Vision Entertainment

Vision Entertainment

Share

07/02/2024

January.29 ရက် 2021 ည 11:30
ကျွန်တော်တို့ရဲ့ နှလုံးသားထဲကဂီတ Live Session ကို
ဂီတကိုချစ်မြတ်နိုးတဲ့သူတွေနဲ့နောက်ဆုံးဖြတ်သန်းခဲ့ပါတယ်။
February.1 ရက် 2021 နိုင်ငံအမှောင်ထဲစရောက်သွားရတဲ့နေ့ကစပြီး သုံးနှစ်ကျော်အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်သွားခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ Vision Entertainment ကို ပြန်လည်ပြီး စတင်တော့မယ့်အကြောင်း မိတ်ဆွေများကိုခင်မင်စွာ
အသိပေးအပ်ပါတယ်။
နိုင်ငံကမှောင်စဲပါ
လောင်စဲပါ
ကျွန်တော်တို့အတွက်
အနုပညာဆိုတာ
အမှောင်ထဲရောက်နေတဲ့ နေ့ရက်များထဲမှာ
အလင်းလေးတစ်စသာသာပါ
မသေရုံ အားအဖြစ်
ဆွဲတင်းထားရတဲ့ ကြိုးလေးတစ်မျှင်ပါဗျာ…
မကြာခင်ပြန်ဆုံကြပါမယ်။ ။

