Food Safety
18/12/2025
ယနေ့ခေတ်တွင် Social Media ပေါ်၌ အစားအသောက် Review များနှင့် Vlog များ ခေတ်စားလာသည်မှာ ဝမ်းမြောက်စရာ ကောင်းပါသည်။ Social Media များ၏ သက်ရောက်မှုသည် အလွန်ကြီးမားလာပြီး စားသောက်ကုန်လုပ်ငန်းများသို့ အချို့သော Media လုပ်ငန်းများမှ သွား ရောက်ရိုက်ကူးကာ Social media platform ပေါ်တွင် မျှဝေခြင်းများ မကြာခဏတွေ့ရှိရပါသည်။ Media ရိုက်ကူးမှုသည် လုပ်ငန်းအတွက် စားသုံးသူ၏ ယုံကြည်မှု စစ်ဆေးသည့် ပုံရိပ်တင် မှန်တစ်ချပ် ဖြစ်သလို လူသိများလာပြီး ဈေးကွက်ချဲ့ထွင်ရန် အခွင့်အလမ်းများကိုလည်း ရရှိနိုင်ပါသည်။
သို့ပေသိ Social Media လွှမ်းမိုးမှုသည် စားသောက်ကုန်လုပ်ငန်းများအတွက် နှစ်ဖက်ချွန် ဓားသဖွယ် ဖြစ်နေသည်ကိုလည်း မမေ့သင့်ပါဘူး။ Media ရိုက်ကူးတင်ဆက်မှုကြောင့် တစ်ဖက်တွင် အခမဲ့ ကြော်ငြာရရှိကာ ဈေးကွက်ချဲ့ထွင်နိုင်သော်လည်း၊ အခြားတစ်ဖက်တွင် မိမိလုပ်ငန်း၏ အားနည်းချက်များ၊ အထူးသဖြင့် အစားအသောက် ဘေးကင်းလုံခြုံမှု (Food Safety) နှင့် သက်ဆိုင်သောကိစ္စများ၊ သန့်ရှင်းမှုအားနည်းချက်များကို အများပြည်သူ မြင်တွေ့သွားနိုင်ပါသည်။ ထိုအပြင် Media ရိုက်ကူး တင်ဆက်မှုသည် လုပ်ငန်း၏ သန့်ရှင်းမှုနှင့် Food Safety စံနှုန်းများအပေါ် အခြေခံကာ လူထု၏ တရားစီရင်မှုကို ခံယူရခြင်းလည်း ဖြစ်ပါသည်။ ဒါကို သတိပြုသင့်ပါသည်။
ဒါက ဘာကြောင့် ဖြစ်ရတာလဲဆိုရင် ရိုက်ကူးသည့် Media များတွင် Food Safety နှင့် သက်ဆိုင်သော ဗဟုသုတ နည်းပါးခြင်း၊ ရိုက်ကူးခံရသည့် လုပ်ငန်းများတွင် Good Hygiene Practices (GHP) နှင့် Good Manufacturing Practices (GMP) တို့ကို မသိရှိခြင်း၊ နားမလည်ခြင်း၊ လိုက်နာမှု အားနည်းခြင်းတို့ကြောင့် ဗီဒီယိုတစ်ခု တင်လိုက်သည်နှင့် တစ်ပြိုင်နက် အများပြည်သူ၏ ဝေဖန်မှုကို မုန်တိုင်းသဖွယ် ရင်ဆိုင်ရပြီး လုပ်ငန်း၏ နာမည်ကောင်းသတင်းသည် ရုတ်တရက် ဆိုသလို ပျက်စီးဆုံးရှုံးသွားနိုင်ပါသည်။ နှစ်ပေါင်းများစွာ တည်ထောင်လာသော အမှတ်တံဆိပ်တခု၊ နာမည်ကောင်းတခုသည် ရိုက်ကူးတင်ဆက်လိုက်သော Video တခုကြောင့် မိနစ်အနည်းငယ် အတွင်း ပျောက်ဆုံးသွားနိုင်ပါသည်။
ရိုက်ကူးတင်ဆက်သူ မီဒီယာသမားများသည် စားသုံးသူများအတွက် သတင်းအချက်အလက် ပေးပို့သူများ ဖြစ်သလို၊ လုပ်ငန်းရှင်များ၏ ပုံရိပ်ကို ဖော်ဆောင်ပေးသူများလည်း ဖြစ်တယ်ဆိုတာလဲ မမေ့သင့်ပါဘူး။ Media သမားများအနေဖြင့် ကြည့်ရှုသူ အရေအတွက် (Views) ကိုသာ ဦးစားပေးမည့်အစား အစာကွင်းဆက်တွင်ပါဝင်သူ တစ်ဦးအနေဖြင့် တာဝန်ယူမှုရှိရန် လိုအပ်ပါသည်။
ရိုက်ကူးတင်ဆက်သူသည် အစာဘေးကင်းရေးနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ အခြေခံ သန့်ရှင်းမှု စံနှုန်းများကို သိရှိနားလည်ရန် လိုအပ်ပါသည်။ ရိုက်ကူးနေစဉ်အတွင်း Food Safety စံနှုန်းများ၊ မသင့်လျော်သော အပြုအမှုများ ပြုလုပ်ချိုးဖောက်နေသည်ကို တွေ့ရှိပါက ထိုရိုက်ကူး မှုကို ဆက်လက်မလုပ်ဆောင်ဘဲ လုပ်ငန်းရှင်အား ပြုပြင်ရန် လိုအပ်ကြောင်း ပြောကြား သင့် ပါသည်။ ဘယ်လို မသင့်လျော်သော အပြုအမှုများပါဘဲ။ အစာကို လက်အိတ်မပါဘဲ ကိုင်တွယ်ခြင်း၊ အစာပေါ်တွင် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ဝန်ထမ်းများသည် လိုအပ်သော အကာအကွယ် ဝတ်စုံများ (ဉပမာ - ခေါင်းစွပ်၊ ပါးစပ်စည်း၊ လက်အိတ်)၊ ဝတ်ဆင်ထားမှု မရှိခြင်း၊ ညစ်ပေသော ဝတ်စုံများကို ဝတ်ဆင်ထားခြင်း၊ အစာပြင်ဆင်ထုတ်လုပ်ရာနေရာသည် ညစ်ပေနေခြင်း၊ သန့်ရှင်းမှု အားနည်းခြင်းတို့ ဖြစ်ပါသည်။ ထို့အရာများသည် အကြောင်းအချက် တချို့သာ ဖြစ်ပါသည်။ ဒါလည်းသိမှ ပြောလို့ရမှာပါ။ မသိဘဲနဲ့ မပြောနိုင်ပါဘူး။ ဒါကြောင့် ရိုက်ကူးတင်ဆက်သူများ အနေဖြင့် Food Safetyကို သိဖို့လိုအပ်တယ်လို့ ဆိုလိုတာပါ။
Media များအနေဖြင့် အစာဘေးကင်းရေးနှင့် မကိုက်ညီသောအရာများကို အများပြည်သူသို့ ထုတ်လွှင့်ခြင်းသည် လူထု၏ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသည့် ပုံရိပ်များ ဖြန့်ဝေရာ ရောက်ပါသည်။ ထို့ကြောင့် စားသောက်ကုန်လုပ်ငန်းများကို ရိုက်ကူးသောအခါ အခြားသော ရိုက်ကူးမှုမျိုးထက် မည်သို့ စနစ်တကျ ထုတ်လုပ်သည်၊ မည်သို့ သန့်ရှင်းရေးလုပ်သည် စသည့် GHP/GMP ဆိုင်ရာ အလေ့အကျင့်ကောင်းများကိုပါ မီးမောင်းထိုးပြ တင်ဆက်ခြင်းဖြင့် အခြား လုပ်ငန်းများအတွက်ပါ စံနမူနာကောင်း ဖြစ်စေရပါမည်။ ထိုမှသာ မိမိ ရိုက်ကူးတင်ဆက်ပေးသော လုပ်ငန်း၏ နာမည် ဂုဏ်သတင်းကျော်ဇောမှုကို မြှင့်တင်ပေးရာရောက်ပြီး လူအများ ယုံကြည် စိတ်ချစွာ စားသုံးနိုင်မှာ ဖြစ်ပါသည်။ ထိုသိုမဟုတ်ဘဲ Food Safety၊ GMP၊ GHP ကို မနားလည်ဘဲ ရိုက်ကူးတင်ဆက်ခြင်းသည် လုပ်ငန်းရှင်များ၏ နာမည် ကျဆင်းစေပြီး အသက်မွေး ဝမ်းကျောင်း ကိုပါ ထိခိုက်စေနိုင်ပါတယ်။
စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း Media ရိုက်ကူးမှုသည် “အခမဲ့ ကြော်ငြာ” ဟု မမြင်ဘဲ လုပ်ငန်းခွင်တခုလုံးကို အများပြည်သူသို့ ပွင့်လင်းစွာ ပြသသည့် “အများပြည်သူ စစ်ဆေးရေး” လုပ်ငန်းစဉ်အဖြစ် သိရှိထားရပါမည်။
မိမိထုတ်ကုန်သည် အရသာ မည်မျှပင် ကောင်းမွန်နေပါစေ သန့်ရှင်းမှုအားနည်းပါက Social media ပေါ်တွင် နာမည်ပျက်သွားရန် မိနစ်ပိုင်းသာ လိုပါသည်။ ရိုက်ကူးမှု မပြုလုပ်ခင် သန့်ရှင်းရေး ပြုလုပ်ထားသင့်သည်။ လုပ်ငန်းရှိ အရာရာတိုင်းသည် ကင်မရာအတွက် အသင့်ဖြစ်နေရမည်။ Media သမား၏ ကင်မရာမှန်အောက်မှာ မိမိ စားသောက်ကုန်လုပ်ငန်းသည် လူထုစစ်ဆေးမှုကို မကျော်နိုင် ပါက နာမည်ကောင်း ပျက်စီးသွားမည်ကို သတိပြုသင့်သည်။
နောက် မိမိတို့လုပ်ငန်းသည် မည်သည့်စနစ်ကို ထူထောင်ထားရှိကြောင်း၊ လိုက်နာကြောင်း ချပြနိုင်လေ ကောင်းလေ ဖြစ်ပါသည်။ ဉပမာအားဖြင့် GMP, GHP, HACCP, ISO 22000, FSSC 22000 အစရှိသော စံနှုန်းများ ဖြစ်ပါသည်။ စနစ်တကျ လုပ်ဆောင်နေကြောင်း ဖော်ပြနိုင်မှသာ စားသုံးသူ၏ ယုံကြည်မှုကို ရယူနိုင်မည်ဖြစ်သည်။
နောက်ဆုံးပိတ်အနေဖြင့် Growth with Together ဆိုသလို Media နှင့် စားသောက်ကုန် လုပ်ငန်းရှင်များကြားတွင် စားသုံးသူ၏ ယုံကြည်မှုကို တည်ဆောက်ရန်အတွက် ဘုံပန်းတိုင်တစ်ခု ရှိပါသည်။ ထိုဘုံပန်းတိုင်မှာ ဘေးကင်းသော အစားအသောက်များပင် ဖြစ်သည်။
Media များက တာဝန်ယူမှုရှိစွာ၊ တက်ကျွမ်းနားလည်စွာ တင်ဆက်ပေးခြင်း၊ လုပ်ငန်းရှင်များက စနစ်တကျ ပြင်ဆင် ထိန်းသိမ်းခြင်းဖြင့် နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ မှတစ်ဆင့် စားသောက်ကုန် ကဏ္ဍသည် ပိုမိုအရည်အသွေး ပြည့်ဝလာမည်ဟု ယုံကြည်စွာဖြင့် တင်ပြလိုက်ရပါသည်။
02/03/2025
ဆီမည်းများ နှင့် စားသုံးသူ ကျန်းမာရေး
နေ့သစ်တခုကို စတင်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ လူသားတွေဟာ လှုပ်ရှားရုန်းကန်ကြရပါတယ်၊ ဒီလို လှုပ်ရှားရုန်းကန်ကြဖို့အတွက် စွမ်းအင် လိုအပ်ပါတယ်။ စွမ်းအင် ကို အစာကနေ အဓိက ရယူကြပါတယ်။ အဲလို အစာကနေ ရယူကြတဲ့အခါမှာ အိမ်မှာ စားသောက်တာဖြစ်ဖြစ်၊ အပြင်မှာ စားသောက်တာဖြစ်ဖြစ် လုပ်ဆောင် ကြပါတယ်၊ ရွှေပြည်ကြီးမှာတော့ လက်ရှိအချိန်မှာ အများအားဖြင့် အပြင်စာတွေကိုသာ အားထား စားသောက်ကြရပါတယ်။
ရွှေပြည်ကြီးကလူတွေကလဲ မနက်ခင်းစာဆိုရင် ထမင်းပူပူနှင့် အကြော်၊ စာမူဆာ၊ လက်ဖက်ရည်နှင့် တွဲဖက်ပြီး အီကာကွေး၊ ပဲပလာတာ ဘာညာ ဆီကြော်များကို စားသုံးလာကြပါတယ်။ မနက်စာတင်လားဆိုတော့လဲ မဟုတ်သေးပါဘူး၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စကားစမြည်းပြောရင်လည်း လက်ဖက်ရည်ဆိုင် ထိုင်တက်ကြပါသေးတယ်၊ အဲအခါမှာလဲ အကြော်၊ စာမူဆာ၊ အီကာကွေး၊ ပဲပလာတာ အစရှိသည်တို့ကို စားကြပြန်ရော၊ ဒါမှမဟုတ်ရင်လဲ နောက်ထပ် အကြော် အလှော် တခုခုကို စားသုံးကြပါတယ်။ ညစာဆိုလဲ ဆီများဖြင့် ကြော်လှော်ထားသည်များကို စားကြပြန်ရော့။
ဆီကြော်များကို စားသုံးတဲ့အခါ ဆိုင်တွေက ဆီတွေသည် မည်းညစ်နေပြီ မူလ အရောင်အသွေး ပျက်ယွင်းနေပြီး ဖြစ်ကြောင်းကို အများစုလဲ သတိထားမိမယ် ထင်ပါတယ်၊ လမ်းဘေးဆိုင်တွေဆို ပိုမိုသိရှိနိုင်ပါတယ်၊ မြင်လဲမြင်တွေ့နိုင်ပါတယ်၊ ဆီတွေကို ထပ်ခါထပ်ခါ အကြိမ်ကြိမ် အသုံးပြုခြင်းသည် စားသုံးသူတွေကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ချက်ချင်းမဖြစ်စေနိုင်ပေမဲ့ နာတာရှည်ရောဂါမျိုးတွေ ဖြစ်စေနိုင်ပါသည်။
ရွှေပြည်ကြီးသားတွေကတော့ ဒါကို ပြန်ကြော်ဆီ လို့ ခေါ်ဝေါ်ပြောဆို သုံးနှုန်းကြပါတယ်။ စာရေးသူကတော့ ဆီမည်း လို့ သုံးနှုန်းချင်ပါတယ်။ လမ်းဘေးမှာ ကြော်လှော်နေသော ဘယ်ဆိုင်ကြည့်ကြည့် မည်းညစ်နေသော ဆီမည်းများကိုသာ တွေ့ရှိနိုင်လို့ ဖြစ်ပါတယ်။
အသုံးပြု၍ မဖြစ်တော့သည့် ပျက်ဆီးသွားသော ဆီ၏ ဝိသေသလက္ခဏာများ
ဆီကို အကြိမ်ကြိမ်အသုံးပြုသောအခါ အရည်အသွေးနိမ့်ကျလာပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ဆီမကောင်းတော့သည်ကို အောက်ပါလက္ခဏာများအရ သိနိုင်ပါသည်။
အနံ့ - ဆီချေးနံနံ့ခြင်း၊ အချဉ်နံ့ရခြင်း၊ ပုံမှန်မဟုတ်သော အနံ့တို့ ဖြစ်ပေါ်စေနိုင်ပါသည်။
အရောင်ပြောင်းလဲမှု – အသုံးပြုမှုများလာသည်နှင့်အမျှ အညိုရောင် (သို့) အနက်ရောင် (သို့) အမည်းရောင် ဖြစ်လာနိုင်သည်။ ဒီအခြေအနေကို များသောအားဖြင့် ကြော်လှော်နေသော လမ်းဘေးဆိုင်များတွင် မျက်မြင်တွေ့ရှိနိုင်ပါသည်။
အသွင်အပြင် ပြောင်းလဲလာခြင်း – ဆီသည် မူလ အသွင်အပြင်မျိုး မဟုတ်ဘဲ ပျစ်လာခြင်းတို့ ဖြစ်ပေါ်လာမည်။
အမြှုပ်များ ထွက်လာခြင်း – ဆီကို ပြန်လည် အသုံးပြုသောအခါ အမြှုပ်များ များစွာ ထွက်လာခြင်း ဖြစ်နိုင်သည်။
မီးခိုးထွက်ရှိခြင်း – ဆီကို အနည်းငယ် အပူပေးလိုက်လျှင်ပင် မီးခိုးများ ထွက်လာခြင်းသည် ဆီ ပျက်စီးခြင်း၏ ဝိသေသ တခုပါပဲ။၊
အရသာပြောင်းလဲမှု – အရသာ ပြောင်းလဲနေသော ဆီ၊ တနည်းအားဖြင့် ပြောရရင် ပျက်စီးနေသော ဆီ၊ ဆီမည်း အသုံးပြုသော အစားအသောက်များတွင် ပါးစပ်ထဲတွင် ရှတတ နှင့် ချွဲပြီး ကျန်နေတာမျိုး ဖြစ်ဖူးကြလိမ့်မည် ထင်ပါတယ်။ ဒါမျိုး ကြုံတွေ့ရပါကလဲ ဆက်လက် စားသုံးဖို့ မသင့်ပါဘူး။
ဘယ်လို ကာကွယ်ကြမလဲ၊ ဘယ်လို ဖြေရှင်းကြမလဲ။
ကျွန်နော်တို့ စာဖတ်သူတွေကြီးပဲတော့ ဒီပြသာနာကို ဖြေရှင်းနိုင်ကြမှာ မဟုတ်ပါဘူး။ လမ်းဘေးတွင် ရောင်းချသူတွေေ၊ သက်ဆိုင်သူတွေ အားလုံးသိရှိမှသာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်၊ သို့ပေသိ တနည်းအားဖြင့် ပြောရရင် စားသုံးသူတွေ သိရှိပြီး ရှောင်ရှားကြရင် ရောင်းချသူတွေလဲ သတိထား ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။ စားမြဲစားနေကြအုံးမယ်ဆိုရင် ဆီမည်းများဖြင့် ကြော်မြဲကြော်နေကြအုံးမှာ ဖြစ်ပါတယ်။
ဆီမည်းများသည် လူကို ဘယ်လိုအန္တရာယ် ဖြစ်စေနိုင်သလဲ။
ဆီကို ထပ်ခါထပ်ခါ အကြိမ်ကြိမ် အသုံးပြုပါက ဓာတုပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါသည်။ စိတ်ဝင်စားရင် အောက်မှာ ဆက်လက် ဖတ်ရှု့နိုင်ပါသည်။
ကင်ဆာ ဖြစ်နိုင်မှု မြင့်မားခြင်း
ဆီကို အကြိမ်ကြိမ် အသုံးပြုပြီး မီးခိုများထွက်ရှိလာသည်အထိ ပြုလုပ်လျှင်၊ တနည်းအားဖြင့် ဆီမည်းများတွင် Polycyclic Aromatic Hydrocarbons (PAHs) နှင့် Acrylamide တို့ကဲ့သို့ ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပိုမိုထွက်ပေါ်လာနိုင်သည်။
