Baby Gu Guu
23/05/2025
မိဘတိုင်းနီးပါး ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကတော့ Toddlersအရွယ် ကလေးငယ်တွေက ပြောစကားနားမထောင်တာပါပဲ။ အဲ့ဒီအချိန်မှာ မိဘတွေအနေနဲ့ စိတ်ဆိုးဒေါသထွက်တာ၊ အော်ငေါက်တာ၊ ရိုက်တာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို စကားနားမထောင်တာမျိုးတွေဖြစ်တာက ပုံမှန်ဖြစ်ပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်နဲ့ သက်ဆိုင်ပါတယ်။ ကလေးတွေက မိဘတွေရဲ့ စကားကို နားမထောင်တိုင်း၊ လိုက်မလုပ်တိုင်း သူတို့က ဖေဖေ မေမေကို ဆန့်ကျင်နေတာမဟုတ်ပါဘူး။ သူတို့ရဲ့ ဖွံ့ဖြိုးမှုအဆင့်ကြောင့် ဖြစ်နိုင်တာကို နားလည်ပေးဖို့ အရေးကြီးပါတယ်။
ဒါဆိုကလေးငယ်တွေက ဘာကြောင့်စကားနားမထောင်တာလဲဆိုတဲ့အကြောင်းအရင်းလေးတွေကို သိဖို့လိုပါတယ်။ ဆက်ကြည့်ကြရအောင်နော်။
1️⃣ ပထမအချက်က ဦးနှောက်ဖွံ့ဖြိုးမှု မပြည့်စုံသေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ Toddler အရွယ် (၁-၃ နှစ်) ကလေးတွေရဲ့ ဦးနှောက်က ဆင်ခြင်တုံတရားနဲ့ ထိန်းချုပ်မှုစွမ်းရည် (self-control) မဖွံ့ဖြိုးသေးပါဘူး။ သူတို့က လုပ်ချင်တာကိုချက်ချင်းလုပ်ဆောင်တတ်ပြီး စည်းမျဉ်းတွေကို နားလည်ဖို့ ခက်ခဲပါတယ်။
2️⃣ ဒုတိယအချက်က စိတ်လှုပ်ရှားမှုကို မထိန်းနိုင်သေးလို့ဘဲဖြစ်ပါတယ်။ ဒီအရွယ်မှာ ကလေးတွေဟာ စိတ်ခံစားမှုကို ထိန်းချုပ်ဖို့ မတတ်နိုင်သေးပါဘူး။ ဒါကြောင့် သူတို့ဟာ စိတ်ဆိုးတာ၊ ငိုတာ၊ အော်တာတွေ လုပ်တတ်ပါတယ်။
3️⃣ တတိယအချက်က သူတို့လေးတွေရဲ့ အာရုံစူးစိုက်မှုကာလတိုတောင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Toddler တွေရဲ့ အာရုံစိုက်နိုင်စွမ်းက အလွန်တိုတောင်းပါတယ်။ သူတို့က တစ်ခုခုကို ခဏပဲ အာရုံစိုက်နိုင်ပြီး အလွယ်တကူ ပြောင်းသွားတတ်ပါတယ်။
4️⃣ စတုတ္ထအချက်က စူးစမ်းလိုစိတ်များတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီအရွယ်မှာ ကလေးတွေက ပတ်ဝန်းကျင်ကို စူးစမ်းဖို့ အလွန်စိတ်အားထက်သန်ပါတယ်။ ဒါကြောင့် မိဘတွေက "မလုပ်နဲ့" "မထိနဲ့” "မကိုင်နဲ့” လို့ ပြောရင် ပိုလုပ်ချင်စိတ်ဖြစ်တတ်ပါတယ်။
5️⃣ နောက်ဆုံးအချက်ကတော့ စကားပြောနိုင်စွမ်း မပြည့်စုံသေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အသက် ၂-၃ နှစ်အတွင်း ကလေးအများစုက စကားကိုကောင်းကောင်းမပြောတတ်သေးတာကြောင့် သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် သူတို့က သူတို့ဖြစ်ချင်တာ ရချင်တာ လိုချင်တာကို ငိုပြီးတော့ အော်ပြီးတော့ ရိုက်ပြီးတော့ ဖော်ပြတတ်ပါတယ်။
ဒါတွေက ဘာကြောင့် ပုံမှန်ဖြစ်ရတာလဲဆိုရင် ဒီအရွယ်မှာ ကလေးတွေဟာ လောကကြီးကို စတင်လေ့လာနေဆဲဖြစ်ပြီး သူတို့ရဲ့ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုက မပြည့်စုံသေးပါဘူး။ သူတို့က စည်းမျဉ်းတွေကို နားမလည်သေးဘဲ "လုပ်ပါ/မလုပ်နဲ့" ဆိုတဲ့ အမိန့်တွေကို နားမလည်နိုင်သေးပါဘူး။ ဒါဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ ပိုပြီး နားလည်လာမှာပါ။
ဒါဆိုရင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတော့…
✔ သည်းခံပါ – ကလေးတွေက သူတို့ရဲ့ဖွံ့ဖြိုးဆဲအဆင့်မှာရှိနေတာမို့ ဒါကို နားလည်ပေးပါ။ ကလေးကို အကြိမ်ကြိမ်သတိပေးဖို့ လိုကောင်းလိုပါလိမ့်မယ်။
✔ ရိုးရှင်းတဲ့ ညွှန်ကြားချက်တွေ ပေးပါ – "ဒီကစားစရာကို မပစ်နဲ့" ဆိုတာထက် "ဒီကစားစရာကို ဒီမှာထားပါ" လို့ ပြောပါ။
✔ အပြုသဘောဆောင်တဲ့ အားပေးမှုတွေ လုပ်ပါ – ကလေးက ကောင်းကောင်းနားထောင်တဲ့အခါ ချီးကျူးပေးပါ။
✔ စည်းမျဉ်းတွေကို အလွယ်တကူ နားလည်အောင် ရှင်းပြပါ – "ဒီလိုလုပ်ရင် ဘာဖြစ်မလဲ" ဆိုတာမျိုး ရှင်းပြပါ။ ဥပမာ - မီးကိုမကိုင်နဲ့လို့ဘဲပြောတာထက် မီးကိုကိုင်ရင် ပူတယ်၊ အနာဖြစ်မယ် ဆိုတာမျိုး ပြောပြပါ။
ဖေဖေ မေမေတို့ရဲ့ ကလေးငယ် မနာခံတာက ပုံမှန်ဖြစ်ပြီး ဖွံ့ဖြိုးမှုဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။ စိတ်ရှည်ပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ လမ်းညွှန်ပေးပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်။
Ozzie Page မှ မိဘ၊ မိသားစု၊ အိမ်ထောင်၊ ကလေးအစားအစာတွေနဲ့ပတ်သက်ပြီး အထောက်အကူဖြစ်စေမယ့်အကြောင်းအရာလေးတွေကို မျှဝေပေးနေပါတယ်ရှင်။
ချစ်တဲ့
Ozzieလေး မေမေ
21/01/2025
သတင်းဆိုး၊ ကျွန်တော်တို့ ဆရာဝန်တွေ ကိုယ်တိုင်ကလည်း မပြောချင်၊ လူနာကိုလည်း နားမထောင်စေချင်သော သတင်းစကား ပေါ့ဗျာ။ သို့သော်လည်း မပြောမပြီး၊ မတီးမမြည်ဆိုသလို၊ ဆိုရေးရှိက ဆိုအပ်လှ၏ဆိုပြီး လူနာအား ဖွင့်ဆိုရှင်းပြရခြင်း။
