The Error

The Error

Share

27/03/2026

စကားလုံးရောင်းသူတွေနဲ့
ဈေးကြီးပေးဝယ်ရတဲ့ 'မျှော်လင့်ချက်' ...
_____________

ဒီဘက်ခေတ်မှာ Facebook ပွတ်လိုက်ရင် Motivational Speaker တွေက မိုးခါးရေလိုပဲ။ တစ်ချက်ပွတ်လိုက်တိုင်း "အောင်မြင်ဖို့ဆိုရင်..." လို့ အစချီတဲ့ စကားလုံးလှလှလေးတွေက ဖုန်းမျက်နှာပြင်ပေါ်မှာ ပလူပျံနေတာပါပဲ။

ထူးဆန်းတာက အဲဒီ "အောင်မြင်ရေး" လမ်းပြမြေပုံတွေကို ကြည့်ချင်ရင် ပေးရတဲ့ သင်တန်းကြေးတွေက လန့်ဖြန့်စရာပဲ။ တကယ်တော့ ဒါက စိတ်ဓာတ်ကျနေတဲ့ ပြည်သူတွေရဲ့ အားငယ်မှုကို အရင်းအနှီးလုပ်ပြီး မျှော်လင့်ချက်တွေကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းစားနေကြတာလားလို့တောင် တွေးမိတယ်။

စကားကို အနုအရွလေး ပြောတတ်ရုံ၊ လေသံကို နိိမ့်ချည်မြင့်ချည် ကစားတတ်ရုံနဲ့ "ဆရာကြီး" ဘွဲ့ခံပြီး စင်ပေါ်တက်နေကြတာကို ကြည့်ရင် တစ်ခုတော့ သတိပြုမိတယ်။ ကျွန်တော်တို့တွေက "အနှစ်သာရ" ထက် "အပြင်ပန်း အရောင်အသွေး" ကို ပိုပြီး အထင်ကြီးနေကြတာလား။

သိန်းဂဏန်းပေးရတဲ့ သင်တန်းတွေက ဦးနှောက်ကို ခဏတာ "High" သွားစေပေမဲ့ ... သင်တန်းခန်းမထဲက ထွက်လာရင်တော့ လက်တွေ့လောကရဲ့ ရိုက်ချက်တွေက စောင့်ကြိုနေမြဲပဲ။

တကယ်တော့ လူတွေ စိတ်ဓာတ်ကျနေချိန်မှာ လိုအပ်တာက #လက်တွေ့ကျတဲ့ရုန်းကန်နိုင်စွမ်း လို့ပဲထင်ပါတယ်။

စင်ပေါ်ကနေ "မင်းလုပ်နိုင်တယ်" (You can do it) လို့ အော်နေရုံနဲ့တော့ ဘဝက မှော်အတတ်လို ပြောင်းလဲမသွားဘူး။

အောင်မြင်မှုဆိုတာ သူများရဲ့ စကားလုံးတွေထဲမှာ ရှာရတာမဟုတ်ဘဲ ကိုယ့်ရဲ့ ချွေးစက်တွေထဲမှာပဲ ရှိတာပါ။ စကားလှလှပြောနိုင်ရင် အထင်ကြီးတတ်တဲ့ အကျင့်လေးကို ခဏဘေးဖယ်ပြီး "ဘယ်သူက ငါ့ကို အနှစ်သာရရှိတာတွေ သင်ပေးနေတာလဲ" ဆိုတာကို ခွဲခြားမြင်တတ်ဖို့ လိုအပ်နေပြီ ထင်ပါတယ်။

၂၇/၃/၂၆

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon