ကြည့်လိုက်တော့ ဧည့်ခန်းရဲ့ ဘုရားစင်ထောင့်နားမှာ ၊ နှစ်ယောက်သား မျက်နှာချင်းဆိုင် တင်ပျဉ်ခွေထိုင်ပီး တယောက်မျက်နှာတယောက် တစိမ့်စိမ့်ကြည့်နေကြတယ်၊ စကားလဲ မပြောကြဘူး၊ အဲ့ဒါ သူတို့နှစ်ယောက် သီချင်းစဉ်းစားရင်း စိတ်ထဲမှာ အတူရေးနေကြတာတဲ့၊ လက်ထဲမှာ ဂစ်တာလဲ မပါဘူး၊ တယောက်မျက်နှာ တယောက် မျက်တောင်မခတ်တမ်း ကြည့်ပီး သီချင်းရေးနေကြတာတဲ့၊ အဲ့မြင်ကွင်းကို ခုထိ မျက်စိထဲ စွဲနေတုန်းပဲ၊

နောက်ဆုံး စတုတ္ထတခုက ကိုအယ်ဖြူ မဆုံးခင် ဗဟိုစည်ဆေးရုံပေါ်မှာ၊
အဲ့နှစ် ၂၀၀၄ မန္တလေးသကြင်္န်ကို Alpine မဏ္ဍပ်မှာ The Ants က သွားဆိုတယ်၊ အယ်ဖြူ့ အစား နောနော်က Bass ကူတီးပေးတယ်၊ drumကတော့ အောင်ခန့်ပဲပေါ့၊ သကြင်္န်အပီး ရန်ကုန်ပြန်ရောက်တော့ ကိုအယ်ဖြူ့ဆီ ဆေးရုံမှာ သွားတွေ့ကြတယ်၊ သူ့ဘေးမှာ သဲနီလဲ ရှိနေတယ်၊ ပီးတော့ သူက ကျမကိုပြုံးပီး ပြောတယ် နီလာ ပိန်သွားတယ်တဲ့၊ အဲ့အချိန်မှာတောင် သူများ စိတ်ချမ်းသာစေမယ့် စကားကိုပဲ သူပြောတယ်၊ဆုံးခါနီးထိ လာတွေ့တဲ့သူ အားလုံးကို စိတ်ချမ်းသာစေမယ့်စကားပဲ သူပြောပေးတယ်၊ ပြုံးပီးပြောတဲ့ သူ့မျက်နှာကို ခုထိ အမှတ်ရနေမိတယ်၊

တကယ်တမ်းကျ ကိုအယ်ဖြူ အပါအဝင် သူတို့တောင်ကြီးသားတွေနဲ့ အမှတ်တရတွေက အများကြီးပဲ၊ ဖြိုးကြီး ပထမဆုံးအခွေသွင်းတဲ့အချိန် အယ်ဖြူနဲ့ ဖြိုးကြီးကို မနက်တိုင်းstudioမသွားခင် JJနဲ့အတူ ဝင်နှိုးရတာတွေ Heartဂီတည ကာလ ဝတ်စုံရှာတဲ့ ဇာတ်လမ်းတွေ အစုံပါပဲ၊ အဲ့အချိန်တွေ ပြန်စဉ်းစားရင် လွမ်းစရာ။ အနုပညာလောကထဲ အသီးသီး ကြိုးစားရုန်းကန်ရင်း တအိမ်ထဲနေ အတူတူစား အတူတူသွား ရတဲ့ပိုက်ဆံအတူတူမျှသုံး မရှိအတူ ရှိအတူ ပြောမနာ ဆိုမနာ ပျော်ခဲ့ကြရတဲ့ အချိန်တွေ၊ ခုကျ ကျန်ခဲ့တဲ့လူတွေလဲ ကိုယ့်လမ်းကိုယ်လျောက်ရင်း နှလုံးသားတွေလဲ အရင်လို နွေးထွေးနေကြဆဲပဲလား မနွေးထွေးနေကြတော့ဘူးလား…ကျမတော့ မသိ သူတို့တွေပဲ သိကြလိမ့်မယ်ထင်ပါရဲ့၊

( Photo: ၂၀၀၀ ခုနှစ် ကျမတို့ wedding dinnerမှာ ပုဆိုးဝတ်ပီး သီချင်းဟစ်နေတဲ့ ကိုအယ်ဖြူ)

#အယ်ဖြူ
#၂၂နှစ်ပြည့်အလွမ်း
#အနုပညာရှင်အစစ်များ
#တေးရေးတေးဆို

Want your business to be the top-listed Media Company in Hollywood?
Click here to claim your Sponsored Listing.

Address

Hollywood, CA