အဆိုပါ ဓာတုပစ္စည်းများသည် အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ တို့ဖြစ်ပွားစေနိုင်သည်။
နှလုံးရောဂါ ဖြစ်နိုင်ခြင်း
ဆီမည်းများတွင် Trans fat များ တိုးလာပြီး သွေးတွင်း ကိုလက်စထရော (cholesterol) များ တိုးလာနိုင်ပါသည်။
သွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြင်းကြောင့် နှလုံးရောဂါ နှင့် လေဖြတ်ခြင်းတို့လည်း ဖြစ်နိုင်ပါသည်။
အသည်းနှင့် ကျောက်ကပ် ထိခိုက်နိုင်ခြင်း
အရည်အသွေး မကောင်းသော ဆီထဲတွင် Free Radicals အလွန်များလာပြီး အသည်းနှင့် ကျောက်ကပ် ထိခိုက်မှုများ ဖြစ်စေနိုင်သည်။
အစာချေစနစ်ထဲတွင် အဆိပ်အတောက်များ စုဆောင်းသွားနိုင်ခြင်း၊ အသည်းရောင်ခြင်းတို့လည်း ဖြစ်ပေါ်စေနိုင်ပါသည်။
အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
အစာမကြေခြင်း ၊ ဗိုက်အောင့်ခြင်း၊ ပျို့မျိုအန်ခြင်း တို့ ဖြစ်စေနိုင်သည်။
အစာအိမ်ထဲရှိ အက်ဆစ်များကို များစွာထုတ်လွှတ်စေနိုင်ပြီး အစာအိမ်နာခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါသည်။
ကိုယ်အလေးချိန်တိုးခြင်း
ဆီမည်းများတွင် အဆီပိုများနှင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ပါဝင်နိုင်သည်။ ၎င်းတို့ကြောင့် ကိုယ်အလေးချိန် တိုးလာခြင်း နှင့် ဆီးချိုရောဂါ ဖြစ်နိုင်ပါသည်။
ကာကွယ်နိုင်မည့်နည်းလမ်းတွေကတော့
ဆီကို အကြိမ်ကြိမ်အသုံးပြုမှုကို လျှော့ချပါ။ အိမ်တွေမှာတော့ သိပ်ပြီးတော့ မလုပ်ကြပါဘူး၊ များသော အားဖြင့် ဆိုင်တွေမှာသာ အသုံးပြုကြပါတယ်။
ဆီကြော်တွေလျော့စားပါ။
ဆီမည်းတွေနဲ့ ကြော်လှော်ချက်ပြုတ်နေတဲ့ အစားအသောက်ဆို မစားပါနှင့်။ မိမိ အိမ်မှာလဲ မစားပါနှင့်၊ လမ်းလေးမှာလဲ မစားပါနှင့်။
အထက်မှာဖော်ပြခဲ့သော ပျက်စီးနိုင်သော အခြေအနေများ ဖြစ်ပေါ်နေသော ဆီနှင့် ကြော်လှော်ထားသော အစာကို လုံးဝ (လုံးဝ) မစားပါနှင့်။ ကြာလာရင် မိမိ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်ပါသည်။
.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon