Yaw 22
31/03/2022
အာရှလမ်းမကြီး အသုံးပြုခွင့်မရတာကြောင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါး ဖြစ်
မော်လမြိုင် ၊ မတ် (၃၁)
ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို အသုံးပြုခွင့် မရတာကြောင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါး ဖြစ်သွားပြီးလို့ ကုန်သည်တွေက ပြောပါတယ်။
KNU ထိန်းချုပ် နယ်မြေဖြစ်တဲ့ တပ်မဟာ(၆) ဒူးပလာယာ ခရိုင်ထဲကို စစ်ကောင်စီ တပ်သားတွေက အင်းအား အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေ လမ်းပိုင်း အသုံးပြုမှုတွေကို မတ်လ (၂၇)ရက်နေ့က စတင်ကာ ရပ်ဆိုင်းထားဖို့ KNU က ထုတ်ပြန်ထားပါတယ်။
အခုလို အာရှလမ်းမကြီးကို အသုံးပြုခွင့် မရတာကြောင့် ကုန်ပစ္စည်း တင်ပို့ရောင်းချနိုင်တော့ခြင်း မရှိတော့သလို နောက်ထပ် ၁၀ ရက်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေး လုံးဝ ရပ်ဆိုင်းသွားနိုင်တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“ ကားတစ်စီးမှမှ မဆင်းတာ (၂)ရက်ရှိပြီးလေ၊ ဒီနှစ်နိုင်ငံ ကုန်သွယ်မှုကို နောက်ထပ် (၁၀)ရက် လောက်သာ ပိတ်ကြည့်လိုက် (၂)နိုင်ငံ ကုန်သွယ်မှုဟာ မရှိသလောက် ရပ်ဆိုင်း သွားလိမ့်မယ်၊ မြဝတီ တစ်မြို့လုံးရဲ့ စားသောက်တဲ့ စရိတ်လောက်ကိုပဲ ပေးနိုင်လိမ့်မယ် လက်ရှိ ဒီလမ်းကြောင်းကြီးကို ပြန်မဖွင့်နိုင်လို့ရှိရင် သုညလောက် ဖြစ်သွားလိမ့်မယ်” လို့ ဆိုပါတယ်။
အာရှလမ်းမကြီး အသုံးပြုခွင့်ဟာ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေးအပေါ် သက်ရောက်မှု ကြီးမားနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လမ်းကြောင်း အခြေအနေအရ ကုန်ပစ္စည်း တင်သွင်းနိုင်ခြင်း မရှိတော့တဲ့အတွက်ကြောင့် အခြေခံ စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာနိုင်သလို ဈေးကွက်မှာ ကုန်ပစ္စည်း ပြတ်လပ်မှုနဲ့ ကြုံလာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အာရှလမ်းမကြီး အသုံးပြုခွင့်မရတာကြောင့် မြဝတီကုန်သွယ်ရေးဇုန်မှာ ကုန်တင်ကား ရာနဲ့ချီ ပိတ်မိနေပါတယ်။
မြန်မာနိုင်ငံဟာ မြဝတီ နယ်စပ်ကတဆင့် ထိုင်းနိုင်ငံထဲကို ပြောင်း အပါအဝင် စိုက်ပျိုးရေး ထွက်ပစ္စည်းတွေကို တင်ပို့နေတာ ဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကတော့ မြန်မာနိုင်ငံထဲကို အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းနဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်း ပစ္စည်းတွေကို အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။
သတင်း - သံလွင်တိုင်းမ်
Click here to claim your Sponsored Listing.