21/01/2021

♪အဉ္စလီ မောင်မောင် ပြောခဲ့တဲ့ သီချင်းရေးပုံ
~~~~~~~~~~~~~~~~~~~~~~~~~~~~ 🖊
တကယ်တော့ ဘ၀မှာ မထင်မှတ်ဘဲ သီချင်းရေးသူတယောက် ဖြစ်လာတာပါ။ ကျွန်တော် မူလတန်းကျောင်းသား အရွယ်တုန်းက စန္ဒရားတီးတတ်ချင်လို့ အဖေ့ကို ပူဆာပါတယ်။အဖေကဘကြီးသန့် (ဦးသန့်ဒါးတန်း)ကိုအကူအညီတောင်းတော့ဆရာဦးသိမ်းမောင်ဆီမှာစန္ဒရားတီးသင်ဖို့ဘကြီးသန့်ကစီစဉ်ပေးပါတယ်ဒါးတန်းဦးသန့်ကကျွန်တော့်ဦးသိမ်းမောင်ရဲ့ဆရာပါ။ကျွန်တော့်ရဲ့ဂီတဘ၀ အဲဒီကစလိုက်တာ၊ ၁၀ တန်း ကျောင်းသားဘဝရောက်တဲ့အထိ စန္ဒရားတီးသင်ခဲ့ပါတယ်။ လယ်တန်းနဲ့ အထက်တန်း ကျောင်းသားဘ၀ကျတော့ အမြင်တွေ အမျိုးမျိုး ပြောင်းလဲလာပါတယ်။ ၁၀ တန်းစာမေးပွဲဖြေပြီး တက္ကသိုလ် မတက်ခင်မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်းမှာ ငါးလလောက် စန္ဒရားတီးခဲ့ပါတယ်။

၁၉၆၇-၁၉၆၈ ခုနှစ်မှာ စက်မှုတက္ကသိုလ် (R.I.T.) စတက်ပါတယ်။ တက္ကသိုလ် ကျောင်းအိပ်ကျောင်းစားဘ၀မှာ စန္ဒရားနဲ့ကျွန်တော် အဆက်ပြတ်သွားပါတယ်။ အရင်က ဂရုမစိုက်ခိခဲ့တဲ့ "ဟာမိုနီ အသံဖွဲ့စည်းခြင်း" နဲ့ "တန်ပြန်တေးသွား" ဆိုင်ရာ စာအုပ်တွေ ရှာပြီ ဖတ်မိတယ်။ မှတ်စုအတိုအထွာတွေ ထုတ်ပြီး မှတ်တယ်။ ကျက်တယ်။ နားမလည်၊ သဘော မပေါက်၊ မရှင်းတာတွေကို ဂီတ လိုက်စားသူတွေနဲ့ မေးမြန်းတယ်၊ ငြင်းခုန်တယ်၊ ဆွေးနွေးတယ်။

ခင်မောင်တိုး၊ ကိုနေ၀င်း၊ ကိုရဲလွင်တို့နဲ့ ခင်မင်ရင်းနှီးတဲ့ ကာလအတော်ကြာမှ ကျွန်တော် ဂီတာကို တီးချင်စိတ် ပေါ်လာတာပါ။ ဂီတာဟာ အသံရဲ့အတွဲအဖက် သဘော သဘာ၀ကို လေ့လာလို့ရတဲ့ တူရိယာပစ္စည်းတမျိုးပါပဲ။ စန္ဒရားလောက် နည်းပညာပိုင်းမှာ (Techniques) မခက်ဘူးလို့ အရင်က ထင်ခဲ့တယ်။ (အမှန်ကတော့ တူရိယာပစ္စည်းတိုင်းဟာ သူ့ဟာနဲ့သူ ခက်တာပါပဲ)။ ကောင်းတာကတော့ ကိုယ်နဲ့ သင့်တော်မယ့် တူရိယာပစ္စည်း ရွေးမိဖို့ အရေးကြီးပါတယ်။ ဒါပါပဲ။

ခေတ်ပြိုင်သီချင်းရေးသူတွေနဲ့ ဝါသနာ တူတယ်လို့သာ ပြောရတယ်၊ တကယ်တော့ ကြိုက်နှစ်သက်တဲ့ ဟန်ချင်းမတူပါဘူး။ ကျွန်တော်ရေးရင် မျဉ်းကြောင်း သင်္ကေတ (Staff-Notation) နဲ့ မှတ်ပါတယ်။ ရေးစတုန်းကတော့ တူရိယာပစ္စည်း တခုရယ်၊ ဆိတ်ငြိမ်တဲ့ ပတ်၀န်းကျင်ရယ် ရှိမှပဲ ရေးလို့ ရပါတယ်။ သီချင်းပုဒ်ရေ ၉၀ ကျော်ရေးပြီးတဲ့ နောက်ပိုင်းမှာတော့ တူရိယာပစ္စည်းတခုခု အနားမှာ မရှိလည်း ရေးလို့ဖြစ် လာတယ်။
သီချင်းရေးတဲ့နေရာမှာ တေးသွားဘောင်ကိုလည်း တင်ကြိုရှာမထားဘူး။ စာသားပိုဒ်ကိုလည်း အရင်ရေးမထားဘူး။ ပထမရေးချင်တဲ့ အကြောင်းအရာကို စဉ်းစားတယ်။ ရေးတဲ့အခါ အသုံးချမယ့် ဂီတသံအဖွဲ့အစည်း (Musical Forms & Figures) ပုံစံတွဲတွေကို စိတ်ထဲမှာ ဖော်ကြည့်တယ်။ အဲဒီနောက် ဂီတဝါကျ (Musical Phrase) နဲ့ စာသားဝါကျ (Lyric) တခုရပြီး တခုဆက်တယ်။ ပြောချင်တဲ့ အကြောင်းအရာ ပြည့်စုံပြီထင်ရင် အဆုံးသတ်လိုက်တယ်။ ထပ်ပြောချင်တဲ့အခါ ဆက်ရေးပြန်ရော။ တေးသွားပဲ ဖြစ်ဖြစ်၊ စာသား ပဲဖြစ်ဖြစ် အားမရရင် ခဏခဏ ပြင်တယ်။ အသံသွင်းပြီး (Recording) အခွေထဲ ရောက်သွားပြီးမှ မကြိုက်ရင်လည်း ချောင်ထိုးထားလိုက်တော့တယ်။

သီချင်းရေးရင်တော့ ခံစားမှု ရှိရမှာပေါ့လေ။ ကျွန်တော်လည်း ခံစားမှုရှိမှ သီချင်းရေး တာပါ။ ဒါပေမယ့် ရေးနည်းကို မလေ့လာဘဲ၊ ရေးစပ်တဲ့ အတတ်ပညာကို မလိုက်စားဘဲ၊ ခံစားမှုနောက်ကိုချည်း လိုက်လို့တော့ မဖြစ်ဘူးပေါ့လေ။ အများစုကတော့ ခံစားမှုလွန်ကဲဟန် (Emotional Type)ကို ရှုပ်နေတယ်။ "သိပ်ပြီး ပြင်းပြတဲ့ ခံစားမှု" တခုဟာ ပန်းချီကားတချပ်ကို လည်း ဖန်တီးနိုင်တယ်။ သီချင်းတပုဒ်ကိုလည်း ဖွဲ့နွဲ့နိုင်တယ်။ ပန်းချီ ဆွဲတတ်လို့လည်း မဟုတ်ဘူး။ သီချင်းစပ်တတ်လို့လည်း မဟုတ်ဘူးလို့ ယူဆကြတယ်။ အမှန်ကတော့ ခံစားမှုနဲ့ နည်းနာပိုင်း မျှတအောင် ရောစပ်ရမှာပါ။ တီးကွက်ဖော်တာကျတော့ ခံစားမှုနဲ့ မဆိုင်တော့ဘူး။

ပန်းပု၊ ပန်းချီ၊ ဂီတ၊ ကဗျာ စတဲ့ သုခုမလက်ရာတွေရဲ့ရသဟာ "ခံစားသူရဲ့အာရုံထက်မြက်မှု" ဒါမှမဟုတ် "ခံစားနိုင်စွမ်း" ပေါ်မူတည်ပြီး အရသာ အမျိုးမျိုး ကွဲနိုင်တယ်။ ခံစားမှုဆိုတာ ဘောင်မရှိဘူး၊ လွတ်လပ်တယ်။ သီချင်းတပုဒ်ရေးပြီးရင် ကိုယ်တိုင်ဆိုကြည့် တယ်။ ထစ်ငေါ့နေတယ်ထင်တဲ့ စကားလုံးနဲ့ နုတ် (Note)ကို "တလုံးစီ" ဒါမှမဟုတ် "အစုံလိုက်" ပြင်တယ်။ ပြင်စရာမရှိရင် တီးကွက်ကို ထပ်ပြီး ဖြည့်စွက်ရပါတယ်။ သီချင်းရေးတဲ့နေရာမှာ စာသား (Melody) ချည်းသက်သက် မဟုတ်ဘဲ အားလုံးကို တာ၀န်ယူချင်တာပါပဲ။ ကောင်း မကောင်း ကိုယ်နဲ့ပဲ သက်ဆိုင်တာပေါ့။

ခင်မောင်တိုး ဆိုတဲ့ "ကြိုးကြာသံ" ကတော့ အရှေ့တိုင်း အယူအဆလေးကို အခြေခံတာပါပဲ။ သစ္စာတရားဆိုပါတော့ အဖော်ကွဲရင် ရင်ကွဲနာကျသေတယ်လို့တောင် ပြောကြတယ် မဟုတ်လား။ တရုတ်အယူအဆကတော့ အသက်ရှည်တယ်ပေါ့ဗျာ။ ဂျပန်မှာတော့ ခါးနာနေရင် စက္ကူတွေနဲ့ ကြိုးကြာပုံ ချိုးကြတယ်။ အရုပ်က တထောင်ပြည့်ရင် မသေဘူးလို့လည်း ဆိုကြတယ်။ အဲဒါလေးတွေ ပါအောင် ရေးထားတာပါပဲ။

✍ မောင်မောင် ✍
အဉ္စလီ




#အဉ္စလီ မောင်မောင်
၁၉၈၆၊ ဧပြီလ၊ စံပယ်ဖြူမဂ္ဂဇင်းမှာပါတဲ့
"ဂီတသံစဉ် တေးချင်းဖွဲ့သီ" ကဏ္ဍမှ ကောက်နှုတ်တင်ပြထားတဲ့ Beauty မဂ္ဂဇင်း ထဲက ဆောင်းပါးကို ကူးယူဖော်ပြပါတယ်။
Artwork Crd to Artist AG GA

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 196/200, Dhamathukha Kyaung Street, Hlaing Township
Yangon
11051