Breaking the bad news လို့ဆေးစာအုပ်တွေထဲမှာ ရေးကြတယ်။ ကျွန်တော်တို့ ဆရာဝန်တွေ ရှောင်လွှဲလို့ မရနိုင်တဲ့ အလုပ်တခုပေါ့။ ဆေးပညာ ဘာသာရပ်တိုင်းမှာ ရှိပါတယ်။ ကျွန်တော်တို့ OG မှာလဲရှိတာပေါ့။ အများကြီးပဲ။ အဲဒါတွေထဲက တခုဖြစ်တဲ့ Anencephaly ဆိုတဲ့အကြောင်း ပြောပြချင်လို့ပါ။
Anencephaly ဆိုတာ လူနာကို ရှင်းပြရ တော်တော်ဆိုးတဲ့ ရောဂါဗျ။ OG ဘဝမှာ တနှစ်ကို တယောက်၊ နှစ်ယောက်လောက် ကြုံရလေ့ရှိပါတယ်။
ဘာဖြစ်တာလဲဆိုတော့ ကိုယ်ဝန်ဆောင် မိခင်ရဲ့ ဗိုက်ထဲက ကလေးလေးက ဗိုက်ထဲမှာရှိနေသမျ အချင်းအားကိုးနဲ့ အသက်ရှင်မယ်။ မွေးထွက်လာပြီ၊ အချင်းနဲ့ ဆက်ထားတဲ့ ချက်ကြိုးကိုဖြတ်လိုက်ပြီ။ အသက်ရှင်ဖို့ ကိုယ့်ဘာသာကိုယ် အသက်ရှူရတော့မယ်ဆိုရင်ကျ မရှူတတ်တော့ဘူး။ မွေးထွက်လာပြီး နာရီပိုင်းအတွင်းမှာ သေသွားကြတယ်။
ကျွန်တော်တို့ ဆေးပညာစကားနဲ့ဆိုရင် The fetus is incompatible with extrauterine life. လို့ပြောကြတယ်။
ကိုယ်ဝန်တွေက ကိုးလလွယ် ဆယ်လဖွားလို့ ဆိုရိုးစကားရှိပါတယ်။ ကျွန်တော်တို့က ကိုယ်ဝန်ကို သုံးပိုင်းပိုင်းတယ်။ ပထမ သုံးလ (first trimester)၊ ဒုတိယ သုံးလ (second trimester)၊ နဲ့ တတိယ သုံးလ (third trimester) ဆိုပြီးတော့ပေါ့။
ပထမ သုံးလ ကိုယ်ဝန်ရှိခါစ ဗိုက်ထဲက သန္ဓေသားလေးကို embryo လို့ခေါ်တယ်။ ဒုတိယ သုံးလနဲ့ တတိယ သုံးလ ဗိုက်ထဲက ကလေးလေးကိုကျ fetus လို့ခေါ်တယ်။
ဘာကွာသွားတာလဲဆိုတာ မြင်သာအောင် ပြောရမယ်ဆိုရင် အုတ်ခဲပုံကြီးနဲ့ အုတ်စီပြီး အကြမ်းထည် တိုက်အိမ်နဲ့ ကွာသလိုပေါ့ဗျာ။
စစချင်း မျိုးအောင်တော့ အဖိုမျိုးစေ့ spermatozoa နဲ့ အမမျိုးစေ့ o**m တို့ပေါင်းစပ်ကြပြီး zygote လို့ခေါ်တဲ့ သန္ဓေသား ဆဲလ် cell လေးတခုဖြစ်လာတယ်။ အဲဒီဆဲလ်လေးက အချိန်တိုင်း ဘိုးဘိုးအောင် တန်ခိုးနဲ့ နှစ်ဆတိုးဆိုပြီး ပွားများလာလိုက်တာ အုတ်ပုံကြီးလို ဆဲလ်တွေ အစုလိုက်၊ အပုံလိုက်ဖြစ်လာရော။ အဲဒီတော့မှ အချင်းဖြစ်မယ့် ဆဲလ်တွေက အချင်းဖြစ်မယ့်နေရာသွား၊ ကလေးဖြစ်မယ့် ဆဲလ်တွေက ကလေးဖြစ်ကြဆိုပြီး တိုက်ဆောက်သလို အုတ်တွေကို စီလိုက်ကြတယ်။
အဲဒီလို အုတ်ပုံကြီးကနေ တိုက်အိမ်အကြမ်းထည်၊ တနည်းပြောရရင် သန္ဓေခဲလေး zygote ကနေ အချင်း၊ ခေါင်း၊ ခန္ဓာကိုယ်၊ ခြေနှစ်ဘက်၊ လက်နှစ်ဘက် လူပုံစံ အကြမ်းထည် ပေါ်လာတဲ့အထိ ဖွံ့ဖြိုးမှုက ကိုယ်ဝန် ပထမ သုံးလ embryo အဆင့်မှာတင် အပြီးသတ်ရပါတယ်။ လူပုံစံ ပေါ်နေပြီ၊ သို့သော် အရပ်အမောင်းကတော့ လူကြီးလက်တဆစ်လောက်ပဲ ရှိသေးတယ်ပေါ့ဗျာ။ ပထမ သုံးလ embryo အဆင့် ပြီးတဲ့အခါမှာပေါ့။
ဒုတိယ သုံးလနဲ့ တတိယ သုံးလမှာ လူပုံစံ အကြမ်းထည်ပေါ်ပြီးသား fetus ကလေးလေးက ဆက်ပြီးကြီးထွားလာတယ်ပေါ့။ မွေးခါနီးကျ တတောင်လောက်ရှိတဲ့ ကလေးကြီးဖြစ်သွားတာပေါ့။
ဒါကြောင့် ကိုယ်ဝန်ရှိခါစ ပထမသုံးလ၊ embryo stage၊ အုတ်ပုံကြီးကနေ တိုက်အိမ်အကြမ်းထည် ပုံပေါ်လာဖို့ အုတ်စီတဲ့အဆင့်၊ စာစကားနဲ့ပြောရရင် organogenesis အဆင့်သည် အရမ်းအရေးကြီးပါတယ်ဗျ။ အုတ်စီမှားသွားရင် လူနေလို့မရတဲ့ တိုက်အိမ်ဖြစ်သွားမှာပေါ့။
ပြဿနာက ဘာလဲဆိုတော့ အာ့လိုအရေးအကြီးဆုံး အဆင့်မှာ အမျိုးသမီးတွေက သူတို့ကိုယ်သူတို့ ကိုယ်ဝန်ရနေပြီလို့ မသိကြသေးတာပဲ။ ဒါကြောင့်ပဲ ကျွန်တော်တို့ ဆရာဝန်တွေက ကလေးယူမယ်လို့ ဆုံးဖြတ်ပြီး ကိုယ်ဝန်တားဆေးတွေ အားလုံးရပ်လိုက်တဲ့ အချိန်ကစပြီး မိခင်လောင်းကို တနေ့ ဖေါလစ်အက်ဆစ် folic acid တလုံးသောက်ခိုင်းတာပါ။
ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုသည် ကိုယ်ဝန်မရခင်ကကို စရပါတယ်ဗျ။ Pre-pregnancy counselling clinic လို့ခေါ်ပါတယ်ဗျ။ ဗိုက်ကြီးတဲ့ ကိုးလလုံးလုံးလဲ ပေါ်မလာ၊ ဗိုက်နာနာချင်းလဲ မရောက်လာ၊ အသည်းအသန်ဖြစ်မှ ညကြီးအချိန်မတော် ရောက်လာပြီး စောင်ဆရာဝန်တွေလို့ ဆဲသွားတဲ့ ဗိုက်ကြီးသည် မမများ သိစေဖို့ပါဗျ။
ပြောနေရင်းနဲ့ ဘယ်ရောက်သွားပါလိမ့်။ အော် Anencephaly အကြောင်း ပြောမလို့နော်။ အဲဒါ အုတ်စီတာ မှားသွားတာပဲဗျ။ ဘယ်နားလေးမှာလဲဆိုတော့ ဦးခေါင်းခွံနဲ့ ဦးနှောက်နေရာမှာ။ နဖူးရိုးပြား frontal bones, နားထင်ရိုးပြား perital bones, နောက်စေ့ရိုးပြား occipital bone, နဲ့ ဦးနှောက် နောက်ဘက်ခြမ်း ပါမလာတာ။ အောက်ပိုင်းက လုံးဝအကောင်း။ ခြေလက်အင်္ဂါစုံတယ်။ မျက်နှာကလဲအကောင်း။
ပြဿနာက ဘာလဲဆိုတော့ အထက်ကပြောခဲ့တဲ့ အရာတွေ အားလုံးမပါ၊ ဦးရေပြားလေးပဲ ပါတာပေါ့။ အဲဒါကို ကိုယ်ဝန် ၂၀-၂၂ ပါတ်ကြားရိုက်တဲ့ anomaly scan USG မှာ ရှင်းရှင်းလင်းလင်း မြင်ရပါပြီဗျ။
ပြဿနာက အဲဒီမှာစတယ်။ ကလေးလေး fetus is Anencephaly. Baby is incompatible with extrauterine life. အမေ့ဗိုက်ထဲမှာ ရှိနေသမျ အသက်ရှင်မယ်။ မွေးထွက်ပြီးတာနဲ့ နာရီပိုင်းအတွင်း သေမယ်လေ။ ဘာလုပ်ကြမလဲ။ အမေကို ဘယ်လိုမှ မရှင်နိုင်မယ့် ကလေးကို နေ့စေ့လစေ့အထိ ကိုယ်ဝန်ကို လွယ်ခိုင်းထားမလား။ သိသိချင်းပဲ ကလေးကို ထုတ်ပြစ်မလား။ အမေကိုပဲ ဆုံးဖြတ်ခိုင်းရပါတယ်ဗျ။ USG အရ ၂၀-၂၂ ပါတ်မှာ Anencephaly ဆိုတာကို ၁၀၀% သေချာအောင် ပြောနိုင်ပေမယ်လို့ မိခင်ကကျ သူ့ကလေး လှုပ်နေတယ်လို့ ခံစားရတော့ မွေးထွက်ပြီးပြီးချင်း သေမှာလို့ ပြောတာကို လက်ခံဖို့ အရမ်းခက်ခဲတတ်ပါတယ်။
သီးသန့်အခန်းထဲမှာ ခေါ်ပြီး သေချာရှင်းပြရပါတယ်။ ကလေးကတော့ အမေ့ဗိုက်ထဲမှာ ရှိနေသမျတော့ အသက်ရှင်နေမှာပဲ။ မွေးထွက်လာပြီးရင်တော့ နာရီပိုင်းပဲနေပြီး သေမှာပဲ။
အဲဒီလိုကလေးကို နေ့စေ့လစေ့ရောက်၊ သဘာဝအတိုင်း မွေးချိန်ထိအောင် စောင့်မလား၊ သိတဲ့အချိန်မှာပဲ ဆေးထည့်ပြီး မွေးထုတ်ပြစ်မလား။ လူနာနဲ့ လူနာရှင်ကို ဆွေးနွေးရပါတယ်ဗျ။ သူတို့ကတော့ သူတို့ကလေး လှုပ်နေတယ်ဆိုပြီး ဒါကိုလက်ခံဖို့ အတော်ခက်ခဲပါတယ်။
အကြေအလည် ရှင်းပြပြီးလို့ လက်ခံတယ်၊ ကိုယ်ဝန်ကို အဆုံးသတ်လိုက်တော့မယ်၊ သဘောတူတယ် ဆိုရင်လဲ သားအိမ်ပွင့်ဆေး၊ ကိုခြောက်နာရီခြားတခါနဲ့ အကြိမ်ရေ ဘယ်လောက်မှန်း မသိအောင် ထည့်ရနိုင်ပါတယ်။ တချို့က နှစ်ခါ၊ သုံးခါနဲ့ ထွက်သွားနိုင်သော်လည်း တချို့က လေး၊ ငါးရက်ကြာအောင် ဆေးထည့်ရတာမျိုးလဲ ရှိတတ်ပါတယ်။ လူနာကို အလိုမလိုက်ပဲ ခွဲမွေးမပေးဖို့တော့ လိုတာပေါ့ဗျာ။ ဗိုက်နာလာရင်လဲ ရှိတဲ့ဘယ်အနာသက်သာတဲ့ ဆေးသုံးသုံး အဆင်ပြေတယ်လေ။ ကလေးအကြောင်းက စဉ်းစားစရာမှ မလိုတာပဲ။
ပြောပြချင်တာက ကလေးယူမယ်လို့ ဆုံးဖြတ်ပြီး ကိုယ်ဝန်တားဆေးတွေ ရပ်လိုက်တဲ့အချိန်ကစလို့ တနေ့ကို folic acid တလုံးသောက်ပါဗျ။
အားလုံးပဲ မတော်တဆ sexual pleasure ကြောင့်ရသွားတဲ့ ကိုယ်ဝန်မဟုတ်ပဲ လိုလိုလားလား ဖိတ်ခေါ်ပြီးရသွားတဲ့ planned pregnancy တွေဖြစ်ကြပါစေဗျာ။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Chiang Rai
57130